ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ
ဆောင်းပါးပေါင်းချုပ်၊ ဆောင်းပါးအမှတ်(၂ နဲ့ ၃ ဖြစ်ပါတယ်)
၁၃ဝဝ ပြည့်အရေးတော်ပုံ
၁၃ဝဝ ပြည့် ကျောင်းသားလှုပ်ရှားမှုကာလက အဖြစ်အပျက်နဲ့အကြောင်းအရာအချို့ ပြောပြပါဦးမယ်။ ကျွန်မတို့ စမ်းချောင်းဆီဆုံလမ်း အိမ်လေးကို ဖေဖေပင်စင်ယူပြီးနောက် ပြောင်းလာခဲ့ကြပါတယ်။ တိုင်းမှူးကြီးဘဝက တခမ်းတနားနဲ့ ကင်းနဲ့အလံတိုင်နဲ့နေနေတော့ တော်ရုံတန်ရုံလူ မလာရဲခဲ့ပါဘူး။ ဖေဖေကလည်း အဲဒီတုန်းက အလုပ်ကများတယ်လေ။ ပင်စင်ယူပြီးသာမန် အရပ်သားဘဝနဲ့ ရပ်ကွက်ထဲရောက်လာတော့ မိတ်ဆွေ၊ အပေါင်းအသင်းဟောင်းတွေ လာကြ၊ လည်ကြ၊ ပတ်ကြပါတယ်။
အဲဒီထဲမှာ ရုပ်ရှင်ပညာသည်ကြီးတဦးဖြစ်တဲ့ ဦးသာဂေါင်ကြီး ပါလာပါတယ်။ သူက ဓာတ်ပုံအဟောင်းလေးတပုံ လာပေးတာပါ။ သူက ဖေဖေတို့ ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်းက သပိတ်တွေအမျိုးမျိုးတားနေစဉ်က ရန်ကုန်က သတင်းစာတိုက်တတိုက်က ဓာတ်ပုံ သတင်းထောက်တဦးတဲ့။ သူကနေတော့လည်း ကြည့်မြင်တိုင်ရပ်ကွက်ထဲမှာပဲ နေပါတယ်။
ဦးသာဂေါင်ကြီး အဲဒီတုန်းက ပြောပြတာကတော့ ၁၃ဝဝပြည့်အရေးတော်ပုံကာလအတွင်းတုန်းက သူတနေ့ သပိတ်တားနေကြတဲ့ ကျောင်းသားအုပ်တွေဆီ ကင်မရာတလုံးနဲ့သတင်းယူဖို့ရောက်လာသတဲ့။ သပိတ်မှောက်ကျောင်းသူတချို့က လမ်းတလမ်းကိုပိတ်၊ တန်းစီထိုင်နေပြီး သပိတ်တားနေသတဲ့။ အဲဒီအချိန်မှာ မျက်နှာဖြူဒရိုင်ဘာတယောက်က မောင်းပြီး၊ ဘေးမှာ မျက်နှာဖြူအမျိုးသမီး တယောက်လည်းပါလာတဲ့ အော်စတင်ကားနက်ကလေးတစီး အရှိန်ပြင်းပြင်းနဲ့အဲဒီလမ်းအတိုင်း ကျောင်းသူတွေထိုင်နေတဲ့ နေရာ တည့်တည့်ဆီ မောင်းလာသတဲ့။ တမင်သက်သက် ရန်စတာပါ။
