ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁) ဆောင်းပါးအမှတ်(၁ဝ) ဒေါက်တာ ဦးဘသန်း
၁၉၄၂ ခုနှစ် ဘီအိုင်အေခေတ်မှ ဖေဖေ အောက်ဗမာပြည်တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေစဉ်က ဖေဖေ့ထံ ပုဂ္ဂိုလ်တဦး အကူအညီတောင်းဖို့ ရောက်ရှိလာပါတယ်။ သူကတော့ ဒေါက်တာဘသန်းဖြစ်ပြီး ဆေးရုံဖွင့်ချင်လို့ ဆေးရုံအဆောက်အဦးတခုပေးဖို့ ဖေဖေကို လာတောင်းတာပါ။ ဖေဖေက နောင် စစ်ရုံးချုပ်ကြီးဖြစ်လာမယ့် အဆောက်အအုံကြီးကို ဆေးရုံဖွင့်ဖို့ပေးလိုက်ပြီး ဆရာကြီးအတွက်လည်း သူတို့သိမ်းထားတဲ့ အော်စတင်ကားနက်လေးတစီး ပေးလိုက်ပါတယ်။ ဦးဝိစာရလမ်းက တထပ်အိမ်လေးတလုံးလည်း နေဖို့ပေးလိုက်ပါတယ်။ အဲဒီကာလတုန်းက အင်္ဂလိပ်တွေ ပြေးပြီဖြစ်လို့သူတို့ရဲ့ကျန်ပစ္စည်းများ (အိမ်၊ ကား အဆောက်အအုံ)အားလုံးကို ဘီအိုင်အေတပ်များက သိမ်းထားတာပါ။ အဲဒီသိမ်းထားတဲ့ ပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေမှာ သုံးကြရတာပါ။
အဲဒီဂျပန်ခေတ်ဆေးရုံကြီး အကြောင်းတော့ ဒေါက်တာမြင့်ဆွေရေးတဲ့ ဂျပန်ခေတ်ဆေးရုံကြီးပေါ်ဝယ်မှာ ပြည့်ပြည့်စုံစုံဖတ်ရှုနိုင်ပါတယ်။ ၁၉၆ဝ-၇ဝ ခုနှစ်များက ထွက်ခဲ့တဲ့စာအုပ်ဖြစ်ပြီး အတော်လည်း လူကြိုက်များခဲ့ပါတယ်။ စာပေဆုတောင် ရသလားပဲ။
အဲဒီကစလို့ ဖေဖေနဲ့ဒေါက်တာဘသန်း ရင်းနှီးသွားပါတယ်။ ဆရာကြီးဦးဘသန်းဟာ သူကိုယ်တိုင်လည်း ဆင်းဆင်းရဲရဲ အပတ်တကုတ် ကြိုးစားပြီး ပညာတတ်တယောက်ဖြစ်လာလို့ အဲသလိုကြိုးစားတဲ့သူများကိုလည်း အလွန်အားပေးတတ်ပါ တယ်။ ဖေဖေ အဲဒီဘီအိုင်အေ ကာလက အလုပ်ပင်ပန်းကာ ငှက်ဖျားအကြီးအကျယ်ထပြီး ကြည့်မြင်တိုင်က သူ့အဒေါ်အိမ်မှာ သတိမေ့လဲနေတာကို ဆရာကြီးသိတဲ့အခါ သူကိုယ်တိုင် ကားနဲ့ဖေဖေ့ကိုလာခေါ်ပြီး သူ့အိမ်မှာတင် စောင့်ရှောက်ကုသပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းလည်း ဖေဖေ့ကို သူ့အိမ်မှာခေါ် ထမင်းကျွေးဧည့်ခံလုပ်တတ်ပါသေးသတဲ့။
ဒါတွေကတော့ အဲဒီကာလက ဖေဖေနဲ့အတူလိုက်နေတဲ့ ဖေဖေ့အစ်ကိုကြီး ဦးပုက ပြောပြခဲ့တာပါ။ ဦးကြီးပု မှတ်မှတ်ရရ ပြန်ပြောပြတာ ကတော့ ဆရာကြီးအိမ်က ထမင်းစားပွဲ တပွဲအပြီး ဆရာကြီးတို့သားအဖ(သမီးဖြစ်သူ ကစ်တီဘသန်း(ခေါ်) ဒေါ်ခင်မေသန်း အဲဒီတုန်းက အိမ်ထောင်မကျသေး)နှစ်ယောက် စန္ဒရားနဲ့ ဆိုတီးဧည့်ခံတဲ့အကြောင်းပါ။ ကစ်တီဘသန်းက စန္ဒရားတီးပြီးဆရာကြီးက သီချင်းဆိုပါသတဲ့။ သီချင်းကတော့ အဲဒီကာလက အလွန်ခေတ်စားလူကြိုက်များခဲ့တဲ့ ‘ချစ်ပွဲဝင်’ပါ။ ဦးကြီးပုက ‘အတော်အရှက်နည်းတဲ့သူတွေ အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်ဆိုတဲီ့ချင်းကိုများ သားအဖနှစ်ယောက် ဆိုတီးနေလိုက်ကြတာ ငါတို့ဖြင့် မျက်နှာဘယ်ထားရမှန်း မသိဘူး’တဲ့။ ဆရာကြီးတို့ကတော့ ခေတ်မီပွင့်လင်းကြဟန်ရှိပေမယ့် ရှေးရိုးသမားဦးကြီးပုက ဒါကို ကြည့်မရတာဖြစ်ဟန်ရှိပါတယ်။
