Sunday, November 2, 2014

စစ်တပ်မှာ လူသတ်လိုင်စင်ရှိသလား (ဇော်ဝင်း)

0 comments
သတင်းထောက်ကိုပါကြီးကိုသတ်တဲ့အမှုဟာ သာမန်လူသတ်မှုမဟုတ်ဘူး။ လူ့အဖွဲ့အစည်းအပေါ် ခြိမ်းခြောက်ကျူးလွန်တဲ့ လူသတ်မှုဖြစ်ပါတယ်။စစ်တပ်နဲ့တွေ့ရင် ဘယ်သူမဆို အသတ်ခံရနိုင်တယ်လို့ အခြိမ်းခြောက်ခံရတဲ့ လူသတ်မှုဖြစ်ပါတယ်။စစ်တပ်ကို လူသတ်ခွင့်လိုင်စင် (License to Kill) ပေးထားသလား လို့ ကျနော်တို့ မေးရလိမ့်မယ်။

စစ်တပ်ကိုလူသတ်ခွင့်လိုင်စင် (License to Kill) ပေးထားသလား ဆိုတဲ့မေးခွန်းဟာ အသရေဖျက်မှုမြောက်တဲ့မေးခွန်းလားလို့ တချို့ဝါနုတဲ့ သတင်းသမားတွေက တွေးချင်တွေးကြလိမ့်မယ်။ အထောက်အထားမရှိဘဲစွပ်စွဲတဲ့ စွပ်စွဲချက်မျိုးဟာ အသရေဖျက်မှုမြောက်နိုင်ပါတယ်။ ဒါပေမဲ့ အထောက်အထား သက်သေနဲ့စွပ်စွဲမေး မြန်းတဲ့ မေးခွန်းမျိုးဟာ အသရေဖျက်မှု မမြောက်ဘူး။ မေးသင့်လို့ မေးတဲ့မေးခွန်းလို့သာမှတ်ယူအပ်တယ်။အဲသလိုမေးခွန်းမျိုးကို တာဝန်သိတဲ့ အဖွဲ့အစည်းမှန်သမျှမှာ ပြန်လည် ဖြေကြားဖို့တာဝန်ရှိတယ်။တာဝန်သိတဲ့ သတင်းထောက်မှန်သမျှဟာလည်း အဲသလို မေးခွန်းမျိုးကို အများပြည်သူကိုယ်စားမေးမြန်းဖို့ တာဝန်ရှိတယ်။ အများပြည်သူကိုယ်စား ထုတ်ဖော်ရေးသားဖို့ တာဝန်ရှိပါတယ်။

IS ကိုအကြမ်းဖက်အဖွဲ့လို့ပြောရင် အသရေဖျက်မှုမမြောက်ပါဘူး။ အကြောင်းရှိလို့ပြောတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို လူသတ်လိုင်စင်ပေးထားသလားလို့မေးရင်၊ ပြောရင်အသရေဖျက်မှု မမြောက်ပါဘူး။အကြောင်းရှိလို့ ပြောနေတာဖြစ်ပါတယ်။

စစ်တပ်ကိုလူသတ်ခွင့်လိုင်စင်ပေးထားသလားလို့ ကျနော်မေးတာဟာ ကိုပါကြီးကို ဥပဒေမဲ့ သတ်ဖြတ်မှုကြောင့်မေးတာဖြစ်တယ်။ ဒါ့အပြင် တခြားသောသက်သေအထောက်အထား အများအပြားကိုလည်း လိုအပ်ရင် ထုတ်ပြနိုင်တယ်။

အလွန်ထင်ရှားတဲ့တခြား ဥပမာ နှစ်ခုကိုထုတ်ပြပါမယ်။ ပထမတခုက ကချင်အမျိုးသမီး မဆွန်လွတ်ရွယ်ဂျာ အမှုပါ။ယောက္ခမနဲ့ ခင်ပွန်းသည်ရှေ့မှာတွင် အပြစ်မဲ့ မိန်းမသား တယောက်ကို ဖမ်းဆီးပြီး စစ်တပ်ထဲမှာရက်ပေါင်းများစွာ ခေါ်ထားပြီးမှ အစဖျောက်သတ်ဖြတ်လိုက်တဲ့အမှုပါ။ တောင်ယာခင်းထဲမှာ ပြောင်းဖူးချိုးနေတဲ့အမျိုးသမီး တယောက်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ သွေးသားရမ္မက်အတွက် ဖျော်ဖြေဖို့လို့ယူဆရတဲ့အကြောင်း အတွက် ခေါ်ယူသွားခဲ့တယ်။ အဲဒီနောက်အစဖျောက်ပစ်ခဲ့တယ်။ တရားရုံး၊ အစိုးရတို့ကဘာမှ လုပ်မပေးခဲ့ဘူး။ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့ လွှတ်တော်ကလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ပြည်သူတယောက်အ တွက်ကိုယ့်အိမ်ထဲ၊ ကိုယ့်အလုပ်ထဲမှာ မလုံခြုံနိုင်တာကို ဖော်ပြနေပါတယ်။ပြည်သူ့ တပ်မတော်သား ဆိုသူက ပြည်သူကို မုဒိန်းကျင့် သတ်ဖြတ်တဲ့ အမှုဖြစ်ပါတယ်။

