Saturday, April 9, 2016

ကွက်ဆန်း(မျိုးမြင့်ချို)

0 comments
အကွက်က ၂ မျိုးရှိပါတယ်။

တကွက်က ကျနော့် ငယ်သူငယ်ချင်း တရုတ်ကလေး အကွက်ရဲ့အိမ်နံမည်(တရုတ်အမည်)ပါ။ ကျောင်းနံမည်(ဗမာနံမည်)က သန်းဝင်းပါ။
ကျနော်တို့ကတော့ အကွက်ပဲခေါ်ပါတယ်။

နောက်တကွက်က ထောက်ကြန့်မှာ အနာကြီးရောဂါကုဆေးရုံ (ကျနော်တို့အခေါ် ဆေးရိပ်သာ ဒါမှမဟုတ် အနူရုံ)က လက်ပရိုစီလို့ဆိုတဲ့ အနာကြီးရောဂါသည်တွေရဲ့ ကိုယ်ပေါ်မှာပေါ်တဲ့အကွက်ပါ။

ကျနော့်သူငယ်ချင်းတွေထဲမှာ အနာကြီးရောဂါသည်မိဘတွေကမွေးတဲ့ သူတွေလည်း မနည်းပါ။ အများစုကတော့ ခုထိ ရောဂါမဖြစ်ကြပါဘူး။ တချို့ကတော့ နူကုန်ကြတာရှိပါတယ်။ ကျနော်ကတော့ အနာကြီးရောဂါဆိုတာ ဘယ်အခြေအနေမှာမှကူးစက်တာလို့ ဆရာဝန်တင်ရွှေ ပညာပေးတာကို သိနားလည်တာကတကြောင်း ငယ်သူငယ်ချင်းတွေမို့ နူနူဝဲဝဲ ခင်မင်စွဲရှိတာကတကြောင်းမို့ သူတို့နဲ့အတူစား အတူကစား အတူကျောင်းပြေးခဲ့ပါတယ်။ ခုထိတော့ ကျနော်လည်း မနူသေးပါ။

ဒါပေမယ့်ဒဏ်ရာတွေရပြီး ဘယ်ဘက်လက်ချောင်းတွေ မညီမညာ ငုံးတိငုံးတိုတွေနဲ့ဆိုတော့ ၈၈ မဖြစ်ခင် တကြိမ်မြို့ထဲသွားပြီးအပြန် ၉ ကားစီးချိန်မှာ စပယ်ယာကလက်မှတ်ဖြတ်တော့ “ဘယ်လဲ“ “ထောက်ကြန့်“
ဆိုတော့ ဘေးကလူတွေက ကျနော့်လက်ငုံးတိုတွေလည်းကြည့် ကျနော့်နားကလည်း မသိမသာလေး ရှဲသွားကြဖူးပါတယ်။ ကျနော် လက်ပရိုစီမဟုတ်ပဲ ခုလို အပြုအမူခံရတာတောင် စိတ်ထဲတမျိုးပဲ ခံစားရပါတယ်။

“ကျုပ်အနူမဟုတ်ဘူးဗျ စစ်သားဗျ စစ်သားလူထွက်ဗျ ဒါက ဒဏ်ရာတွေဗျ“ ဘာညာနဲ့ အော်ဟစ်ပြီး ရန်လုပ်ပစ်လိုက်ချင်စိတ်တောင်ပေါက်ခဲ့ပါတယ်။ ဒါပေမယ့် မလုပ်ဖြစ်ခဲ့ပါ။ မလုပ်ဖြစ်တာက (ငါလည်း အနူတယောက်နား မတော်တဆကပ်မိလို့ အနူမှန်းသိသွားရင် အဲ့လိုလုပ်မိလေမလား။ လုပ်မိရင်ရော ကောင်းပါ့မလား။ အနူလည်းလူပဲ လူ့ဂုဏ်သိက္ခာနဲ့ စာနာစိတ်နဲ့ ကျန်းမာရေးအသိအခြေခံနဲ့ ပြုမူဆက်ဆံအပ်တာပဲလို့ တွေးမိသွားလို့ပါ)

ပြောရင်းချော်ထွက်သွားလို့ အကွက်ဆီပြန်ကောက်ပါ့မယ်။ အဲ့ဒီလူတွေ ကျနော့် လက်ချောင်းငုံးတိုတွေကြည့်ပြီး အနူလို့မှတ်ကြတာ။ တကယ်ဆို ကျနော့်မျက်မှာ လည်ပင်းနဲ့ အင်္ကျီလွတ်နေတဲ့နေရာက အသားတွေကိုကြည့်ပါတော့လား။ ကျနော် အနူဆို အဲ့နေရာတွေမှာ အကွက်တွေတွေ့မှာပေါ့။ ဒါဆို ကျနော် လက်ပရိုစီပေါ့။

ခုလည်း အကွက်တွေ ထုတ်ထုတ်ပြနေတာတို့ အကွက်တွေရွှေ့နေတာတို့
တကွက်ပြီးတကွက်မရိုးရအောင် ပညာပေးနေတာတို့ချည်း ကြားကြားနေရတယ်။

အင်း အကွက်တော့အကွက် ကျနော့်သူငယ်ချင်းသန်းဝင်းနဲ့ အနာကြီးရောဂါသည်ကိုယ်ပေါ်ကအကွက်တွေမဟုတ်ရင် ပြီးတာပါပဲ။
ဧပြီ ၆၊ ၂ဝ၁၆

0 comments:

Post a Comment