Sunday, November 9, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (၁) ဒေါက်တာလှကျော်ဇော

0 comments

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)
မာတိကာ
စာရေးသူ၏အမှာစာ
ဆောင်းပါးအမှတ်(၁) မေ့ကျန်ခဲ့သူများ
(၂) ၁၃ဝဝ ပြည့်အရေးတော်ပုံ
(၃) အဘိုး အဘွား
(၄) ရဲဘော်သုံးကျိပ်
(၅) ဗိုလ်ရန်အောင်
(၆) ဗိုလ်စကြာ
(၇) ယိုးဒယားမှ ရဲဘော်များ
(၈) ဖေဖေ့အစ်ကိုကြီး - ဦးပု
(၉) ဗိုလ်မှူးစိန်မှန်
(၁ဝ) ဒေါက်တာဦးဘသန်း
(၁၁) ဘီ-အိုင်-အေ ခေတ်
(၁၂) ဘီ-ဒီ-အေ ခေတ်
(၁၃) ငယ်ကအချစ်
(၁၄) ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ
(၁၅) မေမေရဲ့ချစ်ဒုက္ခများ
(၁၆) ကြင်စဦးကာလများ
(၁၇) “မုန်း၍မဟူ” မှဇာတ်လိုက်များ
(၁၈) မေမြို့ အထူးဗိုလ်သင်တန်း
(၁၉) မိဘဘိုးဘွားမေတ္တာ
(၂ဝ) ရခိုင်ရိုးမကအပြန်
(၂၁) ဖေဖေမမေ့နိုင်တဲ့ မိတ္ထီလာမြို့
(၂၂) ဖေဖေနှင့် ပြည်တွင်းစစ်
(၂၃) ရည်ရွယ်ချက်တူသူများ
(၂၄) ဗိုလ်နေဝင်းရဲ့ တကိုယ်ရေ ကြီးပွားလိုမှု
(၂၅) ဆိုရှယ်လစ်တပ်မှူးများ-အပိုင်း(၁) ဗိုလ်အောင်ကြီး
(၂၆) ဆိုရှယ်လစ်တပ်မှူးများ-အပိုင်း (၂) ဗိုလ်မောင်မောင်
(၂၇) အသက် (၁ဝဝ)ပြည့် ဗိုလ်လက်ျာ
(၂၈) သမိုင်းမှေးမှိန်ခြင်းခံနေရဆဲ ဗိုလ်ဇေယျ
(၂၉) မင်္ဂလာဒုံ
(၃ဝ) ဦးလေး-ကိုကြီးမြင့်
(၃၁) ဖေဖေရဲ့နိုင်ငံ ခြားခရီးများ
(၃၂) မေမြို့သို့မဟုတ် ပြင်ဦးလွင်
(၃၃) သူတည်းတယောက် ကောင်းဖို့ရောက်မူ
(၃၄) ဖေဖေ့အမှုကိစ္စ
(၃၅) အရပ်သားဘဝ ခံယူခြင်း
စာရေးသူ၏ အမှာစာ
ဖေဖေက သူကိုယ်တိုင်ရေး အထုတ္တပ္ပတိကို ၂ဝဝ၃ ခုနှစ် (ဖေဖေအသက် ၈၄ နှစ်)ကစပြီး အပိုင်းများခွဲရေးသားခဲ့ပါတယ်။ အပိုင်းတပိုင်းပြီးတိုင်း ပါတီရဲ့ဝက်ဘ်ဆိုက် www.co-burma.org မှာတင်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ အပိုင်း(၅) (၁၉၇၆ ခုနှစ်ဖေဖေပါတီဆီ ပြန်ရောက်ချိန်)မှာ အဆုံးသတ်လိုက်ပါတယ်။