နောက်ထပ်တခြားဥပမာ တခုကို ထပ်ပြပါမယ်။ ပဲခူးမြို့မှာ ဖြစ်သွားတဲ့ အမှုပါ။ ရန်ကုန်မြို့နဲ့ မိုင် ၅၀ကျော် ပဲဝေးပါတယ်။ ဘာစစ်ပွဲမှလည်း ဖြစ်မနေပါဘူး။ အဲဒီပဲခူးမြို့မှာ ၂၀၁၀ ခုနှစ် စက်တင်ဘာလ၄ ရက်နေ့တုန်းက မောင်အောင်သူဟိန်းနဲ့ မောင်စိုးပိုင်ဇော်ကို ခလရ ၅၉ ကစစ်သားအများအပြားကစစ်ကားနဲ့ရောက်လာပြီး ဗိုလ်ကြီး သိဒ္ဓိစိုးက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ အမှုပါ။ တယောက်ရဲ့ကိုယ်မှာ ကျည်ဆံဒဏ်ရာခြောက်ချက်၊ တယောက်ရဲ့ ကိုယ်မှာ ကျည်ဆံဒဏ်ရာ ချက်နဲ့ သေဆုံးပါတယ်။စစ်တပ်ကို လာစမ်းရင် အကုန်သေချင်းဆိုးနဲ့ သေသွားမယ်လို့လူနေရပ်ကွက်ထဲမှာ အော်ပြီးပစ်ခတ်သောင်းကျန်းသွားခဲ့တာပါ။

ဒါအထင်ရှားဆုံးဥပမာ နှစ်ခုကို ထုတ်ပြတာပါ။ လိုအပ်ရင် အများအပြား ထပ်ပြီး ထုတ်ပြနိုင်ပါသေးတယ်။

ဒီလူသတ်မှုတွေကိုကြည့်ရင် ဒီလိုလူသတ်မှုတွေဟာ စစ်သားတယောက်၊ စစ်ဗိုလ်တယောက်ရဲ့ အသိဥာဏ် နုံ့နဲ့ မိုက်မဲမှုကြောင့်ကျူးလွန်တဲ့ အမှုမျိုးမဟုတ်ဘူး။ တပ်မတော်ကို ကိုယ်စားပြုတဲ့ လူသတ်မှုလားလို့ ယူဆစရာ အကြောင်းခိုင်ခိုင်လုံလုံရှိတယ်။နိုင်ငံတော် အစိုးရကိုယ်တိုင်က ခွင့်ပြုထားတဲ့ လူသတ်မှုလားလို့ ယူဆစရာ အကြောင်းခိုင်ခိုင်လုံလုံရှိနေတယ်။

ကိုပါကြီးကိုသတ်လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မသိဘဲနဲ့ သတ်လိုက်တာလား။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က သတ်မိန့်ပေးလိုက်တာလား။ ဒါကို ဘယ်သာမန်ပြည်သူမှ မသိဘူး။ကိုပါကြီးကို သတ်လိုက်တာဟာ သမ္မတ ဦးသိန်းစိန် မသိဘဲ သတ်လိုက်တာလား။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ပဲ သတ်ဖို့ အမိန့်ပေးလိုက်တာလား။ ဒါကိုလည်း ဘယ်သာမန် ပြည်သူမှ မသိဘူး။ သာမန်ပြည်သူတွေမှာ သိခွင့်ရှိတယ်။ မေးခွင့်ရှိတယ်။ ဆန္ဒထုတ်ဖော်တောင်းဆိုခွင့်လည်း ရှိတယ်။

