စစ်အုပ်စုရဲ့အမျိုးသားနိုင်ငံရေးဝါဒ သဘောထား
၂၀၁၀-၂၀၁၅ ကြံ့ဖွံ့အစိုးရလက်ထက်အခြေအနေတွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ ဘာသာရေး-လူမျိုးရေး အဓိကရုဏ်းတွေ အုန်းအုန်းကျွက်ကျွက်ဖြစ်တာကို တွေ့ရတယ်။ အမျိုးသားရေး၊ အမျိုးဘာသာ သာသနာအရေးဆိုပြီး ဓားသွေးကြ အားမွေးကြ ခုတ်ကြထစ်ကြတာတွေရှိတယ်။ ဒီလူသတ်ပွဲတွေမှာ ပုလိပ်က ၀င်မတားရဲဘူး။ တပ်ကတော့ မိုးပေါ်ထောင် သေနတ်ဖောက်တယ် (တည့်တည့်ပစ်မိန့်မရလို့ ထင်ပါရဲ့)။
ဗိုလ်သိန်းစိန်အစိုးရက မျိုးချစ်အစိုးရအဖြစ် အမှတ်ယူ နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးပမ်းတယ်။ ဒီကြားထဲမှာ အထိန်းသိမ်းခံဘဝကလွတ်လာတဲ့ ဗိုလ်ခင်ညွန့်က အမျိုးသားနိုင်ငံရေးလုပ်မယ်လို့ဆို ပြန်တယ်၊ ဝေဖန်တုံ့ပြန်သံတွေညံလာမှ ဘာနိုင်ငံရေးမှ မလုပ်ဘူးလို့ ပြင်ပြောတယ်။ ဒါတောင် အမျိုးသားနိုင်ငံရေးလုပ်မယ်ပြောတာ ပါတီနိုင်ငံရေးမဟုတ်ဘူးလို့ အတွန့်တက်ရှင်းပြပါသေးတယ်။ တခါ သူ့လိုပဲ လွတ်လွတ်လပ်လပ်ြုဖစ်လာကြတဲ့ ဗိုလ်နေ၀င်းမြေးတွေဆီကလည်း အမျိုးသားနိုင်ငံရေးစကား ကြားရတယ်။
အမျိုးသားနိုင်ငံရေးဆိုတာကတော့ သူတို့စစ်အုပ်စုကြားမှာ ရေပန်းစားတဲ့စကားပါပဲ။ ရေပန်းစားပေမပေါ၊့ ဗိုလ်နေ၀င်းကိုယ်တိုင် မျိုးစေ့ချပေးခဲ့တာကိုး။ စစ်အုပ်စုမကျဆုံးသေးသရွေ့ ဒီစကား၊ ဒီ သဘောတရားကိုအခြေပြုတဲ့ လှုပ်ခတ်မှုတွေရှိနေဦးမှာပါ။ တနေ့ကပဲ ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုအရေးအကြောင်းပြပြီး အလောင်းဘုရားစိတ်တွေ နိုးကြားတက်ကြွလာကြသေးတာကလား။
ခေတ်အဆက်ဆက် တက်လာသမျှ စစ်အုပ်စုခေါင်းဆောင်တွေပြောတာ စစ်တပ်က အမျိုးသားနိုင်ငံရေးပဲလုပ်မယ်ဆိုတာချည်းပါ။ ဗိုလ်သန်းရွှေလည်း ပြောတယ်၊ ဗိုလ်မင်းအောင်လှိုင်လည်း ပြောတယ်။ နိုင်ငံခြားအင်တာဗျူးတွေမှာတောင် ဗိုလ်မင်းအောင်လှိုင်က အမျိုးသားနိုင်ငံရေးလုပ်တဲ့တပ်မတော်အကြောင်း ပြောပါတယ်။ နိုင်ငံခြားမီဒီယာတွေကတော့ သူ အဲသလိုပြောတာကို ရယ်ချင်လိမ့်မယ်၊ အမျိုးသားနိုင်ငံရေးတင်မက ကမ္ဘာ့နိုင်ငံရေးမှာပါ ဗမာစစ်တပ်က ဝင်ပါချင်သေးတာလားလို့ မေးချင်လိမ့်မယ်။
