Friday, April 15, 2016

မဲပြားမရှိချိန်မှာ ခေါင်းဆောင်ကို တိုက်ပွဲက ရွေးတယ် (ဇော်ဝင်း ၈၈ ဗကသကျောင်းသားဟောင်း)

0 comments
မဲပြားမရှိချိန်မှာ ခေါင်းဆောင်ကို တိုက်ပွဲက ရွေးတယ် (ဇော်ဝင်း ၈၈ ဗကသကျောင်းသားဟောင်း)



ဗကသခေါင်းဆောင်တွေကို မင်းတို့ကို ဘယ်သူက ရွေးကောက်တင်မြှောက်ထားတာလဲဆိုတဲ့စကားမျိုးနဲ့ ထိုးနှက်တိုက်ခိုက်တာမျိုးကို မကြာခဏ ကြားရတယ်။ တရုတ်ကြောက်အောင်မင်း၊ ဘူးလက်လှဆွေတို့က အစထောင်ပေးကြပြီး၊ The Voice ၊ 7 days တို့က နောက်ကလိုက်လာရာကနေ အခုဆိုရင် ဗကသနဲ့နီးစပ်သူတို့ ဗကသဟောင်းတို့ပါ ပါလာကြတယ်။


ဒီစကားဟာ အခုဗကသ ခေါင်းဆောင်တွေအပေါ်မှာ နားလည်စာနာမှုကင်းမဲ့တဲ့တိုက်ခိုက်မှုလို့ ကျနော်စွပ်စွဲပါတယ်။

ကျောင်းသားခေါင်းဆောင်တွေကို ရွေးကောက်တင်မြှောက်ရမယ်ဆိုတဲ့လုပ်ထုံးလုပ်နည်း သတ်မှတ်ပြဋ္ဌာန်းချက်ရှိတယ်ဆိုတာ မှန်ပါတယ်။



ဒါပေမယ့် မေးပါရစေ။ ၆၂ ခုနှစ်နောက်ပိုင်းမှာ သမဂ္ဂခေါင်းဆောင်တွေအဆက်ဆက်ရှိခဲ့ကြတာ ခင်ဗျားတို့အားလုံးအသိပဲ။ အဲဒီအထဲက ဘယ်ခေါင်းဆောင်ကိုများ ကျောင်းသားရွေးကောက်ပွဲနဲ့ ရွေးကောက်တင်မြှောက်ခဲ့တာ ရှိဖူးသလဲ။ ရှိရင် ပြောကြစမ်းပါ။ သမဂ္ဂရင်ပြင်မှာ ကျောင်းသားတွေကရွေးကောက်ပြီး မင်းကိုနိုင်တို့ကိုတင်မြှောက်ပါတယ်တို့ ဘုရားကြီးကျောင်းတိုက်ထဲက အထက်ဗမာပြည်ညီလာခံကနေ သန့်ဇင်တို့ကို ရွေးကောက်တင်မြှောက်ပါတယ်တို့ ပြောလို့ရပါတယ်။ အတိုင်းအတာတခုအထိ ရွေးကောက်တင်မြှောက်ဆိုတဲ့စကားကို သုံးချင်သုံးနိုင်ပါတယ်။ ဒါပေမယ့် အတိုင်းအတာတခုအထိပဲ။ ပုံစံပြည့်မဟုတ်ဘူး။ အဲဒါတွေဟာလည်း ကျောင်းသားအားလုံးက မဲပေး ရွေးချယ်တယ်ဆိုတဲ့ ရွေးကောက်တင်မြှောက်ပွဲနဲ့ အများကြီးကွာသေးတယ်ဆိုတာ မမေ့ပါနဲ့။



နောက်တခုပြောချင်ပါတယ်။ မင်းတို့က တသက်လုံး နေရာယူသွားတော့မှာလားဆိုတဲ့စကား။ ပြောရမှာတော့ အားနာတယ်။ အခု ကျောင်းသားခေါင်းဆောင်တွေကို လက်ညှိုးထိုးဝေဖန်နေကြတဲ့ နောင်တော်ကြီးများရော ငါတို့တော့တော်ပါပြီကွာ။ မင်းတို့နောက်လူတွေ လုပ်ကြပါတော့ဆိုပြီး နေရာဖယ်ပေးပြီး လွှဲခဲ့တာမျိုးများရှိခဲ့ဖူးသလား။ ကျနော်သိသလောက်တော့ ထောင်မကျမချင်း လုပ်သွားကြတာတွေ ချည်းပါ။ နောက်ဆုံးထောင်နှစ်ရှည်ကျသွားမှ အဖွဲ့အစည်းပြိုကွဲသွားမှ နောက်လူတက်လာကြတာ ချည်းပဲ။



