Saturday, November 29, 2014

သမန်းဆိတ်(မျိုးမြင့်ချို)

0 comments
(သမန်းဆိတ်)
ခင်ဗျားတို့ “သမန်းကျား”ကြားဖူးတယ်ဟုတ်။ တွေ့တော့ မတွေ့ဖူးဘူးမဟုတ်လား။ ကျနော်လည်း မတွေ့ဖူးပါ။ သမန်းကျားနဲ့ပတ်သက် ပထမဆုံးကြားဖူးတာက အိမ်ပြေးရင်းမျက်လှည့်ဆရာနောက်လိုက် ဘင်ထုလူစုဘဝတုန်းကပါ။ ကျနော့်ဆရာမျက်လှည့်သမားက တခါတလေ အတည်ပေါက်နဲ့ လူတွေကို ငေါက်လားငန်းလားလေသံနဲ့ “ယောနယ် ဆောနယ်ဂန့်ဂေါနယ်မှာ ဘာဖြစ်တယ်ညာဖြစ်တယ်တွေ လျှောက်လျှက်ပြောရင်း သမန်းမြစ်ကိုကိုက် နောက်ဂျွမ်းပစ် ကျားဖြစ်”ဘာညာတွေလည်းပါတာပေါ့။ သူလည်း အဲ့ဒီသမန်းကျားကို တွေ့ဖူးတာတော့ မဟုတ်ပါဘူး။ ရုပ်ရှင်လူကြမ်းမင်းသား သမန်းကျားကိုမြင့်တော့ လူချင်းမသိတောင် ကြားတော့ကြားဖူးကြမှာပါ။

ဒီ အနောက်ဘက်နဲ့ဥရောပဘက်မတော့ သမန်းဝံပုလွေဆိုတာရှိတယ်ဗျ။ ဘယ်သူမှတော့ တွေ့ဖူးတယ် မကြားမိပါဘူး။ ကျနော် တခေါက် ပင်န်ဆယ်လ်ဗေးနီးယားဘက်က တောင်တန်းကြီးတွေကြား လူသူအရောက်အပေါက်နည်းတဲ့၊ လွန်ခဲ့တဲ့ နှစ် ၂ဝဝ လောက်က အမေရိကန်လူဖြူတွေ နေနည်းကားအတိုင်း နေထိုင်စားသောက် မွေးမြူရေးလုပ်ကြတဲ့နေရာတွေဘက်ရောက်ခဲ့တယ်။ နေကြတာကလည်း တအိမ့်တအိမ် တခြံ့တခြံက မိုင်နဲ့ချီဝေးတာ၊ ဟိုင်းဝေးတွေနဲ့လည်းဝေးတော့ တိတ်ဆိတ်ပြီးနေလို့ကောင်းတယ်။ မိုးလင်းမိုးချုပ် သဘာဝအသံတွေပဲကြားနေရတာ။ ကျနော်က ၅ ရက်လောက်ကြာတယ် အဲ့ဒီမှာနေခဲ့တာ။ ခန မို့လို့လားမသိဘူး ပျော်စရာကောင်းတယ်။

ကျနော်တည်းတဲ့အိမ်က လင်မယားက ဟစ်ပီဟောင်းတွေပါ။ ပညာတတ်တွေပါ။ တကိုယ်လုံး တက်တူးတွေနဲ့။ အသက်တွေက ၆ဝ ဝန်းကျင်တွေ။ ဥစား နို့သောက် အသားမစားတဲ့ အိုဗိုလက်တို ဗက်ဂျီတေယီယန်းတွေ။ အရက်မသောက်ပေမယ့် ညနေစောင်း ခြံထဲကပြန်တက် ရေမိုးချိုးပြီးတာနဲ့ မလိုင်တက်ပြီးပျစ်နေအောင်ကျိုထားတဲ့ ဆိတ်နို့ခွက်ကြီးဘေးချ၊ မုန့်အချိုတွေပန်းကန်ပြားကြီးထဲထည့်၊ ၆ဝ-၇ဝ ကာလများဆီကခေတ်စားတဲ့သီချင်းတွေကို ဂစ်တာနဲ့တီးဆိုလိုက် ဆေးခြောက်လေးရှူလိုက် နှုတ်ခမ်းတဝိုက် မလိုင်ဖတ်တွေကပ်တဲ့အထိ ဆိတ်နို့တွေသောက်လိုက် မလိုင်မုန့်ချိုတွေမြည်းလိုက်နဲ့ ၂နာရီစာလောက် ထမင်းမေ့ဟင်းမေ့ လောကမေ့နေတော့တာပဲ။ တအိမ်လုံး ဆေးခြောက်နံ့တွေလှိုင်လို့၊ မျက်လုံးတွေလည်း ရီဝေလို့၊ ဂီတသံရယ်မောသံနဲ့ အေးအေးချမ်းချမ်းမို့ ကြည်နူးစရာပါ။ ပူတဲ့ရာသီတွေဆို ကိုယ်တုံးလုံးနီးပါးနေကြသတဲ့။ ကျနော်ရောက်ချိန်က အေးနေလို့တော်သေးတယ်။ ဆေးဝါးဆိုလည်း ဗိန္ဓောဆေးတွေပဲ ကိုယ်တိုင်ဖော်စပ်သုံးကြတယ်။

ဆိတ်တွေသိုးတွေလည်း မွေးကြတယ်။ လိမ်မာလွန်သိုးကျောင်းခွေးကြီးတွေလည်း မွေးထားကြတယ်။  ဆိတ်နို့က လုပ်တဲ့ Goat Cheese နဲ့ လက်လုပ်ဂျုံနဲ့ အိမ်ဖုတ် ခရမ်းချဉ်ကြက်သွန်နီကပ် ပေါင်မုန့်ကြီးတွေအပါအဝင် ဓာတုဆေးဝါးအပြုအပြင်မပါတဲ့အစားတွေ အတူထိုင်စားကြတာလည်း အရသာတမျိုးပါ။ ညဆို အိမ်လှော်ထောင်း ကော်ဖီခွက်ကိုယ်စီနဲ့ ထင်းတုံးရှို့မီးလင်းဖိုကြီးရှေ့မှာ စကားဝိုင်းပေါ့။ တခါတလေ ဧည့်သည်တွေလည်းပါတတ်တယ်။

တည စကားပြောကြရင်း သမန်းဝံပုလွေအကြောင်း စကားစပ်မိကြတယ်။ အိမ်ရှင်က သမန်းဝံပုလွေ တကယ်ရှိများရှိတယ်လို့ သူထင်တဲ့အကြောင်း စကားခံပြီး “လွန်ခဲ့တဲ့ ၆ နှစ်လောက်က သူ့သိုးတွေ မကြာမကြာ  တောကောင်အကိုက်ခံရကြောင်း တကောင်မှတော့ ပါမသွားဖူးကြောင်း၊ ကုတ်ရာခြစ်ရာတွေနဲ့ ဒဏ်ရာတွေဘာတွေရတာမျိုး မျက်လုံးထွက်သွားတာမျိုး ပေါင်လိုနေရာက အသားတွေအကွင်းလိုက်ကြီး ပဲ့ပါသွားတာမျိုးတွေ လောက်ပဲရှိကြောင်း၊ စွပ်ကြောင်း၊ ခြေရာနဲ့ချေးကိုကြည့်တော့ ဝံပုလွေလို့သူထင်ကြောင်း။ ဒါပေမယ့် ဝံပုလွေဆိုလည်း အုပ်နဲ့နေရမှာဖြစ်ကြောင်း၊ အနည်းဆုံး ၂ ကောင်တော့ နေရမှာဖြစ်ကြောင်း။ ခုက လာလာဆွဲတိုင်း တကောင်စာခြေရာပဲတွေ့ကြောင်း။ လာတတ်တဲ့လမ်းကြောင်းမှာ လင့်ထိုးပြီး ညလုံးပေါက် သေနတ်ကိုင်ထိုင်စောင့်လည်း တခါမှမမိကြောင်း။ သိုးတွေကတော့ ပုံမှန်လိုလို အကိုက်ခံနေရကြောင်း၊  သူ့မှာ ဒီလောက်ကောင်းတဲ့ သိုးထိန်း ခွေးတွေရှိတဲ့ကြားက အဲ့သလိုဖြစ်တာဆိုတော့ သူလည်း ဖီလင်ငုတ်ကြောင်း၊ သူများပြောလို့ ခြေသလုံးအိမ်တိုင် ပယောဂဆရာခေါ်ပြီး မန်းခိုင်းမှုတ်ခိုင်းလည်း မပျောက်ကြောင်း။ ဒါပေမယ့် နောက်တော့ ဘယ်ကဘယ်လို ဖြစ်တယ်မသိ ပျောက်သွားတော့ကြောင်း စတာတွေ တနံတလျားပြောပြတယ်။

မနက်ကျရင် အဲ့တုန်းက သမန်းဝံပုလွေအကိုက်ခံရပြီး စိတ်ဖေါက်ပြန်သွားတဲ့ ဆိတ်သိုးကြီးပြမယ်လို့ပြောပြီး စကားဝိုင်း လက်စသတ်ဖို့လုပ်နေတုန်း ကျနော်က “ဆိတ်က ဘယ်လိုစိတ်ဖေါက်ပြန်သွားတာလဲ”ဆိုတော့ “အဲ့ဒီကစပြီး ဘယ် ဆိတ်မနဲ့မှ မိတ်လည်းမလိုက်တော့ဘူး။ အရောတဝင်လည်း မနေတော့ဘူး။ ဆိတ်မတွေ သားတောင်းလို့ သူ့နား လာကပ်ရင် စိတ်တွေတိုပြီး လိုက်ခွေ့ရင်ခွေ့ မခွေ့ရင် ဆိတ်မတွေ သားတောင်းသလို သူလည်းသားတောင်းတဲ့အသံနဲ့ အော်ပြီး ဆိတ်မတွေဆီအတင်းပြေးတော့တာပဲ။ ဆိတ်မတွေကလည်း သူ့ကြည့်ပြီးလန့်နဲ့။ တခြံလုံးဝုန်းဒိုင်းကြဲပဲ။

နောက်ဆုံး တခြားဆိတ်သိုးတစ်ကောင် ထပ်ဝယ်ပြီး ဆိတ်မတွေနဲ့ထား၊ သူ့ကိုတော့ တစ်ကောင်တည်းသတ်သတ် ခွဲထားလိုက်ရတာပေါ့ကွာ။ ဒါပေမယ့် အဖော်မရှိတော့ သူ့ခမျာ သနားစရာကွာ။ အချိန်ရှိသမျှ အော်ချည်း နေတော့တာပဲ။ တခါတလေ အော်ရင်း အသံတွေပြာ မျက်ရည်တွေ နှာရည်တွေပါကျနဲ့ကွာ သနားစရာပဲ။ လူလိုပဲ။ ဒါနဲ့ တို့လည်း သူနဲ့မွေးဘက် သူ့ညီမအရင်းဆိတ်မလေးနဲ့ အတူထားပေးလိုက်တော့မှ ငြိမ်သွားတော့တာ။ မိတ်တော့ မလိုက်တော့ဘူး။ ဟိုကောင်မလေးလည်း သားတောင်းချိန်က ခြံကျယ်ထဲက ဆိတ်သိုးအသစ်နဲ့ သား သွားစပ်၊ ပြီးရင် သူနဲ့ပြန်ထား၊ သူနဲ့နေရင်း ဇီးရင့်ကလေးမွေးပေါ့ကွာ။ သူ့ညီမမွေးသမျှကလေးတွေတော့ သူအတော်ချစ်ပုံပဲ။ ပုံမှန်ဆို ဒီ ဆိတ်အမျိုးအစား ဆိတ်သိုးဆိုတာက သူ့သားအရင်းဖြစ်ပေ့စေ ဆိတ်ထီးလေးတွေဆိုရင် မွေးကင်းစတောင် ရန်ရှာတတ် ရန်လိုတတ်တယ်ကွ။ ခုတော့ သူက သူ့တူတွေ တူမတွေနဲ့ လုံးထွေးနေတာကွ။ တခါတလေများ လျှက်တောင်ပေးလိုက်သေးတယ်” လို့ပြောပြီး စကားဝိုင်းသိမ်းတယ်။

မနက်ကြတော့ သမန်းဝံပုလွေအကိုက်ခံဆိတ်သိုးကြီးနဲ့ သူ့နှမလေးကို သွားကြည့်ကြတယ်။

ခု ခင်ဗျားမြင်တာ သူပဲ။ သူ့ကြည့်ရင်း လိင်အင်္ဂါနဲ့လိင်စိတ်ပြောင်းမှုတွေအကြောင်းတောင် တွေးမိသေးတယ်။


ကျနော်ကတော့ သူ့ကို သမန်းဆိတ်လို့ နံမည်ပေးရင်ကောင်းမလားတွေးမိတာပါပဲ။

Monday, November 24, 2014

ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ် (ဖိုးသံလူထု)

0 comments
ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ် (ဒီအပတ်အလင်းတန်းဂျာနယ်မှာဖော်ပြခဲ့ပါတယ်)
၁၉၆၅ခုနှစ်မှာထင်ပါတယ်။
အနှစ်ငါးဆယ်တင်းတင်းပြည့်ပြီပေါ့။
အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက မန္တလေးကျုံးအနောက်ဖက်ဓမ္မဗိမာန်မှာ စာဆိုတော်နေ့စာပေဟောပြောပွဲ လုပ်တော့ “ဗမာစာအရေးအသားသစ်”ဆိုတဲ့စာတန်းကို ဖတ်ကြားခဲ့ပါတယ်။ စာတန်းရဲ့အဓိကဆိုလိုရင်း အဓိပ္ပာယ်ကတော့ အဲဒီအခါတုန်းက ဗမာစာကိုရေးသားကြတာမှာ ရှေးတုန်းကလိုပဲ‘၏’ ၊ ‘သည်’ စတာတွေနဲ့ရေးနေကြတာကို ခေတ်လူတွေပြောဆိုသုံးနှုန်းနေကြတဲ့‘တယ်’၊ ‘မယ်’စတာတွေနဲ့ ပြောင်းရေးသင့်တယ်လို့ တင်ပြလိုက်တာပါပဲ။ သိမီသူတွေအားလုံး မှတ်မိကြပါလိမ့်မယ်။ ဒီစာတမ်းကို လူထုသတင်းစာထဲမှာလည်းဖော်ပြလိုက်တော့ ချက်ခြင်းဆိုသလိုပဲ ဗမာစာပေလောကတခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါတယ်။ စာတန်းဖတ်ပွဲမှာစာတမ်းကို ဖတ်ကြားသူက (ဦး)မောင်သာနိုးပါ။ သူကစာတမ်းဖတ်သူဖြစ်ပေမယ့် တကယ်က အဲဒီစာတမ်းကို ကျွန်တော့်မိဘများအပါအ၀င် အထက်ဗမာနိုင်ငံစာရေးဆရာအသင်းက အမှုဆောင်အဖွဲ့ဝင်တွေအားလုံး ဆွေးနွေးကြပြီးဖြစ်ပါတယ်။ ဒီစာတမ်းကို အဲဒီတုန်းက မန္တလေးတက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်နေတဲ့ ဆရာဦးကျော်ရင်က “ဆင်သွားရင် လမ်းဖြစ်တယ်”ဆိုတဲ့ စကားပုံနဲ့ထောက်ခံလိုက်တော့ ဂယက်ဟာ ပိုတောင်ကြီးသွားပါတယ်။ သူ့လိုပဲ အဲဒီတုန်းက ဒီစာတမ်းကို တက်တက်ကြွကြွအားပေးထောက်ခံသူ နောက်တစ်ယောက်ကတော့ သမိုင်းပါမောက္ခ ဆရာဒေါက်တာသန်းထွန်းပဲဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆရာဟာဆောင်းပါးတွေ မပြတ်ရေးနေပြီး သူ့ဆောင်းပါးတွေထဲမှာ ပြောစကားအရေးအသားနဲ့ချည်း ရေးပါတော့တယ်။ ဒါကြောင့်နောင်မှာ ဒီစာတမ်းပါအယူအဆကို မနှစ်သက်သူတွေက မန္တလေးသားမဟုတ်သူတွေဝင်လုပ်တာဆိုတာမျိုးရေးကြ၊ ပြောကြတာရှိခဲ့ပါတယ်။
အဲဒီတုန်းက ဒီအယူအဆကိုဆန့်ကျင်သူတော်တော်များများဟာ ဒေသစွဲတွေပါနေတာ သတိပြုမိပါတယ်။ အဲဒီခေတ်က မီဒီယာ ၉၀%ကျော်လောက်ဟာ ရန်ကုန်မှာပဲရှိနေတာဆိုတော့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကိုရော၊ လူပုဂ္ဂိုလ်တွေကိုပါ ဆောင်းပါးတွေ၊ ကာတွန်းတွေနဲ့အပြတ်ဆန့်ကျင်ကြ (တချို့ဆိုရင် လှောင်ပြောင်သရော်၊ အပုပ်ချကြ) ပါတယ်။ အဲဒီနောက် အဲဒီစာတမ်းအပါ တချိန်တည်းဖတ်ကြားခဲ့တဲ့ စာတမ်းတွေကိုစုပြီး ဗမာစာပေအရေးအသားသစ်နဲ့ အခြားစာတမ်းများ ဆိုတဲ့စာအုပ် (စာအုပ်အမည် နည်းနည်းလွဲချင်လွဲပါလိမ့်မယ်)ကို လူထုတိုက်ကစုပေါင်းပြီးရိုက်ထုတ်တော့ ကျွန်တော်က စာအုပ်အဖုံးကို ဆွဲရပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့အိမ်မှာကြုံတွေ့ရတဲ့ လက်တွေ့ပြဿက ကိုယ်တိုင်က နေ့စဉ်သတင်းစာ ထုတ်နေရတာပါပဲ။ သတင်းစာထဲမှာ သတင်းတွေနဲ့ ရေးနေကျဆောင်းပါးတွေကို ဘယ်လိုပုံစံနဲ့ရေးမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဒီလိုနဲ့ သတင်းအရေးအသားနဲ့ခေါင်းကြီးပိုင်းကို မူလအတိုင်းပဲရေးသားဖော်ပြပါတယ်။ အဖေက သူ့သောင်းပြောင်းထွေလာဆောင်းပါးတွေကို‘တယ်’-‘မယ်’နဲ့ရေးပါတယ်။ အမေကတော့ သူ့ရဲ့ လှုပ်ရှားနေသောကမ္ဘာ့ရေးရာအခန်းကို ‘၏- သည်’နဲ့ပဲ ဆက်ရေးပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောတော့မလွတ်ပါဘူး။
ကျွန်တော်မှတ်မိသလောက်ဆိုရင် အဲဒီတုန်းကဗမာစာပေလောကမှာ အားလုံးအသိအမှတ်ပြုထားကြတဲ့ ဆရာ့ ဆရာကြီးတွေက ဒီကိစ္စကို မှတ်ချက်မပေးကြပါဘူး။ စောင့်ကြည့်လိုကြတယ်လို့ထင်ပါတယ်။ ‘၏-သည်အရေးအသားနဲ့
အဲဒီနောက် ကျွန်တော်ထောင်ထဲကိုရောက်သွားတော့ အဲဒီကိစ္စကို ကျွန်တော် မျက်ခြေပြတ်သွားပါတယ်။ ကျွန်တော်တို့အချင်းချင်း တခါတလေ စကားစပ်မိရင်တော့ ဒီဗမာစာအရေးအသားသစ်ဆိုတာကို အားလုံး လိုလိုကပဲ သဘောတူထောက်ခံကြတာကို သတိထားမိပါတယ်။ တချိန်တည်းမှာ ‘၏-သည်’ရေးတာကိုလည်း မဆန့်ကျင်ကြောင်းဖော်ပြကြပါတယ်။ မန္တလေးထောင်ထဲမှာနေတုန်းက အိမ်သာသုံးဖို့အတွက် ထောင်ဗူးဝက ဖတ်ပြီးတဲ့သတင်းစာတွေကို ကတ်ကြေးနဲ့ဖြတ်ပြီး ကျွန်တော်တို့ထိန်းသိမ်းခံတွေကို ဖတ်ဖို့ပေးပါတယ်။ အဲဒီ သတင်းစာအတိုအစတွေကို ကျွန်တော်တို့က ပြန်စဉ်ပြီး ထမင်းလုံးနဲ့ကပ်လိုက်တော့ သတင်းစာလိုဖတ်လို့ ရပါတယ်။ အဲဒီလို ဖတ်ရတဲ့သတင်းစာတွေထဲမှာ တခါတလေ ဒီကိစ္စအကြောင်း ပြောကြရေးကြတုန်းပဲဆိုတာ သတိထားမိပါတယ်။ ဒီလိုနဲ့ ၁၉၆၇ ခုနှစ်ထဲမှာထင်ပါရဲ့ အိမ်ကပို့လာတဲ့စာအုပ်တွေအထဲမှာ အမေ့ရဲ့ “အောင်ဗလ-ဖိုးစိန်-စိန်ကတုံး”စာအုပ်ကြီးပါလာပါတယ်။ အဲဒီစာအုပ်မှာတော့ အမေက‘တယ်’-‘မယ်’နဲ့ပဲ အပြတ်ရေးတော့တာပါ။ ဒိအရင်ကထုတ်တဲ့အမေ့ရဲ့“ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှာတော့ အမေက‘၏-သည်’နဲ့ပဲရေးခဲ့ပါတယ်။ ဒီလို စကားပြောအရေးအသားနဲ့ရေးတော့ အမေ့ရဲ့ အရေးအသား ပြောင်မြောက်မှုနဲ့ မြန်မာဘာသာစကား အသုံးအနှုန်းပေါကြွယ်မှုတို့ဟာ ကခုန်ပြီးထွက်လာသလို ဖတ်ရပါတယ်။ မကြာပါဘူး။ ဒီလိုရေးနည်းကို သဘောမကျကြောင်းဖော်ပြလေ့ရှိတဲ့ ဦးကြီးမောင်(အဖေနဲ့အမေတို့က သူ့ကို ကိုကြီးမောင်လို့ခေါ်ပါတယ်)ရဲ့စာကြေးမုံအခန်းမှာ အမေ့ရဲ့ဒီစာအုပ်ကို ဝေဖန်ချက်ရေးသားတော့ သူက “ဆင်မကြီး တစ်ကောင် ထောင်ထောင်-ထောင်ထောင်နဲ့ ထွက်လာတယ်”လို့ မှတ်ချက်ပြုပါတယ်။ သူ ဘယ်လိုအဓိပ္ပာယ်နဲ့ ဒီလိုရေးတယ်ဆိုတာကို အခုအထိ ကျွန်တော့်ခေါင်းထဲမှာ မရှင်းပါဘူး။ ဒါပေမယ့် အသိအမှတ်ပြုရာတော့ ရောက်တယ်လို့ထင်မိပါတယ်။
ဒီလိုနဲ့ ကိုကိုးကျွန်းပေါ်ကိုရောက်တော့ ကျွန်တော့်အရင် ထောင်ထဲကိုရောက်သူတွေအထဲက စိတ်ဝင်စားသူတွေက ကျွန်တော့်ကို ဒီအယူအဆအကြောင်းမေးကြလို့ ကျွန်တော်နားလည်သမျှ ပြောပြရပါတယ်။ ကျွန်တော်နဲ့ပါသွားတဲ့ အမေ့ “အောင်ဗလ-ဖိုးစိန်-စိန်ကတုံး”စာအုပ်ကိုလည်း ပေးဖတ်ပါတယ်။ အဲဒီနောက် ကျွန်းပေါ်မှာ မဂ္ဂဇင်းနှစ်ကြိမ်ထုတ်တော့ ကျွန်တော်က‘တယ်’- ‘မယ်’နဲ့ဆောင်းပါးရေးပါတယ်။ မှတ်မှတ်ရရ ကိုအုန်းမြင့်လှိုင်နဲ့ ကဗျာဆရာမောင်လေးမွန်၊ ကိုကြည်မောင်ညွန့်တို့က ကျွန်တော့်ဆောင်းပါးဖတ်ပြီး ခင်ဗျားရေးတာ မန္တလေးလေ အစစ်ပဲဗျာလို့ ထောပနာပြုပါတယ်။ တချို့ရဲဘော်တွေကလည်း ကိုယ့်လောကထဲမှာ ပထမဆုံးတွေ့ရတဲ့ ‘တယ်’- ‘မယ်’အရေးအသားရယ်လို့ အသိအမှတ်ပြုခဲ့ကြပါတယ်။
၂ဝ ရာစုနှစ် အကုန်ပိုင်းကိုရောက်တဲ့အခါကျတော့ ကျွန်တော် တရုတ်ပြည်ထဲကို ရောက်ပါတယ်။ ရောက်ပြီး မကြာခင်ပဲ အင်တာနက်ပေါ်လာတော့ ဦးလေးဦးသောင်း(စာရေးဆရာအောင်ဗလ)နဲ့ အဆက်အသွယ်ရပါတယ်။ သူနဲ့ကျွန်တော်နဲ့ အရင်ကလုံးဝမသိပါဘူး။ အရွယ်ချင်းကလည်း အလွန်ကွာပါတယ်။ သူကကျွန်တော့မိဘထက် ဆယ်နှစ်လောက်ပဲငယ်မှာပါ။ သူနဲ့သိတဲ့အချိန်ကျတော့ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ကတုတ်ကျင်းတစ်ခုထဲ ရောက်နေသလိုဖြစ်နေကြပါပြီ်။ တချိန်တုန်းကတော့ သူနဲ့ သူတို့ရဲ့ကြေးမုံသတင်းစာက ဒီ“ဗမာစာအရေး အသားသစ်”စာတမ်းကို အတော် ဆန့်ကျင်ခဲ့ကြဖူးတယ်လို့ ကျွန်တော့်ခေါင်းထဲမှာစွဲနေပါတယ်။ ဒါပေမယ့်  အဲဒီတုန်းက ထိုင်းကနေထုတ်နေတဲ့ ‘လွတ်မြောက်ရေး’ အပတ်စဉ်ဂျာနယ်ထဲမှာ ကျွန်တော်ရေးတဲ့ “ယာတောက သာဗြောရဲ့ အဝေးကဆောင်းပါတစ်စောင်” ဆောင်းပါးတွေကိုဖတ်ပြီးသူက မိဘခြေရာကိုနင်းနိုင်သူပါလို့ ကျွန်တော့်ဆီကို အီးမေးလ်ပို့ပြီး ချီးမွမ်းပါတယ်။ သူလိုပုဂ္ဂိုလ်ကြီးက ဒီလို ပြောတာခံရတော့ ကျွန်တော့်မှာ ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။
ဦးလေးဦးသောင်းက ၂၀၀၈ ခုနှစ်မှာ ဆုံးတာဆိုတော့ သူမဆုံးမီတစ်နှစ်၊ နှစ်နှစ်လောက်က ထင်ပါတယ်၊ သူက သူ့ဆောင်းပါးတစ်ပုဒ်ထဲမှာ အဲဒီအရေးအသားသစ်အကြောင်းကို သူတို့ဆန့်ကျင်ခဲ့ကြဘူးကြောင်း၊ ဒါပေမယ့် အခုတော့ လူတွေထဲမှာ ဒီအရေးအသားဟာကျသွားပြီ၊ တွင်ကျယ်သွားပြီဖြစ်ကြောင်း ရေးခဲ့ပါတယ်။ စာသား အတိအကျတော့ ကျွန်တော်မမှတ်မိပါ။ သူ့ရဲ့ပြည့်ဝမှုပဲလို့ အောက်မေ့လိုက်ပါတယ်။
အခု ပြန်စဉ်းစားလိုက်တော့ ဆရာဦးကျော်ရင်၊ ဒေါက်တာသန်းထွန်း၊ ကျွန်တော့်မိဘများ၊ ကိုစောလွင်၊ ကိုကြည်လင်(ကဗျာဆရာကြည်အောင်) စတဲ့ပုဂ္ဂိုလ်တွေမရှိကြတော့ပါဘူး။

