Tuesday, November 18, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော) ဆောင်းပါးအမှတ်(၆)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါးအမှတ်(၆)
ဆောင်းပါးအမှတ်(၆)
ဗိုလ်စကြာ
ရဲဘော်သုံးကျိပ်ဝင်များအကြား အချင်းချင်းဆက်ဆံရေးများကို ဖေဖေက ကျွန်မတို့ကို မကြာခဏပြောပြတတ်ပါတယ်။ ဒါကြောင့် သူနဲ့အတော်ရင်းနှီးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကို ကျွန်မတို့က သိရှိနေခဲ့ပါတယ်။ ဒါပေမယ့် ရဲဘော်သုံးကျိပ်ဝင်ဘဝကရော နောက်ပိုင်း အစောပိုင်းကာလများမှာရော သူနဲ့အတော်ရင်းနှီးခဲ့ပေမယ့် ဘယ်တော့မှ ကျွန်မတို့ကိုရော သူရေးသားခဲ့တဲ့အကြောင်းအရာ ဆောင်းပါး အမျိုးမျိုးမှာရောထည့်မရေးခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင်တဦးရှိခဲ့ပါတယ်။ သူကတော့  ဗိုလ်စကြာပါ။
ဖေဖေတို့ကို ဂျပန်ကို တသုတ်ပြီးတသုတ်လွှတ်ရာမှာ ပထမ ၃ သုတ်ဟာ သခင်ကိုယ်တော်မှိုင်းသခင်အဖွဲ့က ဖြစ်ပါတယ်။ ပြောရရင်တော့ လက်ဝဲနွယ်တွေပေါ့။ ဒီတော့ နောက်ဆုံးအသုတ်ဖြစ်တဲ့ စတုတ္ထသုတ်ကို သခင်ဗစိန်။ သခင်ထွန်းအုပ်အဖွဲ့က ရွေးလွှတ်ခဲ့ကြပါတယ်။ အဲဒီအဖွဲ့မှာ သခင်ထွန်းအုပ်က ပထမခေါင်းဆောင်၊ ဗိုလ်စကြာက ဒုတိယခေါင်းဆောင်အဖြစ် ဦးစီးလာခဲ့ကြပါတယ်။ (အဲဒီ စတုတ္ထအသုတ် ဟိုန်နန်ကျွန်းကိုရောက်လာတော့ သခင်ထွန်းအုပ်က နိုင်ငံရေးသင်တန်းတက်ဖို့ တိုကျိုမှာနေခဲ့ပြီး ဗိုလ်စကြာကလည်း စစ်သင်တန်းတက်ပေမယ့် စစ်လေ့ကျင့်ရေးတွေသိပ်စိတ်မပါလို့ သူတို့အဖွဲ့မှာ ဗိုလ်နေဝင်းကခေါင်းဆောင်ဖြစ်လာတာပါ)
အဲဒီအဖွဲ့ဟာ ဖေဖေတို့အသုတ်တွေထက် ရက်သတ္တပတ်အနည်းငယ် နောက်ကျနေလို့ အမီလိုက်ဖို့အပြင်းအထန်လေ့ကျင့်ရပါတယ်။ သူတို့ခမျာ အတော်ပင်ပန်းကြတယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလိုဖြစ်မယ်လို့ ကြိုတင်မှန်းဆထားတဲ့အတွက် ဖေဖေတို့အားလုံး မညည်းညူစတမ်း ညှိထားကြတယ်ဆိုပဲ။ ဒီလို ညှိထားတဲ့ကြားကပဲ တနေ့မှာ (ဘီအိုင်အေဝင်လာစဉ်က ဖာပွန်အနီးကျဆုံးသွားခဲ့တဲ့ ဗိုလ်ဉာဏ)ကိုမောင်မောင်က မခံမရပ်နိုင်လွန်းလို့ ထမင်းစားနေရာက ဗြုန်းခနဲထပြီး“ဟေ့ ပင်ပန်းလှချည်လား၊ ဒီလိုဆိုရင်ဖြင့် ပေါက္ကံပြည် ကြာရှည်မှ နန်းစံနိုင်ပါ့မလား”လို့ဂျပန်တွေရှေ့မှာ တခုခု အော်ပြောသလို ခပ်တည်တည်ပြောလိုက်လို့ ကျန်လူတွေက မချိပြုံးလေးတွေနဲ့ လိုက်ပြုံးနိုင်ခဲ့တယ်လို့ ဖေဖေက သူ့ဆောင်းပါးတစောင်မှာ ရေးခဲ့ဖူးပါတယ်။