တကယ်တော့ စစ်အုပ်စုခေါင်းဆောင်တွေပြောချင်တာ သူတို့က ပါတီနိုင်ငံရေးမလုပ်ပါဘူး၊ နိုင်ငံရေးပါတီတွေလို မိမိပါတီအဖွဲ့အစည်းရဲ့အကျိုးကိုဦးထိပ်ထားတာ မဟုတ်ဘဲ တိုင်းပြည်အကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား)ကိုသာ ဦးထိပ်ထားတာပါလို့ နာမည်ကောင်းယူချင်တာ၊ အပြောတမျိုးအလုပ်တမျိုးနဲ့ တကယ်တမ်းကျ တိုင်းပြည်ရဲ့နိုင်ငံရေးရာတွေမှာ စစ်တပ်က ဝင်စွက်ဖက်နေတာကို လှည့်ပတ်လိမ်ညာချင်တာ။ ဗမာစကားနဲ့သာ အဓိပ္ပာယ်ဗလုံးဗထွေး ဖြစ်နေပေမယ့် အင်္ဂလိပ်လိုပြောတော့ ဘွင်းဘွင်းကြီးပေါ်တာပေါ့၊ နိုင်ငံရေးမှာ စစ်တပ်က ဝင်စွက်ဖက်နေတယ်၊ နောင်လည်း ဝင်စွက်ဖက်နေမယ်ဆိုတာကို ဝန်ခံပြီးသား ဖြစ်သွားတယ်။
ပါတီနိုင်ငံရေးနဲ့ခွဲခြားပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ပြောလေ့ရှိပေမယ့် တလောကတော့ ပါတီနိုင်ငံရေးလို့မသုံးဘဲ အာဏာနိုင်ငံရေးလို့သုံးတာ ဖတ်ရပါတယ်။ ပြန်ကြားရေးတာဝန်ယူထားတဲ့ ဗိုလ်ရဲထွဋ် ပြောတာပါ။ ဒါလည်း ပါတီတွေက နိုင်ငံရေးအာဏာရရေးကိုသာ ဦးစားပေးလုပ်တယ် ဆိုတဲ့သဘော။
စစ်တပ်ဟာ ပါတီနိုင်ငံရေးရဲ့ပြင်ပကနေပြီး ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ၊ အယူဝါဒစွဲမရှိဘဲ တိုင်းပြည်အကျိုးကို သမာသမတ်ကျကျလုပ်ခဲ့သလိုလို လုပ်နေသလိုလို နောင်အခါမှာလည်း အမျိုးသားနိုင်ငျံရေး ဦးဆောင်မှုအခန်းမှာ ရှိနေဖို့လိုအပ်တယ်ဆိုပြီး အာဏာကို ချက်ပိုင်ပိုင် ချုပ်ကိုင်ထားတယ်။ ဒီလို လက်တလုံးခြားလှည့်ပတ်မှုနဲ့ ဝေါဟာရအားဖြင့်၊ သဘောတရားအားဖြင့် လိမ်ညာမှိုင်းတိုက်ပြီး (လိမ်ညာ မှိုင်းတိုက်တာမှာ ပြည်သူလူထုကိုသာမက စစ်တပ်မျိုးဆက် အဆက်ဆက် တပ်သားထု တရပ်လုံးကို ဖြစ်ပါတယ်) စစ်တပ်က အာဏာကိုချုပ်ကိုင်ထားရေး အထက်စီးကနေ အုပ်စိုးနေရာယူရေးကြိုးပမ်းဖို့ အခွင့်ကောင်းရသွားတာ ဖဆပလ နှစ်ခြမ်းကွဲပြီး ပြည်တွင်းစစ် အရှိန် မြင့်နေတဲ့ ကာလမှာပါ။