ဝက်ဖ်ဆိုက်ပေါ် စတင်ကတည်းက ကူးယူဖြန့်ချိပေးသူများ ရှိခဲ့ပါတယ်။ စာအုပ်အဖြစ်လည်း  အကြိမ် ကိ မ် ထုတ်ဝေပေးခဲ့ကြပါတယ်၊ ပထမအပိုင်း(၄)ပိုင်းကို စုပြီး ပထမအတွဲအဖြစ် ပြည့်သူ့ဘက်တော်သားများ ဓူဝံစာပေက ထုတ်ဝေပေးခဲ့ပြီး အပိုင်း(၅)ပိုင်းစလုံးကိုစုပြီး ဓူဝံစာပေကပဲ (ကိုယ်တိုင်ရေးအထုတ္တပ္ပတိပေါင်းချုပ်)အဖြစ် ထုတ်ဝေပေးခဲ့ပါတယ်၊ အဲဒီစာအုပ်ကိုပဲ ပြည်တွင်းမှာ ဖြိုးမောက်သာစာပေက ၂ဝ၁၂ ခုနှစ်မှာ ထုတ်ဝေပေးခဲ့ပါတယ်။
လွတ်လပ်တဲ့အာရှအသံ RFA ကလည်း ၂ဝဝ၈ ခုနှစ်အောက်တိုဘာလမှစပြီး၂ဝဝ၉ ခုနှစ် သြဂုတ်လအထိ အပတ်စဉ်ကဏ္ဍအဖြစ် ဒီစာအုပ်ကို ဖတ်ကြားထုတ်လွှင့်ပေးခဲ့ပါတယ်။
ဖေဖေရဲ့ဒီစာအုပ် စထွက်ကတည်းက ရဲဘော်များ မိတ်ဆွေများ လုပ်ဖော်ကိုင်ဖက်ဟောင်းများက ဝိုင်းအားပေး ထောက်ခံကြပြီး ကျန်ခဲ့တဲ့ အချက်အလက်များ ထည့်သင့်ထည့်ထိုက်တဲ့အကြောင်းအရာများကို ထောက်ပြပြီးဝေဖန်ရေးလည်း ပေးကြပါတယ်။ အသက်အရွယ်ကြောင့် ဖေဖေက ဆက်မရေးနိုင်တော့ပဲ ကျွန်မကပဲ ၂ဝဝ၉ ခုနှစ်ကစလို့ အဲဒီ ကျန်ကောင်းကျန်ရာတွေ (တချို့အကြောင်းအရာတွေကတော့ အဲဒီကာလ နိုင်ငံရေးအခြေအနေကြောင့် ဖေဖေက တမင်ချန်ထားခဲ့တာပါ)ကို တဖြည်းဖြည်းစုဆောင်းပြီး(ကျွန်မဆက်၍ ရေးချင်သော ဖေဖေ့အကြောင်းများ)ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးစဉ်ကို နံပါတ်တွေထိုးပြီး တတ်နိုင်သမျှ ခုနှစ်သက္ကရာဇ်အစဉ်လိုက်ရေးလာရာမှာ အခုတော့ ဆောင်းပါးအမှတ် (၃၅) ၁၉၅၇ ခုနှစ် ဖေဖေ တပ်မတော်ကပင်စင်ယူရတဲ့ကာလအထိ အကြောင်းအရာတွေကို ရေးပြီးသွားပါပြီ၊ ဖေဖေရဲ့ အဲဒီစာအုပ်ကိုအခြေခံပြီးရေးတာပါ၊
ဆောင်းပါးအမှတ်(၁)ကနေ ဆောင်းပါးအမှတ်(၁၉)အထိကို ကျွန်မတို့ပါတီကရဲဘော်များဦးဆောင်လုပ်ခဲ့တဲ့ အရှေ့မိုးကောင်းကင် ဝက်ဘ်ဆိုက် www.crystalthinktank.com မှာတင်ခဲ့ပြီး ဆောင်းပါးအမှတ် (၂ဝ)မှစလို့ အမှတ်(၃၁)အထိကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ၏ကြွေးကြော်သံ အရေးတော်ပုံဂျာနယ်မှာ ဆက်တိုက်ရေးသားခဲ့ပါတယ်။