ကျနော် သူတို့ကို ရှုတ်ချနေတာမဟုတ်ဘူးနော်။ ဖြစ်စဉ်ကို ပြောပြနေတာ။ အခုလူတွေကိုလည်း ကိုယ့်အဖြစ်နဲ့နှိုင်းယှဉ်ပြီး နားလည်မှု ရှိကြစေချင်တာ။ မင်းကိုနိုင်တို့၊ မင်းဇေယျာတို့၊ ညိုထွန်းတို့၊ သန့်ဇင်တို့ကို ကျနော်အသိအမှတ်မပြုလို့ပြောနေတာ မဟုတ်ဘူး။ သူတို့ကို ကျနော် ကောင်းကောင်းအသိအမှတ်ပြုတယ်။ အလားတူပဲ ကျော်ကိုကိုတို့ ဖြိုးဖြိုးအောင်တို့ဟာလည်း ငြင်းလို့မရတဲ့ခေါင်းဆောင်တွေလို့ ကျနော် ပြောချင်တယ်။



ကျောင်းသားခေါင်းဆောင်တွေကို ဘာ့ကြောင့် ရွေးကောက်တင်မြှောက်သင့်တယ်လို့ စည်းကမ်းသတ်မှတ်ခဲ့တာလဲ။ ကျောင်းသားထုအတွက် အနစ်နာခံ၊ ကိုယ်ကျိုးစွန့်မယ့်သူ၊ အရည်အချင်းရှိတဲ့သူတွေကိုရချင်လို့ ကျောင်းသားတွေရဲ့မဲနဲ့ ရွေးကောက်တင်မြှောက်တဲ့နည်းကို အသုံးပြုတာပဲ။ တိုတိုပြောရရင် ခေါင်းဆောင်ကောင်းလိုချင်လို့။



ကျော်ကိုကိုတို့ ဖြိုးဖြိုးအောင်တို့ကို ကျောင်းသားထုက မဲနဲ့ရွေးထားတာမဟုတ်ဘူး။ ဒါမှန်တယ်။ ဒါပေမယ့် သူတို့ဟာ တိုက်ပွဲက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ခေါင်းဆောင်တွေ ဖြစ်တယ်။ ၂ဝဝ၇ အရေးတော်ပုံက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ ခေါင်းဆောင်တွေဖြစ်တယ်။



မင်းကိုနိုင်တို့၊ သန့်ဇင်တို့ဟာလည်း ၈၈ အရေးတော်ပုံက ရွေးကောက်တင်မြှောက်ပေးလိုက်တဲ့ခေါင်းဆောင်တွေပဲ။ တိုက်ပွဲက ရွေးပေးလိုက်တဲ့ခေါင်းဆောင်ဆိုတာ မဲပြားနဲ့ရွေးကောက်တင်မြှောက်ပေးတဲ့ခေါင်းဆောင်ထက် ခေါင်းဆောင်ပိုစစ်တယ်။ ပိုသန့်တယ်။ မဲပြားနဲ့ ရွေးတာဟာ တခါတလေမှာ အပြောကောင်းအဟောကောင်းပြီး အနှစ်မပါတဲ့လူပြိန်းကြိုက်တွေ ရှေ့တန်းရောက်လာနိုင်သေးတယ်။ တိုက်ပွဲနဲ့ရွေးတယ်ဆိုတာဟာ နံပါတ်တုတ်ကို မကြောက်မှ၊ ကျည်ဆံကို မကြောက်မှ၊ ထောင်ကိုမကြောက်မှ အရွေးခံရတာဖြစ်တယ်။ တိုက်ပွဲထဲကထွက်လာတဲ့ခေါင်းဆောင်ဆိုတာ အကျဉ်းထောင်တို့နံပါတ်တုတ်တို့နဲ့ မှတ်ကျောက်တင်ပြီးမှ ထွက်ပေါ်လာတာဖြစ်တယ်။



