Saturday, April 9, 2016

ဘုံပေါ်ကချော်မကျဖို့(မျိုးမြင့်ချို)

0 comments
၂ဝဝ၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး ဒါမှမဟုတ် ဒီမိုကရေစီကျ မျှတတဲ့ဖွဲ့စည်းပုံဖြစ်အောင်ပြင်ဆင်ရေးရဲ့အနှစ်သာရက စစ်အာဏာရှင်စနစ် အကြွင်းမဲ့ဖျက်သိမ်းရေးပဲဖြစ်ပါတယ်။

အင်န်အယ်လ်ဒီရဲ့ မူလကြွေးကြော်သံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အချက်တချက်ဖြစ်သလို အရပ်သားတပိုင်းအစိုးရကိုဦးဆောင်နေတဲ့ သမ္မတဦးထင်ကျော်ရဲ့ ပထမဆုံးမိန့်ခွန်းထဲမှာလည်း ဒီကိစ္စကိုအလေးထားပြောသွားတာတွေ့ရပါတယ်။

လောလောဆယ်မှာ ဒီဖွဲ့စည်းပုံမပြင်နိုင်သေးတော့ တနည်းပြောရရင် ဖြုတ်ပြစ်ရမယ့်ဟာတွေ မဖြုတ်နိုင်သေးတော့ ရှောင်ကွင်းကျော်ခွသွားနိုင်မယ့် နည်းလမ်းတွေရှာနေတာလို့ မြင်ပါတယ်။ လွှတ်တော်တွင်းနည်းတခုတည်းနဲ့ ပြင်လို့မရနိုင်မှန်း သူတို့သိသလို တပြည်လုံးလည်း သိပါတယ်။

အားလုံးဟာ ရင့်မှည့်လာမယ့်အချိန်နဲ့ အခွင့်အခါနဲ့ကိုစောင့်ရင်း အတွေးအခေါ်ပိုင်း အတတ်ပညာပိုင်း နည်းနာပိုင်းတွေ ရင့်ကျက်ရုံမက ခေတ်နဲ့ဆီလျော်မယ့်လုပ်ဟန်တွေအမြင်တွေပါ တည်ဆောက်နေကြတာပါ။

လွှတ်တော်တွင်းလွှတ်တော်ပ ၂ စုသဘောဆန်ဆန် လူနေရာချထားမှု မတူပေမယ့် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး/ပြင်ဆင်ရေးဟာ ဘုံရည်မှန်းချက်ဖြစ်လို့ ရှေ့လျှောက်လည်း အလုပ်အတူလုပ်နေရဦးမှာပါ။

၂ဝဝ၈ ဖွဲ့စည်းပုံဆန့်ကျင်ရေးလုပ်တာ စစ်တပိုင်းအရပ်သားအစိုးရဆန့်ကျင်ရေးလုပ်တာ မဟုတ်ပါ။
အစိုးရ မတော်မတည့်လုပ်လို့ဆန့်ကျင်ရင် အစိုးရလုပ်ရပ်ကိုဦးတည်ပြီး တိုက်ရိုက်ဆန့်ကျင်ရမှာပါ။ ၂ဝဝ၈ အောက်က အစိုးရပေမယ့် ၂ဝဝ၈ ဆန့်ကျင်ရေးနဲ့ရောထွေးမသွားဖို့ သတိကြီးကြီး ပါးပါးနပ်နပ်နဲ့သွားရမှာပါ။ အဲ့လိုမဟုတ်ရင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ၂ဝဝ၈ ဖွဲ့စည်းပုံ ဆန့်ကျင်ရေးတွေနဲ့ အရပ်သားတပိုင်းအစိုးရဆန့်ကျင်ရေးတွေ ဒွေးရောယှက်တင်ဖြစ်ပြီး ရှုပ်ထွေးသွားမှာပါ။ အဲ့ဒီအခြေအနေဟာ စစ်အုပ်စု မျှော်လင့်တွက်ဆထားတဲ့ အခြေအနေပါ။

ခု စစ်အလိုတော်ရိတွေ စစ်အလံရှူးတွေသုံးနေတဲ့နည်းနာက အဲ့ဒီ ၂ ခုကို ရောထွေးသွားအောင်လုပ်နေတာပါ။ အဲ့ဒီ ၂ စုကို ခွဲပြီး အိုးမည်းသုတ် ခွပ်ခိုင်းနေတာပါ။ ၂ ဘက်လုံးမှာ အသုတ်ခံရသူတွေလည်း ခံရပါတယ်။ ခွပ်သူတွေလည်း ခွပ်ကြပါတယ်။ ခုထိတော့ ဘယ်သူမှ အတက်မစူးသေး မျက်လုံးမထွက်ကြသေးပါ။

၂ဝဝ၈ ဖွဲ့စည်းပုံကိုဆန့်ကျင်ရေးရဲ့အနှစ်သာရဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးပါ။ အရပ်သားတပိုင်းအစိုးရရဲ့ အမြီးအမောက်မတည့်လုပ်ရပ်တွေ အပြောအဆိုအပြုအမူတွေကို ဆန့်ကျင်တာ ဝေဘန်တာ ပြစ်တင်ရှုတ်ချတာဟာ ကိုယ့်အစိုးရဖြစ်ရေး ကိုယ့်လူဖြစ်ရေးရည်မှန်းချက်ပါ။ အဲ့ဒီကနေ သွေဖည်သွားလို့မဖြစ်ပါ။

နောက်ဆုံး စကားကုန်ပြောရရင် သူ့ဘာသာဝင်ချင်လို့ စစ်ရင်ခွင်ထဲဝင်သွားဦးတောင် ကိုယ့်ပယောဂကြောင့်လို့ ရမယ်အပြမခံရအောင် ဂရုတမရှိကြစေချင်တာပါ။
ဧပြီ ၉၊ ၂ဝ၁၆

0 comments:

Post a Comment