စစ်အုပ်စုပြောပြောနေတဲ့ ‘အမျိုးသားနိုင်ငံရေး’ ဆိုတာ ၁၉၅၀ နောက်ပိုင်းမှာပေါ်ထွက်လာတဲ့ စိတ်ဓာတ်စစ်ဆင်ရေးဌာနမှာ သန္ဓေတည်ပါတယ်။ ၁၉၄၉ ခုနှစ်ကတည်းက စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းတွေ ရှိနေခဲ့ပေမယ့် ၁၉၅၂ ခုနှစ်မှ ဌာနတခုအဖြစ် တဆင့်တက် ပေါ်ထွက်လာတာပါ။ အဓိကလုပ်ငန်းကြီးနှစ်ခုက ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒဖြန့်ချိဖို့နဲ့ စစ်တပ်ရဲ့တရားဝင်မူဝါဒတခု ပေါ်ထွန်းလာရေး ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ ကွန်မြူနစ်ဆန့်ကျင်ဝါဒဖြန့်ချိရေး ပင်မယန္တရားအဖြစ် မြဝတီမဂ္ဂဇင်းကို စတင်ထုတ်ဝေပါတယ်။ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဖေတို့ရဲ့ခေါင်းဆောင်မှုအောက်က စိတ်ဓာတ်စစ်ဆင်ရေးရုံး (DPW)မှာ အဓိကအခန်းကပါဝင်တာ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ပါ။
၁၉၅၈ ခုနှစ် မိတ္ထီလာတပ်မှူးများညီလာခံမှာ တပ်မတော်ရဲ့လမ်းညွှန်ဝါဒဖြစ်လာမယ့် “နိုင်ငံတော်ဝါဒနှင့် ကျွန်ုပ်တို့တပ်မတော်”ဆိုတဲ့ ဝါဒရေးရာစာတမ်းတခုကို ဆွေးနွေးအတည်ပြုပါတယ်။ နောက် တနှစ် အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ်မှာ ပါတီနိုင်ငံရေးနဲ့ မတူကွဲပြားတဲ့ ‘အမျိုးသားနိုင်ငံရေး’ ဦးတည်ချက်တွေကိုကြိုးပမ်းမယ်ဆိုတဲ့ “နိုင်ငံတော်ဝါဒနဲ့ တပ်မတော်လုပ်ငန်းစဉ်”ဆိုတာကို ကာကွယ်ရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။ ၅၈ ခုနှစ် တပ်ညီလာခံမှာ ဆွေးနွေးအတည်ပြုခဲ့တဲ့ စစ်အုပ်စုရဲ့ဝါဒပါပဲ၊ စစ်တပ် ကိုင်စွဲရမယ့်ဝါဒအဖြစ် တရားဝင်သွတ်သွင်းလိုက်တာပါ။ ဒီစာတမ်းကို အဓိက တာဝန်ယူရေးသားခဲ့တာ ဦးချစ်လှိုင်ပါ။ အခုလို တရားဝင် စစ်တပ်မူဝါဒတခု ပေါ်လာဖို့ ၁၉၅၄ တပ်မှူးများညီလာခံကတည်းက ဗိုလ်နေဝင်း ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပါတီနိုင်ငံရေးမလုပ်ဘူး၊ အမျိုးသားနိုင်ငံရေးလုပ်မယ်ဆိုတဲ့ ဗိုလ်နေဝင်းက အဲဒီစစ်တပ်ရဲ့  ‘ဝါဒသဘောထား’ ပေါ်ထွက်လာပြီး သိပ်မကြာဘူး၊ အာဏာသိမ်းတယ်၊ မဆလ တပါတီစနစ်ကို ထူထောင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးအရာရှိလည်းဖြစ် ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းမှာ သင်တန်းဆရာလည်းဖြစ်ခဲ့တဲ့ဗိုလ်သန်းရွှေလည်း အမျိုးသားနိုင်ငံရေးလုပ်မယ်တွင်တွင်ပြောပြီး ကြံ့ဖွံ့ပါတီ ထောင်ပေးခဲ့တာပါပဲ။ အခု ဗိုလ်မင်းအောင်လှိုင်လည်း အမျိုးသားနိုင်ငံရေးပဲလုပ်မယ် မကြာခဏပြောပါတယ်။ စစ်တပ်က အရာရှိပေါက်စတွေလည်း အမျိုးသားနိုင်ငံရေးဆိုတဲ့၊ သူတို့ပြောသလိုပြောရရင် ‘အမျိုးသားနိုင်ငံရေးဝါဒသဘောထား’ဆိုတဲ့ စစ်အုပ်စုရဲ့ဝါဒသဘောထားကို စစ်တပ်ရဲ့ဝါဒသဘောထားအဖြစ် ကိုင်စွဲထားတုန်းပါပဲ။
တကယ်တော့ ဒီဝါဒဟာ စိတ်ဓာတ်စစ်ဆင်ရေးဌာနက ဖန်တီးထုတ်လုပ်လိုက်တဲ့ ရှော်ဗင်ဝါဒ၊ စစ်အင်အားကြီးထွားခိုင်မာရေးဝါဒ နဲ့၊ စစ်တပ်က အာဏာကိုချုပ်ကိုင်ထားရေး၊ လူထုအထက်မှ အုပ်စိုးထားရေးဝါဒတွေကိုပေါင်းစပ်ထားတဲ့ ဖက်ဆစ်လက္ခဏာတွေနဲ့ လက်ယာစွန်း ရောကျော်ဝါဒတခုသာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အင်အားတိုးချဲ့ရေး လုပ်တယ်၊ အမျိုးသားရေးအစွန်းရောက်အောင် လှုံ့ဆော်ဝါဒဖြန့်တယ်၊ တပ်မတော်သာကယ်တင်ရှင် သူတော်စင်ပုံဖမ်းပြီး နိုင်ငံရေးမှာ ဦးစီးခေါင်းကိုင်နေရာယူရေး လုပ်ပါတယ်။ ပါတီနိုင်ငံရေးကို အပုပ်ချထိုးနှက်ပြီး တကယ်တမ်းလက်တွေ့မှာတော့ စစ်တပ်ပါတီတွေ ထူထောင်ခဲ့ကြတယ်။
ပါတီနိုင်ငံရေးဆိုတာကလည်း ပါတီလုပ်ငန်းတွေနဲ့ ပါတီနဲ့သက်ဆိုင်တဲ့အရေးတွေကိုသာ ရည်ညွန်းတာပါ၊ သူတို့အပုပ်ချသလို မိမိပါတီအဖွဲ့အစည်းရဲ့အကျိုးကိုသာ ဦးထိပ်ထားတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ခြွင်းချက်အနေနဲ့ တချို့ ပါတီတွေ အဲသလိုလုပ်ကောင်းလုပ်ကြပါလိမ့်မယ်။
သူတို့စစ်အုပ်စုရဲ့ဝါဒကို တပ်မတော်ဝါဒအဖြစ် သွတ်သွင်းထားတာ၊ အမျိုးသားနိုင်ငံရေးဆိုတဲ့ဝေါဟာရကို ယူသုံးပြီး ခုတုံးလုပ်အမြတ်ထုတ်ရုံမက မူလအဓိပ္ပာယ်၊ အနှစ်သာရနဲ့ တိုင်းပြည်ရဲ့သမိုင်းကြောင်းကိုပါ ဖျက်ဆီးလိုက်တာကတော့ အင်မတန်ဆိုးဝါးလှပါတယ်။ ဗမာပြည်နိုင်ငံရေးမှာ ဗြိတိသျှကိုလိုနီအဖြစ်က လွတ်မြောက်ဖို့ ကြိုးပမ်းတိုက်ပွဲဝင်ကြတုန်းက အမျိုးသားနိုင်ငံရေးအနှစ်သာရနဲ့ သဘောသဘာဝ ထင်ရှားသိသာပါတယ်၊ ဘုံရန်သူကလည်း ဗြိတိသျှကိုလိုနီနယ်ချဲ့စနစ်ပါ။