ဆရာကြီးဦးဘသန်းဟာ ကျွန်မဆေးတက္ကသိုလ် ၁ တက်နေတဲ့ကာလများ (၁၉၆၃-၁၉၇ဝ)မှာ ဆေးတက္ကသိုလ် ၁ ရဲ့ ပါမောက္ခချုပ် ဖြစ်နေပါတယ်။ အဲဒီကာလက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ယောက္ခမလည်းဖြစ်နေပပြီ။ ဆရာကြီးဟာ ကျွန်မတို့ ဆေးလောကကို အဆင့်မြင့်အောင် အတော်ကြိုးစားခဲ့သူပါ။ စာတော်သူ ဆင်းဆင်းရဲရဲစာကြိုးစားသူများကိုလည်း သူ အတော်အားပေးတတ်ပါတယ်။ ကျွန်မတို့ စာမေးပွဲတွေမှာ အထူးသဖြင့် လူတွေ့စာမေးပွဲ (Vova Voca)တွေမှာ သူဝါသနာပါတဲ့ဘာသာရပ်တွေမှာ ဥပမာ ခန္ဓာဗေဒတို့ ခွဲစိတ်ပညာတို့မှာလည်း တခါတရံ ဝင်ပြီး ဧည့်သည်စာစစ်သူအဖြစ် ပါဝင်တတ်ပါတယ်။
ကျွန်မတို့ နောက်ဆုံးနှစ်အပိုင်း (က)မှာ သင်ကြားရတဲ့ ဥပဒေရေးရာဆေးပညာဘာသာရပ်အတွက် ရင်ခွဲရုံတွေမှာ လက်တွေ့ဆင်းရတဲ့အခါ ရင်ခွဲရုံမှာကြီးကြပ်နေတဲ့ မစ္စတာနိုင်ဒူးဆိုတဲ့ အိန္ဒိယလူမျိုးတဦးရှိပါတယ်။ သူ့သားကို ဘုရင့်တော်ဝင်ခွဲစိတ်ကုသဆရာဝန်ဘွဲ့ FRCS ရတဲ့အထိ ဆရာကြီးက ထောက်ပံ့ပေးခဲ့ဖူးတယ်လို့ ကြားဖူးပါတယ်။
ဆရာကြီးဟာ ဆေးပညာမှာသာ ဝါသနာပါရုံမကပါဘူး။ အဆိုအတီးလည်း ဝါသနာပါပါတယ်။ စောင်းဆရာကြီးဦးဘသန်းနဲ့လည်း ရင်းနှီးပြီး အဲဒီဆရာကြီးဆီက ပတ္တလားတီးနည်း သီချင်းကြီးဆိုနည်းတွေကို သင်ယူခဲ့ပါတယ်။ (၁၉၆၇-၆၈) ခုနှစ်လောက်က ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ညစာစားပွဲနဲ့ကပွဲမှာ ဆရာကြီးတီထွင်တဲ့ဗျောညွန့်ဆိုတာ ပါရှိပါတယ်။ အဲဒီနှစ်မှာပဲ ဆရာဝန်ဘွဲ့ရသွားတဲ့ ဝင်းမာ (ဖိုးပြုံးချို ရုပ်ရှင်မှာ အကယ်ဒမီရခဲ့သူ)က ရှင်လောင်းအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ခံတေးကိုဆိုသူဟာ ဆရာကြီးပါ။ ဆရာကြီးဟာ ပညာရေးလောကမှာ နာမည်ကောင်းပေမယ့် တခြားနာမည်ပျက်များလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့ပတ်သက်ပါတယ်။ ဖေဖေကတော့ ဆရာကြီးဟာ သူ့ကိုပညာသင်ပေးတဲ့မြေရှင်ကြီးရဲ့သမီး သူထက်လည်းအသက်ကြီးတဲ့ အမျိုးသမီးကြီးနဲ့လက်ဆက်ထားရလို့ အိမ်ထောင်ရေး မသာယာဟန်ရှိတယ်။ ဒါကြောင့် အပြင်မှာ ပျော်ရွှင်မှုရှာတာနဲ့တူတယ်လို့ ဆိုဖူးပါတယ်။ သူခွဲစိတ်ပညာမှာ တော်ရတာ ကလည်း ဂျပန်ခေတ်မှာ အင်္ဂလိပ်က