ဖြိုးမောက်သာစာပေကပဲ အဲဒီဆောင်းပါးတွေ စာအုပ်တအုပ်စာရရင် စာအုပ်ထုတ်ပါရစေလို့ကမ်းလှမ်းလာလို့ ရေးပြီးသမျှဆောင်းပါးတွေ ပြန်လည်စစ်ဆေးစုစည်းပြီး ဖေဖေကွယ်လွန်တာ နှစ်နှစ်ပြည့် (၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်) အထိမ်းအမှတ်အဖြစ်ထုတ်ဝေဖို့ စီစဉ်ပြီး ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)အဖြစ် ထုတ်ဝေလိုက်ပါတယ်။
ဒီနေရာမှာ စာဖတ်သူများကို ကြိုတင်တောင်းပန်စရာများရှိပါတယ်။
ကျွန်မက ဒီဆောင်းပါးများကို အင်တာနက်မှာ စ-တင်တာဖြစ်လို့ တချို့ဝက်ဘ်ဆိုက်တွေကတဆင့် ကူးယူဖော်ပြတာတွေရှိပါတယ်။ ကျွန်မကိုယ်တိုင်လည်း ၂ဝ၁၃ခုနှစ်က မေမေ့အမှတ်တရထုတ်ဝေခဲ့တဲ့ ‘အလွမ်းစာပန်းခြင်းလေး’ (နေရီရီစာအုပ်တိုက်)စာအုပ်မှာ တချို့ဆောင်းပါးများ ထည့်ခဲ့မိပါတယ်၊
အခုအခါ ဒီဆောင်းပါးများအားလုံးကို တစုတစည်းတည်းရှိစေချင်တာကြောင့် စုပေါင်းထုတ်တာပါ၊ ဒါကြောင့် စာဖတ်သူများအနေနဲ့ ဖတ်ပြီးသားဆောင်းပါးများ မလွဲမသွေပါလာနိုင်တာနဲ့ ခွင့်လွှတ်ပါရန်တောင်းပန်အပ်ပါတယ်။ ဒါ့အပြင် ဆောင်းပါးများအတွက် သက်ဆိုင်ရာ ဓာတ်ပုံများထည့်တဲ့အခါ အဆင့်ဆင့်ကူးယူရတာကြောင့်ရော ဓာတ်ပုံဟောင်းများဖြစ်တာကြောင့်ရော အရည်အသွေးမကောင်းလှပါ၊ သမိုင်းတန်ဖိုးဘက်ကပဲကြည့်ရန် တောင်းပန်ပါတယ်။
နောက်ဆုံး ကျေးဇူးစကားဆိုပါရစေ။
ဒီစာအုပ်ကိုထုတ်ဝေပေးတဲ့ ဖြိုးမောက်သာစာပေ၊ ဆောင်းပါးများကိုရိုက်နှိပ်ပေးတဲ့ စုဆောင်းပေးတဲ့ရဲဘော်များ၊ ဆောင်းပါးများကို ကူးယူဖော်ပြပေးခဲ့တဲ့ ပြည်ပက ဝက်ဘ်ဆိုက်များ၊ ဂျာနယ်မဂ္ဂဇင်းများ၊ ဆောင်းပါးများကို အဆက်မပြတ်ဝေဖန်ရေးပေးခဲ့ကြတဲ့ အမှားများကို ထောက်ပြပေးခဲ့ကြတဲ့ရဲဘော်များ၊ ဓာတ်ပုံဟောင်းများစုစည်းပေးတဲ့ ရဲဘော်များ၊ အားလုံး အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

လှကျော်ဇော
သြဂုတ်လ ၁၅၊ ၂ဝ၁၄။
ကျွန်မဆက်၍ရေးချင်သော အဖေဖေ့အကြောင်းများ
ဆောင်းပါးအမှတ်(၁)
မေ့ကျန်ခဲ့သူများ