ဒီစာတမ်းအကြောင်းကိုသေသေချာချာပြောနိုင်သူဆိုလို့ ကိုသာနိုးနဲ့ကိုဝင်းဖေ(မောင်စွမ်းရည်)တို့လောက် ကျန်မယ်ထင်ပါတယ်။ အဲဒီတုန်းက ကုလားထိုင်သယ်၊ ကားမောင်းလုပ်ခဲ့တဲ့ကျွန်တော်က ရေးတာဆိုတော့ ဟာကွက်တွေအများကြီးဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် အထိမ်းအမှတ်ပြုရာတော့ရောက်လိမ့်မယ်ထင်ပါတယ်။
ဖိုးသံ(လူထ)
(ဒီဆောင်းပါးကိုကျွန်တော့်အမေမွေးနေ့အတွက်ရည်စူးရေးတာလည်းဖြစ်ပါတယ်)

၂၀၁၄၊ ဒိဇင်ဘာ ၂၄

မျက်စေ့ရှေ့တွေ့တဲ့ချစ်ခြင်း (မျိုးမြင့်ချို)

0 comments
(မျက်စေ့ရှေ့တွေ့တဲ့ချစ်ခြင်း)
ကျနော် အိမ်ခန်းတွဲငှားနေတုန်းဖြစ်တာလေး ပြောပြချင်တယ်။ ဟိုနေ့က အပြင်သွားရင်း အဲ့ဒီ လင်မယားနဲ့ဆုံတော့ မှတ်မိပြီးပြန်သတိရတာနဲ့ ခုပြောပြမှာပါ။ ခု သူတို့မှာ သားသမီး ၃ ယောက်နဲ့။
ဇာတ်လမ်းက ဒီလို..ငယ်လင်ငယ်မယား။ အသက်တွေကလည်း ရှိလှမှ ၃ဝ စွန်းစွန်းတွေ။ ၂ ယောက်လုံးအဖြူ၊ အလုပ်အကိုင်ရှိတွေ။ (ပြဿနာဖြစ်တဲ့အချိန်တုန်းက) ၁ နှစ်သာသာ သားလေး တယောက်ရှိတယ်။ ကလေးက သူတို့လိုပဲ မျက်လုံးပြာကြည်တောက်တောက်နဲ့ ချစ်ရာလေး။ ယောက်ျားက ဆေးလိပ်သောက်တယ်။ သောက်တာမှ ဖင်မီးခိုးထွက်တယ်ဆိုတဲ့ အစား။ မိန်းမက တခါတလေ ဘီယာလေးဘာလေးသောက်တယ်ပြောတယ်။ ဒီလောက်ပဲ။ ယောက်ျားက ညသန်းကောင် ဆောင်းတွင်းကြီး အပြင်မှာ ရှိသမျှအကုန်အေးခဲနေတာတောင် တရေးနိုးတိုင်း ဆေးလိပ်သောက်တာနဲ့ သူအဆင်ပြေအောင်ဆိုပြီး အခန်းတွင်းဆေးလိပ်သောက် လို့ရတဲ့ အိပ်ခန်းတွဲတွေပါတဲ့ ကျနော်တိုနေတဲ့အပါတ်မင်န့်ကို ပြောင်းလာတာလို့ပြောတယ်။ 
ဒီမှာက အိမ်ငှားစားသူ(အိမ်ပိုင်ရှင်)အများစုက အိမ်တွင်း အခန်းတွင်းဆေးလိပ်သောက်တာကို မကြိုက်ဘူး။ မသောက်နဲ့လို့မပြောဘူး။ ပြောင်းတော့မယ့်အခါ အခန်းတွင်းဆေးလိပ်နံ့တွေစွဲနေလို့ ကော်ဇောတွေ နံရံတွေ မျက်နှာကျက်တွေ ပြန်ခွာ ပြန်ဆေးသုတ် ပြန်သန့်ရှင်းရေးလုပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ငှားတုန်းကတင်ရတဲ့ စဘော်ငွေပြန်မအမ်းတော့ဘူး။ မကျေနပ်လို့ ရဲသွားတိုင်လည်း ငွေကုန်သံပြာပဲအဖတ်တင်တယ်။ တချို့ အိမ်ပိုင်ရှင်တွေကဆို ဆေးလိပ်သောက်ရင် ဘာဖြစ်မယ်ညာဖြစ်မယ်ကို စာချုပ်ထဲ တပါတည်းထည့်ချုပ်တယ်။ တချို့ကတော့ ဆေးလိပ်သောက်ခွင့်မပြုလို့ ချုပ်တယ်။ တချို့ကတော့(ဟော်တယ်လ်တွေလို) ဆေးလိပ်သမားများ အိမ်တွင်းသောက်နိုင်ရန် အခန်းတွေသတ်သတ်ထားတယ်။ ဈေးနည်းနည်း ပိုတယ်။ များသောအားဖြင့် အိပ်ခန်း အတွဲလိုက်ကြီးမှာ ထောင့်ခန်းတွေဖြစ်တယ်။ 
အဲ့တုန်းက ကျနော်တို့နေတာလည်း ထောင့်ခန်း။ ဒါပေမယ့် အောက်ဆုံးထပ် ဆေးလိပ်မသောက်သူအခန်း။ ဘီးတပ်ကုလားထိုင် ဝင်ရထွက်ရလွယ်အောင် စီစဉ်ပေးထားတယ်။ အပေါ် ၂ ထပ်က ဆေးလိပ်သမားတွေနေဖို့။ ခုပြောတဲ့လင်မယား ပြောင်းလာကာစက မိန်းမက ကိုယ်ဝန်နဲ့။ နောက်တော့ သိတ်မကြာဘူး ကလေးမွေးတယ်။ ကလေးမွေးပြီး သိတ်မကြာဘူး လင်မယား ညဘက်ညဘက် စကားများတာ အော်တာဟစ်တာတွေကြားရတယ်။ ကလေးငိုသံ အူဝဲအူဝဲကလည်း တော်တော်နဲ့မတိတ်ဘူး။ တခါတလေ ဒုန်းဒုန်းဒိုင်းဒိုင်းတွေလည်း ကြားတယ်။ အောက်ခန်းသမားဒုက္ခ ကျနော်တို့ခံရတယ်။ ဒါပေမယ့် အိပ်ရေးပျက်ခံ သည်းခံပြီး နေခဲ့တာပါပဲ။
ဝုန်းဒိုင်းကြဲဆိုပေမယ့် သူ့မိန်းမကို ရိုက်တာနှက်တာတော့ မဟုတ်လောက်ဘူး။ ဒီမှာ မိန်းမ ကလေးစတာတွေကို ရိုက်ပုတ်ရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ရုံးရောက်ဂါတ်ရောက် ရောက်ရင်မပြီးတော့ဘူး။ သံသရာလည်ပြီး တိုင်ပတ်တော့တာပဲ။ ဆိုတော့ လင်မယားရန်ဖြစ်ရင် ရိုက်ကြသတ်ကြတာမျိုး နှစ်ဘက်စလုံးက တတ်နိုင်သမျှ ရှောင်ကြတာပါပဲ။ ဘယ်သူက ဘယ်သူ့လုပ်လုပ်ဖြစ်ကြပဟေ့ဆို နည်းနည်းပါးပါး ခြွင်းချက်လေးတွေ ရှိတာလောက်ကလွဲပြီး။ ပုဒ်မလည်းအတူတူ ပြစ်ဒဏ်လည်း အတူတူခံကြရတာပဲ။ ထူးခြားတာက ဒီလင်မယားမှာက အဲ့သလို တံခါးဖွင့်သံ၊ ဆူညံပြီးရင် လှေကားအတိုင်း ဆင်းချလာတဲ့အသံ၊ နောက် ၁ဝ မိနစ်လောက်ရှိ ပြန်တက်သွားတဲ့အသံ ကြားရတာပဲ။ ဘာလဲတော့မသိဘူးဆိုပြီး ကျနော်လည်း စပ်စုချင်လာတယ်။
ဒါနဲ့တနေ့ အောက်ဆင်းတဲ့ခြေသံကြားပြီး သိတ်မကြာခင် ကျနော်လည်း အပြင်ထွက်လိုက်တယ်။ လား..လား..ငနဲက နှင်းတောကြီးထဲမှာ ဆေးလိပ် တွင်တွင်ဖွာနေတာကို။ ခြေဆုံးခေါင်းဖျားတော့ နွေးနေလုံနေပါရဲ့။ ဒါပေမယ့် အအေးက ရေခဲမှတ်အောက် ၁၄-၁၅ ကြီးလေ။ သွေးခဲအောင်အေးတဲ့ အအေးကြီးထဲ ဒီလူ့ခမျာ ဆေးလိပ်ထွက်သောက် နေရှာပါရောလား။ ယူထားတာက ဆေးလိပ်သမားအခန်း။ အခန်းတွင်းသောက်ချင်လို့ အပြင်ထွက်ဒုက္ခမခံချင်လို့မှယူထားပြီး ဘယ့်နှယ် အပြင်ထွက်သောက်ရပါလိမ့်ဆိုပြီး စိတ်ထဲဖြစ်တယ်။
သူလည်း ကျနော့်အသံကြောင့် နောက်ပြန်လှည်ပြီး ပြုံးရင်း “ဒီမိန်းမနဲတော့ ပြဿနာပဲကွာ။ ငါ့ကို ကလေးရှိတယ် အိပ်ခန်းထဲမသောက်နဲ့ဆိုလို ဧည့်ခန်းထဲသောက်တော့လည်းရန်လုပ် မီးဖိုချောင်သောက်တော့လည်း ကွိုင်ရှာ အပေါ်ထပ် အခန်းပြင် စင်္ကြန်ထွက်သောက်တော့လည်း အခန်းတံခါးအဖွင့်အပိတ်လုပ်ရင် အအေးတွင်ဝင်သလို ဆေးလိပ်မီးခိုးတွေပါ ဝင်တယ်ဆိုပြီး ပြဿနာရှာတာနဲ့”လို့ပြောတယ်။ ကျနော်က “မင်းတို့ ခု ကလေးရနေပြီ မဟုတ်လား။ ကလေးကြောင့်နေမှာပေါ့။ ကလေး ဆေးလိပ်မီးခိုး ရှူမိမစိုးလို့ နေမှာပါ၊ အခန်းကလည်း အိပ်ခန်း တစ်ခန်းတည်း One Bedroom ဆိုတော့”လို့ပြောတော့ “ ၂ ခန်းတွဲငှားလည်း ဘာထူးမလဲကွာ။ ဆေးလိပ်က ဘယ်အခန်းသောက်သောက် တအိမ်လုံး အနံ့ရောက်တာပဲဟာ” လို့ပြောပြီး ဆက်သောက်နေတယ်။ ကျနော်လည်း အေးတာနဲ့ ပြန်ဝင်လာတယ်။
အဲ့လိုဖြစ်ပြီး သိတ်မကြာဘူး တည ၂ နာရီထိုးလောက်ကြီး။ ရဲကားတွေ လူနာတင်ကားတွေ ပူပွမ်ပူပွမ်နဲ့ သြဥဆွဲသံတွေ လူသံတွေ အမိုးတင်အချက်ပြမီးရောင်တွေ၊ တံခါးဖွင့်ခိုင်းသံတွေ၊ နောက် ရှင်းပြသံတွေဘာတွေနဲ့ အတော်လေး ဆူညံသွားတယ်။ နောက်တော့လည်း ပြီးသွားတယ် ပြန်ငြိမ်သွားတယ်။ အပေါ်ထပ်မှာတော့ ကလေးငိုသံအူဝဲအူဝဲက မိုးလင်းခါနီးအထိပဲ။ 
၂ လ လောက်ကြာပြီး တရက် အပြင်ထွက်တော့ ကျနော်တို့လင်မယားနဲ့ ကလေးလေးပွေ့ပြီး ကားဆီသွားနေတဲ့ မိန်းမဖြစ်သူနဲ့ တံစက်မြိတ်အောက်နားမှာဆုံတယ်။ ကျနော်တို့က နှုတ်ဆက်တော့ ပြန်နှုတ်ဆက်ပြီး အားတုံ့အားနာဟန်အပြုံးနဲ့ ကျနော့ဇနီးကို “သူ့ကလေး ဆေးရုံသွားပြမယ့်အကြောင်း၊ ကလေးမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတခုခု ရှိနေကြောင်း၊ ကလေးက ညညဆို အသက်ရှူကြပ်ကြပ်ပြီး ကောင်းကောင်းမအိပ်ကြောင်း၊ သူ့ယောက်ျားက အခန်းတွင်းမှာ ဆေးလိပ်သောက်တော့ ကလေးကျန်းမာရေးပိုဆိုးတယ်လို့ သူထင်ကြောင်း၊ ဒါ့ကြောင့် သူ့လူကို အခန်းထဲ ဆေးလိပ်မသောက်ဖို့ပြောကြောင်း၊ ပြောတိုင်းလည်း တယောက်တခွန်း စကားများ ရကြောင်း၊ အခန်းထဲမှာ လျှော့သောက်တယ် ဆိုပေမယ့် သောက်မြဲသောက်ကြောင်း၊ နောက်ဆုံး ပြောရင်းပြောရင်း စိတ်တွေတိုပြီး သူကဆဲတော့ သူ့လူက လက်ပါခြေပါတွေပါပြီး ဆွဲထိုးတာနဲ့ ရဲခေါ်လိုက်ရကြောင်း၊ ခုတော့ လင်မယားစကားများမှုနဲ့ တရားရုံးက လင်မယားခွဲထားကြောင်း၊ တရားရုံးသွား လက်မှတ်ထိုးနေရကြောင်း၊ အလုပ်လည်း ပြုတ်သွားကြောင်း၊ အလုပ်မရှိတော့ သူပဲ ကလေးတဘက်နဲ့အလုပ်လုပ်ရင်း တတ်နိုင်သလောက်ပေးနေရကြောင်း၊ လင်မယား မပြတ်နိုင်တော့ သူတို့ ခိုးခက်တော့တွေ့ကြရကြောင်း၊ သူယောက်ျားကိုလည်း သူသနားကြောင်း၊ ပြတ်လည်းမပြတ်နိုင်ကြောင်း၊ အထက်တန်းကျောင်းသားကတည်းက သမီးရည်းစားဖြစ်ပြီး ယူခဲ့ကြတာဖြစ်ကြောင်း၊ ရဲခေါ်မိတာလည်းမှားသွားကြောင်း စတာတွေနတ်သံနှောတော့တာပါပဲ။ ကျနော်လည်း ဘေးကငြိမ်ပြီး နားထောင်ရင်း ပြုံးနေမိတယ်။
ပြောရရင် ဖို့တ်ဝိန်းနေ ဗမာပြည်သားတွေထဲမလည်း အလားတူ လင်မယားပြဿနာလေးတွေဖြစ်ကြ ရုံးရောက် ဂါတ်ရောက် ထောင်ရောက် တန်းရောက်တွေလည်း ရှိတာပါပဲ။ တချို့များ ၂ ခါပြန် ၃ ခါပြန် ပြန်ပြန်ဖြစ်လို့ လင်မယားမတွေ့ရ၊ အဆက်အသွယ်မလုပ်ရ၊ မိန်းမနဲ့ကလေးတွေနေတဲ့ရပ်ကွက်အနားတောင် မသီရ စတဲ့အကန့်အသတ်တားမြစ်မိန့်တွေနဲ့ နေကြရတာတွေတောင် ရှိပါတယ်။ ဒါပေမယ့်ဘယ်လောက်တားတား မရပါဘူး။ မိကာမှမိရော ခိုးတွေ့ကြတာပါပဲ။ လင်မယား မဟုတ်လား။ ချစ်ခြင်းသဘောအခံရှိတယ် မဟုတ်လား။ ငယ်သံယောဇဉ်တွေရှိတယ် မဟုတ်လား။ သားသမီးလေးတွေမျက်နှာ ထောက်ရမယ် မဟုတ်လား။ စိတ်အခန့်မသင့်ချိန်မှာ ဖြစ်လိုက်တဲ့တဒင်္ဂ မဟုတ်လား။ ဗမာပြည်သားတွေ မဟုတ်လား။ အချိန်တန်တော့လည်း ဇနီးသည်မှာ ဗိုက်ဖုံးအကီင်္ျလေးတဖါးဖါး ကိုယ်ဝန်လေးတကားကား။ အချိန်တန်တော့လည်း သားဖွားခန်းမှာ အူယားဖါးယား။ အချိန်တန်တော့လည်း မွေးစာရင်းမှာ အဖေနံမည် ပါလာတာပဲမဟုတ်လား။ 
ခုတော့ ဒီ အဖြူမောင်နှံလည်း ရုံးတော်ကမသိအောင် ခိုး ချစ်နေကြရတာပဲမဟုတ်လား။ ထောင်ပြပြီးရုံးမိန့်နဲ ခြောက်တာတောင် မပျယ်တာက ချစ်ခြင်းမဟုတ်လား။ (ဘာမှမဟုတ်ပါဘူး။ မျက်စေ့ရှေ့တွေ့တာတွေ လျှောက်ပြောတာပါ)