မကြာမကြာလာဗုံးကြဲတော့ ဗုံးကြဲပြီးတာနဲ့ ရောက်လာတဲ့လူနာတွေကို လျှောက်ကြည့်ပြီး အခက်အခဲဆုံးလူနာတွေကို သူကိုယ်တိုင်အမြဲခွဲပေးခဲ့တယ်။ လက်ထောက်ဆရာဝန်တွေနဲ့ပဲ လွှဲမထားတတ်ခဲ့လို့ဖြစ်တယ်။ အဲဒီကနေ အတွေ့အကြုံတွေ အများကြီးရခဲ့လို့ဖြစ်တယ်လို့ ဖေဖေ့ကိုပြောပြခဲ့ဖူးတယ်တဲ့။ အဲဒီတုန်းက သူ့လက်ထောက်များအဖြစ် သူအဓိကထား သင်ကြားပေးခဲ့တဲ့ခွဲစိတ်ဆရာဝန်များဟာ နောင်ဗမာပြည်ဆေးလောကမှာ ကျော်ကြားတဲ့ဆရာဝန်ကြီးများ ဖြစ်လာခဲ့ပါတယ်။ နောင် စစ်ဆေးရုံဆေးရုံအုပ်ကြီး ဗိုလ်မှူးကြီးမောင်မောင်သန်း၊ ဆေးတက္ကသိုလ်(၁) ခွဲစိတ်ပညာပါမောက္ခကြီး ဦးကြည်ပေါ၊ ဆေးတက္ကသိုလ် (၂) ခွဲစိတ်ပါမောက္ခ ဗိုလ်မှူးကြီးမြင့်အောင်တို့ဟာ အဲဒီကာလက သူ့တပည့်များပါ။
၁၉၇ဝ ခုနှစ်များမှာတော့ သူပင်စင်ယူခဲ့ပြီးမကြာမီမှာပဲ နှလုံးရောဂါနဲ့ မကျန်းမာဖြစ်လာပါတယ်။ ဆရာကြီးဦးဘသန်း နှလုံးရောဂါနဲ့ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ သတင်းကြားလို့ ရန်ကုန်ဆေးရုံကြီးမှာအလုပ်လုပ်နေကြတဲ့ ကျွန်မတို့ တပည့်ဟောင်းတွေစုပြီး သွားရောက်သတင်းမေးခဲ့ကြပါတယ်။ ဆရာကြီးဟာ အဲဒီတုန်းက သူ့မြေးသမက် (ဒေါ်ခင်မေသန်းရဲ့ ပထမအိမ်ထောင်ကပါတဲ့ သမီးကြီးလဲ့လဲ့ဝင်းရဲ့ခင်ပွန်း ဒေါက်တာဦးမျိုးသွယ် ဆေးတက္ကသိုလ်(၂) ဆေးပညာပါမောက္ခ)ရဲ့ ကုသမှုကို ခံယူနေတာပါ။ နှလုံးရောဂါခံစားနေရတယ်လို့သာ ယေဘုယျသိခဲ့ရပါတယ်။ လမ်းဘေးသတင်းကတော့ သိန်းဖေမြင့်ရဲ့ ‘တက်ခေတ်နတ်ဆိုး’ ထဲက ဇာတ်လိုက်မင်းသားရတဲ့ရောဂါမျိုးလို့ ဆိုကြတာပါပဲ။
ဘာပဲဖြစ်ဖြစ် (၁၉၆ဝ-၇ဝ)ခုနှစ်များအတွင်းက နိုင်ငံခြားပညာတော်သင်လွှတ်တဲ့ ဗမာဆရာဝန်များဟာ အလွန်နာမည်ကောင်းခဲ့ပြီး စာပေဘက်မှာလည်း အလွန်ထူးချွန်တာ စာပေကြိုးစားတာ ဘုရင့်တော်ဝင်ဘွဲ့တွေကို အချိန်တိုတိုနဲ့ရနိုင်တာ စတဲ့ သတင်းကောင်းတွေနဲ့ မွှေးကြိုင်ခဲ့ရတာတွေဟာ ဆရာကြီးရဲ့ကျေးဇူးတွေပါပဲ။
တခေတ်တခါကတော့ ဆရာကြီးဟာ ဗမာ့ဆေးလောကကို ဂုဏ်ထူးဆောင်ပေးခဲ့ဖူးသူပါ။ ဗမာပြည်ရဲ့ဆေးပညာသည်များအပေါ် ကျေးဇူးရှိခဲ့တယ်ဆိုရင် မမှားပါဘူး။ တချို့ကတော့ အာဏာရှင်ဗိုလ်နေဝင်းဆီ တိုက်ရိုက်ပေါက်ရောက်သူဖြစ်လို့ ဆရာကြီးက ပိုအခွင့်အရေးတွေရလို့ ဆေးတက္ကသိုလ်တွေက ပိုအခွင့်ကောင်းတွေရပြီး ဆေးလောကက နိုင်ငံခြားပညာတော်သင်ခွင့်တွေ ပေါပေါများများ ရခဲ့တာလို့ဆိုကြပေမယ့် ကျွန်မကတော့ ဆရာကြီးအနေနဲ့ ဗမာ့ဆေးလောကအပေါ် အခြေခံစေတနာ အတော်ထားခဲ့ပုံရတယ်လို့ ထင်မြင် နေမိပါတယ်။
၇-၃-၂ဝ၁ဝ။
0 comments:
Post a Comment