Sunday, November 2, 2014

၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၂(မျိုးမြင့်ချို)
(ပျော်စရာဖေ့စ်ဘွတ်ခ်)
ကျနော့်အဖို့တော့ ဖေ့စ်ဘွတ်ခ်ဟာ ပျော်စရာကောင်းသလို အကျိုးလည်းများပါတယ်။ တစ်ပြားမှမကုန်တဲ့ ကိုယ့်ကိုယ်ပိုင်မီဒီယာကြီးလိုထောင်ပြီး တွေးရသမျှ စိတ်ထဲပေါ်သမျှတွေ ချချရေးရင်း မိတ်ဆွေ/ရန်သူ/ကြားလူတွေ ကွဲသွားပါတယ်။ ကျနော့်လည်း သူများကအဲ့သလိုပဲ သဘောထားတာမို့ ပိုနှစ်သက်စရာပါ။ ငယ်ငယ်တုန်းကသူငယ်ချင်း၊ ကျောင်းသားတုန်းက ကျောင်းနေဘက်၊ ရပ်ကွက်ထဲက အသိအကျွမ်း၊ တပ်ထဲက ဘော်ဒါ၊ နိုင်ငံရေးကရဲဘော်ရဲဘက်၊ ထောင်တုန်းက အညှဉ်းခံဖော်ခံဘက်နဲ့ နယ်လွန်ပြည်လွန်ဘဝကမိတ်ဆွေဖြစ်ခဲ့ဖူးသူတွေထဲက တချို့ရဲ့ရှေ့မှာ "တခါတုန်းက" ဆိုတဲ့နာမဝိသေသန တပ်လိုက်ရပါတယ်။ ဖေ့စ်ဘွတ်ခ်ရှိပေလို့သာပဲ နို့မို့ဆို ကိုယ့်ကိုယ်ကိုယ်ရော သူတို့ကိုပါ "ဟိုတုန်းကလို"ပဲလို့ ထင်နေရမှာမဟုတ်လား။


(မန်းဒိတ်ပြ၍နှုတ်ဆိတ်ခြင်း)
အင်န်အယ်လ်ဒီက ပွင့်ဆိုင်ချင်တာ ခုထိလည်း ဆိုင်ချင်စိတ် မကုန်သေးပါ။ စစ်အုပ်က ၁၄ ပွင့်ဆိုင်ပြလိုက်တယ်။ ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းရှိရှိ မိမိဘက်ကပြင်ဆင်ပြီးမှ တဘက်လူကိုပြင်ဆင်ချိန်မပေးပဲ အမှောင်ထဲကနေ ချောင်းရိုက်တဲ့အကွက်ပဲ။ စစ်အုပ်စု နိုင်ငံရေးကလိန်ခြုံတဲ့အကြောင်းက ပြောရမှာတောင် နိုင်ငံရေးသနတယ်။
ဦးခွန်ထွန်းဦးကပြောတယ် ဆွေးနွေးပွဲမဟုတ်ပါ တွေ့ဆုံထမင်းစားပွဲတဲ့။ ဒေါ်စုကတော့ ဗဟိုအလုပ်အမှုဆောင်တွေနဲ့တိုင်ပင်ချိန်မရလို့ မန်းဒိတ်လို့ခေါ်တဲ့ ကိုယ်စားပြုပိုင်ခွင့်မရှိလို့ ဘာမှမပြောဘူးတဲ့။ ခါတိုင်းတွေ့တာတွေမှာ အဲ့ဒီမန်းဒိတ်ပါ/မပါ ကျနော်တော့မသိဘူး။ ဒါပေမယ့် အရင်အကြိမ်လွတ်တုန်းကတည်းကကျမကိုမန်းဒိတ်အပ်နှင်းပါဆိုပြီး ပါတီဝင်ထုနဲ့လူထုဆီက