သေချာတာကတော့ဘယ်သူပဲသတ်သတ် နိုင်ငံသားတယောက်ကို လူမသိသူမသိနေရာတခုမှာ ပြည်သူ့ဘဏ္ဍာနဲ့ လက်နက် တပ်ဆင်ထားတဲ့စစ်တပ်က သတ်ဖြတ်လိုက်တာဟာ သာမန်လူသတ်မှုမဟုတ်ဘူး။ အဲဒီလူသတ်မှုအတွက် ကာကွယ်ရေးဦးစီးချုပ်နဲ့သမ္မတမှာ သေချာပေါက် တာဝန်ရှိတယ်။ တကယ်လို့ လက်အောက်ငယ်သား ဖြစ်တဲ့ စစ်သားတယောက်က ကာကွယ်ရေးဦးစီးချုပ်အမိန့်မပါဘဲ၊ကာကွယ်ရေး ဦးစီးချုပ်မသိလိုက်ဘဲ သတ်လိုက်တာ ဆိုရင်တောင် ကာကွယ်ရေးဦးစီးချုပ်မှာ တာဝန်ရှိတယ်။သူ့လက်အောက်က စစ်သားတယောက်က လူသတ်မှုကျူးလွန်နိုင်အောင် ခွင့်ပြုထားတာကိုက ကာကွယ်ရေးဦးစီးချုပ်မှာအပြစ်ရှိတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွင်မကဘူး။ သမ္မတဦးသိန်းစိန်မှာလည်း တာဝန်ရှိတယ်။ ပိုပြီးတောင် တာဝန်ရှိတယ်။သူကသမ္မတ။ တတိုင်းတပြည်လုံး ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်ယူ အာမခံချက်ပေးရမယ့်သူ။ တာဝန်မယူနိုင်ရင်ထွက်ပေးဖို့ပဲရှိတယ်။ သူကိုယ်တိုင်ဟာ စစ်တပ်ရဲ့ အကြီးအကဲဟောင်းတယောက်။ဒီ့ထက်ပိုလေးနက်တာက ဒီနေ့မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အဆောက်အအုံကို ဖွဲ့စည်းတည်ဆောက်ထားတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင် ရေးဆွဲခဲ့တဲ့သူ။ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သူအမိန့်ပေးသည်ဖြစ်စေ၊မပေးသည်ဖြစ်စေ၊ သူကြိုတင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူ့မှာ သေချာပေါက်တာဝန်ရှိတယ်။

နစ်နာသူအတွက်တရားမျှတမှုဆောင်ကြဉ်းပေးရမယ်။  တကယ်လို့ ဒီတာဝန်ကိုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒါမှမဟုတ် ဦးသိန်းစိန်က တာဝန်ယူဖို့ ငြင်းဆန်ရင်၊ဒါမှမဟုတ် အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းသူတွေကို ဟန့်တားခြိမ်းခြောက်ရင် သူတို့လည်းကြံရာပါမို့သာ ဒါမှမဟုတ် သူတို့က အဓိက လက်သည်ဖြစ်နေလို့သာ အဲသလိုလုပ်တယ်လို့ ယူဆရမှာပဲ။ဒီအမှုကို မဖော်ထုတ်နိုင်ရင်၊ ဒါမှမဟုတ်မဖော်ထုတ်ချင်ရင် သူတို့ရာထူးတွေ ကနေ နှုတ်ထွက်ပေးသင့်တယ်။

