စစ်သား စစ်သားလိုတွေးတယ် (မျိုးမြင့်ချို)
အရပ်သားဘဝ လူငယ်ဘဝသူကျင်လည်ရာဝန်းကျင်မှာ ဘာတွေဆည်းပူးရရှိခဲ့သလဲဆိုတာက
စစ်သားဖြစ်သွားလို့လုပ်ရတဲ့လုပ်ရပ်တွေအပေါ် အများကြီးတည်တယ် မှီတယ်။ လေ့ကျင့်ရေးမှာ
ဗိုလ်သင်တန်းမှာ ဘယ်လောက်ပဲ ခေါင်းကိုင်ခေါင်းကိုင် လွှတ်လိုက်လွှတ်လိုက် ဗီဇသဘော သန္ဓေမှာစွဲပြီးသား
အတွေးအမြင်နဲ့အသိကို ဖျောက်ဖျက်လို့မရဘူး။ လုံးလုံးလျားလျား ဖုံးလွှမ်းသွားအောင်လုပ်လို့မရဘူး။
“စစ်သားဟာ စစ်သားလိုပဲတွေးတယ်”ဆိုတဲ့စကားက ခြွင်းချက်နဲ့မှန်ပါတယ်။ ဒီနေရာမှာ အရေးကြီးတယ်ထင်တာက
ဘယ်စစ်တပ်က ဘယ်စစ်သား ဘယ်လိုတွေးတယ်ဆိုကို အရင်တွေးကြဖို့ပါပဲ။ စစ်သားဖြစ်တာနဲ့ တွေးပုံမတူပါဘူး။
ပရိုဖက်ရှင်နယ်လ်တကယ့်စစ်သားစစ်စစ်လို တွေးတတ်ဖို့က တကယ့်စစ်သားတွေကိုမွေးထုတ်ပေးတဲ့
ဝန်းကျင် တိုင်းပြည် လူ့အဖွဲ့အစည်းနဲ့ တိုက်ရိုက်ဆိုင်သလို ကြေးစားတပ် တလက်ကိုင်တပ်ကစစ်သားတွေ
မွေးထုတ်ဖို့ဆိုတာလည်း ဒီအတိုင်းပါပဲ။ ဒါကလည်း အဲ့ဒီလူ့အဖွဲ့အစည်းက ယေဘုယျလက်ခံထားတဲ့
အတွေးအခေါ်၊ လုပ်ဟန်တွေနဲ့ တိုက်ရိုက်အချိုးကျတာပါပဲ။
စစ်သားဟာစစ်သားလိုတွေးတယ်ဆိုတာကို ပြန်ကောက်ရအောင်။
စစ်သားဘယ်လိုတွေးသလဲ။ စစ်သားအဖြစ်အနေသဘောကို ဘယ်လိုခံယူသလဲ။ “စစ်တိုက်ပြီး ထမင်းစားတယ်”လို့
ခံယူတဲ့စစ်သားရှိသလို “တိုင်းပြည်အတွက်အလုပ်လုပ်နေတာ”လို့ခံယူတဲ့ စစ်သားလည်း ရှိတယ်။
ဒါ အခြေခံအားဖြင့် စစ်လူတစ်ယောက်ရဲ့ စစ်သားဘဝဖြစ်တည်မှုအပေါ် ခံယူတဲ့ခံယူမှုပဲ။ ဒီလို
ခံယူတတ်ဖို့ စာတစ်လုံးမှ တတ်စရာမလိုဘူး။ လူဟာ ကိုယ့်ကိုယ်ကို တခုခုကို ခံယူထားလို့ခံယူထားမှန်းမသိပဲ
အဲ့ဒီခံယူမှုအတိုင်း ပြုမူလုပ်ဆောင်နေလို့နေမှန်းမသိပဲ နေသွားသေသွားကြတာအများစုပဲ။ စစ်သားတွေလည်း