(ဗိုလ်ချုပ်ကျော်ဇော၏ ကိုယ်ရေးအထုတ္တပ္ပတိအဆက်အဖြစ် ဗိုလ်ချုပ်ကျော်ဇော သက်ရှိထင်ရှားရှိနေစဉ်မှာ မေးမြန်းရရှိသမျှကို သမီးကြီးဖြစ်သူ ဒေါက်တာလှကျော်ဇောက ပြန်လည်ရေးသားတင်ပြသည့်ဆောင်းပါးများကို အခန်းဆက်အဖြစ် ဖော်ပြသွားပါမည်။ ဗမာပြည်နိုင်ငံရေးတွင် ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့ပြီးယနေ့ထက်တိုင် ပြည်သူ့ဒီမိုကရေစီရေးအတွက် အခွင့်သင့်တိုင်း စိတ်အားထက်သန်စွာ လမ်းညွှန်မှုပေးနေသောဗိုလ်ချုပ်ကျော်ဇောအား “အရှေ့မိုးကောင်းကင်မှ” ဂုဏ်ယူဝမ်းမြောက်စွာ ကျေးဇူးတင်ရှိပါတယ်။ ဤသို့ဖော်ပြမှု ရရှိခြင်းအတွက် ဗိုလ်ချုပ်ကျော်ဇော သက်တော်ရာကျော်ရှည်ပါစေကြောင်း “အရှေ့မိုးကောင်းကင်” ဝိုင်းတော်သားများက ဆုတောင်း လိုက်ပါတယ်။)
           
ဖေဖေက သူ့ရဲ့ကိုယ်ရေး အထုတ္တပ္ပတိရေးတော့ အသက် ၈ဝ ကျော်ပါပြီ။ အရင်က ရေးသားထားတဲ့ ဆောင်းပါးတွေ၊ ကိုယ်တွေ့အတွေ့အကြုံ အကြောင်းအရာတွေ၊ နေ့စဉ်မှတ်တမ်းတွေ အတော်များများရှိနေလို့ အသင့်အတင့်ပြည့်စုံအောင်ရေးနိုင်တာ ဖြစ်ပါတယ်၊ တခါတလေ သူက စာရေးနေရင်း တချို့အဖြစ်အပျက်တွေကို အတိအကျမမှတ်မိဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ “သူရှိတုန်းက ရေးဖြစ်ရင်သိပ်ကောင်းမှာပဲ”လို့ ညည်းတွားတတ်ပါတယ်၊ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားတဲ့မေမေ့ကို ရည်ညွှန်းပြောဆိုတာပါ။ မေမေက မှတ်ဉာဏ်အလွန်ကောင်းပြီး ဖေဖေ သွားလေရာနောက် တကောက်ကောက်ပါသူလည်းဖြစ်လေတော့ အကြောင်းအရာတော်တော်များများကို မှတ်မိတတ်ပါတယ်။ ဒါကြောင့် ဖေဖေက မေမေ့ကို တသမိတာပါ။
ဖေဖေ့စာအုပ်ထွက်လာတော့ ဖတ်ရတဲ့သူတော်တော်များများက ဖေဖေပါးစပ်နဲ့ပြောပြဖူးတဲ့အကြောင်းအရာ တော်တော်များများကို ပါမလာလို့ဆိုပြီး မေးကြမြန်းကြပါတယ်၊ ကျွန်မကိုလည်း ဖေဖေ့စာအုပ်ထဲက မေ့ကျန်ခဲ့တဲ့အကြောင်းအရာတွေကို ဆက်ရေးခိုင်းပါတယ်။ ဒါကြောင့် ကျွန်မ အခု အသက် ၉ဝ ပြည့်တော့မယ်ဖေဖေ့ကို ဟိုကိစ္စလေးမေးလိုက်၊ ဟိုလူဒီလူအကြောင်း ပြောခိုင်းလိုက်နဲ့ သူပြောပြသမျှတွေကို ပြန်ဖောက်သည်ချလိုက်ရပါတယ်။