၁၉၈၈ ခုနှစ်မှာကျောင်းသား ကိုဖုန်းမော်ကို စစ်တပ်နဲ့ လုံထိန်းက သတ်ဖြတ်ခဲ့တယ်။ အဲဒီသတ်ဖြတ်မှုအတွက်လုံထိန်းတယောက် ဒါမှမဟုတ်စစ်သားတယောက်မှာ တာဝန်ရှိတယ်လို့ ဘယ်သူမှ မယူဆကြဘူး။ ဒီသတ်ဖြတ်မှုအတွက် အဓိက တာဝန်ရှိသူဟာ ဦးနေဝင်းလို့ တိုင်းပြည်လူထုက ရှင်းရှင်းပဲသိမြင်တယ်။ အနီးကပ်လာရောက်အမိန့်ပေးတဲ့ ပြည်ထဲရေးဝန်ကြီး ဦးမင်းဂေါင်၊ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်မှူးကြီးခင်ညွန့်တို့လည်းတာဝန်ရှိတယ်။ မဆလတဖွဲ့လုံးမှာ စုပေါင်းတာဝန်ရှိတယ်။ မဆလခေါင်းဆောင် ဦးနေဝင်းက တာဝန်အရှိဆုံးလို့ပြည်သူလူထုက ရှင်းရှင်းလင်းလင်း သိမြင်တယ်။ ဖုန်းမော်သတ်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ပြည်သူလူထုရဲ့ အသက်အိုး အိမ်စည်းစိမ်ကို ခြိမ်းခြောက်မှု၊ ဥပဒေမဲ့လက်နက်ကိုင် သတ်ဖြတ်မှုလို့ပဲမြင်တယ်။ဒါလူတယောက်အပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုမဟုတ်ဘူး။ လူ့အဖွဲ့အစည်းတခုလုံးအပေါ်မှာ ခြိမ်းခြောက်၊စော်ကား၊ ကျူးလွန်တဲ့ လူသတ်မှု လို့ပဲမြင်တယ်။ ဒါ့ကြောင့်လည်း ဖုန်းမော်သေဆုံးမှုဟာ တနိုင်ငံလုံးတောရောမြို့ပါအုံကြွတော်လှန်တဲ့ လှုပ်ရှားမှုကြီး ဖြစ်လာခဲ့တာပါ။ ဒီဖြစ်ရပ်ကို သာမန်ကျောင်းသားရန်ဖြစ်မှုလေးကြောင့်ဖြစ်ရတာပါလို့ ရင်ဘတ်စည်တီး ငိုကြီးချက်မလုပ်နေတဲ့သူ၊ ယူကြုံးမရ ပြောဆိုနေတဲ့သူဆိုလို့စစ်အာဏာရှင် အုပ်စုတဖွဲ့တည်းသာရှိတယ်။ ရဲချုပ်မှာ အပြစ်ရှိတယ်လို့ပြောပြီး ထိုးကျွေးခဲ့ဖူးတယ်။ကျောင်းသားတွေ လက်မခံဘူး။ လူတွေကလက်မခံဘူး။ နိုင်ငံရေးအမြင် အဲသလောက်မြင့်ခဲ့တယ်။ နောက်ဆုံးမှာတော့ဖုန်းမော်သေဆုံးမှုနဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေအတွက် သူ့မှာ တာဝန်ရှိလို့ နုတ်ထွက်ပါတယ်လို့ပြောပြီးဦးနေဝင်းထွက်သွားခဲ့ရဖူးတယ်။

အခုကိုပါကြီးသေဆုံးမှုကို သေဆုံးသူရဲ့ဇနီး မသန္တာက ခြိမ်းခြောက်မှု အမျိုးမျိုးကြားကနေ ကြိုးစားပြီးတဲ့နောက်မှာ ရဲက အမှုဖွင့်တာကို လက်ခံလိုက်ရတယ်။ အစပိုင်းမှာ အထက်ကို တိုင်ပါ၊ သမ္မတကိုတိုင်ပါလို့ပြောပြီးနောက်မှ အခုအမှုဖွင့်တာကို လက်ခံလိုက်တာကို ကြည့်ရင် အထက်ခွင့်ပြုချက်နဲ့ လက်ခံလိုက်တယ်လို့ကျနော်တို့သိနိုင်ပါတယ်။ ဒီလိုခက်ခက်ခဲခဲ တိုက်ယူထားရတဲ့ အခွင့်အရေးကို ကျနော်တို့တန်ဖိုးထားသင့် တယ်။ အဲဒီတန်ဖိုးလေး မဆုံးရှုံးရအောင်၊ အလဟဿဖြစ်မသွားရအောင် ကျနော်တို့အများပြည်သူက ဝိုင်းဝန်း အားပေးကူညီသင့်တယ်။

စစ်အာဏာရှင်အစိုးရအဆက်ဆက်လုပ်ထုံးလုပ်နည်းတွေကို ပြန်ကြည့်ရင် ဒီအမှုတရားရုံး မရောက်အောင် သူတို့ကြိုးစားလိမ့်မယ်။စုံစမ်းရေး ကော်မရှင်ဆိုတာမျိုးတွေလုပ်၊ အချိန်ဆွဲပြီး တရားရုံးမရောက်အောင် ကြိုးစားလိမ့်မယ်။တရားရုံးရောက်ရင်လည်း အရပ်ဘက်တရားရုံးမပို့ဘဲ စစ်ဘက်ခုံရုံးပို့ပြီး လူမသိသူမသိ လုပ်ဖို့ကြိုးစားဦးမယ်။ပဲခူးလူသတ်မှုမှာ အဲသလိုပဲ စစ်ဘက်လွှဲပြီး ယီးတီးယားတား လုပ်ခဲ့ဖူးတဲ့ သာဓကရှိတယ်။ မလွှဲသာလို့အရပ်ဘက်တရားရုံးပို့ခွင့်ပေးလိုက်ရရင်လည်း အများပြည်သူ ရှေ့မှောက်မှာ တရားစီရင်တာမျိုးမလုပ်ဘဲကွယ်ရာမှာ တရားစီရင်တာမျိုး လုပ်ဖို့ကြိုးစားမယ်။ မည်သူကမည်သို့ ပင်ဆိုစေ အပြစ်မရှိဆိုတဲ့ဆုံးဖြတ်ချက်မျိုးပဲ ချဖို့ကြိုးစားမယ်။ ဒါတွေက သူတို့လုပ်နေကျပဲ။ ဒါဆိုရင် ဘာလို့တရားစွဲနေဦးမှာလဲလို့ မေးစရာရှိတယ်။