အဲဒီတော့ မေးခွန်းတခွန်းတော့ မေးလိုက်ချင်တယ်။ အခု ကျော်ကိုကိုတို့ ဖြိုးဖြိုးအောင်တို့ကို ရွေးကောက်တင်မြှောက်ထားတာမဟုတ်ဘူးလို့ ပြောနေတဲ့သူတွေ ၂ဝဝ၇ မှာ သေနတ်နဲ့ပစ်နေတုန်းက ဘာလို့ ထွက်မလာခဲ့ကြသလဲလို့မေးချင်တယ်။

အသေခံရမယ့်အချိန်၊ ထောင်ကျခံရမယ့်အချိန်တုန်းကတော့ ခေါင်းဆောင်ရှာမရဘူး။ အခု နိုင်ငံရေးမိုးလေဝသလေးလည်း ကောင်းလာရော။ ခေါင်းဆောင်လုပ်ချင်တဲ့သူတွေက များမှများ။ ဟိုတုန်းက အသေခံ၊ ထောင်ကျခံလာတဲ့သူတွေကို အားနာလျှာမကျိုး ဝိုင်းပြီးလက်ညှိုးထိုး နေလိုက်ကြပုံက မင်းတို့ကို ဘယ်သူက ရွေးကောက်တင်မြှောက်ထားတာလဲတဲ့။ မေးမှမေးရက်ကြတယ်။ ဒါ့ကြောင့် အဲသလိုမေးခွန်းမျိုး မေးတဲ့သူတွေဟာ အခုဗကသ ခေါင်းဆောင်တွေအပေါ်မှာ နားလည်စာနာမှုကင်းမဲ့စွာ ထိုးနှက်တိုက်ခိုက်သူတွေလို့ ကျနော်က ဝေဖန်နေတာ ဖြစ်ပါတယ်။



၇၄-၇၅-၇၆ တုန်းကခေါင်းဆောင်တွေရော၊ ၈၈ နောက်ပိုင်းခေါင်းဆောင်တွေရော၊ ၂ဝဝ၇ နောက်ပိုင်းခေါင်းဆောင်တွေရော ဘယ်သူမှ ကျောင်းသားရွေးကောက်ပွဲကြီးနဲ့ မှတ်ကျောက်တင်မခံရဲလို့ ကိုယ့်ဖာသာတင်မြှောက်ပြီး အချောင်သမားစိတ်နဲ့ ခေါင်းဆောင်လုပ်လာကြတာ မဟုတ်ဘူးဆိုတာကိုလည်း သတိရကြစေချင်တယ်။



ကျောင်းသားရွေးကောက်ပွဲကြီးကျင်းပပြီး သမဂ္ဂကိုယ်စားလှယ်တွေရွေးကောက်ဖို့အခွင့်အရေးမရအောင် ခေတ်အဆက်ဆက်အစိုးရတွေက ဖိနှိပ်ထားလို့သာ ရွေးကောက်ပွဲမလုပ်နိုင်ကြတာ။ ဒါကိုလူတိုင်းသိတယ်။ ဒါကိုသိရက်နဲ့ မစာမနာပြောကြတဲ့အထဲမှာ ဘူးလက်လှဆွေလို တရုတ်ကြောက်အောင်မင်းလိုလူတွေပါနေတာ ဘာမှမဆန်းဘူး။ ဒီလိုလူတွေက ဒီလိုပြောမှာပဲလို့နားလည်လို့ရတယ်။



ဗကသခေါင်းဆောင်ဟောင်းတွေ၊ ဗကသကို ထောက်ခံပါတယ်၊ ဝန်းရံပါတယ်ဆိုသူတွေကပါ သံယောင်လိုက်ပြောလာတာကျတော့ ဘယ်လိုမှ နားလည်လို့မရဘူး။ တကယ်တန်း ရွေးကောက်တင်မြှောက်ထားတဲ့ခေါင်းဆောင်ကိုလိုချင်တယ်ဆိုရင် ကျောင်းသားထု ရွေးကောက်တင်မြှောက်ပွဲကြီးတွေ သမဂ္ဂအဆောက်အအုံကြီးတွေ ပြန်လည်ပေါ်ပေါက်လာဖို့ကို အရင်ဝိုင်းဝန်းကြိုးစားကြဖို့ ကောင်းတယ်။



