ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါးအမှတ်(၇)
ဆောင်းပါးအမှတ်(၇)
ယိုးဒယားမှ ဘီအိုင်အေရဲဘော်များ
ဖေဖေတို့တတွေ ၁၉၄၁ ခုနှစ် အစောပိုင်းကစလို့ဂျပန်ပိုင် ဟိုင်နန်ကျွန်းပေါ်ရောက်ပြီး စစ်ပညာတွေကို ၇ လကျော် ၈ လနီးပါး ဆင်းရဲပင်ပန်းကြီးစွာခံပြီး သင်ယူခဲ့ကြပါတယ်။ အစားဆင်းရဲ အနေဆင်းရဲ ပင်ပန်းဆင်းရဲရုံသာမက စိတ်ပါဆင်းရဲရတာပါ။ ဂျပန်က သူတို့တတွေကို ပြန်မှလွှတ်ပါ့မလားလို့ အမြဲရင်တထိတ်ထိတ်နဲ့နေခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဗမာပြည်တွင်းပြန်ဝင်ရေးအစီအစဉ်တွေ ဆွဲလိုက်၊ ဖျက်လိုက်နဲ့အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။
ဂျပန်က အဲဒီတုန်းက ဒုတိယကမ္ဘာစစ်ထဲဝင်ရာမှာ ဘယ်လမ်းက အဓိကဝင်မလဲဆိုတဲ့သေနင်္ဂဗျူဟာလည်း ရွေးချယ်နေတဲ့ကာလပါ။ တကယ်လို့များ ဂျပန်အနေနဲ့မြောက်ဘက်လမ်းပဲရွေးပြီး တရုတ်ပြည်အရှေ့မြောက်ကိုဝင်တိုက်နေရာကနေ ဆိုဗီယက်ယူနီယံကိုပဲ ဆက်တိုက်မယ်ဆိုရင် ဖေဖေတို့တတွေကို လက်စတုံးသတ်ပစ်ရပါလိမ့်မယ်။ ဒါပေမယ့် ဂျပန်တွေဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ပြီး အင်္ဂလိပ်နဲ့အမေရိကန်ကိုစစ်ကြေညာကာ၊ စစ်မျက်နှာနှစ်ရပ်ဖွင့်လိုက်လို့သာ ဖေဖေတို့တတွေ ဗမာပြည်ပြန်ရေးစီမံကိန်း ဖြစ်ပေါ်လာခဲ့ရပါတယ်။
အဲဒီလိုနဲ့ ဂျပန်တွေအနေနဲ့ တရုတ်ရဲ့ ဂျပန်ခုခံရေးစစ်ပွဲကိုအထောက်အပံ့ပြုပေးနေတဲ့ မဟာမိတ်နိုင်ငံများ (အင်္ဂလိပ်၊ အမေရိကန်)ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းကြီး (လီဒိုလမ်း)ကိုဖြတ်တောက်ရန် ဗမာပြည်တွင်းဝင်ရေး၊ ထိုမှတဆင့် အိန္ဒိယကိုဆက်လက်သိမ်းရန်ဆိုတဲ့ မဟာဗျူဟာအောက်မှာဖြစ်ပါတယ်။ ဒီလိုနဲ့ရဲဘော်သုံးကျိပ်ဝင်တွေ တသုတ်ပြီးတသုတ် ထိုင်း(ဟိုတုန်းက ယိုးဒယားလို့ခေါ်ပါတယ်) နိုင်ငံ၊ ဘန်ကောက်မြို့ကို ၁၉၄၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရောက်လာကြပါတော့တယ်။ အဲဒီမှာပဲ ရတတ်သမျှ စစ်သားသစ်များစုဆောင်းရပါတယ်။ ထိုင်းရောက်ဗမာတွေ ထိုင်းတွေ၊ ရှမ်းတွေ၊ ရှမ်းထိုင်းတွေကို နယ်ချဲ့ဆန့်ကျင်ရေးတို့ အင်္ဂလိပ်ဆန့်ကျင်ရေးတို့ဟောပြောပြီး စစ်သားစုရပါတယ်။ အဲဒီစုဆောင်းရတဲ့စစ်သားသစ်“ရာ” အချို့ကို ဖေဖေ့ကိုအပ်ပေးပြီး စစ်လေ့ကျင့်ရေးသင်တန်းတွေ ပေးခိုင်းပါတယ်။ ဖေဖေက စစ်သင်တန်းတွေကို အကျဉ်းရုံးပြီး(၁ လကျော် ၂ လကျော်)သင်ပေးပြီးနောက် ဗမာပြည်ထဲဝင်မယ့်တပ်ဖွဲ့တွေကို ခွဲပေးရပါတယ်။ ဗိုလ်နေဝင်းနဲ့ ဗိုလ်တာရာတို့အဖွဲ့ကတော့ အတွင်းသူပုန်လှုပ်ရှားမှုအတွက် စောစောကတည်းက ထွက်သွားပြီးဖြစ်ပါတယ်။
ဒီနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊ အိုင်၊ အေ) ကို ဖွဲ့စည်းလိုက်ကြပါတော့တယ်။ နေရာကတော့ ဘန်ကောက်မြို့၊ ဆထွန်းလမ်း၊ ဘိုနရိုခြံဝင်းကြီးအတွင်းမှာ ဖြစ်ပါတယ်။ အဲဒီလိုဖွဲ့စည်းပြီးတာနဲ့ တပ်ဖွဲ့အသီးသီးဟာ ကိုယ်ချီတက်ရမယ့်စစ်ကြောင်းအတွက် တာစူတဲ့ဒေသကို စချီတက်ကြရပါတော့တယ်။ ပထမဆုံးထွက်ခွာသွားသူတွေဟာ ဗိုလ်ရန်နိုင်။ ဗိုလ်မင်းခေါင်တို့ဦးစီးတဲ့ တနင်္သာရီ၊ ဝိတိုရိယအစွန်းက ပင်လယ်ကမ်းခြေအတိုင်း ရေကြောင်းချီတဲ့တပ်ဖွဲ့တွေဖြစ်ပါတယ်။ နောက် ထားဝယ်ကြောင်းနဲ့မြဝတီကြောင်း စတာတွေလည်း ထွက်သွားကြပါတော့တယ်။
တပ်ဖွဲ့တွေဟာ မထွက်ခွာခင်မှာ ဗိုလ်ချုပ်အောင်ဆန်းကို လက်အုပ်ချီကန်တော့ကြပါတယ်။ ဝမ်းနည်းခြင်း၊ စိတ်လှုပ်ရှားခြင်းတွေကြောင့် ကန်တော့ကြတဲ့လူတွေအားလုံး မျက်ရည်ကျကြတယ်လို့ဆိုပါတယ်။ ဖေဖေက ဖာပွန်စစ်ကြောင်းမှာပါဝင်ပြီး ပစ်စင်နလုပ် Pisan Niloke ကို ထွက်ခွာသွားရမှာပါ။ ခရီးထွက်ခွာနီး ဗိုလ်ချုပ်ကိုထိုင်ကန်တော့တော့ မျက်ရည်တွေစီးကျလာတယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။ ဗိုလ်ချုပ်ကိုယ်တိုင်လည်း မျက်ရည်မထွက်ပေမယ့် အသံထစ်ထစ်ငေါ့ငေါ့နဲ့“စစ်ထွက်ကြတာပေါ့၊ ရှေးတုန်းက ဗမာတွေစစ်ထွက်ကြတော့ တနင်္သာရီကို လှေကြီးတွေနဲ့ရေကြောင်းလွှင့်ကြတော့ တချို့ကရေကြောင်းမှားပြီး ရခိုင်ပြည်ရောက်လိုရောက် ဖြစ်ကြတာပဲ။ ဒါပေမယ့် ရောက်တဲ့လူက ဆက်တိုက်ကြတာပေါ့”လို့ ပြောသတဲ့။ ဖေဖေတို့က ဗိုလ်ချုပ်က စကားပြောစရာမရှိလို့ ခြေဦးတည့်ရာ နှစ်သိမ့်စကား ပြောတာလို့ထင်မိတာတဲ့။ နောက်မှ စဉ်းစားမိတော့မှ ဘယ်ကျွန်းဘယ်သောင်ဆိုက်ကြမလဲမသိ၊ ရောက်တဲ့သူက ဆက်ပြီးတိုက်ဖို့ အဓိပ္ပာယ်ရှိရှိပြောလိုက်တယ်ဆိုတာ သဘောပေါက်ပါသတဲ့။