အစပိုင်းမှာ ကျောင်းသူတွေဟာ အိနြေ္ဒမပျက်ထိုင်နေပေမဲ့ သိပ်နီးလာတော့ တချို့က နည်းနည်းလှုပ်ရှားလာကြတယ်တဲ့။ ဘေးပရိသတ်ကလည်း လှုပ်လှုပ်ရွရွနဲ့ရင်ထိတ်နေကြရတယ်။ ကားကလည်း တဖြည်းဖြည်းနီးလာနေပြီ။ အဲဒီအချိန်မှာပဲ သပိတ်အဖွဲ့ထဲက ကျောင်းသားတယောက်ဟာ အဲဒီကျောင်းသူများနဲ့ကားအကြား ဝမ်းလျားထိုးလိုက်ပြီး လမ်းမပေါ်မှောက်အိပ်ချလိုက်သတဲ့။ အဲဒီအချိန်ကျမှပဲ ကားက အရှိန်သတ်ရပ်သွားတော့တယ်တဲ့။ အဲဒီအချိန်ကာလလေးကို ဦးသာဂေါင်ကြီးက အမိအရဓာတ်ပုံရိုက်လိုက်ပြီး၊ နောက်နေ့ သတင်းစာမှာ ဓာတ်ပုံရောသတင်းရော ထည့်လိုက်နိုင်တယ်တဲ့။
အဲဒီ ဝမ်းလျားမှောက်အိပ်လိုက်တဲ့ သပိတ်မှောက်ကျောင်းသားက ဖေဖေပါပဲတဲ့။ ဒါကြောင့် အဲဒီဓာတ်ပုံကလေးကို အမှတ်တရအဖြစ် ဦးသာဂေါင်ကြီးက ဖေဖေ့ကို လာပေးသွားတာပါပဲ။
အဲဒီကာလတုန်းက ဖေဖေရဲ့အမျိုးသမီးသူငယ်ချင်းတွေဟာ ကျွန်မတို့ စမ်းချောင်းအိမ်ရောက်တော့ မကြာခနအုပ်လိုက် လာလည်တတ် ပါသေးတယ်။ ပြည်သူ့ဆန္ဒသွေးဆေးက ဒေါ်ကြင်မြိုင်တို့၊ စမ်းချောင်းအလက ဆရာမ ဒေါ်မြညွန့်၊ ဆရာကြီး(ဦး)သာဓုဇနီး ဒေါ်ခင်ညို (ကျွန်မက ညိုဆိုတဲ့တလုံးတည်း မှတ်မိပါတယ်။ ဖေဖေက ဒေါ်ခင်ညိုလို့ပြောပါတယ်။ နှစ်တွေကြာခဲ့ပြီနဲ့မှားယွင်းခွင့်လွှတ်ပါ) တို့ ပါကြ ပါတယ်။ ဖေဖေကလည်း အဲဒီသူငယ်ချင်းတွေနဲ့ပြန်တွေ့ရင် ပြောလိုက်ဆိုလိုက်ရယ်လိုက်မောလိုက်နဲ့ ငယ်မူတွေပြန်နေကြပါတယ်။ ဖေဖေ့ကို သူတို့က‘ကိုရွှေ-ကိုရွှေ’လို့ခေါ်ကြတာကိုး။
ဖေဖေတို့ အဲဒီ ပုဇွန်တောင်ဆရာဖြစ်သင်တက်တုန်းက နောင် နာမည်ကျော်ဟာသစာရေးဆရာကြီးဖြစ်လာခဲ့တဲ့ သော်တာဆွေလည်း ရှိပါသတဲ့။ သူက ရုပ်ရည်ကချောလို့ အလွန်မြာစွံတယ်လို့ ဖေဖေကပြောပါတယ်။ သူက ဖေဖေတို့ကို တောသားလေးတွေ မြို့တက်ပြီး မအူမလည် မတောက်တခေါက်နဲ့ နိုင်ငံရေးလုပ်နေတာဆိုပြီး လှောင်ပြောင်သရော်တတ်တယ်။ ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှလည်း မပါဝင်ဘူး။ စည်းရုံးလို့မရဘူးလို့ ဖေဖေက ပြောပြဖူးပါတယ်။