တောင်းယူဖူးတာတော့မှတ်မိတယ်။ နောက်ပြီး ပါတီတခုရဲ့အမြင့်ဆုံးရာထူးမှာထိုင်ထားသူက ရုတ်ချည်းဖြစ်လာတဲ့ ပြင်ဆင်ချိန်မရတဲ့ကိစ္စတွေမှာ သူများတွေနဲ့မတိုင်ပင်ရသေးလို့တို့ လုပ်ပိုင်ခွင့်အပ်နှင်းတာ မရှိသေးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ အရေးကြီးတဲ့ဆွေးနွေးပွဲတွေမှာ ပြောသင့်ချပြသင့်တာတွေ မပြောမချပြနိုင်ရင် ဆုံးဖြတ်ချက်တွေမလုပ်နိုင်ရင် ဒီအကြောင်းပြချက်ပေးတာ မသင့်လျော်ဘူးပဲမြင်ပါတယ်။ အဲ့ဒီအစားဒီပွဲဟာ နိုင်ငံရေးအမြတ်ထုတ်တဲ့ပွဲမှန်း လူထုနဲ့နိုင်ငံတကာကြား ပွင့်ကျသထက်ကျသွားအောင် မတက်ပဲနေလိုက်တာကမှ မိမိပါတီနဲ့မိမိရဲ့ နိုင်ငံရေးဂုဏ် ပိုထယ်ဝါမယ်ထင်တာပဲ။ မတက်မနေရမှ မဟုတ်ပဲ။ ခက်တာက မတက်ရင် ပိုရုပ်အဖျက်ခံရမှာပဲ။ ကိုယ့်စကားနဲ့ကိုယ် ကိုယ့်တရားနဲ့ကိုယ် ပြန်ချောင်ပိတ်အတွယ်ခံရမှာပဲ။
နောက်မှာ ဗိုလ်ချုပ်အောင်ဆန်းလို တပ်၊ သေနတ်နဲ့ လူထုနောက်ခံမရှိတာရယ် ကြွေးကြော်သံ မတူတာရယ်ကြောင့် တင်းတင်းရင်းရင်း နိုင်ငံရေးစကား မပြောသာတာပဲ။ ဗိုလ်ချုပ်ကရှင်းတယ် သူ့လူ သူ့တပ် သူ့သေနတ်က ဘာလိုချင်တယ်ဆိုတာကို ကောင်းကောင်းနားလည်ရုံမက အဲ့ဒီအားတွေကိုင်ပြီး ကြွေးကြော်သံကလုံးဝလွတ်လပ်ရေးပဲမောင်းတင်ထားတာကရရင်ရ မရင်ချပဲ။ တွေ့ပါရစေမဟုတ်ဘူး။ ဘယ်သူတွေဘာပြောပြော အန်ကယ်လ်ဆမ့်သားကြီး အိုဘားမားကတော့တွေ့လား ဗမာအပေါ်ကျင့်သုံးတဲ့ ငါတို့နိုင်ငံခြားရေးပေါ်လစီ ဘယ်လောက်အောင်မြင်တယ်ဆိုတာဆိုပြီး လက်မလေးတထောင်ထောင်နဲ့ ကျောသပ်ရင်သပ်လေးလုပ်လုပ်ပေးဦးမှာ။
ကျနော့်အဖို့တော့...