အဲသလို အာဏာရှင်တွေဘက်ကအာဏာရှင်နည်းနဲ့ မတရားလုပ်ရင် ပြည်သူတွေဘက်က ပြည်သူ့နည်းနဲ့ ဆောင်ရွက်လို့ရတာတွေရှိပါတယ်။တရားခွင်တိုက်ပွဲဟာ သူ့ချည်းသက်သက်ဆိုရင် ခြစားပြိုပျက်နေတဲ့ လက်ရှိတရားစီရင်ရေး စနစ်ကြီးအောက်မှာဘာမျှ အသုံးမကျမှာ မဟုတ်ဘူး။ ဒါပေမဲ့ ပြင်ပကနေ လူထုနည်းနဲ့ ဖိအားပေးစောင့်ကြည့်ပြီးမတရားမလုပ်နိုင်အောင် စောင့်ကြပ်ကြည့်ရှုပေးရင် အမှန်တရားဆီရောက်အောင် ပို့ဆောင်ပေးနိုင်ပါလိမ့်မယ်။အမှန်တရားရောက်အောင် ကျနော်တို့ တောင်းဆိုလို့ရပါတယ်။ ဒါပေမဲ့ တရက်လောက်အော်ပြီး တခါတည်းပျောက်သွားရင်တော့ဘီလူးသွားကိုလဖြဲတည်းဆိုတာမျိုးကိုပဲ ကျနော်တို့ မြင်ရလိမ့်မယ်။ အခုကျနော်တို့လိုအပ်တာကလက်ပံတောင်းတောင်က ဇွဲသတ္တိမျိုး၊ မိကျောင်းကန် ကဇွဲသတ္တိမျိုးပါ။ အရှုံးမပေးစတမ်းလူထုကတောက်လျှောက် စောင့်ကြည့်ပြီး ဆန္ဒပြဖိအားပေးတာတွေ လုပ်သွားရင် မတရားမှုကို ကာကွယ်လို့ရနိုင်တယ်။ အမှန်တရားအတွက် အကျိုးဆောင်မယ့် ရှေ့နေတွေကို အကူအညီပေး နိုင်လိမ့်မယ်။

လက်ရှိအချိန်ဟာဒီတဖက်သတ်မတရားပြုမူတဲ့လုပ်ရပ်ကို နိုင်ငံတကာသိအောင် တင်ပြအသိပေးနိုင်တဲ့ အခွင့် အရေးရတဲ့အချိန်ဖြစ်တယ်။နိုဝင်လာလ ၁၁ ရက်၊ ၁၂ ရက်မှာ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲရှိတယ်။ မြန်မာနိုင်ငံက အာဆီယံဥက္ကဌအနေနဲ့လူကြီးလူကောင်းလုပ်ပြီး နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ့် အချိန်ဖြစ်ပါတယ်။အဲသလို အချိန်မျိုးမှာ သူတို့ခေါင်းဆောင်တင်ထားတဲ့ အာဆီယံဥက္ကဌရဲ့ လုပ်ရပ်တွေကို သူတို့သိနားလည်သွားအောင်ကျနော်တို့ ထုတ်ဖော်ပြောပြသင့်တယ်။ မြန်မာနိုင်ငံက ပြည်သူတွေမှာ ဘယ် လောက်တောင် အကာအကွယ်မဲ့နေတယ်ဆိုတာသူတို့သိအောင် ကျနော်တို့ ထုတ်ဖော်ပြောပြသင့်တယ်။ နိုဝင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်တွေမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား တရုတ်နိုင်ငံကို ရောက်မယ်။ အဲဒီ နောက်မြန်မာနိုင်ငံကို ရောက်မယ်။ဘရက်အိုဘားမားဟာ သမ္မတဦးသိန်းစိန်ကို လူသိရှင်ကြား ချီးကျူးပြောဆို ခဲ့ဖူးသူဖြစ်တယ်။မြန်မာအစိုးရကို အားပေးမြှောက်စားခဲ့သူဖြစ်တယ်။ သူမြှောက်စားထားတဲ့ ဦးသိန်းစိန်အစိုးရဟာ ဘယ်လိုအစိုးရဆိုတာကို သူသိသွားအောင် ကျနော်တို့ ပြောဆိုနိုင်တဲ့ အခွင့်အရေးရှိနေပြီ။ကိုပါကြီး အတွက် တရားမျှတမှုရအောင် နိုင်ငံတကာက ကူညီနိုင်အောင် ကျနော်တို့ ထုတ်ဖော်ပြောဆိုသင့်တယ်။

