Sunday, November 2, 2014

၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၃(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ အောက်တိုဘာ နောက်ဆုံးပတ်မှာ ရေုးုဖြစ်တဲ့တိုနန့်နန့်လေးတွေ-၃(မျိုးမြင့်ချို)
(မအံ့သြပေမယ့်ချစ်မပြယ်)
တွေ့တယ်။ ပြီးပြီ။ တွေ့ပြီးပြီ။ "မအံ့သြဘူး"တစ်ခွန်းနဲ့ ပွဲပြတ်တယ်။ တွေ့ချိန်နဲ့ ၁၄ ဦးနဲ့ ပျမ်းမျှနှုန်းဆိုတော့ တစ်ယောက် မိနစ်လောက်ပြော။ နောက်တကြိမ်တွေ့ကြရန် သဘောတူပါသည်လို့ အတူတူပြောတယ်။ "ငါတို့က ဒီမိုကရေစီတွေ ပါတီတွေ လွှတ်တော်တွေ လုပ်နေကြတာဆိုတော့ မကောင်းဘူး ဒီတပွဲမင်းထွက်ပြီး ဒဲ့ကိုင်ထည့်လိုက်"ဆိုပြီး လက်သပ်မွေး ကာချုပ်လေးကို ထွက်ရင့်ခိုင်းလိုက်တဲ့သဘော။ သိန်းစိန်ကတော့ "မိဘပြည်သူများ ခင်ဗျား"အစချီတဲ့မိန့်ခွန်းထဲ ထည့်အမြတ်ထုတ်မယ်။ ဒေါ်စုကတော့ ထုံးစံအတိုင်း တုံဏှိဘောချင်ဦးတောင် ဘေးလူတွေပါတော့ အီလည်လည်လုပ်နေလို့မရဘူး။ သူ မပြောလည်း ဦးခွန်ထွန်းဦးဆီကနေ အစထွက်လာနိုင်စရာအကြောင်းရှိတယ်။ ကျနော်ခန့်မှန်းမိတဲ့ "စစ်အမတ်အစိတ်သားနည်းနည်းလျှော့တာနဲ့ PR အလဲအထပ်"လုပ်မယ်တွေးမိတယ်ဆိုတာ လုံးလုံးမမှန်ဘူး။ တက်တက်စင်အောင်လွဲတာပဲ။ "ဘာမှလည်းမလျှော့ဘူး ၄၃၆ ပြင်ပေးပါကိစ္စ အသံတောင်မကြားချင်ဘူး"လို့များ ဓါးကြိမ်းကြိမ်းလိုက်လေရော့သလား။ လွှတ်တော်လှေကားထစ်တွေပေါ်မှာ အမြဲလိုလိုမော့ထားတတ်တဲ့မျက်နှာ ဒီတခါ မသာမယာရှိလှတယ်။ ပုံကို ကိုကျော်စွာမြင့်ဆီကယူပါတယ်။

(အစွန်း ၂ ပါးနဲ့ မတိုက်အခံ)
ခုန ပြည်တွင်းက လူငယ်တယောက်က မေးစရာရှိလို့စကားခံပြီး ခုမေးတယ်။ တခုကဦးလေး လက်ဝဲစွန်းတို့ လက်ယာစွန်းတို့ဆိုတာ ဘာလဲတဲ့။ နောက်တခုကအစိုးရ ကာချုပ် လွှတ်တော်ခေါင်းဆောင်တွေနဲ့ အတိုက်အခံတွေ တွေ့တော့မယ့်အပေါ် ဘယ်လိုမြင်သလဲတဲ့။လက်ဝဲစွန်းဆိုတာ မလုပ်သင့်တဲ့အချိန်မှာ ထလုပ်တာကိုပြောတာပဲ။ လက်ယာစွန်းဆိုတာ လုပ်သင့်တဲ့အချိန်မှာ မလုပ်ပဲနေတာကိုပြောတာလို့ အတိုမှတ်ထားရင်ရမှာပါပဲ။ ပိုသိဖို့တော့ စာပိုဖတ်ပိုလေ့လာရမှာပါ။ ဒုတိယအမေးကိုတော့ ဒီမနက်နဲ့ မနေ့က စတေးတပ်စ်တွေမှာရေးပြီးပါပြီ။ တခုပဲ အစိုးရ ကာချုပ် လွှတ်တော်ခေါင်းဆောင်တွေနဲ့တွေ့တာ အတိုက်အခံက တစ်ယောက်တည်းပါ။ အတိုက်အခံတွေမဟုတ်ပါ။ ဦးခွန်ထွန်းဦးတယောက်သာ အတိုက်အခံပါပါတယ်။ ဒေါ်စုက အတိုက်အခံလို့ပြောတာမကြိုက်ပါလို့ပြန်ဖြေဖြစ်ပါတယ်။