စေ့စပ်ဆွေးနွေးတယ်ဆိုတာ နိုင်ငံရေးသဘော အာဏာသဘောမှာ လုပ်ကိုလုပ်ရတာပါပဲ။ ဒါပေမယ့် ဘယ်အချိန်မှလုပ်မယ်၊ ဘယ်လောက်ရမှလုပ်မယ်၊ ကိုယ့်လူတွေရဲ့သဘောတူမှုနဲ့ ကိုယ့်မဟာမိတ်တွေရဲ့ထောက်ခံပါဝင်မှု ဘယ်လောက်ရှိထားရမယ်၊ လူထုကိုဘယ်ပုံ နိုးကြားနေအောင်ပြင်ဆင်ထားရမယ်၊ စေ့ပ်နေတာဘယ်အထိ ခရီးပေါက်မပေါက်ကိုချပြနေရမယ်၊ နောက်ဆုံး စေ့စပ်တာမရရင် ဘာလုပ်မယ်ဆိုတာကိုပါ အတိအလင်းမူချထားပြီး လူထုနဲ့တိုင်းပြည်ကိုချပြထားနိုင်ဖို့ အလွန်အရေးကြီးကြောင်းနဲ့ အဲ့သလိုမှမဟုတ်ပဲ တိုက်ပွဲကိုခါးလည်ကဖြတ်ပြီး သွားစေ့စပ်ရင် ခါးပြတ်တာသာ အဖတ်တင်လိမ့်မယ်ဆိုတဲ့သင်္ခန်းစာ ရတာပါပဲ။

(ဗိုလ်အောင်သောင်းနဲ့နှစ်ထောင်းအားရ)
တောင်သာဗိုလ်အောင်သောင်းကို အမေရိကန်က Black List ထဲထည့်တာ နှစ်ထောင်းအားရနဲ့ဝှဲချီးသြဘာပေးစရာလို့ မမြင်ဘူး။ စစ်အုပ်စုတစုလုံးကြီးကိုဖေးမဖို့ အကွက်ပေါင်းများစွာထဲက တကွက်ရွှေ့ပေးတာမျိုး၊ ရာဇဝတ်ဂိုဏ်းကြီး တဂိုဏ်းလုံးကိုကာကွယ်ဖို့ လူမိုက်ပေါင်းများစွာထဲက လူမိုက်လေးတယောက်ကို ထိုးခံပေးထားလိုက်တာမျိုးပါ။ ငါးတကာယိုတဲ့ချီးကို ဗိုလ်အောင်သောင်းဆိုတဲ့ပုဇွန့်ခေါင်းထဲ အထည့်ပြပေးတာပါ။ တရုတ်ရန်လို့ရမယ်ရှာပြီး ဟန်လေးတောင် မဆောင်နိုင်အောင် အိနြေ္ဒမရ နသားပါယားလာအလုပ်ခံရတဲ့ စစ်ခေါင်းဆောင်တွေဟာ တချိန်တုန်းက အဲ့ဒီအမေရိကန်ရဲ့ ဘလက်ခ်လစ်ဝင်တွေဖြစ်ဖူးတာကို မမေ့ဖို့လိုပါလိမ့်မယ်။


(ဂေးမမယ့်အက်ပယ်လ်)
အက်ပယ်လ်ကုမ္ဗဏီတော့ သိကြားမပြန်ပြီလို့ဆိုရမယ်ထင်တာပဲ။ ဒီမနက် နာရီခွဲမှာ ရေဒီယိုအလာမ်းမြည်ပြီးပွင့်တော့ အရင်ဆုံးကြားရတဲ့သတင်းက အမေရိကန်ကမြို့တချို့မှာ Gay တွေဦးဆောင်ပြီး အက်ပယ်လ်ထုတ်ပစ္စည်းတွေ ဝယ်ကြသုံးကြဖို့ လှုံ့ဆော်နေကြဆိုပဲ။ အက်ပယ်လ်ရဲ့လူကြီး မစ္စတာတင်မ်ကွတ်ခ်က သူဟာ Gay ဖြစ်ရလို့ အထူးဝမ်းမြောက် ဂုဏ်ယူမိတယ်လို့ ခုရက်ပိုင်းတွင်းမှာပဲ ကမ္ဘာသိထုတ်ပြောလိုက်တာ မှတ်မိကြမယ်ထင်ပါတယ်။ ဒီလူက လူချောလူဖြောင့်လို့ ဆိုရမှာပါ။ စတိဗ်ဂျော့ခ်ျ ကွယ်လွန်ပြီးနောက်ပိုင်း တင်မ်ကွတ်ခ်တို့ပဲ အက်ပယ်လ်ကို