နောက်တခုသတိထားစေချင်တာက အခုဗကသဟာ ၂ဝဝ၈ အခြေခံဥပဒေနဲ့စစ်အာဏာရှင်တွေကို အပြတ်သားဆုံးဆန့်ကျင်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အခုဗကသကိုခေါင်းဆောင်နေကြတဲ့ ကျော်ကိုကိုတို့၊ ဖြိုးဖြိုးအောင်တို့၊ အောင်မှိုင်းဆန်းတို့ပြုတ်ကျသွားတာကို စစ်အာဏာရှင်တွေက သေလုအောင်လိုလားနေတယ်ဆိုတာကိုလည်း မမေ့စေချင်ဘူး။ ဒီလူတွေပြုတ်သွားရင် ဗကသ အသွင်ပြောင်းလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး သူတို့မှာရှိတယ်။



အခုပြောနေတာဟာ နောက်မျိုးဆက်ပေါ်လာမှာကို မလိုလားလို့ ပြောနေတာမဟုတ်ဘူး။ နောက်မျိုးဆက်ပေါ်လာရင် ကောင်းတယ်ဆိုတာ သိတယ်။ လိုလည်းလိုအပ်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဇွတ်အတင်းဖိအားပေးမနေကြစေချင်ဘူး။ နောက်မျိုးဆက်ဆိုတာ ဇွတ်လုပ်ယူလို့ ရတာမျိုးလည်း မဟုတ်ဘူး။



ဗကသမှာ ရန်သူက တိုက်တာကိုခုခံရတာက တမျိုး၊ ရန်သူ့မဟာမိတ်တွေက တိုက်တာကိုခုခံရတာက တမျိုး၊ ဒီကြားထဲမှာ ကိုယ့်နောင်တော်၊ အစ်မတော်တွေကတိုက်တာကို ခုခံရတာကတမျိုး ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ရဲဘော်ရဲဘက်အချင်းချင်းကြားမှာ နေရာကို တိုက်မယူကြစေချင်ဘူး။ စည်းစည်းလုံးလုံးတိုင်ပင်ညှိနှိုင်းပြီး ကောင်းရာကောင်းကြောင်းကို စီမံကြစေချင်တယ်။ မိတ်ဆွေလို ရဲဘော်လို ကျင့်ကြံကြစေချင်တယ်။ အဲသလိုမဟုတ်ဘဲ အရင်လူတွေကိုတိုက်ထုတ်ပြီး နောက်လူတွေကို ဇွတ်ထိုးတင်ဖို့ကြိုးစားကြရင် အချောင်သမားမျိုးဆက်တဆက်ပေါ်ထွန်းလာမှာကို စိုးရိမ်လို့ ပြောနေတာဖြစ်ပါတယ်။ ရာသီဥတုသာယာရင် အချောင်သမားတွေ ရှေ့တန်းတက်လာတတ်ကြတယ်ဆိုတာကို မမေ့စေချင်ဘူး။ အရင်တုန်းက နိုင်ငံရေးလေစိမ်းတိုက်မခံရဲသူ နိုင်ငံရေးမီးနေသည်တွေဟာ အခုရာသီဥတုမှာ ရဲရဲတောက်ဖြစ်လာနေကြတာကိုလည်း အားလုံးအသိပဲ။



တရားဝင် ကျောင်းသားရွေးကောက်ပွဲကြီးကျင်းပခွင့်ရလို့ သမဂ္ဂခေါင်းဆောင်တွေကို မှန်မှန်ကန်ကန်ရွေးကောက်တင်မြှောက်ခွင့်ရလို့ အသစ်တင်တယ်ဆိုရင် ဘာမှအငြင်းပွားစရာ မရှိဘူး။ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားလို့ ဆိုရမှာပါ။ ဒါ့ကြောင့် ကျောင်းပရဝုဏ်ထဲမှာ သမဂ္ဂပေါ်ပေါက်လာရေး၊ ကျောင်းသားရွေးကောက်ပွဲကြီးကျင်းပခွင့်ရလာရေးကို ဦးစားပေးဆောင်ရွက်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။ ညီညီညွတ်ညွတ်ကြိုးစားမယ်ဆိုရင် အခုချိန်မှာ အခွင့်အလမ်းကောင်းတွေ အခြေအနေကောင်းတွေ ထွက်ပေါ်နေတယ်ဆိုတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။

ဇော်ဝင်း

၈၈ ဗကသကျောင်းသားဟောင်း

0 comments:

Post a Comment