၁၉၄၈ နောက်ပိုင်းမှာတော့ ပြည်တွင်းက အုပ်စိုးသူလူတန်းစားကို တိုက်ကြရတယ်။ စစ်အာဏာရှင်စနစ်ကို တိုက်ကြရတယ်။ ဒီအပြောင်းအလဲမှာ အမျိုးသားနိုင်ငံရေး (ဗမာပြည်နိုင်ငံရေး)က ကျူးကျော်သူနယ်ချဲ့ကို တိုက်ရတာ မဟုတ်တော့ဘူး၊ ကိုယ့်ပြည်တွင်းက စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ကိုတိုက်ရတာ ဖြစ်လာတယ်၊ အမျိုးသားနိုင်ငံရေးမှာ အဖိနှိပ်ခံတိုင်းရင်းသားပြည်သူလူထုရဲ့ ဘုံရန်သူက စစ်အုပ်စု ဖြစ်လာပါတယ်။
ဒါကြောင့်လည်း သူတို့က အမြဲလိုလို ပစ်မှတ်ပြောင်းဖို့ကြိုးစားခဲ့တာပါ။ အမျိုးသားရေးအကြောင်းပြပြီး ထိုင်းနဲ့ပဲ တိုက်တော့မလိုလို၊ ဘင်္ဂလားဒေ့ရှ်နဲ့ပဲ တိုက်တော့မလိုလို ဆွတယ်ဖွတယ်။ ပြည်တွင်းက ဘာသာခြားတွေကိုနှိပ်ကွပ်ပြီး လူသတ်ပွဲတွေအဓိကရုဏ်းတွေ ဖန်တီးတာတွေလုပ်လာတယ်။ အမျိုးသားနိုင်ငံရေးတံဆိပ်ကပ်ပြီး အစွန်းရောက်အမျိုးသားရေး အားကောင်းလာအောင် လုပ်တယ်။ အမျိုးသားနိုင်ငံရေး လုပ်တယ်ပဲပြောပြော၊ မျိုးချစ်တပ်မတော်ပဲဆိုဆို ပါတီနိုင်ငံရေးက မကောင်းဘူးဆိုပြီး စစ်တပ်က နိုင်ငံရေးလုပ်နေသရွေ့ စစ်တပ်က နိုင်ငံရေးလုပ်တာမှာဦးဆောင်အခန်းကဏ္ဍက ပါဝင်မယ်ဆိုပြီး လုပ်နေသရွေ့ကတော့ သူတို့သာ အမျိုးသားနိုင်ငံရေးမှာ အဖိနှိပ်ခံလူထုရဲ့ဘုံရန်သူ ဖြစ်မြဲဖြစ်နေမှာပါပဲ။
မျက်မှောက်ခေတ် ဗမာပြည်အမျိုးသားနိုင်ငံရေးမှာ စစ်အုပ်စုရဲ့အခန်းကဏ္ဍဟာ အဖိနှိပ်ခံလူထုရဲ့ ဘုံရန်သူနေရာမှာ ရှိတာပါ။ သူတို့က အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းမှာနေမယ်ဆိုပြီး အာဏာကိုချုပ်ကိုင် လူထုကိုနှိပ်ကွပ်နေသရွေ့ အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုနဲ့အတူ အတိုက်အခံအင်အားစုတွေကလည်း တော်လှန်တဲ့အခန်းကဏ္ဍကပါဝင်နေဦးမှာ ဖြစ်ပါတယ်။
ဌေးလွန်း
၁၂၊ ၁၊ ၂၀၁၆။
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှ ကူးယူဖော်ပြပါတယ်)

0 comments:
Post a Comment