ဆက်မောင်းနေတာ မဟုတ်လား။ စတီဗ်ကွယ်လွန်စက လူတချို့ပြောကြတာ ရှိတယ်သူသေရင်အက်ပယ်လ်လည်း အသက်ငင်သွားမှာပါဆိုပြီး။ ခုက မငင်တဲ့အပြင် အသစ်တွေတောင် ဒလဟောထွက်လာတာမဟုတ်လား။ ခုနောက်ဆုံးထုတ် အိုင်ဖုန်း နဲ့ ပလပ်စ်တွေဆို လူကြိုက်များလွန်းလို့ ပြိုင်ဘက်တွေကတောင် အားနည်းချက် မရမကရှာပြီး တိုက်ကြခိုက်ကြရတာပဲ။ အက်ပယ်လ်ပစ္စည်းသုံးသူတွေကို ဒီမှာတော့ Very Trendy ဖြစ်တယ်လို့ပြောတာလည်းရှိတယ်။ နောက်ပြီး Gay တွေဆိုတာလည်း အလှအပဘက်မှာ အနုပညာဘက်မှာ ထူးချွန်တတ်ကြတာများပါတယ်။ ပြီးတော့ ငွေလည်းရှာနိုင် စုလည်း စုနိုင်ကြသလားမပြောတတ်ဘူး ပိုက်ဆံရှိသူတွေ သောင်သောင်သာသာတွေများတယ်။ သူတို့မှာ ကျွေးမွေးစောင့်ရှောက် ငွေသုံးရမယ့်မိသားစု( ငွေဖြုန်းမယ့်သားသမီး)မရှိတာကြောင့်လည်း ပါမယ်ထင်တယ်။ ခုဆို နည်းပညာနယ်ပယ်မှာပါ ထက်မြက်သူတယောက် အထင်အရှား ထွက်လာတယ်လို့ ပြောရမလားပဲ။ဟိုးလွန်ခဲ့ နှစ်များတွေတုန်းဆီကဆို လူတယောက်ဟာ သူ လက်စ်ဘီယာန်ပါ သူ ဂေးပါလို့ ဖွင့်ပြောဝံ့ဖို့နေနေသာသာ လူတောတောင်မတိုးဝံ့တဲ့ အနေအထားပဲ၊ ခုဆို အီးကွဲလ်ရိုက်စ်တွေကြောင့် အခြားသူတွေလို သူတို့လည်း တရားဝင် လက်ထပ်နိုင်ပြီ၊ သူတို့ဘာ ဆိုတာကိုလည်း လူသိရှင်ကြားပြောပြီး ခေါင်းမော်နိုင်ပြီလေလို့ သတင်းလည်းဆုံးရော ဇနီးကမှတ်ချက်ပေးတယ်။ ကျနော်တို့ဆီမှာတော့ Gay လို့ ပြောလိုက်တာနဲ့ Gay Rights or Equal Rights လို့ပြောလိုက်တာနဲ့ ဟိုကိစ္စတန်းမြင်ပြီးရွံစရာကြီးပါကွာလို့ မသတီဟန်လေသံနဲ့ မျတ်ချက်ချသူတွေများတတ်တာပါပဲ။ သူတို့မြင်တဲ့အထဲမှာ လူသားချင်းချစ်ခင်တတ်တာ ဘဝတူချင်းမြတ်နိုးစောင့်ရှောက်တတ်တာ တကယ့်ကိုနှစ်နှစ်ကာကာချစ်ချစ်ခင်ခင် ဖေးဖေးမမနေကြတာ လူသားဆန်တဲ့နှသားကလာတဲ့ မေတ္တာတရားတွေတော့ပါလေ့မရှိကြဘူး။

0 comments:

Post a Comment