(ကိုပါကြီးနဲ့ ၁၄ ပွင့်)
၈၈-ငြိမ်းပွင့်တွေ ကိုပါကြီးကိစ္စမှာ ထွက်လာတယ် အသံပြန်မြည်လာတယ်။ ဗိုလ်သိန်းစိန်တို့က ဂရုတမ မဟုတ်တောင် မသိကျိုးကျင်နေလို့မရမှန်းသိသွားတယ်။ ၄၃၆ ပြင်ရေးကိစ္စ ကိုမင်းကိုနိုင်ပြောလိုက်တာ လူထုတိုက်ပွဲတပ်လှန့်သံမဟုတ်ပေမယ့် စိန်ခေါ်သံစွက်တဲ့ မီးလှန့်သံချောင်းခေါက်တာပဲ။ ဒီတင် အမေရိကန်သံအမတ် ဖင်ကြားခဲညပ်တော့တာပဲ။ တရုတ်ကိုအမဲဖျက်ဖို့ စစ်အုပ်စုကို နသားပါးယားလုပ်နေတဲ့ ခုလိုအခါတော်သင့်ချိန်ကြီးမှာ လူထုတိုက်ပွဲဖြစ်ပြီး စစ်အုပ်စု ကဖြဲကရုန်းဖြစ်မှာ အန်ကယ်လ်ဆမ် ပိုစိုးရိမ်ဟန်ပူပန်ဟန်ပေါ်တယ်။ ၈၈-ငြိမ်းပွင့်တွေရဲ့မီးလှန့်သံကို ဒီမိုကရေစီမီးသတ်သမားကြီး အပြေးအလွှား မီးဘေးရှောင်မလောင်ခင်သွားတားပုံပဲ။ ကိုပါကြီးကိစ္စ ၈၈-ငြိမ်းပွင့်တွေထွက်လာလို့ ၁၄ ပွင့်ဆိုင် တွေ့ရတာဆိုတဲ့ကောက်ချက်ဆွဲမှုကိုတော့ ပြုံးမိတာပါပဲ။
(ဒိုင်ယာလော့ဂ်ဟာ ဒဏ်ရာတွေမလျှော့နိုင်ရင်)
တွေ့ကြတာတော့ တွေ့ကြပါ။ မတွေ့တာထက်စာရင်တွေ့တာက ကောင်းတာပါပဲ။ ဒါပေမယ့်တွေ့ပြီးရင် ဘာဆိုတာလေးတော့ပြောပါ။ အတိအလင်းထုတ်ပြန်ပါ။ ဗိုလ်သိန်းစိန်က သမ္မတကြီးယုံတယ်ဆိုတာလေးတခွန်းရယ် နှစ်ယောက်တွဲပုံလေးတပုံရယ်နဲ့တင် ကမ္ဘာပတ်ပြုပြင်ပြောင်းလဲရေးသမားကြီးဇာတ် ခင်းလို့ရသွားသေးတာ။ ဒီပွဲကတော့ အချီကြီးဆွဲလိမ့်မှာ သေချာတယ်။ အုံနဲ့ကျင်းနဲ့ပဲ။ အသေအချာ အချိန်ကိုက်ပြင်ဆင်ပြီး လက်ရွေးစင်တွေနဲ့ ပွဲထွက်လာတာပဲ။ အပြင်မှာလည်း မဘသတွေကိုင်ပြီး သူ့လူတွေကို လှုပ်ခိုင်းထားတာပဲ။ လွှတ်တော်ထဲမလည်း စစ်အမတ်လျှော့ချရေးပုဒ်မ မပြင်နဲ့လို့ လုပ်ရုံတင်မကဘူးကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာ/လုံ)ရဲ့တာဝန်တွေမှာလွှတ်တော်တွေဖျက်သိမ်းဖို့ သင့်၊ မသင့် နိုင်ငံတော်သမ္မတကိုအကြံပြုရမည်ဆိုတဲ့ပြဋ္ဌာန်းချက်ကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲ ထည့်ပေးဆိုပြီး ဗြောင် ထွက်ပြောနေပြီပဲ။ အဲ့ဒီအာဏာ ကာ/လုံကိုပေးဆိုတာ ကာချုပ်ကိုပေးလို့ပြောတာ။ ကာချုပ်ကိုပေးဆိုတာ စစ်တပ်ကိုပေးလို့ပြောတာ။
ခုအနေအထားက ဇက်သပ်ထားနိုင်တဲ့အခင်းအကျင်းမို့ ပေးလို့တောင်းနေတာ။ အဲ့ဒီအခင်းအကျင်းမဟုတ်ရင် မတောင်းဘူး သိမ်းယူလိုက်မှာ။ မိမိရဲ့နိုင်ငံရေးအဆင့်အနေကို တောင်းယူရတဲ့အဖြစ်ဟာ စစ်အုပ်စုအဖို့ ဘယ့်လောက် နာကျည်းသိမ်ငယ်စရာကောင်းမှန်း သိပေမယ့် အသာတကြည်ရလို့ အချိုသတ်တာလောက်ပဲ။ ဆိုတော့ အင်န်အယ်လ်ဒီ ဘက်ကလည်း စစ်အမတ်အစိတ်သားကို တဖြည်းဖြည်းချင်းလျှော့ပါလို့ တစာစာအော်နေတယ်၊ ဟိုဘက်ကလည်း ၂ဝ၁၅ မှာ ရုပ်ပျက်ဆင်းပျက်နဲ့ ခွေးဇာတ်မခင်းရအောင် ပီအာရ်ကို အတည်ပြုဖို့လိုနေတယ်။ အန်အယ်လ်ဒီနဲ့ အခြားပါတီတချို့(လူမျိုးစုပါတီတွေလည်းပါ)က ပီအာရ်ကိုကန့်ကွက်နေတယ်။
ခင်မောင်ဆွေတို့အုပ်ကတော့ ပီအာရ်တည်လာဖို့ စစ်အုပ်စုအမာခံအနေနဲ့ ဒီဝိုင်းမှာ ထိုင်လိမ့်မယ်မှတ်တယ်။ ဦးခွန်ထွန်းဦးတို့ကြည့်ရမှာပဲ။ သူတို့က အဆုံးအဖြတ်နေရာမှာ မရှိပေမယ့် အရေးပါတဲ့ဖဲချပ်ဆိုတာတော့ ငြင်းမရဘူး။ တွေ့တဲ့အထဲမှာ စစ်အမတ်အစိတ်သားလျှော့ပေးပြီး ပီအာရ်ဈေးဆစ်ဖို့လုပ်တယ်ဆို ပွဲကတော့ ကြည့်ကောင်းပြီမှတ်တယ်။
လျှော့ကြိုးကုန်နေတဲ့အင်န်အယ်လ်ဒီနဲ့ ၂၀၁၅အတွက် တင်းစရာပီအာရ်သာ ကျန်တော့တဲ့စစ်အုပ်စု စွန်ဖြတ်ပွဲလိုများဖြစ်မလားတွေးမိတာပဲ။ စွန်မှာတော့ လျှော့ကြိုးသမားဆိုတာ မျှောပဲလိုက်ရတာ။ လျှော့ကြိုးမကုန်ခင်မှာ သူ့စွန် ပြတ်ကျပါမှ။ လျှော့ကြိုးသာကုန်ရော သူ့စွန်မပြတ်ဘူးဆို ကိုယ့်စွန်ဇာတ်သိမ်းတာမျိုး။
စကားစပ်လို့ပြောချင်တာက ဒိုင်ယာလော့ဂ်ယဉ်ကျေးမှုထွန်းကားလာပြီလို့ နှုတ်အာရဲရဲ မဆိုကြစေလိုသေး။ သန်းရွှေ ခင်ညွန့်တို့နဲ့လည်း ဒိုင်ယာက လော့ဂ်ဖူးပါတယ်။
တကယ်တော့ ဒိုင်ယာလော့ဂ်ဆိုတာ ဒဏ်ရာတွေလျှော့ဖို့မဟုတ်လား။ ခုတော့ သုမနလည်း တကျောလုံး ပုတ်။ လုထုလည်း ကျောဇကာပေါက်။