အနှစ်မဲ့တဲ့ ကြက်ဆူပင်ပါလား

0 comments
အနှစ်မဲ့တဲ့ ကြက်ဆူပင်ပါလား
(နိုင်ငံတခုရဲ့အသက်က ဒီအခြေခံဥပဒေပဲ။) တဲ့။
ဗိုလ်မင်းအောင်လှိုင်က သူ့ရဲ့အင်တာဗျူးထဲမှာ အဲသလိုထည့်သွင်းပြောကြားသွားတယ်။

အခြေခံဥပဒေရဲ့အမှားအမှန်ပြဿနာကို ထည့်ပြောမသွားဘူး။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ဖို့၊ တနည်းဆိုရင် အာဏာကို သူတို့သားစဉ်မြေးဆက်ချုပ်ကိုင်ထားဖို့ ရေးဆွဲထားတဲ့ ဥပဒေလား၊ ပြည်သူတွေရဲ့ဘဝလုံခြုံရေး အေးချမ်းသာယာရေး၊ တိုင်းပြည်စည်ပင်ဝပြောစေရေးအတွက် ရေးဆွဲထားတဲ့ဥပဒေလားဆိုတာတော့ ခွဲခြားပြောဆိုဖို့ ဝေလာဝေး၊ သူကိုယ်တိုင်မှ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိနေမှာတောင် မဟုတ်ပါ။ ပြည်သူလူထုအကျိုး နက်နက်ရှိုင်းရှိုင်း အကျိုးပြုမယ်ဆိုတဲ့စိတ်ဓာတ်မရှိတာကတော့ သေချာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံတခုရဲ့အသက်-လို့ သူပြောတဲ့အတိုင်းပါပဲ။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ရေးကို တံတိုင်းလိုကာဖို့ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေကြောင့် ပြည်သူလူထုကြီးဒုက္ခပင်လယ်ဝေနေရတယ်။ အသက်တွေ သေပေးနေရတယ်။ တိုင်းပြည်သွေးချောင်းစီးနေရတယ်။ တိုင်းရင်းသားပြည်သူတွေ အလောင်းချင်းထပ်နေရတယ်။ ကျောင်းသားသူငယ်ကလေးအရွယ် လူမမယ်တွေကအစ လမ်းပေါ်ထွက်ဆန္ဒပြနေရတယ်။ ဒီအခြေခံဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘဲ ကာချုပ်ပြောတဲ့ မူ (၆) ချက်ကြောင့် အတုအယောင်ငြိမ်းချမ်းရေးဆိုတာတောင် အကောင်အထည်မပေါ်ဘဲ လေထဲမှာ ချာချာရမ်းပြီး တိုးလိုးတန်းလန်းကြီးဖြစ်နေရတယ်။ ဒီလိုအခြေခံဥပဒေဟာ နိုင်ငံတခုရဲ့အသက်လို အရေးပါတယ်ဆိုရင် မကောင်းတဲ့အခြေခံဥပဒတရပ်တည်ရှိနေမှုဟာ တတိုင်းပြည်လုံး ပျက်စီးဆုံးပါးမယ့်အန္တရာယ်၊ ပြည်သူတွေဆင်းရဲဒုက္ခမျိုးစုံကြား ဒုက္ခပင်လယ်ဝေမယ့် အခြေအနေတရပ်ဆီ နေ့စဉ်နဲ့အမျှ ဦးတည်ရွေ့လျားနေပါတယ်။ ဒီလို တိုင်းပြည်အပေါ် ဖိစီးထားတဲ့ မကောင်းဆိုးဝါးတစ္ဆေကြီးတကောင်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကြီးရဲ့ခြောက်လှန့်မှု ဒဏ်ကို ပြည်သူလူထုက နေ့စဉ်နဲ့အမျှရင်ဆိုင်ခံစားနေကြရပါတယ်။ သူတို့က ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ တစှေ္ဆကြီးကိုမွေးမြူပြီး အကာအကွယ်ယူထားပေမယ့် လူထုလှုပ်ရှားမှုဖြစ်ပေါ်လာမှာကိုတော့ အကြောက်ကြီး ကြောက်နေကြတယ်။ လူထုတိုက်ပွဲတွေရဲ့နောက်မှာ ဗကပတစ္ဆေကြီးရှိနေတယ်ဟေ့ဆိုပြီး လက်မဲကြီး-လက်မဲကြီး၊ သူရဲကြီး-သူရဲကြီးနဲ့ အော်ပြနေကြတယ်။

လာလာချည်သေးတယ်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့နိုင်ငံရဲ့ လက်ရှိဒီမိုကရေစီတည်ရှိမှုရဲ့တကယ့်အသက်တခုပါပဲ-တဲ့။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပါလား။ လယ်သမားတွေကို ထောင်ထဲထည့်တဲ့ ဒီမိုကရေစီလား၊ လက်ပံတောင်းမှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ရဟန်းသံဃာတွေကို မီးလောင်ဗုံးနဲ့ပစ်ခတ်နှိမ်နင်းခဲ့တဲ့ ဒီမိုကရေစီလား။ မီဒီယာသမားဆိုတာကို ထင်သလိုပစ်သတ်နိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီလား။ ဆန္ဒပြသူတွေကို လက်သတ်မွေးထားတဲ့လူမိုက်လူရမ်းကားတွေနဲ့ ရိုက်နှက်ဖြိုခွင်းတဲ့ ဒီမိုကရေစီလား၊ ပြည်သူ့အိုးအိမ်နဲ့ကျေးလက်တောရွာတွေကို ဘူဒိုဇာနဲ့ထိုးခွဲဖျက်ဆီးတဲ့ ဒီမိုကရေစီလား။ လွှတ်တော်မှာပြည်သူလူထုမရွေးချယ်တဲ့ စစ်သားလွှတ်တော်ကိုယ်စားလှယ် တမတ်သားကိုကိုင်ပြီး လူထုအကျိုးရှိစေမယ့်အဆိုပြုချက်မှန်သမျှ ပယ်ချနေတဲ့ဒီမိုကရေစီလား။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်အစိုးရ၊ စစ်တပ်၊ ဦးပိုင်၊ စစ်ခရိုနီနဲ့ဦးအောင်သောင်းတို့ကို နည်းနည်းမှအထိမခံတဲ့ ဒီမိုကရေစီလား၊ စစ်အာဏာရှင်စနစ်ရှိရင် ဒီမိုကရေစီမရှိဘူးဆိုတာ စစ်အုပ်စုထိပ်သီးတယောက်ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင် နားမလည်ရှာပါကလား။

ရယ်ရပါတယ်။ ဦးသိန်းစိန်ရော၊ ဗိုလ်မင်းအောင်လှိုင်ရော စစ်အုပ်စုထိပ်သီးတွေဆိုတာ အတူတူနဲ့အနူနူချည်းပါပဲ။ ဒီဥပဒေကိုအတည်ပြုတဲ့အခါမှာ ၂၀၀၈ ခုနှစ်တုန်းက မဲပေးခွင့်ရှိသူ(၂၇) သန်းကျော်ထဲက (၂၈) သန်းကျော် မဲပေးခဲ့တယ်၊ ထောက်ခံမဲက ၉၂. ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံအတည်ပြုပေးခဲ့သတဲ့။ အဲဒီတုန်းကလည်း တကယ့်ကို လူထုကလည်း အင်မတန်လက်ခံတဲ့အနေအထား ငြင်းလို့မရပါဘူးတဲ့။ ရူးလည်း ရူးနိုင်ကြပါပေ့ကွယ်၊ ဗိုလ်နေဝင်းလက်ထက်ကတည်းက အတုအယောင်ပြည်သူ့ဆန္ဒခံယူပွဲဆိုတာလုပ်ပြီး ပြည်သူကို ပေါ်တင်ကြီးလိမ်ညာလာခဲ့တာ ပြည်သူတွေက နောကျေနေပါပြီ။ သူတို့ဖွဲ့စည်းပုံကို ဒီလို လူထုက ထောက်ခံတာ၊ သူတို့အစိုးရဟာ ပြည်သူ့ဆန္ဒနဲ့ တညီတညွတ်တည်း ရွေးကောက်တင်မြှောက် လိုက်တာလို့ သူတို့တတွေပြောနေကြတာဟာ သိရဲ့သားနဲ့ မျက်စိစုံမှိတ်ပြီး အော်နေကြတာလား၊ တကယ့်အဖြစ်မှန်ကို မမြင်နိုင်လောက်အောင် ဦးနှောက်ကန်းနေကြသလားဆိုတာတော့ သူတို့ပဲ သိမှာပါ။ သူတို့မကြားသေးရင် သိကြားစေသက်သေညွှန်းလို့ အော်ဟစ်ပြောလိုက်စမ်းပါ။ ဒီအစိုးရဟာ လိမ်ညာညစ်ပတ်မဲခိုးတက်လာတဲ့ အစိုးရ။ ဒီဖွဲ့စည်းပုံဟာ ပြည်သူ့ဆန္ဒအစစ်အမှန် မဟုတ်ဘဲ လုပ်ပွဲကြီးတွေနဲ့အတည်ပြုထားတဲ့ အခြေခံဥပဒေဆိုတာကို။

လိမ်ညာစာရင်းပြနိုင်ငံရေးကိုတော့ ဗိုလ်မင်းအောင်လှိုင် တတ်ကျွမ်းပုံရပါလိမ့်မယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ စာရင်းလိမ်တွေကို ကိုးကားပြောဆိုနေတာပါ။ တဖက်မှာတော့ ပုဒ်မ ၄၃၆ ပြင်ပေးဖို့ ပြည်သူလူထုရဲ့မဲဆန္ဒ ၅ သန်းကိုတော့ လူဦးရေ သန်း၅၀ ရဲ့ ဆယ်ပုံ တပုံသာရှိပါတယ်လို့ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာသလို မခိုင်လုံတဲ့ဆင်ခြေ ပေးထားပြန်ပါတယ်။ ဒီ ၅ သန်းဆိုတဲ့အရေအတွက်ဟာ သန်း ၅၀ ကို ကိုယ်စားပြုတဲ့ ပြည်သူအများစုရဲ့ အစစ်အမှန်သဘောထားဆိုတာ ပြည်သူ့ဆန္ဒကို အလေးထားစူးစမ်းတတ် သူခေါင်းဆောင်တဦးဆိုရင် နားလည်မှာပါ။ လူထုနှလုံးသားကို ချဉ်းကပ်နားလည်တတ်သူ ခေါင်းဆောင်တွေဆိုရင် ဒီလိုစာရင်းဇယားတွေမကောက်ဘဲနဲ့တောင် လူထုဆန္ဒသဘောထား အမှန်ကို သိနိုင်ပါတယ်။

ခု ဗိုလ်မင်းအောင်လှိုင် ပြောသွားတဲ့အချက်တွေအားလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်နေတာချည်းပါပဲ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာရဲ့အနှစ်သာရကိုမပြောဘဲ အပေါ်ယံ လေလုံးထွားမှုတွေပဲ ဖော်ပြသွားတာပါ။ သူတို့ကိုယ်သူတို့ အမျိုးသားရေးတာဝန် ထမ်းဆောင်တယ်ဆိုတာတို့၊ လူကြီးတွေက သေသေချာချာ ခက်ခက်ခဲခဲအချိန်ယူရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်တယ်ဆိုတာတို့၊ ဒီနိုင်ငံရဲ့တည်ရှိမှုကိုကာကွယ်ပေးနေတဲ့အခြေခံဥပဒေမို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေရပါတယ်ဆိုတာတို့ကို လျှာအရိုးမရှိတိုင်း ဗိုလ်မင်းအောင်လှိုင် အရှက်မရှိ ထင်ရာမြင်ရာတွေလျှောက်ပြောသွားခဲ့ပါတယ်။ ဒီအခြေခံဥပဒေရဲ့ တကယ့်အနှစ်သာရဟာ သူပြောခဲ့တဲ့အချက်တွေနဲ့ပြောင်းပြန်ဖြစ်နေသလို သူတို့ ဒီဥပဒေကို အချိန်ယူရေး ဆွဲခဲ့တာ၊ ဒီဥပဒေကိုအသေအလဲကာကွယ်နေရတာတွေရဲ့ တခုတည်းသောအကြောင်းရင်းကတော့ ဒီ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ရဲ့အသက်ဘူး ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူတို့နည်းနည်းမှ အတို့အထိ မခံနိုင်တာ၊ ဒါကြောင့် သူတို့ဓားကြိမ်းကြိမ်းပြီး ကာကွယ်နေကြတာ ဖြစ်ပါတယ်။

ဗိုလ်မင်းအောင်လှိုင်က လူဦးရေသန်းပေါင်းများစွာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံကြီးတွေကြားက နိုင်ငံငယ်လေးရဲ့ ပထဝီနိုင်ငံရေးအနေအထားကိုလည်း တို့ထိပြောကြားသွားပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်တဲ့ပုံမျိုး အမြော်အမြင်ရှိလေဟန်ပေါ့။ သူ့ကျွန်ဘဝရောက်ခဲ့တဲ့ သမိုင်းကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။ တိုင်းပြည်ကို နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ပြုသွားခဲ့သူဟာ အိမ်နီးချင်းနိုင်ငံတွေမဟုတ်ဘဲ ပင်လယ်ရပ်ခြား အဝေးကြီးက လာရောက်ကျွန်ပြုထားခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ လက်တွေ့ကတော့ နိုင်ငံကြီးတွေကြားမှာ အမြော်အမြင်ရှိစွာ တည်ငြိမ်တည့်မတ်တဲ့ နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးတာမဟုတ်ဘဲ၊ ဂုဏ်သိက္ခာရှိတဲ့ အချုပ်အချာအာဏာပိုင်နိုင်ငံ အဖြစ် မထူထောင်ဘဲ၊ မျက်နှာချိုသွေးလက်ဖြန့်ခံပြီး တိုင်းပြည်ရဲ့အကျိုးစီးပွားတွေကို ပေါပေါပဲပဲရောင်းစားနေတာ သူတို့ကိုယ်တိုင်ပါ။ တိုင်းပြည်သယံဇာတတွေမှန်သမျှ ကုန်ခန်းလုနီးပါး၊ ပြည်သူတွေ ဆင်းရဲတွင်းနက်သထက် နက်လာနေတဲ့အခြေအနေမျိုးကို သူတို့ပဲ ဖန်တီးခဲ့တာပါ။ အနောက်ကိုဖိတ်ခေါ်လိုက် အရှေ့ကိုပြေးကပ်လိုက်နဲ့၊ ဖြောင့်မတ်ရိုးသားတဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒကိုမကျင့်သုံးဘဲ မဖြစ်ညစ်ကျယ်နဲ့ နိုင်ငံကြီးတွေကြား ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ နိုင်ငံရေးကစားနေတာတွေဟာ အန္တရယ်ကြီးတဲ့မီးစကြာကစားနေတာမို့ အဆုံးတနေ့မှာ တိုင်းပြည်ပဲ ကြားညပ်မီးလောင်ပြီး အန္တရယ်တွေ့မှာပါ။ တိုင်းပြည်အနေနဲ့ ဆိုးဝါးပြင်းထန်တဲ့ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုရင် အဓိကတာဝန်ယူရမှာက စစ်အုပ်စုနဲ့ သူတို့ရဲ့အစိုးရပါ။

လေကြီးမိုးကြီးစကားတွေ ပြောပြီး ဗိုလ်မင်းအောင်လှိုင် ထပ်တလဲလဲနှပ်ကြောင်းပေးနေတဲ့ စကားကတော့ လူဝင်မှုပြဿနာလေးတွေဆိုပဲ။ အရှေ့က လူဝင်မှုပြဿနာလား၊ အနောက်က လူဝင်မှုပြဿနာလားဆိုတာတော့ ခွဲခြားပြီးပြောမသွားပါ၊ ဒီနေရာမှာလည်း တိုင်းပြည်နယ်နိမိတ်  လုံအောင် ကာမထားနိုင်ဘဲ ခြံစည်းရိုးကို ချိုးဖျက်ပေးတာ သူတို့ကိုယ်တိုင်ပဲဆိုတာကိုလည်း ညွှန်ပြရမှာပါ။ ဒါကို တိုင်းပြည်ရဲ့အန္တရယ်ဆိုပြီး လက်ညှိုးထိုးပြထားကာ ဒီအန္တရာယ်ကို ကာကွယ်ပေးမယ့်သူအဖြစ် စစ်တပ်ကို သူရဲကောင်းအဖြစ်ဗန်းတင်ချင်လို့လား။ ပြဿနာနဲ့ပဋိပက္ခတွေကိုမီးမွှေးပြီး နိုင်ငံရေးအမြတ်ထုတ်ချင်လို့လားဆိုတာကတော့ သူတို့မှ သိမှာပါ။

ငပွကြီးထင်သလို ရမ်းကာနေတာကြောင့် နောက်ဆုံးတနေ့ နစ်နာဆုံးရှုံးရမှာကတော့ ကိုယ့်ရပ်ကိုယ့်ရွာပါ။
ပြည်သူတွေ ကိုယ့်အန္တရာယ်ကာကွယ်ဖို့ ပြင်ထားကြပေရော့။ ။
ဗမာပြည်ကွန်မြူနစ်ပါတီဝဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။

Saturday, November 22, 2014

၂ဝ၁၄ နိုဝင်ဘာအလည်မှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ နိုဝင်ဘာအလည်မှာ ရေးဖြစ်တဲ့တိုနန့်နန့်လေးတွေ(မျိုးမြင့်ချို)
(အမေ့ အမေရဲ့အမေ)
ကျနော် အရှင်လတ်လတ် လူအကောင်လိုက်ကြီးမမြင်ဖူးတဲ့
အမေ့ အမေရဲ့အမေ။ ကျနော့် ဘေးမကြီးဓါတ်ပုံပါ။ ဒေါ်ဘုတ်ဆုံတဲ့။ (နံမည်ရင်းက လှလှရီ။ ငယ်ငယ်ကဝတုတ်တုတ်လေးမို့ ဘုတ်ဆုံဘုတ်ဆုံနဲ့ ခေါ်ရင်းက ဘုတ်ဆုံလို့တွင်သွားတာ) ခုဒီပုံမှာကြည့်တော့ ပိန်တာရိုး။ ရှေးမြန်မာမကြီး။ ကိုးကွယ်တာက အစ္စလာမ်။ ယုံကြည်တာက အလ္လာဟ်အရှင်မြတ်။ ဖတ်တာရွတ်တာက ကိုရ်အန်၊ ကျင့်သုံးဆောက်တည် နေထိုင်ကွယ်လွန်သွားတာက မွတ်စလင်မ်အဖြစ်။ ဘိုလိုတော့ Great Grand Mother ပေါ့လေ။