အဲသလို စစ်သင်တန်းတွေတက်နေရာမှာ ဗိုလ်စကြာဟာ အသက်အရွယ်အရလည်း ကျန်လူငယ်များထက် အတန်အသင့်ကြီးပြီး လူငယ်များနဲ့လည်း လိုက်လျောညီထွေနေတတ်လို့ရော၊ လူငယ်များကို အကြံဉာဏ်ပေး ဆိုဆုံးမပြုမှုတွေလည်းရှိလို့ ကျန်လူငယ်အုပ်က သူ့ကို “အဘ”လို့ခေါ်ပြီး ရင်းရင်းနှီးနှီးဆက်ဆံခဲ့ကြတယ်။ လေးစားသမှုလည်းရှိခဲ့တယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။ ရဲဘော်တွေအချင်းချင်းကြား ဆက်ဆံရေးတွေမှာလည်း သူက အတော်ပျော့ပျောင်းပြီး စေတနာထားလုပ်ဆောင်ပေးမှုကြောင့် ရဲဘော်တွေက သူ့ကို အတော်ချစ်ခင်ကြတယ်လို့ ဆိုပါတယ်။
နောက်ပိုင်း ဘီအိုင်အေဖွဲ့ပြီး ဗမာပြည်တွင်းစစ်ချီရာမှာ ဖေဖေဦးစီးချီတက်ခဲ့တဲ့ဖာပွန်စစ်ကြောင်းမှာ ဗိုလ်စကြာက ပါဝင်ခဲ့ပါတယ်။ လမ်းခရီးတလျှောက်မှာလည်း ဘာပြဿနာပဲပေါ်ပေါ် ဗိုလ်စကြာကိုပဲ အကူအညီအကြံဉာဏ်တောင်းခဲ့ရတယ်။ ဗိုလ်စကြာက လူမှုရေးအတွေ့အကြုံတွေရှိတော့ အကြံကောင်းဉာဏ်ကောင်းတွေပေးခဲ့တယ်လို့ ဖေဖေက ဆိုပါတယ်။
ဒီလိုနဲ့ဘီအိုင်အေခေတ်မှာ ဗိုလ်စကြာဟာ သံတမန်ကြီးတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဂျပန်တော်လှန်ရေးတွေ ဗမာပြည်မှာ ပေါ်ပေါက်လာတော့ ဂျပန်မှာသောင်တင်နေတဲ့ စစ်တက္ကသိုလ်တက်နေရတဲ့ ဗမာကျောင်းသားတွေကို ဂျပန်လက်နက်ချအပြီး ဗမာပြည် ပြန်ရောက်အောင် ကြိုးစားဆောင်ရွက်ခဲ့ဖူးပါတယ်။ (ဗိုလ်မှူးကြီးဟောင်းတင်မောင်ရေးတဲ့ “ဂျပန်ခေတ် စစ်ပညာသင်တဦး”မှာ ဖတ်ကြည့်ပါ။)
ဒါပေမယ့် ဗမာပြည်လွတ်လပ်ရေးရပြီး ဖဆပလအစိုးရတက်လာချိန်မှာတော့ သူဟာ တော်လှန်ရေးသမားတဦးထက် စီးပွားရေးဘက် ရောက်သွားပြီး လိုင်စင်ခေတ်နောက် ကောက်ကောက်ပါအောင်လိုက်သွားခဲ့တယ်။ ဖေဖေတို့လိုလူမျိုးနဲ့ တဖြည်းဖြည်း ဝေးသွားခဲ့တယ်လို့ ဖေဖေက ပြောပြပါတယ်။ ဒီလိုနဲ့ဗိုလ်စကြာဟာ သူဌေးကြီးဖြစ်သွားပြီး ရုပ်ရှင်မင်းသမီးဝင်းမင်းသန်းနဲ့ လက်ဆက်ခဲ့ပါတယ်။
ဖေဖေတပ်က ပင်စင်ယူပြီးနောက်ပိုင်း ၁၉၅ဝ ခုနှစ်များအကုန် ၆ဝ ခုနှစ်များ စမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာကဦးစီးပြီး ဂျပန်တော်လှန်ရေးနေ့များ၊ ဗမာ့လွတ်လပ်ရေးနေ့များစတဲ့ အထိမ်းအမှတ်နေ့များမှာ ရဲဘော်သုံးကျိပ်ဝင်များ၊ မိသားစုဝင်များ၊ တခြားတော်လှန်ရေးရဲဘော်ဟောင်းများ၊ မိသားစုဝင်များကိုစုစည်းပြီး သာဓုကန်နဲ့လှော်ကားကန်တို့ကို ပျော်ပွဲစားထွက်တတ်ပါတယ်။ အဲဒီကာလက ဗိုလ်လက်ျာကိုယ်တိုင်လည်း မုတ္တမကုမ္ပဏီကိုဖွင့်ပြီး စီးပွားရေး အတော်အောင်မြင်နေချိန်ဖြစ်ပါတယ်။ ညစာစားပွဲတွေ ဘာတွေလည်း ဟိုတယ်တွေမှာလုပ်တတ်ပါသေးတယ်။
အဲဒီကာလက ပွဲတပွဲအပြန်မှာ မေမေက ဖေဖေ့ကို စကားနာထိုးတဲ့ အဖြစ်အပျက်တခုကို ကျွန်မမှတ်မိနေပါတယ်။