မြို့တော်ခန်းမရှေ့မှာ၈၈ ငြိမ်းပွင့်အဖွဲ့က ဦးစီးတဲ့ ကိုပါကြီးကို မတရားသတ်ဖြတ်မှု ကန့်ကွက်တဲ့ ဆန္ဒပြပွဲလုပ်သွားခဲ့တယ်။ ၈၈ ငြိမ်းပွင့်အဖွဲ့ကို အရင်က ကျနော်ဝေဖန်ခဲ့ဖူးတာတွေရှိတယ်။ အခုလုပ်ရပ်ကိုတော့ကျနော်အနေနဲ့ ကြိုဆိုပါတယ်။ လူထုမျက်နှာကို ထောက်ထားတဲ့ ပြောဆိုမှုမျိုးကို ပြန်တွေ့လာရတဲ့အတွက် ကြိုဆိုအားပေးပါတယ်။ ကောင်းတဲ့အလုပ်ကို နည်းနည်းလုပ်ရင် နည်းနည်းကြိုဆိုပါတယ်။များများလုပ်ရင် များများကြိုဆိုမယ်လို့ ဆိုချင်ပါတယ်။ တခါပြောပြီး ပျောက်သွားတာမျိုးမဟုတ်ဘဲတရားမျှတမှု ပေါ်ပေါက်တဲ့ အထိ ဇွဲသတ္တိရှိရှိ ဆက်လက်ဆောင်ရွက်သွားမလားဆိုတာကို ကျနော်တို့စောင့်ကြည့်ပြီးအားပေးချင်ပါတယ်။ ဖြူနှင်းထွေးကိစ္စမှာ ပျက်ကွက်မှုဟာ ၈၈ ငြိမ်းပွင့်အတွက် ရှက်စရာ အဖြစ်အပျက်ဖြစ်ပါတယ်။အဲဒီအမည်းစက်ကို ကိုပါကြီး အဖြစ်အပျက်မှာ ပြန်လည်ပယ်ဖျက်နိုင်ဖို့ မျှော်လင့်ချင်ပါတယ်။

ဒီတပွဲမှာတာဝန်မကျေသူတွေက စာနယ်ဇင်းသမားတွေ ဖြစ်ပါတယ်။ သတင်းသမားတယောက် မတရားသက်သက် အသတ်ဖြတ်ခံလိုက်ရတာတောင်သတင်းသမားတွေ နှာစေးနေကြတယ်။ ကိုပါကြီးက သူပုန်ဆိုတဲ့ အစိုးရဝါဒဖြန့်ချိချက်အောက်မှာမှိုင်းမိနေတာကို အံ့သြစရာတွေ့နေရတယ်။ ကိုပါကြီး သူပုန်ဖြစ်ကြောင်း ကေကေအို တပ်ဖွဲ့ဝင်ဖြစ်ကြောင်းအစိုးရဘက်၊ စစ်တပ်ဘက်က ဘာသက်သေ ဘာအထောက်အထားမှ မပြနိုင်ဘူး။ သက်သေအတုဖြစ်တဲ့ မမှန်ကန်တဲ့ဓါတ်ပုံကို ထုတ်ပြန်ကြေညာချက်ထဲ မှာ တွဲပြတယ်ဆိုတာကိုက သူတို့မှာ ခိုင်လုံတဲ့ သက်သေအထောက်အထားမရှိတာကိုဖော်ပြနေတယ်။ သူတို့ ဘက်က မမှန်ကန်တာ၊ မရိုးသားတာကို အထင်အရှားဖော်ပြနေတယ်။ ကိုပါကြီးသတင်းထောက်ဖြစ်ကြောင်း က သက်သေအထောက်အထားရှိတယ်။ ကိုပါကြီး ရေးခဲ့တဲ့ ဆောင်းပါးတွေသက်သေရှိတယ်။ ကိုပါကြီး သတင်းယူခဲ့တဲ့ အထောက်အထားတွေရှိတယ်။ အထောက်အထားရှိတဲ့ သတင်းသမားဘဝကိုမယုံဘဲ၊ အထောက်အထားမရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ဝင်ဆိုတဲ့ စွပ်စွဲချက်ကိုပဲအလေးအနက်ထားတဲ့ သတင်းသမားဟာ ဘယ်လိုသတင်းသမားတွေလဲလို့ မေးစရာဖြစ်နေတယ်။