အမေ ခဏခဏပြောတယ် သူ့အဖွားအကြောင်း။ ပြောတိုင်းလည်း
အင်္ဂလိပ်ခေတ်တွေရော
ဂျပန်ခေတ်တွေရော၊ ဦးနုခေတ်တွေရော၊
သမဝါယမခေတ်တွေရော၊ ဝေလခေါင်းရွှေဒင်္ဂါး (တကျပ်သားအချိန်စီးတဲ့) ၃၆ ကျပ်ရော၊ နှစ်လုံးပြူးနဲ့စလွယ်ရသူကြီးရော၊ ဘိုမချောချောကြီးတွေ ဒေါက်ကပ်ကြီးစီးတာရော၊ လယ်သမားတွေသူပုန်ထတဲ့အကြောင်း တဆင့်ကြားတွေရော၊ လန်ချားဆွဲတဲ့လူတွေရော၊ ကုလားဗမာရိုက်ပွဲရော၊ ထောင်မလဲသဲကော်ဂျပန်ငွေစက္ကူရော၊ ဂျပန်စစ်သုံးကားအမိုးပတ္တူဖျဉ်တွေကို တိုင်ကီထဲထည့်ရေနွေးနဲ့ပြုတ် ရေမစိမ့်အောင်
အထဲကသုတ်ထားတဲ့ကတ္တရာစေးအလွှာကို ဂုံးခွံနဲ့ခြစ် အင်္ကျီချုပ်ဝတ်တာရော၊၊ တောပုန်းဓါးမြတွေသောင်းကျန်းတာရော၊ တူမတယောက်ကို အိမ်မှာတည်းတဲ့တပ်စုမှူးဂျပန်စစ်ဗိုလ်ကချစ်လို့ ဟာဒီးမားလိုခေါ်တာရော၊
စစ်ရှူံးတော့ စုတ်ပြတ်သတ်နေတဲ့ဂျပန်စစ်သားတွေ လမ်းပေါ်မှာပိုးလိုးပက်လက်လန် ငတ်ပြတ်နေတာရော၊ ထောပတ်ပုံးတွေဖေါက် ထောပတ်တွေသွန်ချပြီး ပုံးခွံတွေ ပန်းကန်ပြားနဲ့ဒယ်အိုးရိုက်တာရော၊ လွတ်လပ်ရေးရတော့ ဟေးဟေးနဲ့ အော်တာရော၊ သူပုန်တွေထတာရော၊ ဒါးမြတွေသောင်းကျန်းတာရော၊ သူ့နွားတွေအုပ်လိုက်ကြီး ဓါးမြတွေမောင်းသွားလို့ သူ့မောင်အငယ်ဆုံးငိုတာရော၊ ပြည်သူပိုင်သိမ်းတဲ့အထဲ အမျိုးတွေရဲ့လုပ်ငန်းတွေပါကုန်တာရော၊ လယ်တွေပါကုန်တာရောအကုန်ပါတယ် စုံမှစုံပဲ။
ခုတော့ အမေ့မှတ်ဉာဏ်တွေ မှေးစပြုပြီ အမေ့နားတွေ လေးစပြုပြီ အမေ့ခါးတွေ ကိုင်းစပြုပြီ။ သူ့မြေးလေး မရင်နှစ်ကိုထိန်းရင်း ကလေးလုပ်တာပြောတာတခုခုများ သူသဘောကြတဲ့အခါ ပါးရည်နားရည်တွန့်တွေ တွန့်သထက်တွန့်တွန့်သွားအောင် ရယ်လိုက်ပြုံးလိုက်တိုင်း အမေ လူအိုလို လှနေဆဲပဲ။ အမေ လူအိုလိုလန်းဆန်းနေဆဲပဲ ဒါပေမယ့် အရွယ်လွန်ပြီ အရွယ်ထောက်ရှာပြီ။
ပြောရရင် အဖေ့ဘက်အမေ့ဘက် နှစ်ဘက်လုံးက အမျိုးအဆွေတွေထဲမှာ အမေက အသက်အကြီးဆုံးဖြစ်နေပြီ။ ခု ၈၃ ထဲ ဝင်ပြီ။ ဝမ်းသာစရာက ဆီးချို သွေးတိုး နှလုံး ဘာညာစတဲ့ ရောဂါကြီးကြီးမားမားတခုမှ မရှိတာပဲ။ ခုချိန်ထိ ပဲကြော်လေး မြေပဲဆန်လှော်လေး ဖြိုးဖြိုးဖြောက်ဖြောက်ဝါးနိုင်တုန်း။ ထမင်းကို လက်နဲ့နယ်ဖတ်ပြီး မတုန်မရင်စားနိုင်တုန်း။ တုတ်ကောက်မလို လမ်းလျှောက်နိုင်တုန်း။ သူ့အပင်လေးတွေ ကိုယ်တိုင်စိုက်ပျိုး ရေလောင်းပေါင်းသင် ခူးတုန်းဆိတ်တုန်း၊ သားသမီးတွေနဲ့ လာသမျှဧည့်သည်တွေကို ချက်ပြုတ်ခူးခပ်ကျွေးတုန်း။ ၁၄ ထစ်လှေကားကို တနေ့ ၆ ကြိမ်အနည်းဆုံး အတက်အဆင်းလုပ်နေတုန်း။ ကျနော်လုပ်ပုံကိုင်ပုံ ဟန်မကျရင် နားဝင်အောင်ပြောတုန်း။ တနေ့နေ့တော့ သားတွေသမီးတွေအားလုံးနဲ့ တစုတရုံးနေရမှာဆိုတဲ့အတွေးနဲ့ စိတ်ဆောင်တုန်း။

(နိုင်ငံရေး အသရေ)
သူခိုး ခိုးတယ်ပြော ထောင်မဆန့်ဘူးတို့ ဘာဘူးတို့ ဘာမှမပြောပါ။ ဗမာပြည် ထောင် ၃ ထောင်မှာ ၁၅ နှစ်နေခဲ့ဖူးပါတယ်။ တိုက်ထဲမှာ သီးသန့်အကျဉ်းသားအဖြစ်အနေများပေမယ့် တောင်ငူထောင်မှတော့ ကံကောင်းခြင်းကြီးစွာ အဆောင်မှာနေရပါတယ် ၅ နှစ်နီးပါးလောက် နေဖူးပါတယ်။ အဆောင်မှာ ရာဇဝတ်သားစုံပါတယ်။ အမှုစုံပါတယ်။ အဖြစ်အပျက်နဲ့ အတွေ့အကြုံအစုံရပါတယ်။

ကျနော်ဒီမှာလုပ်တဲ့အလုပ်တွေထဲမှာ လူကြီးထောင်မှာ ဗမာပြည်စကားပြန်လုပ်တာလည်း ပါပါတယ်။ တချို့က ထောင်နဲ့ရေစက်မကုန်သေးလို့ လို့ပြောပါတယ်။ အလုပ်သဘောက ကိစ္စရှိမှခေါ် ပြီးတာနဲ့ပြန်။ တစ်စက္ကန့်တောင် အပိုမနေရပါ။ ဘယ်အကျဉ်းသား အချုပ်သားနဲ့မှ အလုပ် ကိစ္စမှတပါး စကားမပြောရဆိုပေမယ့် စကားပြန်ဖြစ်လို့ ခြွင်းချက်နည်းနည်းပါးတော့ရပါတယ်။ ချုပ်သစ်တွေ ပထမဆုံးရုံးထုတ်ရက် အိမ်ပြောပေးဖို့မှာတာ၊ ကျန်နေတဲ့မိသားစုကိုအကြောင်းကြားဖို့ လိပ်စာ ဖုန်းနံပတ်တောင်းတာ ယူတာ။ ကျနော်လုပ်တာက ထောင် တနှစ်နဲ့တနှစ်အောက်သမားတွေပဲထားတဲ့ Jail ပါ။ နှစ်ကြီးသမားတွေကိုတော့ Prisons တွေကိုပို့ပါတယ်။

သွားဖန်များတော့ ထောင်ဝန်ထမ်းတချို့နဲ့မျက်မှန်းတန်းမိနေပါပြီ။ ကျနော့်အကြောင်း တစေ့တစောင်းသိသူလည်း သိပါတယ်။ တနေ့တော့ ကျသစ်တယောက်ရောက်တယ်။ မှတ်ပုံတင်မယ် ဆေးမှတ်တမ်းယူမယ်လို့လှမ်းပြောတာနဲ့ ထောင်ရောက်သွားပါတယ်။ ဟိုရောက်တော့ အသိဖြစ်နေတယ်။ ဟိုတလောကပဲ အရှိန်လွန်မူးမောင်းမှုကြောင့် ရုံးချိန်ပျက်အာမခံငွေဆုံး ပြန်အဖမ်းခံဒဏ်ထိထားသူ။ အရက်နဲ့ပတ်သက်တဲ့ သင်တန်းလည်းတက်နေရ ကုထုံးဆရာနဲ့လည်း ကောင်စလင်န်းလုပ်နေရသူ။ နေ့တိုင်း အရက်ဖြတ်ဌာနမှာ ဆေးသောက်ဆီးစစ်သွေးစစ် နေရသူ။ ခု သူ့ကြည့်တော့ ညက ချထားတဲ့အရှိန်လည်း ကောင်းကောင်းမပြယ်သေး အနံ့လည်းတထောင်းထောင်းထွတ်တုန်း။ ကိုယ်လည်း ပုလင်းဖက်သောက်လာတဲ့သူဆိုတော့ အနေအထားမြင်တာနဲ့မှန်းမိတယ်။ စာရင်းသွင်း မှတ်တမ်းယူပြီးတော့ သူ့အိမ်ကိုအကြောင်းကြား ပေးဖို့၊ ပိုက်ဆံလာထည့်ပေးဖို့မှာရင်း သူ့ကို “ဘာလို့ဖမ်းပြီး ထောင်ထဲပြန်ပို့သလဲ သူနားမလည်ကြောင်း၊ သူ အရက်တကယ်ပြန်မသောက် တော့ကြောင်း၊ ညက သူငယ်ချင်းတွေ သောက်နေတဲ့ဝိုင်းမှာ သူက ဘေးထိုင်ပြီး အမြည်းပဲစားနေကြောင်း၊ အဲ့ဒီအချိန်မှာ ဝိုင်းထဲကလူနဲ့ ဘေးအခန်းကလူ စကားများပြီး ရဲရောက်လာကြောင်း၊ ဟိုလူတွေကိ ဖမ်းရင်း သူ့ပါခေါ်လာကြောင်း၊ သူ့မှာ ဘာပြဿနာမှမရှိကြောင်း၊ ဘာအပြစ်မှမရှိကြောင်း၊ ဘာအပြစ်မှမကျူးလွန်ကြောင်း”တွေကို ကျနော့်ပခုံးပုတ်လိုက်လက်ပုတ်လိုက် လက်ဟန်ခြေဟန်တွေနဲ့ ကရားရေလွှတ် လွှတ်တော့တာပါပဲ။ ကျနော်လည်း အင်း..အင်းနဲ့သာ လုပ်နေရတယ် စိတ်တော့မသက်သာလှပါ။

ကိစ္စပြီးလို့ အမှုထမ်းက ဗူးဝအထိပြန်ပို့ရင် ဟိုငနဲ မင်းကိုဘာတွေပြောနေတာလဲလို့မေးတာနဲ့ သူပြောတာတွေ ပြန်ပြောပြရတယ်။ စကားဆုံးတော့ ပြုံးစစမျက်နှာပေးနဲ့ “နေပါဦး မင်းတို့ အဖမ်းခံရ ရုံးတင်ခံရ ထောင်ကျရတုန်းကရော”တဲ့။ “အဲ့ဒါနဲ့ ပြောင်းပြန်ပဲကွ။ ငါဒို့က မလုပ်ဖူးလို့ မပြောဘူး။ လုပ်တယ် လုပ်တာဘာဖြစ်လဲ။ နိုင်ငံရေး လူတိုင်းမှာလုပ်ခွင့်ရှိတယ်။ အစိုးရကို စနစ်ကို မကျေနပ်ရင်မကြိုက်ရင် ဆန့်ကျင်ခွင့် ဖြုတ်ချခွင့် လူတိုင်းမှာရှိတယ်။ အဲ့ဒါ အပြစ်မဟုတ်ဘူး။ အပြစ်ကျူးလွန်တာ မဟုတ်ဘူး။ အပြစ်မရှိဘူး။ အပြစ်ရှိတာက မင်းတို့။ တရားခံက မင်းတို့၊ ခု မင်ူးတို့လက်ထဲမှာကြိုက်သလိုလုပ် ဆိုတာမျိုးပဲပြောတာ”ဆိုတော့ သူက “မင်းတို့က လုပ်တယ်၊ အပြစ်မရှိဘူး ကြိုက်သလိုလုပ်၊ သူတို့က မလုပ်ဘူး၊ အပြစ်မရှိဘူး၊ ဘာမှမလုပ်ပါနဲ့ပေါ့ကွ”လို့ပြောပြီး အသံထွက်တဲ့အထိရယ်တယ်။ ကျနော်လည်း လိုက်ရယ်မိတယ်။

ထောင်အပြင်ရောက်တော့ တောင်ငူထောင်ကရာဇဝတ်သားတွေကိုသတိမရပဲ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အကြောင်း သွားတွေးမိတယ်။ ပြီးတော့ သေနတ်နဲ့တေ့ပြီး ကိုယ့်ဘာသာလွတ်ငြိမ်းချမ်းသာခွင့်ယူထားပြီးသားလူတွေကို တဘက်သတ်ခွင့်လွှတ်ပါရစေ လုပ်နေတဲ့၊ တောင်းပန်ဖို့တောင်းပန်ပါတယ်ဆိုကာ ခြေသလုံးလိုက်ဖက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်းဘုတ်အောက်က နိုင်ငံရေးအသရေပျက်တွေကိုလည်း စိတ်ထဲမြင်မိတယ်။

(အမူးအမော် ကောင်းတယ်)
ကျနော် အရက်သောက်တာ ကြိုက်လို့ပါ။ အဝသောက်ခဲ့ အမုန်းသောက်ခဲ့ပါတယ်။ ချဉ်ချဉ်တူးတူး မူးပြီးရောမဟုတ်ပေမယ့် အဲ့ဒီသဘောနီးပါးပါ။ အဲ့သလိုကြောင့်လည်း မဲဆောက်နေတုန်းက ဟာသမှတ်ချက်လေးတခုနဲ့ အပြောင်ခံရဖူးပါတယ်။ တနေ့ အရက်ဖိုးပြတ်သလောက်ဖြစ်တော့ ထိုင်းတောအရက်လိုဟာကို ဝယ်သောက်ကြတယ်။ အနံ့ကလည်းဆိုး အဝင်ကလည်းမီးတွေမြိုချရသလိုပြင်း ဆိုတော့ မော့တိုင်းမျက်နှာမရှုံ့မဲ့သူမရှိပါ။ အမြည်းကလည်း မက်မန်းသီးအစိမ်းတွေနဲ့။ ဒါပေမယ့် ပင်ကိုယ်ကအမူးအမော်ကြိုက်သူ ဒါမှမသောက်လည်း သောက်စရာမရှိဆိုတော့ ကြိတ်မှိတ်မြိုချပေါ့။ အဲ့ဒီအရက်ကြမ်းကြီးသောက်တဲ့ဝိုင်းမှာ အခု ကွယ်လွန်ပြီဖြစ်တဲ့ အေဘီအက်စ်ဒီအက်ဖ်က မောင်မြင့်အောင်ခေါ် မောင်နေလခေါ် ဂုရုလည်းပါပါတယ်။ တချက် ကျနော်မော့ရင်း ရှုံ့မဲ့သွားတော့ သူက “ဘယ့်နယ်လဲ ကိုကြီးမျိုး“ လို့ ပြောင်စပ်စပ်လုပ်ပါတယ်။ ကျနော်က “အင်း..မဆိုးပါဘုး။ ကျနော်တော့ ကြိုက်ပါတယ်” လို့ ပြန်ဖြေလိုက်တယ်။ ဒီတော့ သူက ချက်ချင်းပဲ “အင်း..ဆိုးတာလေး မကြိုက်တာလေးများရှိလည်း ပြောပါဦး” ဆိုပြီး ရှုံ့ရှုံ့မဲ့မဲ့နဲ့ သူ့ခွက်ကိုမော့ချလိုက်တယ်။

ကြားဖြတ်ရွေးကောက်ပွဲမလုပ်ပေးတော့ဘူးလို့ တင်အေးကော်မရှင်ကပြောတဲ့အခါ၊ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ထဲမှာထောက်ခံကြတဲ့အခါ၊
၂ဝဝ၈ ဖွဲ့စည်းပုံကို ၂ဝ၁၅ ပြီးမှပြင်မယ်လို့ ရွှေမန်းကပြောတဲ့အခါမျိုးတွေမှာ အင်န်အလ်ယ်ဒီခေါင်းဆောင်ရဲ့ တုန့်ပြန်ချက်တွေကြားတိုင်း ဂုရုကိုပဲသတိရတယ်။

(ဘယ်သူ့လူ ဘယ်သူ့ဘက်သား)
ဗကသနဲ့တကသကျောင်းသားတွေဦးဆောင်ပြီး
အမျိုးသားပညာရေးဥပဒေဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲနဲ့
အဲ့ဒီပွဲကို သဏ္ဍန်ပေါင်းစုံနဲ့ ကူညီဖေးမအားပေးထောက်ခံပါဝင်ခဲ့ကြသူတွေကို
သရော်မော်ကားပြက်ရယ်ပြုတဲ့အထဲ ၈၈ လူထုတိုက်ပွဲကြီးရဲ့ အောင်သီးအောင်ပွင့်အဖွဲ့အစည်းတခုက
ခေါင်းဆောင်လို့ဆိုရမယ်ထင်တဲ့လူတယောက်လည်း
ပါနေတာမြင်တော့ “သြော်..တို့ထဲမလည်း ဘူးလက်လှဆွေရှိပါရောလား“လို့ထင်ပြီး စစခြင်းတော့ စက်ဆုပ်မိလိုက်သေးတယ်။ နောက် စေ့စေ့ပြန်တွေးမှ “ဘူးလက်လှဆွေက သူ့လူသူ့ဘက်သားကိုး“လို့ ဘွင်းဘွင်းပေါ်ပြီး ရှင်းရှင်းမြင်တော့မှ စိတ်သက်သာရာရတော့တာ။

(စာနာ နားလည်းလေးစားတာ)
(ဒီမိုကရေစီပညာရေးဦးဆောင်လှုပ်ရှားမှုကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့)
ဗကသ/တကသကျောင်းသားများ ခုလို ညီညီညွတ်ညွတ်စုစုစည်းဖြစ်တာ အားတက်ဝမ်းမြောက်မိပါတယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီဖွဲ့ပြီး စနစ်တကျလုပ်သွားတာကို ချီးကျူးဂုဏ်ယူမိပါတယ်။ ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို စာနာထောက်ခံအားပေးပါတယ်။ ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှုကော်မတီရဲ့ လက်တလောဆုံးဖြတ်ချက်ကို စာနာစိတ်နဲ့ထောက်ခံအားပေးနေပါတယ်။ တတ်နိုင်သမျှလည်း ဝန်းရံကူပံ့မယ်လို့ ဆုံးဖြတ်ထားပါတယ်။
ခုကိစ္စကို စစ်ပမ်းလို့နားတယ်လို့ မမြင်မိပါ။ အစပျိုးလှုပ်ရှားမှုတခုလုပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်အောင် အင်အားစုတဲ့သဘော ပြန်တည်ယူတဲ့သဘောလို့မြင်ပါတယ်။

အားစုဆောင်းရာမှာ နည်းနာပေါင်းများစွာရှိမှာပါ။ ကျနော့်အမြင်မှာ
ဆက်သွယ်ရေးနည်းပညာလည်း အားစုဆောင်းဖို့ အခရာကျတဲ့နည်းနာထဲပါတယ်လို့ တွေးပါတယ်။ လှုပ်ရှားမှုလေးတွေ အဆက်မပြတ်ဖြစ်နေမှလည်း ရမယ်ထင်ပါတယ်။ တစ်ဦးချင်းလုပ်တာနဲ့ အစုအသေးလေးတွေနဲ့လုပ်နိုင်တာမျိုးလည်း ထည့်သွင်းတွေးပေးစေချင်ပါတယ်။
တစ်ယောက်ချင်းတွေ အစုသေးလေးတွေနဲ့ အထက်တန်းကျောင်းတွေအထိဆင်းပြီး ပြောတာဟောတာ စာဝေစာဖြန့်တာတွေလည်း အားစုရာမှာ တွင်တွင်ကျယ်ကျယ်သုံးလို့ရမယ် ထင်ပါတယ်။ တစ်ယောက်ချင်းမို့ အစုသေးလေးတွေမို့ သူတို့ဘက်က ကိုင်ရတွယ်ရပိုလွယ်ကူပြီး ကောက်သင်းကောက်ချေမှုန်းခံရမယ့်အရေးလည်း တွေးပါတယ်။အဲ့ဒီ တစ်ယောက်ချင်းလေးတွေ အစုသေးလေးတွေက အပြန့်ပြန့်အကျဲကျဲ ဖြစ်နေပေမယ့် အစိတ်စိတ်အမွှာမွှာဖြစ်မနေဖို့ အချိတ်အဆက်မိမိရှိနေတယ်ဆို ကောက်ဆွဲသွားတောင် လက်လွန်ခြေလွန်လုပ်မရပါ။ တိုက်ပွဲအဆုံးအဖြတ်က နည်းပညာမဟုတ်ပေမယ့် လက်ငင်းရည်မှန်းချက်ပေါက်ဖို့ ဆက်သွယ်ရေးနည်းပညာကို မိမိရရသုံးဖို့နဲ့ မိမိဘက်စာနာတဲ့မီဒီယာများနဲ့လည်း အချိတ်အဆက် မပြတ်ကြဖို့တိုက်တွန်းပါရစေ။ အခြေခံကတော့ လူထုပါ။ လူထုထဲရှိသရွေ့ လူထုဘက်ရှိသရွေ့ လုံခြုံပါတယ်။ လူထုက “ကာ“လည်းပေးသလို “ကွယ်“လည်းပေးပါတယ်။