မေမေက ဖေဖေ့ကို “နေပါဦး။ ရှင့်အဘက ရှင့်ကို နှုတ်တောင်မဆက်ပါလား။ အရင်တုန်းက ပါးစပ်က သား သားနဲ့ပါးစပ်ကမချခဲ့တဲ့သူက အခု မျက်နှာချင်းဆိုင် ထမင်းထိုင်စားနေတာတောင် နှုတ်မဆက်ပါလား”လို့ပြောပါတယ်။ “သြော် သူက တို့ကို တောင်းနိုးနိုးရမ်းနိုးနိုး ထင်နေဟန် ရှိပါတယ်ကွာ”လို့ဖေဖေက ခပ်အေးအေးပြန်ဖြေပြောခဲ့ဖူးပါတယ်။ “တို့လူတချို့ကလည်း သူ့ကို အဘအဘနဲ့ ဝိုင်းတောင်းရမ်းကြတာလည်း များတယ်လေ”လို့ ဖြေပြောလေးပြောပါတယ်။
ကျွန်မနောက်မှ မေမေ့ကိုမေးကြည့်တော့ ဘီအိုင်အေကာလက ဖေဖေ့ကို ဗိုလ်စကြာက သား သားလို့ခေါ်ခဲ့ပြီး ဖေဖေ့အရှိန်နဲ့ စီးပွားရှာခဲ့တယ်ဆိုပဲ။ အဲဒီကာလကတည်းက ဗိုလ်စကြာက အတော်စုမိဆောင်းမိနေပြီတဲ့။ ဖေဖေကလည်း အဲဒီတုန်းက အောက်ဗမာပြည် တာဝန်ခံဖြစ်တာကိုး။ အဲဒီ ဖေဖေနဲ့မေမေ့စကား အချေအတင်ပြောတဲ့နေ့တုန်းကတော့ ဗိုလ်လကျာ်ဖိတ်တဲ့ထမင်းစားပွဲမှာ ဖေဖေနဲ့ တစားပွဲတည်းမျက်နှာချင်းဆိုင် ထိုင်နေတာတောင် ဗိုလ်စကြာက ဖေဖေ့ကိုနှုတ်မဆက်ခဲ့ဘူးတဲ့။
၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဖေဖေက ကြည့်မြင်တိုင်တောင်ပိုင်းနယ်မြေမှာ တသီးပုဂ္ဂလအမတ်လောင်းအဖြစ် ဝင်အရွေးခံတော့ ဗိုလ်စကြာက ဖဆပလ(တည်မြဲ) အမတ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမဲဆွယ်ပွဲတွေမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်ကြပါတယ်။ ဖေဖေ့ ရွေးကောက်ပွဲအောင်မြင်ရေးကော်မတီမှာ လာကူလုပ်ကိုင်ပေးနေတဲ့ဦးမျိုးညွန့်(အလုံမြို့နယ် စစ်ပြန်ရဲဘော်ဟောင်းများအသင်း)က တနေ့မှာ“ဗိုလ်ချုပ်-ဗိုလ်စကြာက တရားပွဲတွေမှာ တခြားလူတွေကိုသာဆော်နေတာ၊ ဗိုလ်ချုပ်ကိုတော့ တိုက်ခိုက်တာမတွေ့ရပါဘူး”လို့ဖေဖေ့ကိုပြောတော့ ဖေဖေက ရယ်မောပြီး“ဘယ်ပြောရဲပါ့မလဲဗျာ၊ ကျွန်တော်ပြန်တွယ်ရင် သူခံသွားရမှာပေါ့” လို့ ပြန်ပြောခဲ့ဖူးပါတယ်။
ကျွန်မအခု ဒီဆောင်းပါးကို ရေးဖို့စီစဉ်တော့ ဖေဖေ့ကို ဗိုလ်စကြာနဲ့ပတ်သက်ပြီးဖေဖေဟိုတုန်းကပြောဖူးတဲ့ဗိုလ်စကြာကိုတွယ်မယ့် အကြောင်းအရာက ဘာလဲလို့မေးကြည့်တော့ ဖေဖေက“ဘာလုပ်မလို့လဲ သမီးရယ်၊ သေတဲ့လူတွေလည်း သေကုန်ကြပြီပဲ”လို့ စိတ်မကောင်းသံနဲ့ပြောပါတယ်။ ကြည့်ရတာ ဖေဖေက တချို့ကိစ္စတွေကို ဘယ်သူ့အတွက်မှအကျိုးမရှိဘူးလို့ထင်ရင် သူနဲ့တပါတည်း ယူသွားဖို့စဉ်းစားထားပုံရပါတယ်။ ကွယ်လွန်ပြီဖြစ်တဲ့ သူ့ရောင်းရင်းတွေကိုလည်း ပြည်သူလူထုကို အကြီးအကျယ်ဒုက္ခပေးခဲ့သူမဟုတ်ရင် သူခွင့်လွှတ်နိုင်ပုံရပါတယ်။

0 comments:

Post a Comment