ဖေဖေက သူ့ကို မျိုးချစ်ပြည်ချစ်စိတ်သွင်းပေးတဲ့ အဓိကပုဂ္ဂိုလ်ဟာစာရေးဆရာကြီး‘မဟာဆွေ- ဖြစ်တယ်လို့ဆိုပါတယ်။ သူရန်ကုန် ဆရာဖြစ်သင်တန်းတက်နေတုန်းမှာ စာကြည့်တိုက်များက စာအုပ်များ အမြဲမပြတ်ငှားဖတ်ရာမှာ သူအစွဲလမ်းဆုံးစာအုပ်များဟာ ဆရာကြီးမဟာဆွေရဲ့စာအုပ်များ ဖြစ်တယ်လို့ဆိုပါတယ်။ ဆရာကြီးရဲ့စာအုပ်တွေဟာ သူ့ဘဝရှေ့ခရီးအတွက် အလွန်ကောင်းမွန်တဲ့ အုတ်မြစ်တွေကို ချပေးခဲ့တယ်တဲ့။ တိုင်းချစ်ပြည်ချစ်စိတ်ခိုင်ခိုင်မာမာဝင်အောင် အကျင့်စာရိတ္တကောင်းမွန်အောင် ကျန်းမာရေး လိုက်စားချင်လာအောင် စတဲ့ အလွန်ကောင်းမွန်တဲ့စိတ်ဓာတ်တွေကို သွင်းပေးခဲ့တယ်လို့ဆိုပါတယ်။
၁၃ဝဝပြည့် အရေးတော်ပုံအပြီး ဒဏ်ရာရတဲ့ကျောင်းသားတွေကို စုပြီးဂုဏ်ပြုတဲ့အခမ်းအနားတခုမှာ ဆရာကြီးမဟာဆွေကို ကိုယ်တိုင် တွေ့ဖူးသိရှိလိုက်ရပြီး အဲဒီအချိန်ကစလို့ ဆရာကြီးအိမ်ကို ဝင်ထွက်သွားလာပြီး ဆုံးမသြဝါဒများ မပြတ်ခံယူတယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် ဂျပန်ပြန် ဗိုလ်ကျော်ဇောဖြစ်လာတော့လည်း ဆရာကြီးမဟာဆွေအိမ်ကို အဆင်သင့်ရင်သင့်သလို သွားရောက်ပြီး အကြံဉာဏ်တွေဆုံးမစကားတွေကို နာယူခဲ့တယ်လို့ဆိုပါတယ်။
ဆရာကြီးမဟာဆွေရဲ့ ကိုယ်တိုင်ရေးအထုတ္တပ္ပတိဖြစ်တဲ့“မဟာဆွေရဲ့မဟာဆွေ”ဆိုတဲ့ စာအုပ်ထဲမှာလည်း ဖေဖေ့အကြောင်းတွေ နည်းနည်းပါးပါး ရေးထားတာတွေ့ရပါတယ်၊
ဖေဖေ စစ်တပ်က ပင်စင်ယူပြီးကျွန်မတို့မိသားစုတွေ စမ်းချောင်းအိမ်ရောက်လာတော့ ဆရာကြီးရဲ့ ကျန်ရစ်သူဇနီးဒေါ်ကြည်ကြည်နဲ့ ဆရာကြီးရဲ့သမီးကြီး ဒေါ်ခင်ဆွေဦးတို့ လာလည်ကြတဲ့အခါ ဒေါ်ကြည်ကြည်က ဖေဖေ့ကို “ကိုရေì”လို့ခေါ်ပြီး၊ ဒေါ်ခင်ဆွေဦးကတော့ “ကိုကိုရွှေ”လို့ ခေါ်ပါတယ်။ ဖေဖေ့ကို ဒီလိုခေါ်သူနည်းပါတယ်။ ဒါက ဖေဖေဟာ သူတို့မိသားစုနဲ့ ဗိုလ်ကျော်ဇောမဖြစ်ခင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တယ်ဆိုတာ သိသာနိုင်ပါတယ်၊
