Wednesday, April 13, 2016

စစ်အုပ်စုဝါဒဖြန့်ချိရေးသမားတွေကို ပလက်ဖောင်းမပေးဘူး(ဇော်ဝင်း ၈၈ ကျောင်းသားဟောင်း

0 comments
စစ်အုပ်စုဝါဒဖြန့်ချိရေးသမားတွေကို ပလက်ဖောင်းမပေးဘူး
သာမန်အားဖြင့် အမြင်သဘောထား မတူညီတဲ့သူတွေ ကျနော့်ပို့စ်တွေအောက်မှာ ဝေဖန်ရေးသားကြတာတွေကို ကျနော်လက်ခံပါတယ်။
လိုအပ်တယ်ထင်ရင် တုန့်ပြန်ဆွေးနွေးခဲ့တာမျိုးတွေလည်းရှိတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေထဲမှာ အရင်တုန်းကတည်းက ပါတီဝင်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို တကယ်ဆန့်ကျင်ခဲ့တဲ့သူတွေကိုလည်း ကျနော်လေးစားတယ်။ ဒါပေမယ့် ခါတော်မီသာကူး၊ မျက်နှာရူးတွေကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော၊ ဒီမိုကရေစီရေးကိုပါဖျက်ဆီးနေသူတွေလို့ပဲ သဘောထားတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူမှန်သမျှကို မိတ်ဆွေအဖြစ် ကျနော်သဘောထားတယ်။
ဒါပေမယ့် အခုရက်ပိုင်း ကျနော့်ပို့စ်တွေအောက်မှာ ကျောင်းသားတွေကို ဆန့်ကျင်ပြောဆိုတဲ့သူ တော်တော်များများကို ကျနော် ဘလော့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရိုးသားတယ်မထင်လို့ပါ။

ကျောင်းသားဆန့်ကျင်ရေးကို နိုင်ငံရေးအာဂျင်ဒါတခုခုနဲ့ လုပ်နေတယ်ထင်လို့ပါ။ အထူးသဖြင့် စစ်အုပ်စုရဲ့ အာဂျင်ဒါနဲ့လုပ်နေတယ်လို့ ယူဆလို့ပါ။

ဗကသဟာ လက်ရှိမြန်မာနိုင်ငံက မြေပေါ်အဖွဲ့အစည်းအားလုံးထဲမှာ ၂၀၀၈ အခြေခံဥပဒေနဲ့ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသားအဆန့်ကျင်ဆုံး အဖွဲ့အစည်းပဲ။
အဲဒါဟာ ဗကသကိုဆန့်ကျင်တဲ့ အခုလှုပ်ရှားမှုတွေပေါ်ထွက်လာတာရဲ့ တကယ့်အကြောင်းရင်း၊ တကယ့်ရည်ရွယ်ချက်ပဲ။

အဲသလိုရည်ရွယ်ချက်ကို သိစိတ်ရှိရှိ ရည်မှန်းချက်ရှိရှိ ဦးဆောင်အကောင်ထည်ဖော်တဲ့သူတွေကိုရော၊ အဲဒီလူတွေရဲ့ သံယောင်နောက်မှာ ဘုမသိဘမသိ၊ အသိဥာဏ်မဲ့မျောပါတဲ့ နိုင်ငံရေးနလပိန်းတုံးတွေကိုပါ ကျနော့် စာမျက်နှာကို ပလက်ဖောင်းတခုအဖြစ်အသုံးပြုခွင့် မပေးနိုင်ဘူး။

သူတို့ကို ပြန်လည်ချေပဆွေးနွေးနေရင်လည်း အကျိုးထူးနိုင်မယ်လို့ မယူဆဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က စလာကတည်းက သူတို့ရဲ့တိုက်ခိုက်တဲ့အသံကို ကျယ်ကျယ်လောင်လောင် မြည်အောင်ဆိုတဲ့ ရည်မှန်းချက်နဲ့ စင်ပေါ်တက်လာကြတဲ့သူတွေမို့လို့ပဲ။ မသိလို့ နားမလည်လို့ပြောနေကြတာမဟုတ်ဘူး။ ဗကသကို မလိုမုန်းထားလို့ ပျက်စီးရာပျက်စီးကြောင်း ပြောနေကြတာ။ အဲဒါကို ရှင်းပြနေလို့အပိုပဲ။

သူတို့ကို ကျနော်ကတုန့်ပြန်ရှင်းပြလေ၊ သူတို့အသံကို များများလူကြားလေလို့ ယူဆတဲ့အတွက် ပြန်လည်ရှင်းမပြဘူး။ ပြောခွင့်လည်း မပေးဘူး။ အဲဒါ ကျနော့်အယူအဆပဲ။ ကျနော့် ဆုံးဖြတ်ချက်ပဲ။

သူတို့က အုပ်စုဖွဲ့ပြီး သူတို့အသံကျယ်ကျယ်လောင်လောင်ထွက်လာအောင်လုပ်နေတာ၊ အကောင့်တု အကောင့်ပွားတွေလုပ်ပြီး သူတို့သဘောထားကို အများအမြင်လို့ သာမန်လူတွေထင်အောင် စီမံချက်ရှိရှိနဲ့ ဝါဒဖြန့်နေတယ်ဆိုတာ အထင်အရှားပဲ။

ရိုးရိုးသားသား အမြင်ကွဲလွဲတဲ့သူတယောက်နဲ့ အပြန်အလှန်ဆွေးနွေးတာက အကျိုးရှိတယ်။
လမ်းပေါ်တက်ဆဲတဲ့အမူးသမားကို သွားဆွေးနွေးရင်တော့ ကိုယ်ကသွားဆွေးနွေးလေ၊ သူကဆဲကောင်းလေဖြစ်မှာပဲ။
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း

0 comments:

Post a Comment