ဖေဖေက ‘ကိုလိုနီပုလိပ်ကြီး’လို့နာမည်ပေးပြီး ရင်းရင်းနှီးနှီးဆက်ဆံခဲ့တဲ့ ပုလိပ်အရာရှိဟောင်းကြီးတဦးလည်း ကျွန်မတို့စမ်းချောင်းအိမ်ကို လာလည်တတ်ပါသေးတယ်။ ဖေဖေတို့ကျောင်းသားလှုပ်ရှားမှုများကို လိုက်သတင်းယူရင်း ဖေဖေတို့နဲ့ခင်နေတာပါ။ ဖေဖေတို့က သူ့ဆီက သတင်းပလင်းလေး နှိုက်တတ်ပါတယ်။ သူက ဟေ့ကောင်လေးတွေ ထူးထူးခြားခြားများရှိရင်ပြောနော်။ တော်ကြာ ငါက ထမင်းအိုးကွဲမှာလို့ ပြောတတ်သတဲ့။ ဖေဖေတို့ ၃-၄ ယောက် စုရုံးစုရုံးလုပ်လာရင် သူကမယောင်မလည် ရောက်လာတတ်ပြီး မေးတော့မြန်းတော့တာပဲတဲ့။ ဖေဖေတို့က သူ့ကိုလှည့်ပတ်ပြောလိုက်လို့ နောင်ပေါ်သွားရင် ‘မင်းတို့နောက်တခါ ဒီလိုမလုပ်ပါနဲ့ကွာ။ သတင်းမှားပေးလို့ဆိုပြီး ငါက အကြိမ်းအမောင်းခံရတယ်ကွ’လို့ မျက်နှာငယ်နဲ့ပြောတတ်သတဲ့။ ပြီးတော့လည်း သူက ‘နေစမ်းပါဦး မင်းတို့က အင်္ဂလိပ်အစိုးရကို တိုက်ဖို့ ဘာရှိလို့တုန်း။ အုတ်နံရံကိုခေါင်းနဲ့တိုက်သလို နေမှာပေါ့’လို့ ပြောတတ်သတဲ့လေ။ ဒါတွေကတော့ ဖေဖေရဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံ ကာလအတွင်းက ရင်းနှီးခင်မင်ဖူးသူများအကြောင်းဖြစ်ပါတယ်။
ဒေါ်မမကျောင်းမှာတက်နေတုန်းက ခင်ခဲ့တဲ့သူငယ်ချင်း ကိုစံသူဆိုသူကိုတော့ ကျွန်မတို့ ၁၉၇၆ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီဆီ ရောက်တော့မှ အရံဗဟိုကော်မတီဝင် ထောက်ပံ့ရေးမှူးကြီးအဖြစ် ပြန်ဆုံဖြစ်ကြပါတော့တယ်။
၁ဝ-၉-၂ဝဝ၉။ (လှကျော်ဇော)
ဆောင်းပါးအမှတ် (၃)
အဘိုး-အဘွား
ဖေဖေ့ရဲ့ကိုယ်တိုင်ရေးအထုတ္တပ္ပတိကို စာအုပ်ဝေဖန်ရေးပေးသူတဦးက ဖေဖေဟာ လူတော်တော်များများအကြောင်း သူ့စာအုပ်ထဲမှာ ရေးထားပေမယ့် သူ့မိသားစုအကြောင်းတော့ မပါဘူးလို့ဝေဖန်ပါတယ်။ ဒါကြောင့် ကျွန်မက ဖေဖေ့မိဘမျာအကြောင်း ကျွန်မသိသမျှ ရေးပါဦးမယ်။