ဒီလိုနဲ့ဖေဖေရဲ့ ဖာပွန်စစ်ကြောင်းမှာ ထိုင်းက စုဆောင်းခဲ့တဲ့တပ်သားသစ် ၄ဝ လောက်ပါဝင်ခဲ့ပါတယ်။ အဲဒီထဲ ဗမာစကားကောင်းကောင်း တတ်တဲ့ ဗိုလ်အုံးခိုင်၊ ဗိုလ်လှဖေ၊ ကိုထွန်းတင်ဆိုသူ ၃ ဦးကို ဖေဖေက သူ့လက်ထောက်တွေအဖြစ်ခန့်ထားပြီးလူထပ်စုတော့ တပ်သား ၁ဝဝ လောက်ရလာခဲ့ကြပါတယ်။
အဲဒီသူတွေထဲမှာ ဖေဖေနဲ့ ရာသက်ပန်မိတ်ဆွေရဲဘော်ကြီးဖြစ်သွားသူကတော့ ဗိုလ်အုံးခိုင်ပါ။ သူ့ရဲ့ဖခင်ဟာ ဗမာလူမျိုး၊ မျိုးချစ်ပုဂ္ဂိုလ်ကြီးဖြစ်ပြီး ရွှေကျင်နယ်ဘက်ကပါ။ အင်္ဂလိပ်လက်အောက်မှာ မနေလိုဆိုပြီး ယိုးဒယားကို ရွှေ့ပြောင်းနေထိုင်တာပါ၊ သစ်တောလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝပါတယ်။ ဖေဖေတို့တတွေ ထိုင်းရောက်တော့ ဗမာပြည်က အင်္ဂလိပ်တိုက်ထုတ်ရေးအတွက်ဆိုပြီး လူစုတော့ ဗိုလ်အုံးခိုင်ဖခင်ကြီးကိုယ်တိုင် သူ့သားကို ဖေဖေတို့ဆီလာအပ်တာပါ။ စစ်သားစုဆောင်းရေးလုပ်ငန်းတွေကိုလည်း အားတက်သရောအကူအညီပေးသတဲ့။ ဗိုလ်အုံးခိုင်ကိုယ်တိုင် သစ်တောလုပ်ငန်းတွေလုပ်ခဲ့ဖူးတော့ ဖေဖေတို့စစ်ချီတက်ရာမှာ အကျိုးအများကြီးပြုခဲ့တယ်လို့ ဖေဖေကဆိုပါတယ်။
ဗိုလ်လှဖေဆိုတာကလည်း ထိုင်းမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ ဗမာတယောက်ပါပဲ။ သူကိုလည်း ဖေဖေက လက်ထောက်အဖြစ် ခန့်ထားပါတယ်။ ကိုထွန်းတင်ကိုတော့ ဖေဖေက ကိုယ်ရံရဲဘော်အဖြစ် အနားခေါ်ထားပါတယ်။ ထိုင်းစကား၊ ဗမာစကားနှစ်မျိုးလုံး ကောင်းကောင်းတတ်လို့ အတော်အကူအညီရတယ်လို့ ဖေဖေကပြောပါတယ်။ ထိုင်းရဲဘော်တချို့ ဖေဖေ့ကိုသတ်ပြီး လက်နက်တွေ အပိုင်စီးဖို့လုပ်တဲ့လုပ်ကြံမှုကြီးကို သူ့အကူအညီနဲ့ ဖေဖေဖြေရှင်းခဲ့ရတာပါ။
သူတို့တတွေ ဘီအိုင်အေတပ်တွေနဲ့ ဗမာပြည်ထဲဝင်လိုက်လာပြီး ဗမာ့လွတ်လပ်ရေးအတွက် တတပ်တအားပါဝင်ခဲ့ကြပါတယ်။ ဖေဖေနဲ့လည်း ဘီအိုင်အေကာလတစ်လျှောက်လုံး အတူတူနေခဲ့ကြပြီး၊ ဖေဖေက သူတို့ကို ဖေဖေ့မိဘများရှိရာ ဆိုင်းစုကိုတောင် ခေါ်သွားဖူးတယ်လို့ ဆိုပါတယ်။ ၁၉၄၃ ခုနှစ်၊ ဂျပန်များက သူတို့ကတိအတိုင်း ဗမာပြည်ကို ရွှေရည်စိမ်လွတ်လပ်ရေးအတု ကြေညာပြီးချိန်မှာတော့ သူတို့တတွေ ထိုင်းကို ပြန်သွားကြပါတော့တယ်။