ဒါကတော့ ဖေဖေရဲ့ဆရာရင်း ဆရာကြီးမဟာဆွေအကြောင်း သူ့စာအုပ်ထဲ ထည့်မရေးဖြစ်ခဲ့မိဖူးလို့ဆိုပြီးပြောခဲ့တဲ့ အကြောင်းတွေပါ။
နောက်တယောက် သူပြောပြဖို့မေ့နေသူတဦးကတော့ လက်သီးပုန်းသခင်ဘတင်လို့လူသိများတဲ့ ဗိုလ်ကြီးဘတင်ပါ၊
ဗိုလ်ကြီးဘတင်ဟာ ဖေဖေ ဂျပန်ခေတ် ၁၉၄၃-၄၄ ခုနှစ်က ပဲခူးစံပြကျောင်းမှာ ကျောင်းအုပ်လုပ်စဉ်က စတင်သိရှိခဲ့တာပါ။ အဲဒီတုန်းက ဗိုလ်ကြီးဘတင်က သခင်ဗတင်ဆိုပြီး တို့ဗမာအစည်းအရုံးရဲ့ နာမည်ကြီးသခင်တဦးအဖြစ် ကျော်ကြားပြီးသူပါ။ ဒါကြောင့် ဗိုလ်ကြီးဘတင် မျက်စိထဲမှာ ဂျပန်ပြန်ဆိုပြီးနာမည်ကြီးလာနေတဲ့ဖေဖေတို့ကို ဂျပန်စိတ်ဝင်နေတယ်ဆိုပြီး ကြည့်မရဖြစ်နေဟန်ရှိပါတယ်။ ဖေဖေက အသက်အရွယ်ကလည်း ၂၅-၂၆ လောက်ပဲရှိသေးတော့ မလောက်လေးမလောက်စားလေး တွေလို့သဘောထားပြီး စံပြကျောင်းကချထားတဲ့ ကျောင်းစည်းကမ်းတွေကို အမျိုးမျိုးချိုးဖောက်ပြီး အရွဲ့တိုက်တတ်သတဲ့။
ဖေဖေတို့က ကျောင်းသားတွေ ည အပြင်မထွက်ရ၊ ညနောက်ဆုံးအချိန် ဘယ်အချိန်မှာ ဘားတိုက်တွေမှာရှိရမယ်လို့ စည်းကမ်းသတ်မှတ် ထားပေမယ့် ဗိုလ်ကြီးဘတင်က ည အပြင်ထွက်လည်တတ်ပြီး၊ ညအချိန်မတော်မှ ပြန်လာတတ်ပါသတဲ့။ ဖေဖေက ညကင်းတွေ လှည့်စစ်ချိန်မှာ သူပြန်လာတာနဲ့တိုးရင် ဖေဖေက မမြင်ချင်ယောင်ဆောင်ပေမယ့် သူက ဖေဖေမသိ သိအောင် ချောင်းဟန့်လိုက် အသံပေးလိုက် လုပ်တတ်သတဲ့။ သူက အဲသလိုမျိုး အရွဲ့တိုက်တာပါ။
သူက ဖေဖေ့ကို ကြည့်မရပေမယ့် ဖေဖေကတော့ သခင်ခေါင်းဆောင်ဟောင်းကြီးတွေဆိုပြီး တလေးတစားဆက်ဆံ၊ ကျောင်းအုပ်ချုပ်ရေး ကော်မတီထဲမှာထည့်၊ သူ့ဆီကအကြံဉာဏ်တွေတောင်းနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံတော့ နောက်ပိုင်းမှာ အတော်ရင်းနှီးခင်မင် သွားကြပြီး ဂျပန်တော်လှန်ရေးအတွင်းမှာတော့ တိုင်း ၄ စစ်ကော်မတီအတွင်း တာဝန်တွေထမ်းဆောင်ခဲ့ကြတဲ့အခါမှာတော့ အတော် သင့်မြတ်ပြေလည်သွားခဲ့ကြတယ်လို့ဆိုပါတယ်။