ဖေဖေ့ အဖေ ဦးပန်းဟာ အလယ်အလတ် လယ်ပိုင်ရှင်ကလေးမျှသာဖြစ်ပြီး နောက်ပိုင်း ရွာသူကြီးတွေကိုရွေးကောက်တဲ့အခါ ဖေဖေတို့ရဲ့ ဇာတိဆိုင်းစုရွာမှာ ပထမဆုံးအရွေးခံရသူရွာသူကြီး ဖြစ်လာပါတယ်။ အဘိုးဟာ ရိုးသားဖြောင့်မတ်ပုံရပြီး လူအတော်များများရဲ့ လေးစားခြင်းလည်း ခံရပုံရပါတယ်။ အဘိုးရဲ့ ရိုးသားတဲ့ဂုဏ်သတင်းကြီးမားတဲ့အကြောင်း ပြောစမှတ်ပြုတာခံရတဲ့ အကြောင်းအရာလေးတရပ် ကျွန်မတို့ ငယ်ငယ်ကတည်းက ကြားဖူးထားတာရှိပါတယ်၊
ဖေဖေ့အစ်ကိုကြီး ဦးပုကို အိမ်ထောင်ချပေးဖို့ မိန်းကလေးဘက်ကိုကမ်းလှမ်းတဲ့အခါ သတို့သမီးလောင်းရဲ့ဘွားအေကြီးက “မောင်ပန်းရဲ့ သားလား၊ ဒါဆို ဘာမှပြောမနေနဲ့ လူမှာအမျိုး ကြက်မှာအရိုးတဲ့။ မောင်ပန်းသားဆို ငါသဘောတူတယ်”လို့ ဝင် သဘောထားပေး ဆုံးဖြတ်လိုက်လို့ အဲဒီမင်္ဂလာပွဲဖြစ်မြောက်သွားတယ်ဆိုတာ ကြားဖူးခဲ့ပါတယ်။
ဖေဖေက ဂျပန်ကပြန်လာပြီး ဘီအိုင်အေစစ်ဗိုလ်ကြီးဖြစ်လာတဲ့အချိန်မှာ အဘိုးဟာ တီဘီရောဂါခံစားနေရပြီး အိပ်ရာထဲ လဲနေပါတယ်။ အဘိုးဟာ ချစ်တီးကြွေးတွေရှိလို့ အဲဒီကြွေးက မကျေနိုင်မဆပ်နိုင်ဖြစ်နေတဲ့အတွက်လည်း စိတ္တဇဖြစ်နေရှာပါတယ်။ ဒါကို ဖေဖေ ကြားသိရတော့ သူစုဆောင်းထားတဲ့ငွေလေးနဲ့ အဘိုးကြွေးတွေကို ချစ်တီးဆီမှာသွားဆပ်ပါတယ်။ သူကြွေးဆပ်ပြီးကြောင်းကို အိပ်ရာထဲလဲနေတဲ့အဘိုးကို သွားပြောတော့ အဘိုးက ဆတ်ခနဲထထိုင်ပြီး ဖေဖေ့လက်ကိုဆွဲကာ “ကျေးဇူးတင်လိုက်တာကွာ၊ ငါ့မှာ သံသရာကြွေး မရှိတော့ဘူး၊ ငါပြုထားတဲ့ကုသိုလ်တွေနဲ့ ကောင်းရာသုဂတိရောက်တော့မယ်”လို့ ပြောရှာသတဲ့။ ဖေဖေကတော့ သူ့ဘဝမှာ သူ့ဖခင်ရဲ့ကြွေးကိုဆပ်ပေးလိုက်ရလို့ သိပ်ပီတိဖြစ်မိတယ်လို့ ကျွန်မကို ပြန်ပြောပြဖူးပါတယ်။
အဘိုးဟာ ကျွန်မတို့ငယ်ငယ်မှာပဲ ကွယ်လွန်သွားလို့ ကျွန်မက မမှတ်မိလိုက်ပါဘူး။ အဘွားကတော့ အသက် ၉၃ နှစ်အထိ နေသွားရလို့ ကျွန်မတို့ ကောင်းကောင်းသိမီလိုက်ပါတယ်။ ဒါကြောင့် သူ့အကြောင်းပြောပြပါဦးမယ်။