ဒီအတိုင်းပဲ။ သူ့ခံမှုယူနဲ့ သူ့အတွေးနဲ့သူ သွားနေကြတာပဲ။ သူ့ဘာသူ မသိတာသာ ရှိရင်ရှိမယ်။
အသက်မွေးဝမ်းကြောင်းအဖြစ် စစ်သားဘဝကို ရွေးချယ်ခဲ့ဦးတောင်
ဘယ်စစ်သားကမှတော့ ထမင်းငတ်လို့စစ်ထဲလိုက်တယ်လို့ ပြောချင်မှာ မဟုတ်ဘူး။ အဲ့သလိုစစ်သားမျိုးမှာ
မှန်မှန်မှားမှားခိုင်းသမျှလုပ်မယ် အထက်လာတဲ့အမိန့်မှန်သမျှနာခံမယ်ဆိုတဲ့စိတ် နည်းတယ်။
စစ်မှုထမ်း ဥပဒေအရစစ်ထဲမဝင်မနေရဆိုလို့ စစ်ထဲလိုက်လာရတဲ့စစ်သားနဲ့ အသက်မွေးဖို့ဝင်တဲ့စစ်သားဟာ
ခံယူပုံခံယူနည်းဆင်ပြီး တွေးပုံ တွေးနည်းလည်း မနီးရိုးစွဲရှိတယ်။ ခိုင်းတိုင်းမလုပ်ဘူး။
ဉာဏ်မီသလောက် စဉ်းစားတယ်။ အမိန့်ဖီဆန်တတ်တယ်။ လိုအပ်ရင် တပ်တွင်း ပုန်ကန်မှုတွေအထိ လုပ်တတ်ပါတတ်တာပဲ။
တိုင်းပြည်ချစ်လို့ဆိုပြီးဝင်လာတဲ့စစ်သားကြတော့ အပေါ်ကစစ်သားမျိုးနဲ့ပြောင်းပြန်ပဲ။
ဒါတေင် ကျနော်အခုပြောတဲ့ “တိုင်းပြည်ချစ်လို့”က တကယ့်အစစ် တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့စစ်သားမျိုးနော်။
“တပ်မတော်ကိုချစ်လို့ စစ်ထဲဝင်တယ်” ဆိုတဲ့စစ်သားမျိုးကတော့ ဗမာပြည်တပြည်ပဲရှိမယ်ထင်တယ်။
ဗမာ့တပ်မတော်မှာ “ထမင်းငတ်လို့စစ်ထဲလိုက်”က အများစုနဲ့
အောက်ခြေထုပဲ။ အမိန့်နာခံရသူတွေပဲ။ “တိုင်းပြည်နဲ့တပ်မတော်ချစ်”က အနည်းစုနဲ့ အမိန့်ပေးနိုင်သူတွေပဲ။
ထမင်းငတ်လို့စစ်ထဲလိုက်တွေထဲကရော ပြည်ချစ်တပ်မတော်ချစ်တွေထဲကရော အရေးဟယ် အကြောင်းဟယ်ဆို လူထုဘက်ရပ်တဲ့သူရှိသလို စစ်တပ်ဘက်ရပ်တဲ့သူတွေလည်းရှိတာပဲ။
အပေါ်မှာဆိုခဲ့တဲ့ ခံယူပုံ၂ ချက်အပေါ်အခြေခံပြီး စစ်သားဟာ
သူဘာလဲ သူ့နေရာဘာလဲ သူဘာလုပ်ရမလဲကို ဆုံးဖြတ်လုပ်ကိုင်တာပဲ။ မလုပ်ကိုင်ခင်မှာ သူတွေးတဲ့အတွေးဟာ
စစ်သားအတွေးပဲ။ “စစ်သားဟာ စစ်သားလို့တွေးတယ်”ဆိုရာမှာ ဘယ်စစ်သားလိုတွေးသလဲက စစ်သားအဖြစ်အနေသဘောကို