တိုက်ပွဲရဲ့အန္တိမရည်မှန်းချက်က စစ်အာဏာရှင်စနစ်အကုန်အစင်ဖျက်သိမ်းရေးပေမယ့်
လက်ရှိလှုပ်ရှားမှုက စစ်လွှတ်တော်ပူးပေါင်းလုပ်ကြံပြဌာန်းပေးတဲ့ “အမျိုးသားပညာရေးဥပဒေ“ကို ဖြစ်နိုင်ရင်တစုံလုံးဖျက်သိမ်းပြီး အသစ်ပြန်ဆွဲဖို့မဟုတ်ပါလား။ အဲ့ဒီအထိမဖြစ်နိုင်သေးခင်မှာ ကျောင်းသားထု၊ ပညာရှင်၊ ဆရာ/ဆရာမ စတဲ့အဖွဲ့အစည်းတွေ/သမဂ္ဂတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်နဲ့ ကိုယ်စားပြုမှုပါတဲ့ ဒီမိုကရေစီပညာရေးလက္ခဏာဆောင် ပညာရေးဥပဒေတရပ်ကို လွှတ်တော်မှာရေးဆွဲအတည်ပြုပြဌာန်းလာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။ အကန့်အသတ်ရှိပါတယ်။
ခု လှုပ်ရှားမှုဦးဆောင်ကော်မတီရဲ့ ခု လက်ငင်းဆုံးဖြတ်ချက်ဟာ အန္တိမရည်မှန်းချက်ဆီသွားရင်း တထောက်နား အားဖြည့်စုဆောင်းတာမို့ အဆုံးစွန် စွန့်လွှတ်ဖို့ထိ ပိုင်းဖြတ်ချက်ရှိတောင် ချိန်ချိန်ဆဆရှိရှိတဲ့ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။

ဒါ ကျနော့်တစ်ဦးချင်းအမြင်ကိုတင်ပြပြီး ကျနော့်သဘောထားကို ဝိုင်းထဲဆွဲသွင်းပြီး ဆွေးနွေးကြည့်တာဖြစ်ပါတယ်။ စကားလုံးတွေ အသုံးအနှုန်းတွေမပြေပြစ်ရင် တင်ပြပုံမချောမွေ့ရင် သည်းခံစိတ်ရှည်မှုနဲ့ ပြုပြင်ပေးကြစေလိုပါတယ်။ မတူကွဲပြားတဲ့အမြင်တွေတွေလည်း သိပါရစေချင်ဗျား
ခင်မင်လေးစားစွာ
မျိုးမြင့်ချို

ရှင်ကြီးဆိုးနဲ့ ကျားငစဉ်းလဲအကြားတွင် ခယဝပ်တွား၊ ဗျာများနေသောသူများလွတ်မြောက်ရေး (တူမောင်ညို )

0 comments
ရှင်ကြီးဆိုးနဲ့ ကျားငစဉ်းလဲအကြားတွင် ခယဝပ်တွား၊ ဗျာများနေသောသူများလွတ်မြောက်ရေး (တူမောင်ညို )
(၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်)
ဗိုလ်ရွှေမန်းနှင့်ဗိုလ်သိန်းစိန်အင်တာဗျူး ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်လာသည်။ ပြောစကားတွေနဲ့လေသံကိုယှဉ်ကြည့်လိုက်လျှင် ဗိုလ်သိန်းစိန် နားတော့မည်ဆိုတဲ့အချက်ကို လူတိုင်းလွယ်လွယ် ကောက်ချက်ချနိုင်ပါလိမ့်မည်။

ကြံ့ဖွံ့ပါတီထဲ၌ ဗိုလ်ရွှေမန်းကိုယှဉ်ပြီး ၂ဝ၁၅ တွင် သမ္မတအဖြစ်အရွေးခံမည့်သူမရှိသည်မှာ ထင်ရှားသည်။ ဗိုလ်သိန်းစိန်ကား သူ၏ နောက်ဆုံးနေ့များတွင် ဗိုလ်ရွှေမန်းပီပီပြင်ပြင်ကနိုင်ဖို့ ဇာတ်ပို့နိုင်မည့်အကွက်များကိုသာ အပြန်အလှန်အတိုင်အဖောက်ညီညီ သရုပ်ဆောင်ပေးသွားတော့မည်မှာ ထင်ရှားနေသည်။

ဗိုလ်ရွှေမန်းပြောစကားတွေထဲတွင် ရှင်းရှင်းလင်းလင်းပြောသည့်အချက် ၂ ခုသာတွေ့ရသည်။

-၂ဝ၁၅ ရွေးကောက်ပွဲကို တည်ဆဲ “၂ဝဝ၈ အခြေခံဥပဒေ” အတိုင်းသာ ကျင်းပသွားမည်။
- သူ “သမ္မတ” လုပ်မည်။

ကျန်တာတွေက ဟိုလိုလို၊ သည်လိုလို၊  “ပုဒ်မ ၄၃၆” ပြင်ဆင်ရေးကိစ္စများနှင့်ပတ်သက်၍ ရေရာတိကျသည့်စကားမပြော၊ တစ်ဖက်ကို တွန်းပို့ထိုးချပြီး မဲဆွယ်သကဲ့သို့အပြောကလေးဖြင့် သူဘက်သူဗြောင်ယက်၍ ဤသို့ပြောသည်။

“၄၃၆ကိစ္စ အဓိကပြင်ဆင်ဖို့မှတ်ယူကြိုးစားနေကြောင်း”၊“အောင်မြင်ခြင်း/မအောင်မြင်ခြင်းကတော့ကဏ္ဍတစ်ခုဖြစ်ကြောင်း” ဆုတ်သာ တက်သာခပ်ဆွဆွလေးပြောပြီး၊ “အောင်မြင်ခြင်း/မအောင်မြင်ခြင်းကတော့ သမ္မတနှင့်ကာချုပ်တို့အပေါ်မှာမူတည်တယ်လို့ သုံးသပ်ကြောင်း” ပြောသည်။ ဤအပြောက အတိုက်အခံများသည် (ဒီချုပ်ကိုရည်ရွယ်ပုံပေါ်သည်) သူ့အပေါ် အဓိကယုံကြည်ကိုးကွယ်နေရုံမျှမက သမ္မတ ဗိုလ်သိန်းစိန်နှင့် ကာချုပ်ဗိုလ်မင်းအောင်လှိုင်တို့ကိုလည်း မျက်ကွယ်မပြုကြနှင့် သူတို့ထံလည်းအသနားခံကြလို့ ပြောနေခြင်းဖြစ်သည်။

ဗိုလ်ရွှေမန်းက “ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”သည် သမ္မတနှင့်ကာချုပ်တို့အပေါ်မူတည်ကြောင်းပြောပြီး၊ သမ္မတနှင့်ကာချုပ်တို့ ဘက်သို့ ပြင်ဆင်ရေးဘောလုံးကို ပုတ်ထုတ်လိုက်သည်ကို ဗိုလ်သိန်းစိန်က (VOA)နှင့်အင်တာဗျူးတွင် “၄၃၆ပြင်ဆင်ရေး”သည်  လွှတ်တော်မှာသာ အဓိကတာဝန်အရှိဆုံးဖြစ်တယ်လို့ ပြန်လည်တွန်းပို့သွားပြန်သည်။
           
ကာချုပ် ဗိုလ်မင်းအောင်လှိုင်စေလွှတ်ထားတဲ့ စစ်သားအမတ်တွေကလည်း “ပုဒ်မ ၄၃၆ မပြင်ဆင်ရေး”ကို လွှတ်တော်သို့ တစ်ဖက်က တင်သွင်းနေပြီး၊ ကာလုံ၏လုပ်ပိုင်ခွင့်ထဲတွင် လွှတ်တော်ဖျက်သိမ်းပစ်နိုင်ရေး ပြဋ္ဌာန်းချက်အသစ်တစ်ရပ်ထည့်သွင်းပေးရန် တင်ပြ နေကြသည်။

သို့ဖြင့် ၂ဝဝ၈ အခြေခံဥပဒေပြင်မည်ဆိုသည့် ဒီချုပ်ပါတီအနေဖြင့် ဗိုလ်ရွှေမန်းနှင့်ဗိုလ်သိန်းစိန်တို့ (ရှင်ကြီးနဲ့ကျား)၏ အကြားတွင် ဗျာများနေရပြီ။ ရှင်ကြီးကလည်း ရှင်ကြီးကောင်းမဟုတ်၊ အော့ကျောလန်“ရှင်ကြီးဆိုး”၊ ကျားကလည်း “ငစဉ်းလဲ”။ ရှင်ကြီးကလည်း ကျားတာဝန်၊ ကျားကလည်းရှင်ကြီးဘက်က အဓိကဟုဆိုနေကြသဖြင့် ကျနော်တို့၏ဇာတ်လိုက်  မဗေဒါ ပါဝင်ကပြနေသော လွှတ်တော်အလွမ်းဇာတ်သည် မျက်ရည်မဆည်နိုင်အောင် ဖြစ်ရပေတော့မည်။

ဒီချုပ်ပါတီ အတွင်းရေးမှူးဦးဉာဏ်ဝင်းကတော့ ဤသို့ပြောရှာပါသည်။
“အစကတည်းကလည်း အန်ကယ်လ်တို့ အမြဲတမ်းပြောတယ်။ သင်္ချာနည်းနဲ့တွက်ကြည့်ပါ ၄၃၆ လည်း ကျနော်တို့ မနိုင်ပါဘူး။ ၅၉(စ) လည်း မနိုင်ပါဘူး။ ဒီလိုဆိုရင် ဘာဖြစ်လို့လုပ်နေလဲ။ ကျနော်တို့က ဒီမိုကရေစီကိုယုံကြည်လို့လုပ်တာ။ ဒီမိုကရေစီဆိုတာ ပြည်သူ့ဆန္ဒအဓိကပဲ။ အဲတော့ ပြည်သူ့ဆန္ဒတွေဒီလိုရှိတယ်ဆိုပြီး ကျနော်တို့ လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်မှာ ကျနော်တို့ ဒါတွေကိုနှိုးဆော်တယ်။ ဒီဥစ္စာဟာ ကျနော်တို့ရဲ့ကြိုးစားချက်” တဲ့။

ဒီချုပ်ပါတီသည် လူထုအင်အားကို မစို့မပို့သုံးပြီး စစ်တပိုင်းအုပ်စိုးသူများကို “အားပြသလိုလို”နှင့်“တရားချ”နေသည်၊ “စိန်ခေါ်သံ ပေးသလိုလို” နှင့် “တောင်းပန်တိုးရှိုး” နေသည်။ မည်သို့ပင်ပြောနေစေကာမူ “ပြင်ပြင်/မပြင်ပြင် ဝင်ကိုဝင်မယ်”လို့ ပြောကတည်းက ဂိတ်ဆုံးသွားပြီဆိုသည်ကို အားလုံးက ရင်နာနာနှင့်သိထားပြီးဖြစ်ပါသည်။

ယခုတော့ ပြင်ဆင်ရေးတပ်ဦးခေါင်းဆောင်ကိုယ်တိုင်က “ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့အတွက်လည်း သူ့ (Process) အရ သူ သွားရမှာဖြစ်သလို ၅၉(စ)ကို မပြင်ခင် ၄၃၆ ကိုပြင်ရမှာဖြစ်တဲ့အတွက် သူ့အဆင့်နဲ့သူရှိသလို၊ လုပ်ငန်းစဉ်အရ ဒီလိုဖြစ်ဖို့သဘာဝကျတယ်”လို့ ပြောနေသည်။ ဖြောင့်မတ်သောဥက္ကဋ္ဌကြီး၏အစီအစဉ်အတိုင်းမသွားလျှင်ပင် “သဘာဝမကျ”ဟု ဆိုလိုချင်သလော။

အုပ်စိုးသူများကိုဖိအားပေးရာတွင် လူထုအင်အား/ လူထုဆန္ဒကို မစို့မပို့သုံး၍မဖြစ်/ပြ၍မဖြစ်၊ အုပ်စိုးသူများနာခံကျိုးနွံသွားသည်အထိ ပီပီပြင်ပြင်ပြတ်ပြတ်သားသားပေးဖို့ လိုအပ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်ပေးခဲ့သော လူထုဆန္ဒ ၅ သန်းနီးပါးကို အုပ်စိုးသူများက ပမာမထား၊ လျစ်လျူရှုခဲ့သည်မဟုတ်ပါလား။

ကျနော်တို့ပြည်သူများသည် အတိုက်အခံပါတီအပေါ် မျှော်လင့်အားကိုးနေလျှင် အရာရာကို သည်းခံခြင်းဖြင့်သာ ကျော်ဖြတ်ရပေတော့မည်။ အုပ်စိုးသူများ၏သဒ္ဒါသရွေ့နှင့်သာ တင်းတိမ်ရောင့်ရဲနေကြရပေတော့မည်။


တောင်ပေါ်မြေပြန့် တပြည်လုံးအနှံ့ပေါ် ပေါက်ဖြစ်ပွားနေသော လှုပ်ရှားမှုမီးပွားကလေးများကို လူထုအရေးတော်ပုံမီးတောက်ကြီးအဖြစ် ပေါ်ပေါက်ကူးစက်လောင်မြိုက်စေပြီး မိမိတို့၏လိုလားချက်များကို တောင်းဆိုတိုက်ပွဲဝင်မှ ဖြစ်လိမ့်မည်။ စစ်တပိုင်းအုပ်စိုးသူ ရှင်ကြီးဆိုးနဲ့ ကျားငစဉ်းလဲများအကြားတွင် ခယဝပ်တွား၊ ဗျာများနေသောအတိုက်အခံများကိုပါ လွတ်မြောက်အောင်ကယ်တင်ပေးကြရလိမ့်မည်။