ဗိုလ်အုံးခိုင်ကြီးကတော့ နောက်ပိုင်း အထူးသဖြင့် မဆလခေတ်မှာ ဗမာပြည်ပြန်လာပြီး စီးပွားရေးလေး ဘာလေးလုပ်ပါတယ်။ ဖေဖေပင်စင်ယူပြီး ကျွန်မတို့တတွေနေထိုင်ကြတဲ့ ဆီဆုံလမ်းအိမ်ကလေးကိုလည်း သူလာတိုင်းလာလည်ပါတယ်။ သူလာရင် ထိုင်းငံပြာရည်တို့ ဖေဖေကြိုက်တဲ့ ဂျပန်ရေညှိတို့ စတာတွေယူလာတတ်ပါတယ်။ မေမေကလည်း သူလာတိုင်း ထမင်းတနပ်တော့ ကျွေးပါတယ်။ ဗိုလ်အုံးခိုင်ကြီးက အရက်အလွန်ကြိုက်ပါတယ်။ ကျွန်မတို့ အိမ်က တည်ခင်းဧည့်ခံတဲ့ထမင်းဝိုင်းမှာ အရက်မပါတော့ သူက စားမကောင်းလှပါဘူး။
သူ့ရဲ့ လက်သုံးစကားကလည်း “အရက်ဆိုတာ ထမင်းမစားခင်သောက်ရင် ထမင်းစားကောင်းတယ်။ ထမင်းစားပြီးသောက်ရင် အစာကြေတယ်။ ညအိပ်ရာဝင်ခါနီးသောက်ရင် အိပ်ကောင်းတယ်။ မနက်အိပ်ရာထသောက်ရင် လန်းဆန်းတယ်” တဲ့။ ပျော်တတ်ရွှင်တတ် နောက်တတ်ပြောင်တတ်နဲ့သူမို‹လာရင် ဖေဖေနဲ့မေမေတို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြနဲ့အလွန်ပျော်စရာကောင်းပါတယ်။ သူက တခါတလေ မေမေနဲ့ဖေဖေကို ရန်တိုက်ပေးတတ်ပါသေးတယ်။ မေမေ့ကို သူက ခင်ဗျားလူကြီး ဂျပန်မှာနေတုန်းက ဂျပန်မ ရည်စားလေးအကြောင်း မေးမကြည့်ဘူးလားတို့ ဘာတို့ပေါ့။
မေမေကတော့ ရယ်ပဲ နေတတ်ပါတယ်။ ပြီးတော့ ပြောသေးတယ်။ ဂျပန်ထီးတွေကသာ မုန်းဖို့ကောင်းတာ ဂျပန်မလေးတွေကတော့ သိပ်ချစ်စရာကောင်းတာတဲ့၊ မယုံရင် ခင်ဗျားလူကြီး မေးကြည့်တဲ့။
သူ့ခမျာ ဗမာပြည်လာပြီး စီးပွားရေးအကွက်အကွင်းတွေကြည့်ပေမယ့် စီးပွားတော့သိပ်မဖြစ်လိုက်ပါဘူး။ ဗိုလ်နေဝင်းနဲ့ကလည်း သူက သိပ်မရင်းနှီးဘူး။ ဒီကြားထဲ ဗိုလ်နေဝင်းကလည်း သူ့ကို သိပ်မကြည်ဖြူဘူးတဲ့။ လူရှုပ်တွေလို့ သဘောထားသတဲ့လေ။ နောက်ပိုင်းမှာလည်း သူစီးပွားရေးအတော်ကျဆင်းပြီး ကွယ်လွန်ချိန်မှာ ဆင်းဆင်းရဲရဲ ကွယ်လွန်သွားတယ်လို့ကြားရပါတယ်။ ကျွန်မတို့ ဗမာပြည်သူတွေအပေါ် တစုံတရာကျေးဇူးပြုခဲ့ကြဖူးသူများပါ။ ကျွန်မတို့တတွေ ကျေးဇူးမသိတတ်ခဲ့ကြပါ။
၂၅-၁၂-၂ဝဝ၉။
0 comments:
Post a Comment