ဘယ်လိုခံယူသလဲပေါ်တည်ပြီး အဆုံးအဖြတ်ပေးတာဖြစ်တယ်လို့ ကျနော်မြင်တယ်။
ဒါပေမယ့် စစ်သားတိုင်းမှာ တူတဲ့အတွေးတခုတော့ရှိတယ်။
အဲ့ဒါက သူတို့စစ်တပ်နဲ့ သူတို့လက်နက်ကို သူများထက်သာစေချင်တာပဲ။ သာစေချင်တယ်လို့ပြောတဲ့နေရာမှာ
ကောင်းစေ့ချင်တယ်ဆိုတဲ့စိတ်ကလေး မသိမသာပါနေတယ်။ လက်နက်ကောင်းနဲ့စစ်တပ်ကောင်းဖို့ စစ်ခေါင်းဆောင်ကောင်း
နိုင်ငံ့ခေါင်းဆောင်ကောင်းရှိမှ ဖြစ်မယ်ဆိုတဲ့အသိကလည်း(မဖော်ပြတတ်ရင်သာရှိမယ် မပြောရဲရင်သာရှိမယ်)
မပြူ့တပြူလေးတော့ရှိနေတယ်။ တပ်နံမည်ပျက်ပြီဆို လူထုချဉ်ဖတ်ဖြစ်ပြီဆို ခေါင်းဆောင်တွေမကောင်းလို့မှန်း
တန်းကနဲသိတတ်ကြတယ်။ အဲ့လိုအသိ အဝင်ပိုမြန်တာက ထမင်းငတ်လို့ဝင်တဲ့စစ်သားပဲ။ ပြည်ချစ်မောင်တွေလည်းသိတယ်။
ဒါပေမယ့် သူ့ပြည်ချစ်စိတ်ကြီးက ဇက်သပ်ထားတော့ တုန့်ဆိုင်းဆိုင်းဖြစ်နေတာပဲ။
ခေါင်းဆောင်ကောင်းခြင်းမကောင်းခြင်းကြောင့် တပ်ကောင်းခြင်းမကောင်းဖြစ်တယ်လို့
စစ်သားတွေတွေးတတ်သလို ခေါင်းဆောင် ကောင်းခြင်းမကောင်းခြင်းကိုလည်း ကိုယ့်အတွေ့အကြုံနဲ့ကိုယ်
ကိုယ့်နည်းနဲ့ကိုယ် တွေးဆဆင်ခြင်တတ်တာပဲ။ ဒါလည်း စစ်သားအတွေးပဲ။ ခေါင်းဆောင်ကိုအကဲဖြတ်ရာမှာ
လက်တွေ့အရ ကိုယ့်ရေချိန်အလိုက် ဉာဏ်မီသလို စစ်ဆေးတာပါပဲ။ စစ်တိုက်တဲ့ခေါင်းဆောင်ကို
စစ်ပွဲနဲ့။ စီမံခန့်ခွဲကောင်းတဲ့ခေါင်းဆောင်ကို စီမံခန့်ခွဲမှုနဲ့ တိုင်းတာမျိုးပဲ။
စကားပြောလွန်းတဲ့ခေါင်းဆောင်မျိုးကို ဘယ်စစ်သားမှမကြိုက်ဘူး။ စကားပြောတဲ့အထဲမှာမှ
“တပ်ကို ချစ်လိုက်တာတို့ တပ်အတွက်ဆိုအသက်ပင် သေစေတော့”လို့ပြောတဲ့ခေါင်းဆောင်မျိုးဆို
စစ်သားက ပိုမယုံဘူး။ ပိုမကြိုက်ဘူး။ သံသယစိတ်ပါ ထားတယ်။
တပ်ကိုချစ်တယ်ပြောတာထက် တပ်ရဲ့ခေါင်းဆောင်မှုအမှားတွေကိ
ဝေဘန်ု ထောက်ပြပြုပြင်ပြီး အရေးယူစရာရှိပြတ်ပြတ်သားသားကိုင်တွယ် ချီးမြှောက်စရာရှိ