Thursday, November 20, 2014

“၂ဝဝ၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်“

0 comments
(တင်ပြီးသားပြန်တင်တာက ပြန်ဖတ်ချင်သူတွေရော မဖတ်ရသေးသူတွေရော ဖတ်ဖို့ပါ။ ဟိုနေ့က ကျောင်းသားတွေ သပိတ်နားအားစုသဘောလေးရေးမိတော့မှ ဒါတင်ဖူးပါတယ်ပြန်အမှတ်ရပြန်ရှာပြီး ပြန်တွေ့တာနဲ့ပြန်တင်တာပါ။ သတိပြုစေချင်တာက ဒါထွက်တဲ့အချိန်က ကြံ့ဖွံ့တောင်ပါတီအဖြစ်မပြောင်းရသေးတဲ့ကာလဖြစ်တယ်ဆိုတာကိုပါ)
“၂ဝဝ၈ အခြေခံဥပဒေတိုက်ဖျက်ရေးနည်းပရိယာယ်လမ်းစဉ်“
ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏အစီရင်ခံစာ
၂ဝ၁၀ ဧပြီလ
ရဲဘော်တို့ ၂၀၀၈ အခြေခံဥပဒေက တပြည်လုံးမှာ အာဏာတည်တော့မှာပါ။ ရွေးကောက်ပွဲပြီးလို့ ပထမဆုံးလွှတ်တော်အစည်းအဝေးကျင်းပတဲ့ရက်မှာ အာဏာတည်တော့မှာပါ။ ဒါ့ကြောင့် “၂ဝဝ၈ အခြေခံဥပဒေ“ တိုက်ဖျက်ရေး “နည်းပရိယာယ်လမ်းစဉ်“ကို တင်ပြလိုက်ပါတယ်။ လမ်းစဉ်က အကြမ်းထည်ကျပါလိမ့်မယ်။ နောက်တော့ အခြေအနေနဲ့တပြေးညီ တိုးချဲ့သွားမှာပါ။
အတွေ့အကြံ ၂ခု
ကျနော်တို့မှာ အုပ်စိုးသူကချမှတ်ပေးတဲ့ “အခြေခံဥပဒ“တိုက်ဖျက်ရေးအတွေ့အကြုံ(၂)ခုရှိခဲ့ပါတယ်။
ပထမအတွေ့အကြုံက “၁၉၃၅ ဥပဒေ“ကို တိုက်ဖျက်တဲ့အတွေ့အကြုံပါ။ ဒုတိယအတွေ့အကြုံက “၁၉၇၄ အခြေခံဥပဒေ“ကို တိုက်ဖျက်တဲ့အတွေ့အကြုံဖြစ်တယ်။
ပထမအတွေ့အကြုံ
“၁၉၃၅ အက်ဥပဒေ“ဆိုတာကို အင်္ဂလိပ်အုပ်စိုးသူက ရေးဆွဲချမှတ်ပေးတယ်။ ၁၉၃၇ မှာ အဲ့ဒီဥပဒေ အာဏာတည် ခဲ့တယ်။ အင်္ဂလိပ်က ဘိလပ်စားပွဲဝိုင်း ဆွေးနွေးပွဲဆိုတာကို ခတ်စောစောကတည်းက သူဖိတ်ချင်တဲ့သူဖိတ်ပြီး လုပ်ခဲ့ရာက စတာပဲ။ သူဖိတ်ချင်တဲ့လူဆိုတာ လက်ညှိုးထောင်ခေါင်းညိတ်မယ့်သူကို ရွေးပြီးဖိတ်တာကိုပြောတာပါ။ ကိုလိုနီဘဝဆိုတော့ ဘိလပ်ခေါ်ပြီး သူဖြစ်ချင်တာကို ချပြတာပါပဲ။ ၁၉၃၇ ကျမှ အာဏာတည်တာက ရွေးကောက်ပွဲ လုပ်ပြီး အသက်သွင်းနေရလို့ပါ။
“၁၉၃၅ ဥပဒေ”ကို ကျနော်တို့တိုက်ဖျက်ရတာ (၁ဝ)နှစ်ပဲကြာတယ်။ ၁၉၄၇ မှာ အဲ့ဒီဥပဒေ “စက္ကူစုတ်” ဖြစ်သွားတယ်။ ၁ဝ နှစ်အတွင်းမှာ ကျနော်တို့က “၁၃ဝဝ ပြည့်အရေးတော်ပုံ“နဲ့ “၁၉၄၆ စက်တင်ဘာအုံကြွမှုကြီး“ ၂ ကြိမ် လုပ်ခဲ့ရတယ်။ အကြမ်းမဖက်တဲ့အနုနည်း လူထုနည်းနဲ့ဆန့်ကျင်တာပဲ။ လှုပ်ရှားမှုကလေးတွေတော့ အကြိမ်ကြိမ်ပါ။ မရေတွက်နိုင်ပါဘူး။
အကြမ်းဖက်တော်လှန်တဲ့နည်းကလည်း (၂)ကြိမ်လုပ်ရတယ်။ BIA တော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးဖြစ်တယ်။ အဲဒီလိုတော်လှန်ရေး ၂ ကြိမ်လုပ်ခဲ့လို့ပဲ ကျနော်တို့မှာ လက်ဝဲညီညွတ်ရေးတပ်ဦးဆိုတဲ့အမြုတေနဲ့ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကြီး ထူထောင်နိုင်ခဲ့တာဖြစ်တယ်။
အဲ့ဒီလို လက်ဝဲတပ်ဦးနဲ့ အမျိုးသားညီညွတ်ရေးရှိလို့ပဲ “၁၉၄၆ စက်တင်ဘာအုံကြွမှု“ကို စည်းရုံးရှေ့ဆောင် နိုင်ခဲ့တာဖြစ်တယ်။ အဲ့ဒီ(၂)ခုရှိလို့ပဲ “၁၉၃၅ ဥပဒေ“ ကို တိုက်ဖျက်နိုင်ခဲ့တာဖြစ်တယ်။ လွတ်လပ်ရေးအရေးတော်ပုံ အောင်ပွဲရခဲ့တာဖြစ်တယ်။
ဒုတိယအတွေ့အကြုံ
“၁၉၇၄ အခြေခံဥပဒေ“ကတော့ အာဏာသိမ်းစစ်ကောင်စီ(တော်လှန်ရေးကောင်စီ)ရေးဆွဲချမှတ်ပေးတဲ့ “အခြေခံဥပဒေ“ဖြစ်တယ်။ ၁၉၆၂ နေဝင်းစစ်အုပ်စု အာဏာသိမ်းပြီးကတည်းက လူထုတိုက်ပွဲအကြိမ်ကြိမ် တိုက်ခဲ့တယ်။ အကြမ်းဖက်ဖိနှိပ်ပစ်တာ ခံရတာချည်းပဲ။ လူထုတိုက်ပွဲဆိုတာ နိုင်ငံရေးကိုအခြေခံတဲ့တိုက်ပွဲရော။ စီးပွားရေးကိုအခြေခံတဲ့တိုက်ပွဲရောပါဝင်တယ်။
အမျိုးသားညီညွတ်ရေးပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလကြီးလည်း ဖြစ်တယ်။ ဒါ့ကြောင့် ကြာတယ်။၁၉၆၂ က ၁၉၇၄ အထိ(၁၂)နှစ်၊ ၁၉၇၄ ကနေ ၁၉၈၈ အထိ (၁၄)နှစ်၊ စုစုပေါင်း(၂၆)နှစ်ရှိခဲ့တယ်။ ၁၉၈၈ သြဂုတ်လမှာ လူထု အုံကြွမှုကြီးဖြစ်ခဲ့တယ်။ “၁၉၇၄ အခြေခံဥပဒေကတော့” ပျက်ပါရဲ့။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကို ပုံစံတမျိုးနဲ့ အစားထိုးသွားတာ ခံလိုက်ရတယ်။ စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်ခဲ့ဘူး။ ၁၉၈၈ ကျနေ ၂ဝ၁ဝ အထိ(၂၂)နှစ် ထပ်ပေါင်းထည့်တော့ စစ်အာဏာရှင်စနစ်က ရာစုနှစ်တဝက်နီးနီးရှိပြီ။ ဒီမိုကရေစီတော်လှန်ရေးအဆင့်ကြမှ
ဘာ့ကြောင့် ဒီလောက်တောင်ထစ်နေရသလဲ။
၂ဝ၁၀ လွန်ရင်လည်း “၂ဝဝ၈ အခြေခံဥဒေ“ တိုက်ဖျက်ရေး စရပြန်ဦးတော့မယ်။ ဘယ်လောက်အချိန်ယူရမလဲ မပြောတတ်ဘူး။ 
၁၉၈၈ ခု လူထုအုံကြွမှုမှာ ဘာလိုခဲ့သလဲ။ ကျနော်တို့အမြင်ကတော့ လက်ဝဲညီညွတ်ရေးတပ်ဦး(အမြုတေ)မရှိတာနဲ့ “အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု” ရဲ့ ခေါင်းဆောင်မှု မရှိတာဟာ အဓိကပဲလို့ယူဆတယ်။
“၁၉၈၈ လူထုအုံကြွမှု” ကာလတုန်းက အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်ခဲ့လို့ပဲ အောင်ပွဲနဲ့လွဲခဲ့တာပါ။ အမျိုးသားညီညွတ်ရေးဆိုတာကလည်း ဆွေးနွေးပွဲတစ်ခါနှစ်ခါလုပ်ရုံနဲ့ တည်ဆောက်နိုင်တာ မဟုတ်ပါဘူး။
ဒါ့ကြောင့် အဲ့ဒီသင်လန်းစာယူပြီး ဗကပ က ကြံဆချက်တချို့ တင်ပြခဲ့ဖူးတယ်။ ဟိုတုန်းကတော့ ၁၉၃ဝ ကျော်ကတည်းက အတူတွဲပြီးလုပ်ခဲ့ကြသူခြင်းဖြစ်လို့ အတွေးတူကြတယ်။ အလုပ်တူကြတယ်။ အတူတွဲပြီး စွန့်လွှတ်စွန့်စားလုပ်ခဲ့ကြတယ်။ ဒါ့ကြောင့် တစုံတရာ ချောမောပြေပြစ်ခဲ့ပါတယ်။ 
ဒီမိုကရေစီတော်လှန်ရေးကာလာမှာတော့ ပြည်တွင်းအခြေအနေတွေရော၊ နိုင်ငံတကာ့အခြေအနေကပါ မိမိတို့အတွက် အခွင့်မသာစေပဲ စစ်အာဏာရှင်စနစ်ကိုပဲ အခွင့်သာစေသလိုဖြစ်ခဲ့တယ်။ အခုလည်း ဒီအတိုင်း ဖြစ်နေတယ်။
“လှုပ်ရှားတက်ကြွသူများရဲ့တပ်ဦး“ အမြုတေနဲ့ “အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု” ရှိဖို့ ကျနော်တို့ နည်းနာရှာရ ပါဦးမယ်။ ထိုးထွင်းကြံဆရပါဦးမယ်။ ဒီ(၂)ခုမရှိရင် “၂ဝဝ၈ အခြေခံဥပဒေ“ကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲခံနိုင်မှာမဟုတ်ပါဘူး။ ဒီ(၂)ခုရှိဖို့ဟာ အခရာအကျဆုံးဖြစ်ပါတယ်။ ဒီ(၂)ခုမရှိပဲ အခုအတိုင်း သူတမျိုးကိုယ်တဖုံလုပ်နေကြရင် “၂ဝဝ၈ အခြေခံဥပဒေ“ကို အောင်အောင်မြင်မြင် တိုက်ဖျက်ပစ်ဖို့နေနေသာသာ စစ်အုပ်စုမျိုးဆက်တွေပဲ တဆက်ပြီးတဆက် အာဏာလက်လွှဲလက်ပြောင်းလုပ်တာကို တွေ့နေကြရမှာဖြစ်ပါတယ်။ ဗကပ က ဒီ(၂)ခုရှိဖို့ လိုက်လိုက်လျောလျော ညှိုနှိုင်းလုပ်လိုတဲ့ဆန္ဒရှိပါတယ်။ သူများရဲ့ကြံဆချက်တင်လာရင် လေးလေးစားစားစဉ်းစားပါ့မယ်။
စစ်အာဏာရှင်စနစ်ရဲ့လူတန်းစားလက္ခဏာ
စစ်အာဏာရှင်စနစ် ဗမာပြည်မှာပေါ်လာတာနဲ့ သက်ဆိုးရှည်နေတာနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောကြတာတွေ ရှိပါတယ်။ နိုင်ငံရေးပါတီတွေ ကွဲကြလို့။ တစ်ဦးနဲ့တစ်ဦး ယုံကြည်ချက်ပျက်ကြလို့၊ ရန်/ငါ စည်း ခွဲကြလွန်းလို့ သစည်ဖြင့်ပြောကြပါတယ်။ စစ်အုပ်စုကလည်း “တို့တာဝန်အရေး ၃ ပါး“ ကို စောင့်ရှောက်ထိန်းသိမ်းရတာပါလို့ ပြောတယ်။
အခုတလောမှာဆိုရင် အဲ့သလိုအပြောအဆိုတွေ သိတ်များလာပါတယ်။ IT ခတ်ဖြစ်လို့ ပိုပြီးများလာတာလို့ ယူဆပါတယ်။ အဲ့ဒီအပြောအဆိုတွေကို ဗကပ က သဘောမတူပါဘူး။ အပေါ်ယံရှပ်ပြီးသုံးသပ်ကြတာလို့ပဲ မြင်ပါတယ်။ သမိုင်းဖြစ်စဉ်ကို ကိုယ်လိုရာဆွဲပြီးပြောနေကြတာလို့ပဲ သတ်မှတ်ပါတယ်။
ဗကပ က “စစ်အာဏာရှင်စနစ်“ကို “စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ်ဓနရှင်ကြီးတွေရဲ့အာဏာရှင်စနစ်“လို့ပဲ သတ်မှတ်ပါတယ်။ DSI တို့ BEDC တို့ကနေ တစတစ လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းလာတာလို့ပဲ သတ်မှတ်ပါတယ်။ ဖဆပလအကွဲမှာ ချက်ကောင်းယူပြီး စစ်ဗျူရိုကရက်ဓနရှင်တစုက အာဏာသိမ်းလိုက်တာပါ။ အိမ်စောင့်တယ်ပြောပြော၊ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးလုပါတာဆိုဆို၊ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီလို့ရေးရေး အားလုံးက အာဏာကိုတဦးတည်းပိုင်သိမ်းပိုက်ပြီး စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားက လက်ဝါးကြီးအုပ်အဆင့်ကို တက်လှမ်းတာချည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ဓနဥစ္စာတွေကို သိမ်းယူတာဖြစ်ပါတယ်။ အခုဆိုရင် ဗမာပြည်ရဲ့ စီးပွားရေးအသက်သွေးကြောလုပ်ငန်းမှန်သမျှဟာ စစ်ဗျူရိုကရက်တွေလက်ထဲ စုပြုံ ရောက်ရှိနေပါပြီ။ စစ်ဗျူရိုကရက်ဓနရှင်ကြီးတွေနဲ့ သူတို့ရဲ့လက်ဝေခံတွေပဲ ပုဂ္ဂလိကပိုင်လုပ်နေကြပါတယ်။ ဟိုတုန်းက ဆိုရှယ်လစ်တော်လှန်ရေးဆိုပြီး “ပြည်သူပိုင်” လုပ်လိုက်တာ တိုင်းပြည်က LDC အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ ခေတ်ပြောင်းတော်လှန်ရေးခေါင်းဆောင်ကြီးတွေက စည်းစိမ်ဥစ္စာတိုးပွားခဲ့ကြတယ်။ အခုလည်း စီးပွားရေးဦးတည်ချက်(၄)ရပ်လုပ်လိုက်တာ သူတို့ပဲ အကြီးဆုံးဓနရှင်၊ အကြီးဆုံးမြေရှင်ကြီးတွေ ဖြစ်ကုန်ကြပါပြီ။
ချုပ်ပြီးပြောရရင် စစ်ဗျူရိုကရက်ဓနရှင်လူတန်းစားဟာ ဖွတ်ဘဝကနေ မိကျောင်းဖြစ်လာတာပဲ။ အာဏာကိုအမှီပြုပြီး ဖြစ်လာတာဖြစ်လို့ အာဏာကို ဘယ်တော့မှ စိတ်လိုလက်ရ လက်လွှတ်မှာမဟုတ်ဘူး။ တော်လှန်တဲ့နည်းနဲ့ လူထုအင်အားနဲ့ဖြုတ်ချမှပဲ စစ်အာဏာရှင်စနစ်က အမြစ်ပြတ်မှာပဲ။
“၂ဝဝ၈ အခြေခံဥပဒေ“ တိုက်ဖျက်ရေးဟာ စစ်အာဏာရှင်စနစ်(စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်ဓနရှင်စနစ်)ကို အကုန်အစင် အပြီးအပိုင်ဖျက်သိမ်းရေးအတွက် လတ်တလောလုပ်ငန်း ဖြစ်ရပါမယ်။ ပဏာမခြေလှမ်း ဖြစ်ရပါမယ်။
အခိုင်အမာတင်ပြချက်များ
အထက်မှာ ဗကပရဲ့ ယျေဘုယျကျကျ သဘောထားများနဲ့အမြင်များကို တင်ပြခဲ့ပါပြီ။ အခုတော့ အခိုင်အမာကျကျ ကိစ္စအချို့ကိုတင်ပြပါမယ်။
ဘီလူးစည်းလူ့စည်း ဘယ်လိုခွဲခြားကြမလဲဆိုတဲ့ကိစ္စ
ရွေးကောက်ပွဲဝင်မဝင်ကို “စည်း“ အဖြစ် မထားသင့်ပါဘူး။ “၂ဝဝ၈ အခြေခံဥပဒေ“အပေါ် ဘယ်လိုသဘောထားကြ သလဲဆိုတာကိုပဲ “စည်း” အဖြစ် ထားချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရွေးကောက်ပွဲဝင်မယ့်ပါတီ အင်အားစုတွေဟာ အကြောင်းအမျိုးမျိုး၊ စိတ်ကူးအမျိုးမျိုးနဲ့ ဝင်ကြမှာဖြစ်လို့ပါပဲ။ ရွေးကောက်ပွဲဝင်တဲ့ပါတီတိုင်းကို တစည ပါတီတို့၊ ကြံ့ဖွံ့ပါတီ(ဖွဲ့ခဲ့ရင်)တို့နဲ့ တတန်းတည်းထားလို့မဖြစ်လို့ပါ။ သူတို့ကို သူတို့စိတ်ကူးအကောင်အထည် ဖော်တဲ့လက်တွေ့လုပ်ခွင့်ပေးရပါမယ်။ စစ်အာဏာရှင်စနစ်အကြောင်းကို သူတို့ မကြာမတင်သိလာမှာပါ။ ဂျပန်ဖက်ဆစ်ဝါဒီတွေအကြောင်း ကြုံဖူးမှသိသလို သိလာကြမှာပါ။ ကိုယ်ပိုင်အတွေ့အကြုံ အမြင်မှန်ရစေပါလိမ့်မယ်။
“၂ဝဝ၈ အခြေခံဥပဒေ“ကို ခြွင်းချက်နဲ့လက်ခံသူတွေ အခုတွေ့နေရပါပြီ။ ကျနော်တို့ရဲ့ ရဲဘော်ဟောင်းမိတ်ဆွေတို့ ဆိုပါတော့။ သူတို့ကလည်း သူတို့ရဲ့ဒေသန္တရအကျိုးစီးပွားအတွက် “၂ဝဝ၈ အခြေခံဥပဒေ“ကို ခြွင်းချက်နဲ့ပဲ လက်ခံကြတာပါ။ သူတို့လူမျိုးစုရဲ့ တိုက်ရိုက်အကျိုးစီးပွားကို ထိပါးလာတာကို ခေါင်းငုံ့ပြီးလက်ခံနေကြတာ မဟုတ်ပါဘူး။ တပြည်လုံကို ကိုယ်စားပြုနေတဲ့ NLD မှာ ရွှေဂုံတိုင်ရပ်တည်ချက်ရှိသလို သူတို့မှာလည်း ကိုယ်စီရပ်တည်ချက်ရှိပါတယ်။ NLD ရာဇသံပေးခံရသလို သူတို့လည်း ရာဇသံပေးတာ ခံရပါတယ်။ သူတို့က လက်နက်ကိုင်ထားတဲ့ စစ်ရပ်စဲရေးအဖွဲ့တွေပါ။ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ မရပါဘူး။
ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပါတီအင်အားစုတချို့က လွှတ်တော်ထဲကနေ ၂ဝဝ၈ အခြေခံဥပဒေကို တစတစ ပြုပြင်ချင်တဲ့လေသံ ကြားရပါတယ်။ သူတို့ကို လုပ်ကြည့်ခွင့်ပေးရမှာပါ။ အမှန်တရားကို လက်တွေ့လုပ်ကြည့်ရင်း တွေ့လာမှာပါပဲ။ ဒါ့ကြောင့် ရွေးကောက်ပွဲဝင်တာ မဝင်တာကို စည်းအဖြစ်မထားသင့်ပါဘူး။ ထားမိရင် စည်းရုံးရမယ့်အင်အား ကိုယ့်အင်အားကို သူ့ဘက်ကိုတွန်းပို့သလို ဖြစ်သွားပါလိမ့်မယ်။
ရွေးကောက်ပွဲဝင်မဝင် ကိုယ့်အခြေအနေအရဆုံးဖြတ်ဖို့။
ဗကပ က မတရားသင်း “ဝါရင့်” ပါ။ တခြား မတရားသင်း ကြေညာခံထားရသူတွေလည်း မနည်းပါဘူး။ ကျနော်တို့ကို စစ်အုပ်စုကလည်း ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်နေတာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဥပဒေတွင်း (စစ်အုပ်စုရဲ့ အာဏာစက်အောက်က) ပါတီတွေကို ဘာလုပ်ပါညာလုပ်ပါ မပြောသင့်ပါဘုး။ သူတို့တွင်းအခြေအနေနဲ့ သူတို့ရဲ့ လုပ်စွမ်းကိုင်စွမ်းကို သူတို့ပဲအသိဆုံးပါ။ ရွေးကောက်ပွဲဝင်ရေးမဝင်ရေးကို ဆုံးဖြတ်တဲ့အခါမှာ အများဆုံးဖြတ်ချက်ကို အနည်းစုကနာခံပြီး အများစုကလည်း အနည်းစုကို အနိုင်မကျင့်တာ လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုရင် ကွဲတတ်လွန်းလို့ သတိပြုစေချင်တာပါ။
ပြည်သူ့အင်အားစုဆောင်းရေးကိစ္စ။
လှုပ်ရှားမှုလေးတွေနဲ့ပဲ စုဆောင်းရမှာပါ။ “၁၉၄၆ စက်တင်ဘာအုံကြွမှု” ရော၊ “၁၉၈၈ သြဂုတ်လအုံကြွမှု”ပါ လှုပ်ရှားမှုကြီးတွေ ဖြစ်ပါတယ်။ အဲ့ဒီလှုပ်ရှားမှုကြီးတွေဖြစ်ဖို့ လှုပ်ရှားမှုကလေးတွေ အကြိမ်ကြိမ်လုပ်ပြီး အင်အားစုဆောင်းခဲ့ရတာပါ။ အင်အားစုဆောင်းရတဲ့နည်းကတော့ မတူပါဘူး။ ၁၉၄၆ တုန်းကတော့ မြေပေါ်နည်းနဲ့ စုဆောင်းရတာပဲ။ ဖဆပလအလံအောက်မှာရှိတဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ရဲဘော်၊ လူငယ်အစည်းအရုံး၊ ဗကသများဟာ မြေပေါ်တရားဝင်အဖွဲ့အစည်းတွေချည်းပါပဲ။ ဗြောင်ပဲ လူထုကို အပြိုင်အဆိုင်စည်းရုံးကြတာပါ။ ဒါ့ကြောင့် ကွက်လပ်ကျန်နေတာမရှိပါဘူး။ ထောင့်စေ့ပါတယ်။
၁၉၈၈ အတွက်ကတော့ ဗြောင်စည်းရုံးရတာ မဟုတ်ပါ။ မြေအောက်လျှို့ဝှက်နည်းနဲ့ အင်အားစုဆောင်းရတာပါ။ ကေဒါတွေကို မြို့ပေါ်မှာ ရေရှည်မြှုပ်နှံတာ(သို့မဟုတ်) လက်နက်ကိုင်တိုက်ပွဲအခြေခံဒေသမျာစုစည်းထားတာ လုပ်ခဲ့ရပါတယ်။
အခုတော့ တမျိုးလုပ်ရမယ်လို့ထင်ပါတယ်။ လှုပ်ရှားတက်ကြွတဲ့ကေဒါတွေက ပြည်တွင်းပြည်ပမှာ ပြန့်ကျဲနေပါတယ်။ ဒီလိုပြန့်ကျဲနေတဲ့ကေဒါတွေကို ပြည်တွင်းလှုပ်ရှားမှုအတွက် ဘယ်လိုအသုံးပြုမလဲဆိုတာကို စဉ်းစားရမျာပါ။ လိုလျှင်ကြံဆ နည်းလမ်းရ ဖြစ်မှာပါ။
ရန်/ငါ အင်အားအချိုးအစားထည့်တွက်ရေးကိစ္စ။
နယ်းပရိယာယ်လမ်းစဉ်ချမှတ်ပြီဆိုရင် ရန်/ငါအင်အားအချိုးအစားကို အလေးထားတွက်ချက်ရပါမယ်။ သေနင်္ဂဗျူဟာ ချမှတ်တဲ့အခါမှာ ရန်/ငါအင်အားအချိုးအစားကို တွက်ချက်နေတာမဟုတ်ပါဘူး။ ထည့်တွက်နေရင် အင်အားချင်း မယှဉ်နိုင်ဘူးဆိုတဲ့အဖြေပဲ ထွက်လာမှာပါ။ ကိုယ့်မှာက ဘာမှမရှိဘူး။ သူတောင်းစားနဲ့သိကြားမင်း စစ်ခင်းသလိုပဲ ဖြစ်မှာ၊ အုတ်နံရံခေါင်းနဲ့ဆောင့်တာပဲဖြစ်မှာ ဆိုတဲ့အဖြေပဲရမှာဖြစ်ပါတယ်။ နည်းပရိယာယ်လမ်းစဉ် စဉ်စားချမှတ်တာ မှာတော့ ရန်/ငါ အင်အားအချိုးအစားကို အမြဲထည့်တွက်ရပါမယ်။ သေနင်္ဂဗျူဟာ စဉ်းစားချမှတ်သလို ရန်သူကို စက္ကူကျားလို့ သဘောထားမိရင် ကျားစာဖြစ်သွားမှာပါ။ ရန်/ငါအင်အားအချိုးအစားကိုထည့်တွက်တာဟာ ကြောက်ဖို့မဟုတ်ပါဘူး။ ကြေက်တတ်ဝန်ကင်းဖို့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ခြေလှမ်း လှမ်းနိုင်ဖို့ပါ။ မိမိက လှုပ်ရှားလေလေ အင်အားတိုးပွားလေလေဖြစ်အောင်လုပ်ဖို့ပါ။
ရန်သူကို ပိုလည်းမတွက်မိစေနဲ့
“၂ဝဝ၈ အခြေခံဥပဒေ” ကိုပဲကြည့်ကြည့် ရွေးကောက်ပွဲဆိုင်ရာ“ဥပဒေ” တွေကိုပဲကြည့်ကြည့် တွေ့ရမှာက နအဖ အကြောက်လွန်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ လှုပ်ရှားမှုကလေးတွေကနေ လှုပ်ရှားမှုကြီးတွေဖြစ်တတ်တယ်။ မီးပွားကလေးကနေ တောမီးကြီးဖြစ်တတ်တယ်ဆိုတာကို သူတို့ သင်ခန်းစာထုတ်ထားလို့ ယိုပေါက်ဟာပေါက် မရှိအောင် ပိတ်ဆို့ဆာတွေ၊ ကြောက်ရမ်းရမ်းတာတွေ လုပ်နေတာပဲ။ သံဃာတော်တွေရဲ့အရေးအခင်းလို ဖြစ်မှာကြောက်လို့ ထောင်နှစ်ရျည်ချတာ၊ အဝေးထောင်တွေကို ဖြန့်ခွဲပို့ပစ်တာ၊ နေရာတကာမျာ လုံခြုံရေးတွေ အထပ်ထပ်ချရတာကစပြီး နေပြည်တော်ပြောင်းပြေးတာအထိ လုပ်နေတာပါ။ အကြောက်လွန်နေတာပါ။
အကြောက်လွန်လေလေ ရန်သူများလေလေ ဖြစ်နေတာပဲ။ ၂ဝ၁ဝ လွန်ရင် “၂ဝဝ၈ အခြေခံဥပဒေ” အသက်ဝင် လာရင် ရန်သူတွေ တိုးပွားလာပါလိမ့်ဦးမယ်။ ကျနော်တို့တာဝန်က (လမ်းစဉ်ရဲ့တာဝန်က) မိတ်ဆွေတွေတိုးပွား လာဖို့ပဲ။ နအဖမှာ ရန်သူများလေ မိမိမှာမိတ်ဆွေတွေများလေ ဖြစ်ရပါမယ်။
၁၉၄၈ တုန်းက ဗကပ ဟာ တကိုယ်တော်ထီးတည်း တောခိုရတာပါ။ ဦးကျော်ငြိမ်းဆိုရှယ်လစ်တွေက လူတကာကို ရန်လုပ်တာကြောင့် တောပုန်းစံဖဲဘဝမျိုး မရောက်တာပဲ။ မိတ်ဆွေတွေများလာလို့ အဲ့ဒီဘဝမရောက်တာပါ။ ပြည်သူ့ရဲဘော်၊ တော်လှန်သောဗမာ့တပ်မတော် (RBA) စသည်ဖြင့်ပေါ်လာလို့ တောပုန်းဘဝမရောက်တာပဲ။ ကရင်တပ်တွေပုန်ကန်တော့ အခြေအနေ တဆစ်ချိုးပြောင်းတာပါ။ ဒါပေမယ့် တဖက်ကကြည့်တော့ ရန်သူကို အသက်ရှူပေါက် ချောင်သွားစေပြန်တယ်။ ထားပါတော့ အခုပြောချင်တာက သူ့မှာရန်သူများစေပြီး ကိုယ့်မှာ မိတ်ဆွေများလာအောင် လုပ်ကြရမှာပါ။ ပြည်တွင်းမှာသာမက ပြည်ပမှာပါ ငါတို့မိတ်ဆွေ ကမ္ဘာနဲ့ချီပြီးရှိအောင် လုပ်ကြရပါမယ်။
အခြေအနေကောင်းတယ်။
၁၉၆၂ တုန်းက “မြေပေါ်ကွန်မြူနစ်”လို့ ရန်သူကသမှတ်သူတွေဟာ မဆလခြံဝင်းထဲရောက်သူရောက်၊ ခွေးကတက် ရောက်သူရောက်၊ ခြံပြင်တံခါးဝမှာ ရောက်သူရောက် ဖြစ်ကုန်ပါတယ်။ ကျနော်တို့ရဲ့ တခါကခေါင်းဆောင်ကြီးများ ဖြစ်ခဲ့တဲ့သခင်စိုး၊ ကိုသိန်ေ(မြင့်)တို့လည်း မဆလခြံပြင်တံခါးဝမှာရောက်ပြီး ဇာတ်သိမ်းကုန်တယ်။ ဟိုတုန်းက အဲ့ဒီလို ဝရုန်းသုန်းကားဖြစ်နေတာကို ကျနော်တို့မသိပါဘူး။ သူတို့ ဘာတွေရေးပြီး ဘာတွေဖြစ်နေသလဲဆိုတာ မသိခဲ့ပါဘူး။ အခုတော့ ဘယ်သူတွေဘာဖြစ်နေပြီ၊ ဘာရေးနေပြီ၊ ဘယ်ခြေလှမ်း လှမ်းနေပြီဆိုတာကို IT တန်ခိုးနဲ့ ချက်ခြင်းသိနေ ရပါတယ်။ ဒါဟာ အလွန်ကောင်းတဲ့အခြေအနေပါ။ မိမိတို့က မှန်မှန်ကန်ကန်အကဲဖြတ်ပြီး မှန်မှန်ကန်ကန်ခြေလှမ်း လှမ်းနိုင်ဖို့ပဲလိုပါတယ်။
အမျိုးသားညီညွတ်ရေးဆီသို့ ဘယ်လိုသွားကြမလဲ။
မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ မလွယ်ပါဘူး။ တဖြည်းဖြည်းချင်းသွားရမှာပါ။ အရင်လိုရင် အနှေးတွေ့ပါလိမ့်မယ်။ အခုအခြေအနေက ပြည်တွင်းပြည်ပမှာ ပြန့်ကျဲနေတဲ့အခြေအနေပဲ။ ဗကပ ကလည်းယူဂျီပါတီဖြစ်နေပြီ။ လှုပ်ရှားတက်ကြွသူတွေကို တာဝန်ခံပြီးစုဆောင်းပေးဖို့မဖြစ်နိုင်တဲ့အခြေအနေပဲ။ အမျိုးသားညီညွတ်ရေး မရှိပဲနဲ့တော့ ဗမာပြည်ရဲ့ပြဿနာတွေ ဘာမှ ပြီးပြတ်မှာမဟုတ်ပါဘူး။ “ခေတ်မီပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ” ဘယ်တော့မှမဖြစ်ပါဘူး။ ဒီရည်မှန်းချက်(အမျိုးသားညီညွတ်ရေးရည်မှန်းချက်)ဆီသို့ တစ်လှမ်းချင်းပဲ ချီတက်နိုင်မှာပါ။
ကျနော်တို့ရဲ့ ကြံဆချက်ကတော့ အပြန်အလှန်သတင်းဖလှယ်တာနဲ့ အတွေးအခေါ်ညှိနှိုင်းတာက စရမယ် ထင်ပါတယ်။ ဒါတောင် လွယ်လှမှာ မဟုတ်ပါဘူး။
ဟိုတုန်းက အမျိုးသားညီညွတ်ရေးတည်ဆောက်ရတာ လွယ်တယ်။ ဖတလပ ကို စတင်ဖွဲ့စည်းတာဟာ ဗကပရဲ့ ပထမဆုံး G/S ၊ ဒုတိယ G/S နဲ့ စတုတ္ထG/S ဖြစ်လာမယ့်သူတွေရဲ့ ဆွေးနွေးပွဲပါ။ တတိယ G/S က နိုင်ငံခြား ရောက်နေပေမယ့် သူလည်း ပါတာပါပဲ။ ဒါ့ကြောင့် လွယ်ပါတယ်။
“အပြန်အလှန် သတင်းဖလှယ်ရေးစနစ်”ထဲမှာတောင် အားလုံး တပြိုင်တည်းပါလာမယ်မထင်ဘူး။ မီဒီယာမှာ အင်တာဗျူးတွေ၊ Website ကွန်ယက်တင်တာတွေနဲ့ အပြန်အလှန်သတင်းပေးတာ၊ ကိုယ့်စဉ်းစားချက်ကို ဖော်ပြတာက စရမှာပါ။ ဒါကိုတောင် ဗြောင်လုပ်လို့ မရနိုင်ဘူး။ ဒါ့ကြောင့် မလောသင့်ပါဘူး။ ဒါပေမယ့် အမျိုးသားညီညွတ်ရေးကိုလည်း မျက်ခြေမပြတ်ကြမှ ဖြစ်မှာပါ။ 
နှစ်ပေါင်း(၂ဝ)လောက်အတွေ့အကြုံက ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းကမှ စစ်အာဏာရှင်စနစ်ကို တကိုယ်တော် ရင်ဆိုင်လို့မဖြစ်ဘူးဆိုတာကို ပြခဲ့ပြီးပါပြီ။
ဘုံရန်သူဆိုတဲ့စကားလုံးသုံးဖို့ နအဖမှာပဲရှိသလား။
စစ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ထုတ်တဲ့ စာအုပ်တိုင်း ဘယ်စာအုပ်ပဲကြည့်ကြည့် ပထမဆုံးစာမျက်နှာမျာ တွေ့ရမှာက တို့အရေးတို့ ဦးတည်ချက်တို့ကို တွေ့ရမယ်။ ပြည်သူ့သဘောထားဆိုတာ တွေ့ရမယ်။ အဲ့ဒီမှာ ပြည်တွင်းပြည်ပ အဖျက်သမားများကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းရမယ်လို့ ရေးထားတယ်။
နအဖမှာပဲ ဘုံရန်သူလို့သုံးခွင့်ရှိသလား။ မိမိတို့မှာကော မရှိဘူးလား။ ရန်သူ၊ မိတ်ဆွေ၊ ကြားနေဆိုတဲ့စကားလုံးဟာ နိုင်ငံရေးမှာ သုံးရိုးသုံးစဉ်ပဲ။ ဗကပ ထွင်ထားတာမဟုတ်ဘူး။ ခေတ်အဆက်ဆက် ရှိခဲ့ သုံးခဲ့တဲ့စကားလုံးပါ။ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် ခေတ်တိုင်းမှာရှိတဲ့စကားလုံးပဲ။ သတိပြုဖို့က ဒီစကားလုံးကို အာဏာရတွေကပဲ စပြီးသုံးတယ်ဆိုတာပါ။ ပြီးတော့လည်း အာဏာရတွေကပဲ လက်တွေ့လုပ်နိုင်တာပါ။ ဖိနှိပ်ခံ အုပ်စိုးခံက ပါးစပ်ကပဲပြောနိုင်ပါတယ်။ ဗကပ အဖြစ်ပဲကြည့်။ ဘယ်သူတွေအဖမ်းခံရပြီး ဘယ်သူတွေတောထဲ ပြေးရသလဲ။ ဒါ့ကြောင့် ရန်/ငါဆိုတဲ့စကားလုံးကို အခုအစီရင်ခံစာမှာ ဖောဖောသီသီသုံးပါတယ်။ အဲ့ဒီ “ဘုံရန်သူ” ဆိုတာကို နအဖ က မသုံးတဲ့နေ့မှာ ကျနော်တို့က သူ့ဘက်/ကိုယ့်ဘက်လို့ ပြန်ပြောင်းသုံးပါ့မယ်။
တာထွက်ကောင်းတယ်။
၁၉၆၂ တုန်းက တော်လှန်ရေးကေင်စီရဲ့ဆိုရှယ်လစ်မှိုင်းကို အခြေခံလူတန်းစားတွေ မိခဲ့ကြပါတယ်။ “လယ်သမား နှီးနှောဖလှယ်ပွဲ” တွေ၊ “အလုပ်သမားနှီးနှောဖလှယ်ပွဲ”တွေသာမက “စာပေနယ်ရဲ့နှီးနှောဖလှယ်ပွဲ” တွေကြောင့် အတော်များများ မျက်စေ့လည်ကြတယ်။ ဗကပထဲကိုတောင် ဂယက်အနည်းအပါး ရိုက်ခဲ့တယ်။
အခုတော့ နအဖ က လူတကာကို ဝိုင်းကြီးပတ်ပတ်ရန်လိုက်လုပ်နေတာ့ မိမိတို့က ဖွင့်ချဖို့မလိုတော့ဘူး။ သူ့အစိုးရယန္တားထဲကတောင် နအဖဒီမိုကရေစီမှိုင်း မမိကြဘူး။ နောက် တာထွက်ကောင်းတာက “၈၈”ရဲ့ အောင်သီးအောင်ပွင့်တွေက လမ်းပြမြေပုံကိုဆန့်ကျင်ကြတာပဲ။
လမ်းပြမြေပုံအဆင့်(၅)က တကယ်တော့ နောက်ဆုံးအဆင့်ပါ။ အဆင့်(၆)နဲ့(၇)က အပိုထည့်ထားတာပဲ။ အဆင့်(၅) ရွေးကောက်ပွဲပြီးရင် မိမိတို့အတွက် အခါအခွင့်ကောင်းတွေ တခုပြီးတခု ပေါ်လာစရာရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တိုက်ရာပါပစ္စည်းအဝေမညီလို့ သူတို့အတွင်းမှာ ပြဿနာတွေပေါ်လာမှာမို့ပဲ။ အစိုးရယန္တယား၊ တပ်တွင်းတပ်ပြင်မှာ ပေါ်မှာပါ။
တိုက်ပွဲသဏ္ဍန်ကိစ္စနဲ့စည်းရုံးရေးသဏ္ဍန်ကိစ္စ။
ဗကပ က လက်နက်ကိုင်တိုက်ပွဲသဏ္ဍန်ကို အရန်ရွေးလမ်းအဖြစ်ထားပါတယ်။ ဒါပေမယ့် ဒီတိုက်ပွဲသဏ္ဍန်ကို မတတ်သာမှရွေးဖို့ စဉ်းစားပါတယ်။ ပြည်တွင်းပြည်ပအခြေအနေက မဖြစ်မနေလုပ်ဖို့တောင်းဆို(လိုအပ်)လာရင် လုပ်မှာပါ။
လက်နက်ကိုင်တိုက်ပွဲလုပ်ရရင် မြေအောက်(ယူဂျီ)တိုက်ပွဲသဏ္ဍန်နဲ့ စည်းရုံးရေးသဏ္ဍန်ကိုပဲ ဆက်လုပ်မှာပါ။ တော်တော်ကြာကြာလည်း လုပ်လို့ရမယ်လို့ ယူဆပါတယ်။ ယူဂျီစည်းရုံးရေးသဏ္ဍန်လုပ်တဲ့အဖွဲ့အစည်းတွေ များလာမယ်လို့လည်း တွက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နအဖရဲ့“ဥပဒေ”တွေက ယူဂျီလုပ်ဖို့ဆီတွန်းပို့နေလို့ပဲ။
စစ်အာဏာပိုင်တွေက ပေါ်စေဆိုပေါ်ပြီး၊ ပျောက်စေဆိုပျောက်တဲ့ပါတီမုတ်ရင် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်လုပ်ငန်းစဉ်အပေါ်သစ္စာရှိသေးရင် ယူဂျီစည်းရုံးရေးသဏ္ဍန်ပဲလုပ်စရာရှိလို့ပါ။
ဗမာပြည်မှာ ပါတီတွေ ပေါ်ခဲ့လှပါပြီ။ ကိုယ့်ဘာသာကိုယ် ဖျက်မှပဲ ပါတီတွေပျက်တာပါ။ အလံနီပါတီ၊ ပြည်သူ့ရဲဘော်ပါတီ၊ ဦးသိန်းဖေမြင့်ရဲ့ပါတီတွေဟာ သူတို့ဘာသယဖျက်လို့ ပျောက်သွားတာပဲ။ ကိုယ့်ဘာသာမဖျက်သမျှ ဘယ်တော့မှ၊ ဘယ်သူကမှဖျက်လို့မရပါဘူး။