အစိုးရနဲ့ဆက်ဆံရေးပျက်မှာစိုးလို့၊ အစိုးရနဲ့ မတည့်ရင် အင်တာဗျူးမရမှာ စိုးလို့၊ အရှေ့အာရှပွဲမှာသတင်းလုပ် ခွင့်မရမှာစိုးလို့၊ ဂျာနယ်ထုတ်ခွင့်မရမှာစိုးလို့၊ အက်ဖ်အမ်လိုင်းမရမှာစိုးလို့၊ရုပ်သံလွှင့်ခွင့်မရမှာစိုးလို့၊ အဲသလို စိုးလို့...စိုးလို့တွေကြောင့် မကန့်ကွက်ရဲတာဆိုရင်တော့ဒီသတင်းသမားတွေဟာ သတင်းသမားမပြီသတဲ့ သတင်းသမားတွေလို့ ဆိုရပါလိမ့်မယ်။ ဒီလိုသတင်းသမားတွေများနေတဲ့တိုင်းပြည်ဟာလည်း ကံဆိုးတယ်လို့ ပြောကြဖို့သာရှိပါလိမ့်မယ်။

တချိန်တည်းမှာပဲဒေါ်အောင်ဆန်းစုကြည်ရဲ့ သတိပေးပြောဆိုချက်ဟာ အောက်တိုဘာလ ၂၇ ၇က်နေ့မှာ ချိန်ကိုက်ထွက်ပေါ်လာပါတယ်။