(ကျီး ဒီမိုကရေစီ)

ချက်ကြီးတို့ ပေါကြီးတို့ ပူကြီးတို့လည်း ကြီးတွေထဲမပါပါ့လား။ ကြီးလို့မသတ်မှတ်ပဲ ကျီးလို့ မှတ်လိုက်လို့လား။ ဒေါင်းကပဲကျီးယောင်ဆောင်ဆောင် ကျီးကပဲဒေါင်းယောင်ဆောင်ဆောင် အယောင်ဆောင်တာပွင့်ကျသွားရင် ဒေါင်းတို့ကလည်းလက်မခံ ကျီးတို့ကလည်းလက်မခံနဲ့ အရပ်ရောဇာတ်ပါပျက်ကရော။ ရွှေပြည်ကြီးမှာ မဲရဖို့ပဲဖြစ်ဖြစ်၊ အာဏာဆက်မြဲနေဖို့ပဲဖြစ်ဖြစ်၊ လှည့်ဖျားဖို့ပဲဖြစ်ဖြစ်၊ တကယ်အစစ်အမှန်ဖြစ်လို့ပဲဖြစ်ဖြစ် လူတိုင်းလိုလို ဒီမိုကရေစီပြောနေကြတဲ့ခေတ်မှာ ဒီမိုကရေစီကို ငယ်သံအပါဆုံးအော်နေတာက စစ်တပ်ဖြစ်နေတာ ဆန်းတယ်လို့ထင်စရာဘာရှိမလဲ။ ဒါကိုပဲ "ခုဆိုကြည့် စစ်တပ်ကတောင် ဒီမိုကရေစီပြောလာရပြီမဟုတ်လား"ဆိုပြီး ကိုယ့်အောင်ပွဲလိုလိုအကောက်အယူနဲ့ လက်မထောင်ပြနေတော့ မခက်ဘူးလား။

0 comments:

Post a Comment