ဖိုးသံချောင်းဘယ်တုန်းကရေးမှန်းမသိတဲ့ ဆောင်းပါး (ရဲဘော်ဖိုးသံချောင်း)

0 comments
ရဲဘော်ဖိုးသံချောင်းရဲ့ ဘယ်တုန်းကရေးတဲ့ ဆောင်းပါးလည်းတော့မသိပါ။ ဒီနေ့အချိန်မှာ ရဲဘော်များ မိတ်ဆွေများ ဖတ်စေချင်၍ တင်ပေးလိုက်ပါတယ်။
ကို-----
‘ကြွေးကြော်သံ’နဲ့ပတ်သက်ပြီး ခင်ဗျားပြောတာမှန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့  ကျနော်စဉ်းစားမိတာ ပြောပါမယ်။ နည်းနည်းရှည်ရှည် ရေးပါရစေ။
၁၉၄၅ မှာ ရဲဘော်ကြီးသိန်းဖေ(မြင့်) အိန္ဒိယက ပြန်ရောက်လာပါတယ်။ အဲဒီကာလ ၁၉၄၅/၄၆ က လူထုက နိုင်ငံရေးအရသိပ်တက်ကြွနေတာပါ။ အစည်းအဝေးတွေဆန္ဒပြပွဲတွေမှာ ကြွေးကြော်သံတွေအများကြီးကြွေးကြော် ကြပါတယ်။ အခုခေတ်လို ‘တို့အရေး’လို့ ယေဘုယျကြွေးကြော်တာသက်သက် မဟုတ်ပါဘူး။ ‘စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပစ်’ ‘အင်္ဂလိပ်စစ်တပ်ထွက်သွား’ ‘စက္ကူဖြူစီမံကိန်းအလိုမရှိ’ စသဖြင့် လက်တွေ့နိုင်ငံရေးကို ထင်ဟပ်တဲ့ကြွေးကြော်သံတွေ ကြွေးကြော်ကြပါတယ်။ ဒီတော့ ရဲဘော်ကြီးသိန်းဖေမြင့်က လူထုဆန္ဒပြပွဲချီတက်ပွဲတွေမှာကြွေးကြော်ကြတဲ့‘ကြွေးကြော်သံ’နဲ့ ပါတီရဲ့‘သေနင်္ဂဗျူဟာကြွေးကြော်သံ’ (strategic slogan) ကွဲပြားသွားစေဖို့အတွက် slogan ကို ‘ဆောင်ပုဒ်’ လို့ဘာသာပြန်ဖို့ အဆိုပြုဖူးတယ်လို့ဆိုပါတယ်။ သူပြောတာမဆိုးပါဘူး စဉ်းစားစရာကောင်းပါတယ်။ ဒါပေမယ့် slogan ကို ‘ကြွေးကြော်သံ’လို့ အများနားလည် အထိုင်ကျနေပြီဖြစ်လို့‘ဗကပ’ က မပြင်ဖြစ်တော့ပါဘူး။
-‘ကြွေးကြော်သံ’ မှာ လုပ်ငန်းစဉ်တခုလုံးကို ချုပ်ပြီးပြောတဲ့သေနင်္ဂဗျူဟာ (strategic) ‘ကြွေးကြော်သံ’ ရှိရပါမယ်။ ‘စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပြီး ပြည်သူ့ဒီမိုကရေစီစနစ် ထူထောင်ကြ’ဆိုတဲ့ကြွေးကြော်သံဟာ “သေနင်္ဂဗျူဟာကြွေးကြော်သံ” ပါ။ ဘာကို တိုက်ဖျက်မယ်၊ ဘာကို ထူထောင်မယ်ဆိုတာ ပါနေပါတယ်။ ကာလအတော်ကြာကြာ လုပ်ရမယ်အလုပ်ပါ။
-“လက်တွေ့နိုင်ငံရေးကြွေးကြော်သံ”ကြတော့ ကာလလေးတခုအတွက်ပဲ ကြွေးကြော်ပါတယ်။ ဥပမာအားဖြင့် ‘စစ်အုပ်ချုပ်ရေးရုပ်သိမ်းပေး’ ‘စက္ကူဖြူစီမံကိန်း အလိုမရှိ’လို ဟာမျိုးကစပြီး ကုန်ဈေးနှုန်းကျဆင်းရေး - ဆန်အလုံအလောက် ရရှိရေး၊ လာဘ်စားတဲ့အရာရှိ အရေးယူရေးတို့လို လက်တွေ့နိုင်ငံရေးကိစ္စတွေကို ကြွေးကြော်တာဖြစ်ပါတယ်။ ဒါကို နည်းပရိယာယ် (tactical) ကြွေးကြော်သံလို့သတ်မှတ်ရမှာပါ။ ‘အောက်တိုဘာ ကျောင်းတလပိတ်ရေး’ တို့  ‘သမဂ္ဂထူထောင်ခွင့်ရရေး’ တို့လိုဟာလည်း ‘နည်းပရိယာယ်ကြွေးကြော်သံ’တွေပါပဲ။
(၁) နောက်ပြီး ‘ကြွေးကြော်သံ’မှာ မကြောက်တရားသွင်းပေးတဲ့ ကြွေးကြော်သံတွေ၊ အားတင်းတဲ့ကြွေးကြော်သံတွေလည်း ရှိရပါတယ်။ လက်နက်ကိုင်တိုက်ပွဲလမ်ကြောင်းကို ရွေးရတော့မယ့်အခြေအနေကိုရောက်တော့ ယေဘုယျကြွေးကြော်သံ ‘သခင်မျိုးဟေ့ တို့ဗမာ’ဆိုတာလောက်နဲ့ မရတော့ပါဘူး။ ‘ မီးဒုတ် မီးဒုတ် ရှိ့ ရှိ့ ’ ‘သူပုန်ပုန် ထထ’ ‘ဖိရင်ကြွမယ် ထိရင်ချမယ်’ ‘လာမယ့်ဘေးပြေးတွေ့’ စတာတွေ ကြွေးကြော်ခဲ့ရပါတယ်။
- ဒီနေရာမှာ ဖြတ်ပြောချင်တာတခုက- အကြမ်းဖက်ရေးဟာ ကြွေးကြော်သံမဟုတ်ပါဘူး။ တိုက်ပွဲနည်းနာသာ ဖြစ်ပါတယ်။
- တိုက်ပွဲဝင်ကြွေးကြော်သံတင်ရင် စည်းရုံးရေးကလည်း တိုက်ပွဲဝင်ဖို့စည်းရုံးရေးပဲ ဖြစ်ရပါမယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂက (၁၃ဝဝ ပြည့်မှာ) အတွင်းဝန်းရုံးဝိုင်းတုန်းက ပုံမှန်စည်းရုံးရေး သဏ္ဍာန်ပါပဲ။ နောက်တော့၊ ဗိုလ်အောင်ကျော်ကျဆုံးပြီးတော့ ဥက္ကဋ္ဌကိုလှရွှေကို ‘ကျောင်းသားအာဏာရှင်’အဖြစ် တင်ပါတယ်။ သူက သူနံမည်နဲ့ပဲ ညွန်ကြားချက်တွေ ထုတ်ပါတယ်။ ဒါက အင်္ဂလိပ်ရဲ့ ကိုလိုနီဒီမိုကရေစီကာလကမို့ လုပ်နိုင်တာပါ။ ဖက်ဆစ်အောက်မှာ လုပ်မရပါဘူး၊ မြေပေါ်ဥပဒေတွင်းအနေနဲ့ လုပ်မရပါဘူး။ မြေအောက်ယူဂျီအနေနဲ့ပဲ လုပ်နှိင်ပါတယ်။ ဂျပန့်လက်အောက်မှာ လူထုဆန္ဒပြပွဲ မရှိခဲ့ပါဘူး။ ဒီမိုကရေစီအငွေ့အသက်ကလေးရှိရင် စည်းရုံးရေးပုံသဏ္ဍာန်တမျိုး ဖက်ဆစ်အောက်မှာဆိုရင်တမျိုး ဖြစ်မှရပါမယ်။
(၂) ဝါဒဖြန့်တဲ့ကြွေးကြော်သံ၊ လှုံ့ဆော်တဲ့ကြွေးကြော်သံ၊ လက်တွေ့လုပ်ဖို့ညွန်ကြားတဲ့ကြွေးကြော်သံဆိုတာကလည်း ရှိပါသေးတယ်။ (စာကျန်ခဲ့ပုံရပါသည်….ကြွေးကြော်သံဆိုတာကလည်း ရှိပါသေးတယ်။ ကြွေးကြော်သံကတော့ တခုတည်းပါ။ ‘ဘုရင့်နိုင်ငံစနစ်ကိုဖျက်သိမ်း သမ္မတနိုင်ငံစနစ်ထူထောင်’ ဆိုတဲ့ကြွေးကြော်သံတခုတည်းပဲ ပြင်သစ်၊ ရုရှားနဲ့တရုတ်တော်လှန်ရေး (အစောပိုင်း)တွေမှာ တင်ခဲ့ပါတယ်။
- လူထုမနိုးကြားသေးခင်မှာ ဒီကြွေးကြော်သံရဲ့တန်းဖိုးက ဝါဒဖြန့်ချိတဲ့တန်ဖိုးပဲရှိပါတယ်။
- လူထုက တစုံတရာနိုးကြားနေပေမယ့် မထကြွဝံ့သေးရင် အဲဒီကြွေးကြော်သံမှာ လှုံ့ဆော်ရေးတန်ဖိုး ပါလာပါပြီ။
-လူထုက လက်တွေ့ထကြွနေပြီဆိုရင် ချက်ချင်းအကောင်အထည်ဖော်ဖို့ညွန်ကြားတာအထိ တန်ဖိုးတက်သွား ပါတယ်။
ဗမာပြည်တော်လှန်ရေးလက်တွေ့နဲ့ထင်ဟပ်ပြီးပြောမယ်ဆိုရင် ‘ဒီမိုကရေစီရေး တို့အရေး’ ကြွေးကြော်သံဟာ အစောကြီးကတည်းက ပေါ်နေတာပါ။ ၁၉၅၈ စစ်အုပ်စုအာဏာမသိမ်းခင်ကတည်းက ၁၉၄၈ ကတည်းက ပေါ်နေတာပါ။ ဓနရှင်ဒီမိုကရေစီစည်းဝိုင်းက ကျဉ်းလာလေလေ ဒီကြွေးကြော်သံကိုကြွေးကြော်သူ များလာလေဖြစ်ပါတယ်။ ပြည်သူရဲဘော်ကစပြီး နောက်ဆုံး ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းအထိ ကြွေးကြော်လာတယ်။ ဒါက ၁၉၈၈ မတိုင်မီအထိကို ပြောတာပါ။
၁၉၈၈ မှာကျတော့ စစ်အုပ်စုဝင်ဟောင်းတွေပါ ဒီမိုကရေစီရေး တို့အရေးဖြစ်လာပါတယ်။ ကြွေးကြော်သံတူပေမယ့် အလုပ်မတူကြပါဘူး။ ဘာကြောင့်လဲ။
- အတွေးအခေါ်မတူလို့ပါ။ အမြင်မတူလို့ပါ။ ရပ်တည်မှုမှာတောင် ၂ ခွ ဖြစ်နေသူရှိတယ်။
- ဖြစ်ပေါ်ပြောင်းလဲမှုတွေက သိပ်မြန်တယ်။ အမီမလိုက်နိုင်ဖြစ်ကြတယ်။ ဒါက ကိုယ့်ဘက်မှာသာဖြစ်နေတာ မဟုတ်ပါဘူး။ ဗိုလ်နေဝင်းဘက်မှာလည်း ဖြစ်နေတာပါ။ ဒါပေမယ့် ကိုယ်ဘက်က အာဏာမဲ့တယ်။ တကွဲတပြားစီ ကျဲပြန့်နေတယ်။ သူတို့ဘက်က အာဏာရှိတယ်။ စုစည်းမိထားတယ်။ သူတို့က လူထုကိုအခြေခံတာ မဟုတ်ဘူး။ ဗျူရိုကရေစီယန္တရားကိုအခြေခံတာ ဖြစ်တယ်။
- နောက်ဆုံးတော့ “ဓားပါတဲ့ကုလားက စားသွား” တာပါ။ ဒီသင်ခန်းစာကို မမေ့ကြဖို့လိုပါတယ်။
ရဲဘော်သဖွယ်
ဖိုးသံချောင်း