အခုချိန်ဟာဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲစနစ်ကိစ္စတွေ အရေးကြီးတဲ့အချိန်ပါ။ဒီလိုအချိန်မျိုးမှာ အာရုံလွှဲတဲ့ဟာတွေကို သတိထားကြပါလို့ ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောဆိုချက်ဟာ နည်းနည်းမရှင်းမလင်းဖြစ်နေတယ်။ ကိုပါကြီးကိစ္စကို ပြောသလား၊ ဒါမှမဟုတ်အရင်ကဖြစ်ခဲ့ဖူးတဲ့ လူမျိုးရေး အဓိကရုဏ်းတွေထပ်ပေါ်လာမှာကို စိုးရိမ်လို့ ပြောသလား မသဲကွဲဘူး။အခုလောလော ဆယ်မှာတော့ ကိုပါကြီးကိစ္စက ရှေ့တန်းသိပ်ရောက်နေတဲ့ အတွက် ဒါကိုပဲ ရည်ရွယ်ပြောဆိုတယ်လို့ယူဆသူ တွေများတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာအရေးကြီးပါတယ်။ ပုဒ်မ ၄၃၆ တွင်မကပါဘူး။ တအုပ်လုံးပြင်ဖို့ အရေးကြီးပါတယ်။ ပီအာစနစ်အတင်းလုပ်ချင်နေတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ကာကွယ်တားဆီးဖို့က လည်း အရေးကြီးပါတယ်။ဒါပေမဲ့ ဒါတွေအရေးကြီးလို့ ကိုပါကြီးကိစ္စကို မေ့ထားလို့မရဘူး။ ကိုပါကြီးကိစ္စကို အာရုံလွှဲပေးတဲ့ကိစ္စလို့ထင်ပြီး ပစ်ထားလို့မရဘူး။ မြေသိမ်းယာသိမ်းကိစ္စတွေကိုအာရုံလွှဲပေးတဲ့ကိစ္စလို့ သဘောထားလို့မရဘူး။ အမျိုးသားပညာရေး ဥပဒေကန့်ကွက် ဆန္ဒပြမှုတွေကို အာရုံလွှဲပေးတဲ့ကိစ္စလို့သဘောထားလို့ မရဘူး။ ငြိမ်းချမ်းရေးပြဿနာကို အာရုံလွှဲပေးတဲ့ ကိစ္စလို့ သဘောထားလို့ မရဘူး။ဒီမတရားမှုတွေဟာ တခုနဲ့ တခုအကုန်ဆက်စပ်နေတယ်။ တခုလုပ်ပြီး တခုချန်ထားလို့ ပစ်ထားလို့မရဘူး။ အားလုံးတပြိုင်တည်း လုပ်ရမှာပါ။ အားလုံးတပြိုင်တည်းလုပ်ခြင်းအားဖြင့် ပိုပြီးအားကောင်းလာဖို့သာ ရှိတယ်။ အားမယုတ်ပါဘူး။ အားမလျော့ပါဘူး။ ကိုပါကြီးသတ်ဖြတ်မှုကို ကန့်ကွက်ဆန္ဒပြတဲ့အတွက်ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး၊ ပီအာတိုက်ဖျက်ရေးမှာ အားလျော့သွားစရာအကြောင်းမရှိဘူး။အားတိုးလာဖို့သာ ရှိတယ်။ စစ်အာဏာရှင်စနစ်ကို ဦးတည်တိုက်ခိုက်တဲ့ တိုက်ပွဲအားလုံးဟာတခုနဲ့တခု အပြန်အလှန်အကျိုးပြုပြီး အင်အား တိုးပွားစေပါတယ်။ အာရုံလွှဲပေးတာမလုပ်နဲ့ဆိုတဲ့အယူအဆဟာ ကိုပါကြီးကို ရည်ရွယ်ပြောတာသာဖြစ်ခဲ့ရင် တော်တော်မှားယွင်းတဲ့ အယူအဆလို့ဆိုချင်တယ်။၄၃၆ ပြင်ရမှာမို့ အရေးကြီးလို့ ကျန်တဲ့နေရာ တွေမှာ ငုံ့ခံမနေနိုင်ပါဘူး။ ဒါတွေဟာ တတွဲတည်း၊တဆက်တစပ်တည်း လုပ်လို့ရတဲ့ အရာတွေဖြစ်တယ်။ ဒါတွေဟာ စစ်အာဏာရှင် တစုတည်း တဖွဲ့တည်းက လုပ်နေတာဖြစ်တယ်။အဲဒီတစုတည်း တဖွဲ့တည်းကို တိုက်ခိုက်တဲ့ လုပ်ရပ်မှန်သမျှဟာ တခုနဲ့တခုအားပေးကူညီနေတာသာဖြစ်တယ်။ အာရုံလွှဲတယ်ဆိုတာဟာ လူမျိုးရေး အဓိကရုဏ်းလိုဟာမျိုးကသာ လမ်းလွဲကို ပို့ဆောင်လို့ရပါတယ်။အဲဒါမျိုးနဲ့သာ အာရုံလွှဲလို့ ရပါတယ်။ အဲဒါမျိုးကသာ ဖိနှိပ်ချုပ်ချယ်သူတွေဆီရောက်နေတဲ့အာရုံကို တခြားလွှဲပစ်လိုက်တာလို့ ဆိုနိုင်တယ်။

ကိုပါကြီးကိစ္စကန့်ကွက်ဆန္ဒပြရေး၊ကချင်အမျိုးသားတွေရဲ့ ဆွန်လွတ်ရွယ်ဂျာအမှုအတွက် အသစ်တဖန် တောင်းဆိုဆန္ဒပြပွဲတွေ၊ အမျိုးသားပညာရေးဥပဒေကန့်ကွက်ဆန္ဒပြပွဲ၊ မြေသိမ်းယာသိမ်းကန့်ကွက်ဆန္ဒပြပွဲ၊ ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြပွဲ၊အနာ့ခစ်လူငယ်တွေရဲ့ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဦးသိန်းစိန်အစိုးရ နုတ်ထွက်ရေးတောင်းဆိုဆန္ဒပြပွဲ ဒါတွေအားလုံးဟာ ဒီမိုကရေစီအရေးဆီဦးတည်တဲ့ တောင်းဆိုလှုပ်ရှားမှုတွေဖြစ်တဲ့အတွက် အားလုံးကို နေရာအသီးသီး လူအသီးသီး အဖွဲ့အစည်းအသီးသီးက တောင်းဆိုတိုက်ပွဲဝင်ကြပြီးတချိန်မှာ အားလုံးစုစည်းညီညွတ်ကြခြင်းဖြင့်သာ အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။

လွှတ်တော်နိုင်ငံရေးသက်သက်နဲ့ မလုံလောက်တာကိုတော့ ပြည်သူအများနားလည်နေကြပါပြီလို့ ဆိုချင်ပါတယ်။
ဇော်ဝင်း။ ၈၈ ကျောင်းသားဟောင်း။

0 comments:

Post a Comment