ရဲရဲတင်းတင်းချီးမြှောက်တတ်တဲ့ စစ်သားစိတ်ရှိတဲ့၊ တပ်ကောင်းအောင် သေနတ်ကောင်းအောင်လုပ်ပေးနိုင်တဲ့
တပ်ခေါင်းဆောင်မျိုး နိုင်ငံ့ခေါင်းဆောင်မျိုးပဲ စစ်သားကလိုချင်တာ။ စစ်တပ် ဘာလုပ်လုပ်နေ
စစ်တပ်ဘယ်လောက်ပျက်စီးနေပျက်စီးနေ တပ်ကိုချစ်တဲ့စိတ်နဲ့ ရေငုံနှုတ်ပိတ်နေတာကို စစ်သားက
မှန်တယ်ကောင်းတယ်လို့ မမြင်ဘူး။ သတ္တိရှိတဲ့ခေါင်းဆောင်လို့ မခံယူဘူး။ ဆိုးချင်တိုင်းဆိုး၊
တိုင်းပြည်ဓနတွေနဲ့ ဆွေစဉ်မျိုးဆက်ဇိမ်ခံချင်သလိုခံ၊ အောက်ခြေထုစစ်သည်တွေကို ထင်သလိုအနိုင်ကျင့်နှိပ်စက်
ခေါင်းပုံဖြတ်နေတဲ့စစ်ခေါင်းဆောင်တွေကို သူတို့ကိုယ်စားပြောဖို့ဆိုဖို့ အပြစ်တင်ဖို့
ဝေဘန်ဖို့ ထောက်ပြဖို့ သူတို့ဘက်ကရပ်ပြီး သူတို့အကျိုးစီးပွားကိုကာကွယ်ပေးမယ့်ခေါင်းဆောင်မျိုးကိုပဲ
စစ်သားကလိုချင်တာ။ တပ်ခေါင်းဆောင်ကောင်း ရွေးပေးမယ့် နိုင်ငံခေါင်းဆောင်မျိုးပဲ တပ်ကလိုချင်တာ။
တပ်ကမျှော်လင့်တာ။ အဲ့သလိုခေါင်းဆောင်မျိုးရဖို့ပဲ စစ်သားကတွေးတာ။ အဲ့ဒါ စစ်သားက စစ်သားလိုတွေးတာပဲ။
ထမင်းငတ်လို့လိုက်လိုက် တိုင်းပြည်ချစ်လို့ဝင်ဝကင် စစ်သားတိုင်းရဲ့တူတဲ့အတွေးကအဲ့ဒါပဲ။
ဗိုလ်ချုပ်အောင်ဆန်းပါးစပ်က “တပ်မတော်ကြီးကို ချစ်တယ်”လို့
တစ်ခွန်းတစ်ပါဒမျှမပြောခဲ့ဘူး။ ဒါပေမယ့် တပ်ကို နိုင်ငံကို ခေါင်းဆောင်တဲ့နေရာမှာ ရဲဘော်
(၃)ကျိပ်ထဲပါသူတွေတောင် (ဗိုလ်မြင့်အောင်ကိစ္စ၊ ဗိုလ်နေဝင်းကိစ္စတွေကြည့်ပါ)လိုအပ်ရင်
အရေးယူခဲ့သေးတာပဲ။
ကျနော်လည်း စစ်သားဖြစ်ခဲ့ဖူးတာပဲ။
ကျနော်လည်း ထမင်းငတ်လို့ စစ်ထဲလိုက်ခဲ့ဖူးတာပဲ။
ကျနော်လည်း ထမင်းငတ်လို့တပ်ထဲဝင်စစ်သားလိုတွေးတာပဲ။
ခုလည်း အဲ့လိုတွေးပြီးပြောတာပဲ။
အဲ့ဒါ စစ်သားအတွေးလို့ပြောရင်လည်း ရတာပါပဲ။
0 comments:
Post a Comment