Wednesday, November 19, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၁၄)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)
ဆောင်းပါးအမှတ်(၁၄)
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ (ဖေဖေအသက် ၈ဝ ပြည့်ပြီးနောက်တရက်)မှာ မေမေကွယ်လွန်သွားပြီးနောက် ကျွန်မ မေမေ့ကို လွမ်းဆွတ်တိုင်း သူ့အကြောင်း အမှတ်တရဆောင်းပါးတိုလေးတွေရေးလာတာ၊ ၂ဝဝ၅ ခုနှစ် မေမေကွယ်လွန်တာ ၆ နှစ်ပြည့်မြောက် ချိန်မှာတော့ အဲဒီဆောင်းပါးတိုလေးတွေစုပြီး“အလွမ်းစာပန်းခြင်းလေး”ဆိုတဲ့ နာမည်နဲ့စာအုပ်လေးတအုပ် ထုတ်ဖူးပါတယ်။ အဲဒီဆောင်းပါးလေးတွေထဲမှာတော့ မေမေနဲ့ဖေဖေ့မေတ္တာဇာတ်လမ်းတို့၊ မေမေ ကျွန်မတို့တောခိုရာနောက် လိုက်လာတာတို့၊ ကျွန်မတို့နဲ့တောထဲမှာ တော်လှန်ရေးထဲမှာ ပျော်ပျော်ရွှင်ရွှင်ကြီးနေခဲ့တာတို့ စတာတွေပါရှိပါတယ်။ တောထဲမှာနေစဉ် ကျွန်မတို့မိသားစုနဲ့ ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ကြတဲ့ရဲဘော်တချို့ကလည်း အမှတ်တရဆောင်းပါးလေးတွေနဲ့ ကဗျာလေးတွေရေးထားတာတွေလည်း အဲဒီစာအုပ်လေးထဲမှာ ပါရှိပါတယ်။ ထုတ်တဲ့စောင်ရေကလည်းနည်း၊ ပျံ့နှံ့မှုကလည်းသိပ်မရှိခဲ့လေတော့ အဲဒီထဲမှာ ရေးခဲ့ဖူးတာတွေနဲ့ ကျန်ခဲ့တဲ့အကြောင်းအရာတွေပေါင်းပြီး ကျွန်မဆက်ရေးချင်နေပါတယ်။
ဖေဖေနဲ့မေမေဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အတူတူကြီးပြင်းလာခဲ့ကြ၊ အတူတူဆော့ကစားလာခဲ့ကြတဲ့ ဆွေမျိုးသားချင်းများ ဖြစ်ကြပါတယ်။ ၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မေမေ့ကို သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ အဘ ဦးဘအုံး၊ အမိ ဒေါ်တင်တို့က မွေးဖွားခဲ့ပါတယ်။ ဖေဖေ့ထက် အသက်အရ ၂ နှစ်ငယ်ပေမယ့် ဝါကတော့ မေမေက ကြီးပြီး၊ အဒေါ်တော်ပါတယ်။ ဖေဖေ့အဘွားနဲ့မေမေ့အမေက ဖအေတူမအေကွဲ ညီအစ်မအရင်းပါ။ ဒီလို ဆွေမျိုးတော်စပ်ကြလို့ပဲ အတူဆော့ကစားရင်း ကြီးပြင်း လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖေ့မိသားစုနဲ့ မေမေ့မိသားစုဖြတ်သန်းပုံခြင်းမတူတာကြောင့် သဘောစရိုက်တွေကလည်း ကွဲပြား ခြားနားပါတယ်။
မေမေက တဦးတည်းသမီးပါ။ မိဘများကလည်း အဲဒီခေတ်က ရှားပါးလှတဲ့အစိုးရဝန်ထမ်းတွေဖြစ်တာကြောင့် မတောင့်မတမကြောင့်မကြ ကြီးပြင်းလာခဲ့ပါတယ်။ စည်းမဲ့၊ ကမ်းမဲ့၊ စားချင်တိုင်းစား လည်ချင်းတိုင်းလည် ဆော့ချင်တိုင်းဆော့နဲ့လူတိုင်း မျက်စိစပါးမွေးစူးအောင် ကဲ ခဲ့သူပါ။
မေမေ့အဖေ ဦးဘအုံးဟာ သာယာဝတီအရေးပိုင်ရုံးက ရုံးအုပ်စာရေးကြီးပါ။ မေမေ့အမေ ဒေါ်တင်ကတော့ အလွန်အေးဆေးပြီး စိတ်ရင်းသဘောရင်းကောင်းလှသူ ဖြစ်ပါတယ်။ ကျွန်မတို့အဘိုး ဦးဘအုံးရဲ့အဖေ ဦးပိုင်ဟာ အစစအရာရာ သားကို အားကိုးနေရလို့ အေးဆေးပြီး လောဘရမက်နည်းလှတဲ့ ကျွန်မတို့အဘွားကို ချွေးမအဖြစ်သဘောကျပြီး ပေးစားခဲ့တာပါ။ အဘိုးက သူမေတ္တာရှိလို့ယူတာ မဟုတ်လေတော့ အဘွားကိုစိတ်ချမ်းသာအောင် မထားခဲ့ပါဘူး။ ဒါ့အပြင် အဲဒီခေတ် မင်းအမှုထမ်း၊ အရာထမ်းတို့ရဲ့ထုံးစံအတိုင်း အပျော်အပါး အသောက်အစားလေးလည်း ရှိခဲ့ဆိုပဲ။ ဒါပေမယ့် အဘိုးဟာ တဦးတည်းသောသမီး မေမေ (ကျွန်မတို့မေမေ)ကိုရလာတော့ သမီးမှသမီး ဖြစ်လာပြီး ကမ်းမမြင်လမ်းမမြင် အလိုလိုက်ချင်တိုင်း လိုက်ခဲ့တော့တာပါပဲ။ အဲသလို မိသားစုအသိုင်းအဝိုင်းမှာ မေမေကကြီးပြင်းခဲ့တာပါ။
ဖေဖေတို့ မိသားစုကတော့ သုံးဆယ်မြို့က ၂ မိုင်လောက်ဝေးတဲ့ ဆိုင်းစုရွာကပါ။ ဖေဖေတို့မိသားစုက ညီအစ်ကိုမောင်နှမကလည်းများ၊ မိဘများကိုယ်တိုင်ကလည်း လယ်ကလေးနည်းနည်းပါးပါးသာ ပိုင်ဆိုင်သူဖြစ်လေတော့ အစစအရာရာ ဇယားကိုက်လုပ်ရတဲ့အိမ်ထောင်ပါ။ ဖေဖေငယ်စဉ်က ဘုန်းကြီးကျောင်းမှာပဲစာသင်ခဲ့ရပြီး အိမ်ပြန်ရောက်တာနဲ့အိမ်အလုပ်တွေ ကူရပါတယ်။ အဲသလို စနစ်ဇယားနဲ့တိတိုင်းပြီး နေခဲ့ရတဲ့အိမ်ထောင်စုမှာ ကြီးခဲ့ရတဲ့ ဖေဖေဟာ ငယ်စဉ်ကတည်းက စည်းလွတ်ဝါးလွတ်ကြီးပြင်းခဲ့တဲ့မေမေ့ကို ကြည့်မရပါဘူး။ ဖေဖေရဲ့ တဦးတည်းသောနှမလေး ကျင်ကျင် (ကျွန်မတို့အခေါ် ဒေါ်လေးကျင်)နဲ့မေမေနဲ့က အလွန်ချစ်ခင်ရင်းနှီးကြပါတယ်။ မေမေက ဒေါ်လေးကျင်နဲ့ လာလာကစားကြ၊ အပြန်အလှန်လည်ကြပတ်ကြတာကို ဖေဖေသဘောမတွေ့လှပါဘူး။
ဒီလို အလွန်ကွဲပြားခြားနားတဲ့အိမ်ထောင်စုနှစ်စုက ပေါက်ဖွားလာခဲ့သူနှစ်ဦး ဘယ်လိုများ ဖူးစာရေစက်ဆုံသွားပါလိမ့်။
မေမေအရွယ်ရောက်လာတော့ မေမေတို့အဖေက “မိန်းကလေးပဲ သေစာရှင်စာ ရေးတတ်ရင် တော်ရောပေါ့”ဆိုပြီး ကျောင်းထုတ် လိုက်ပါတယ်။ ဖေဖေကလည်း ရန်ကုန်ဆရာအတတ်သင်ကျောင်း ရောက်သွားပါတယ်။
၁၃ဝဝ ပြည့်အရေးတော်ပုံကြီးဖြစ်လာတော့ ဖေဖေက သူ့ကျောင်းက ကျောင်းသူကျောင်းသားတွေကို ခေါင်းဆောင်ပြီးပါဝင်ခဲ့ပါတယ်။ သခင်ပေါက်စလည်း ဖြစ်နေပါပြီ။ သပိတ်ပြိုကွဲပြီး ရွှေတိဂုံဘုရားပေါ်တက် အစာငတ်ခံတိုက်ပွဲဆက်ဆင်နွှဲတဲ့ ရဲရဲတောက် သခင်သန်းတင် အဖွဲ့မှာ ဖေဖေပါသွားပါတယ်။ အဲဒီသပိတ်လှန်ပြီးနောက် အစိုးရ ရက်ရွှေ့စစ်ပေးတဲ့စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးနောက် မိမိဇာတိကို ပြန်လာခဲ့ပါတော့တယ်။
ဖေဖေက အဲဒီအရေးတော်ပုံ မပေါ်ခင်လေးတင် အသဲကွဲခဲ့ပါတယ်။ သူက သူနဲ့ကျောင်းနေဘက်ကျောင်းသူတဦးကို မေတ္တာရှိခဲ့တာပါ။ တောကျောင်းသားလေးရဲ့မေတ္တာကို ရွှေဂုန်သူကြီးက မတုံ့ပြန်ခဲ့ပါဘူး။ ပထမဆုံး အတွေ့အကြုံမို့ထင်ပါရဲ့ ဖေဖေက တော်တော်ထိလိုက်ပုံ ရပါတယ်။
နိုင်ငံရေးတိုက်ပွဲလည်းရှုံး၊ အချစ်ရေးလည်း အထိနာနဲ့ ဒွေးရောဥပါဒ်ရောယှက်ပြီး ဖေဖေ အပြင်းဖျားလိုက်တာ ရွာမှာ အတော်ဆေးကုယူရ ပါတယ်။ နည်းနည်း နာလန်ထလာတော့ ဖေဖေ့အဖေက ရန်ကုန်ပြန်မလွှတ်တော့ဘဲ စိတ်ငြိမ်အောင်ဆိုပြီး အိမ်ထောင်ချပေးဖို့ စီစဉ်ပါတော့တယ်။ ဒီတော့ အမျိုးထဲက လူကြီးဖြစ်တဲ့ မေမေတို့အဖေကိုတိုင်ပင်ပြီး သင့်တော်သူ ရှာဖွေပေးစားဖို့အပ်ပါတယ်။ ဒါကြောင့်ပဲ မေမေ့အဖေက သူ့အမျိုးထဲက တူမဝမ်းကွဲလေးတယောက်နဲ့ပေးစားဖို့ စီစဉ်ပါတယ်။ တဆွေလုံးတမျိုးလုံး ဝိုင်းသဘောတူပြီးဖေဖေ့ကို နားချကြပေမယ့် ဖေဖေက တူးတူးခါးခါးချည်းငြင်းပါတယ်။ အဲဒီအချိန်က ဖေဖေက သုံးဆယ်မြို့နားက ပန်းဆွဲရွာလေးမှာ ယာယီကျောင်းဆရာလေး ဝင်လုပ်နေတာပါ။ သူက သုံးဆယ်မြို့ပေါ်တက်လာရင် မေမေတို့အိမ်မှာပဲ စတည်းချလေ့ရှိတာကြောင့် မေမေနဲ့ကလည်း ငယ်ငယ်တုန်းကလို မျက်နှာကြောမတည့်သိပ်မဖြစ်တော့ဘဲ ခင်မင်ရင်းနှီးနေကြပါပြီ။ မေမေကလည်း ဖေဖေ့ရဲ့ ရန်ကုန်အတွေ့အကြုံတွေကို ကြားချင်သိချင်နေတာလေ။
ဒီလိုနဲ့တနေ့ မေမေနဲ့ဖေဖေ ရောက်တတ်ရာရာစကားတွေ ထိုင်ပြောနေကြတုန်းမှာ နှုတ်သွက်လျှာသွက်မေမေက “နို့ နေပါဦး အားလုံးက ဝိုင်းနားချနေတာကို ဘာလို့ဒါလောက်ငြင်းနေရတာလဲ။ တခြားတွေ့ထားတာများ ရှိလို့လား”လို့ ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်ပါသတဲ့။ ဒီတင် မမှီတဲ့ပန်း တုံးခုလှမ်းသလိုဖြစ်နေလို့ စတင်ရန်ခက်နေရှာတဲ့ ဖေဖေ့ခမျာ အကွက်ဆိုက်သွားပါလေရော။ ဒီလိုနဲ့မေမေနဲ့ဖေဖေတို့ရဲ့ မေတ္တာဇာတ်လမ်း စခဲ့တာပါပဲ။
အဲဒီအကြောင်း မေမေက ကျွန်မကို ပြန်ပြောတော့ ကျွန်မက “မေမေက ရေလာမြောင်းပေးလုပ်တာပေါ့လေ”လို့စတော့ “ဘုရားပေးပေး ကျမ်းပေးပေးပါအေ။ မသိခဲ့ရိုးအမှန်ပါ”လို့ပြောပါတယ်။ ဟုတ်လောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မေမေက ဖေဖေ့အပေါ်ထားရှိခဲ့တဲ့ သူ့မေတ္တာအတိုင်းအတာကို ဘယ်တုန်းကမှ ကွယ်ဝှက်ပြောလေ့မရှိလို့ပါပဲ။ အဲဒီတုန်းကတော့ သူတကယ်ပဲ ရိုးရိုးခင်ခဲ့ဟန်ရှိပါတယ်။ ဖေဖေကတော့ ဒါတွေကို ဘယ်တုန်းကမှ ပြန်မပြောတတ်ပါဘူး။ သူပြောပြဖူးတာတခုကတော့ “ဖေဖေတို့အကြောင်းကို သူ့အဖေကြီးက ဘာမှမရိပ်မိမသိရှာပဲ သူ့တူမနဲ့ပဲ လက်ဆက်ဖို့ ဖေဖေ့ကို နားချချနေတာကို သိပ်အားနာမိတာပဲ”တဲ့။
မေမေကတော့ ဒီအကြောင်းတွေကို သူ့အမေကိုဖွင့်ပြောပြပါတယ်။ သူ့အဖေကိုသာ ပြောမပြရဲတာပါ။ အဘွားကတော့ နဂိုကတည်းက ဖေဖေ့ကို တည်တည်ကြည်ကြည်ရှိလှသူနဲ့ သဘောကျပြီးသား။ သူ့အမျိုးလည်းဖြစ်တယ်လေ။ ဒါကြောင့် ကူညီပြီးတော့တောင် ဖုံးဖိပေးသေး တယ်တဲ့။
ဒီလိုနဲ့ဖေဖေနဲ့မေမေတို့ မေတ္တာဇာတ်လမ်း ၅ နှစ်ကျော်ကြာခဲ့ပါတယ်။
ဒီကာလအတွင်းမှာ ဖေဖေက ရန်ကုန်ပြန်တက်ပြီး ကျောင်းတက်ရင်း ဂျပန်ပါသွားပါတယ်။ ဂျပန်ကပြန်လာပြီး ဘီအိုင်အေစစ်ဗိုလ်အဖြစ် လျှမ်းလျှမ်းတောက်ကျော်ကြားလာခဲ့ပြီး ရန်ကုန်သူတွေဝိုင်းဝိုင်းလည်နေတဲ့ကြားကမှ မေမေ့ကို သူပြန်ဆက်သွယ်ခဲ့တာပါ။ သူ တောကျောင်းသားလေးဘဝ၊ ဘာအနာဂတ်မှ မရှိစဉ်က သူ့မေတ္တာတိုတုံ့ပြန်ခဲ့တဲ့ မေမေရဲ့မေတ္တာကိုလေးစားမှုရှိခဲ့ဟန်ရှိပါတယ်။ ထို့အတူပဲ မြို့သူပညာတတ်တွေကို ခေါင်းခေါက်ယူနိုင်တဲ့ဘဝက မိမိဇာတိရပ်မှာကျန်ခဲ့တဲ့ ငယ်ချစ်ငယ်ရည်းစားလေးကို ပြန်ဆက်သွယ်ခဲ့တဲ့ ဖေဖေရဲ့ မေတ္တာကိုလည်း မေမေကအသိအမှတ်ပြုပုံရပါတယ်။ ဒါကြောင့်ပဲ ဖေဖေနဲ့မေမေတို့ရဲ့အိမ်ထောင်ရေးဟာ အဖုအထစ် အနှောင့်အယှက်မရှိ လှဘဲ သာယာချမ်းမြေ့ခဲ့တာပါ။ တဦနဲ့တဦး အပြန်အလှန်နားလည်ကြင်နာပြီး စိတ်ချင်းသဘောချင်းပါ တိုက်ဆိုင်တူညီလာဟန်ရှိပါတယ်။ အထူးသဖြင့် မေမေဟာ ဖေဖေနဲ့မေတ္တာမျှချိန်ကစလို့ သူ့ဘဝတလျှောက်လုံး သူ ဖေဖေ့ပေါ်မှာထားရှိခဲ့တဲ့ မေတ္တာရဲ့စေစားမှုကိုသာ ခံယူသွားခဲ့ပြီးသူ့နေပုံထိုင်ပုံ စဉ်းစားပုံလုပ်ဆောင်ပုံတွေအားလုံး ဖေဖေ့စိတ်ကြိုက် အလိုကျ အံ့သြစဖွယ်ပြောင်းလဲနေထိုင်သွားခဲ့တာဟာ အသက် ၇၈ နှစ် ကွယ်လွန်ချိန်အထိ ဖြစ်ပါတော့တယ်။
၂၃-၄-၂ဝ၁ဝ