နောက်ပိုင်း လွတ်လပ်ရေးခေတ် ဖေဖေတိုင်းမှူးဖြစ်တော့ သူက စီးပွားရေးနယ်ပယ်ထဲဝင်ရောက်ပြီးအတော်အောင်မြင်ခဲ့ပါတယ်။ အဲဒီကာလက ဖေဖေနဲ့တွေ့ချိန်မှာ “ဗိုလ်ကျော်ဇောရေ ကျုပ်တော့ ဒန်အိုးကုမ္ပဏီထောင်ထားတာ၊ ဒန်အိုးတွေရောင်းဖို့ဈေးကွက်လိုတယ်။ မလေးရှားကိုတိုက်ပေးဗျာ”လို့ ပြောဖူးတယ်တဲ့။
မဆလခေတ်မှာတော့ ဗိုလ်နေဝင်းရဲ့ မကြာခဏဖမ်းဆီးထောင်ချခြင်းကိုခံရပြီး ကိုကိုးကျွန်းတောင် ရောက်သွားရဖူးပါတယ်။ သူက ကိုကိုးကျွန်းကပြန်လွတ်လာတော့ ဒုလ္လဘရဟန်းခံပါတယ်။ သူလွတ်လာပြီကြားတော့ ဖေဖေနဲ့မေမေတို့ သူတို့အိမ်သွား နှုတ်ဆက်ပါတယ်။ သူက ရဟန်းဝတ်နဲ့ပါ။ သူ့ကို ဖေဖေက ဝတ်ပြုကန်တော့တော့ သူက အတော်ကျေနပ်ပြီး လာသမျှလူတွေကို “ကျုပ်ကို ဗိုလ်ကျော်ဇောက ကန်တော့သွားတယ်”လို့ တနေ့လုံး ပြောနေသတဲ့လေ။ သူ့သမီး စန်းစန်းတင် (အခု RFA မှာ အလုပ်လုပ်နေတဲ့)က ပြန်ပြောပြဖူးပါတယ်၊
သူ့ကို ဗိုလ်နေဝင်းက မဲရတဲ့အကြောင်းကတော့ ဗိုလ်ဘတင်ဟာ ဗိုလ်နေဝင်းက သူ့ပြိုင်ဖက်လို့သဘောထားတဲ့ဗိုလ်လက်ျာနဲ့ အတော် ရင်းနှီးတာကတကြောင်း၊ ဗိုလ်နေဝင်းအပေါ်လည်း အထင်မကြီး မလေးစားတာကတကြောင်းတို့ကြောင့် ဖြစ်ဟန်ရှိတယ်လို့ ဖေဖေက ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်ဘတင်ကြီးဟာ နောက်တတ်ပြောင်တတ်သူလည်းဖြစ်တော့ အကြောင်းသိမိတ်ဆွေတွေရှေ့မှာ ဗိုလ်နေဝင်းဂိုက်၊ ပုံစံတွေလုပ်ပြတတ်ပြီး ပြောင်တတ်လှောင်တတ်တာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ဒါတွေကို ဗိုလ်နေဝင်းက ပြန်ကြားဟန်ရှိပြီး ဒါတွေကြောင့် ဗိုလ်ဘတင်ကို မုန်းတီးဟန်ရှိတယ်လို့လည်း ဖေဖေက ပြောပြပါတယ်။
ဒါတွေကတော့ ဖေဖေဆက်ပြောပြတဲ့ သူ့စာအုပ်ထဲ ထည့်မရေးမိခဲ့တဲ့အကြောင်းအရာတချို့ပါ။
၅-၈-၂ဝဝ၉။

အမှားပြင်ဆင်ချက်။
ဗိုလ်ဘတင် ကိုကိုးကျွန်းအပို့ခံရချိန်မှာ အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆ဝ) မှာဖြစ်ပါတယ်။ မဆလခေတ်မဟုတ်ပါ။

0 comments:

Post a Comment