ကျွန်မတို့ရဲ့အဘွား ဒေါ်တင့်ဟာ စိတ်ဓာတ်အတော်မာပုံရပါတယ်။ အဘိုးဆုံးသွားပြီးနောက် လယ်ကို သူ့ဟာသူ ဦးစီးပြီးရှာဖွေစားသောက် ခဲ့ပါတယ်။ လယ်မလုပ်နိုင်တော့တဲ့အချိန်ကျတော့ ဆိုင်းစုမှာရှိတဲ့ ခြံနဲ့အိမ်ရောင်းပြီး ငွေထုပ်ပိုက်ကာ ရန်ကုန်တက်လာပါတယ်။ ရန်ကုန် ရောက်တော့ ဘယ်သားသမီးအိမ်မှာမှ မနေဘဲ၊ ရှစ်မိုင် ဉာဏစာရီဝိပဿနာကျောင်းမှာ မြေလေးတကွက်ဝယ် ဇရပ်လေးတဆောင် ဆောက်ပြီး အဲဒီမှာပဲ နေပါတော့တယ်။ ပိုလျှံတဲ့ငွေကလေးကို အတိုးချပြီး အဲဒီအတိုးငွေလေးနဲ့ပဲ နေပုံရပါတယ်။
သားသမီးမြေးတွေ ဝိုင်းကန်တော့တဲ့ ငွေ၊ ပစ္စည်း၊ စားစရာသောက်စရာ ဘာပဲရရ၊ ကျောင်းထိုင်ဆရာတော်တွေကိုပဲ လှူပစ်တတ်ပါတယ်။ ဘယ်သူ့အကူအညီမှ မယူပါဘူး။ ဘယ်သူ့အကြောင်းမှလည်း မကောင်းပြောတာ မကြားဖူးပါဘူး။ အလွန်နေတတ်ထိုင်တတ်သူပါ။
၁၉၅ဝ ခုနှစ်များက ဖေဖေ တောင်ပိုင်းတိုင်းမှူးအဖြစ် မင်္ဂလာဒုံမှာ ကျွန်မတို့နေနေစဉ်မှာ ကျွန်မတို့အရပ်မှာ မငြိမ်မသက်ဖြစ်နေလို့ အဘွားတို့ ကျွန်မတို့နဲ့ လာနေခဲ့ဖူးပါတယ်။ ဖေဖေတို့တိုက်ခဲ့တဲ့ “မိုးကြိုးစစ်ဆင်ရေးကြီး” ရုပ်ရှင်သတင်းကားကို ကျွန်မတို့အိမ်မှာလာပြတော့ သေသူ ကျေသူတွေပုံပေါ်လာတော့“သူတို့ရှာတဲ့ထမင်းတော့ စားရတာမျိုမကျပါဘူးအေ”လို့ ပြောပါတယ်။ သူ့ဘေးမှာထိုင်နေတဲ့ သူ့ညီမဝမ်းကွဲက “မမယ်တင့်တို့မလဲ စိတ်ကိုချမ်းသာရတယ် မရှိပါဘူး”လို့ ဝင်ပြောတော့၊ ဖေဖေက“အမေ ဘယ်တုန်းကများ စိတ်မချမ်းမသာ ဖြစ်ရလို့လဲ”လို့ အမှတ်မထင် ဝင်ပြောပါတယ်။
အဘွားက ဒီစကားကို စိတ်မကောင်းဖြစ်သွားဟန် ရှိပါတယ်။ ဘာမှ ပြန်မပြောဘဲ ငြိမ်ကျသွားပေမယ့် ညအိပ်ရာဝင်တော့ သူ့ညီမဝမ်းကွဲ ဒေါ်လှတင်ကို“သူက (ဖေဖေကို ဆိုလိုဟန်ရှိပါတယ်) ငါ့ကို ဘယ်တုန်းကများ စိတ်မချမ်းမသာဖြစ်ဖူးလို့လဲလို့ပြောတာများ အံ့ပါရဲ့။ သူ ဂျပန်သွားတုန်းက ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိတုန်းက ညတိုင်း အိပ်မပျော်လို့ထထိုင်ပြီး ဆေးလိပ်သောက်တာ၊ ဆေးလိပ်ပြာတွေနဲ့ ဆေးလိပ်တိုတွေပစ်ထားတာ အိမ်အောက်ကနေ ကပြင်တောင်ထိတယ်။ သူ့ကို အဲဒီဆေးလိပ်ပြာပုံ ခေါ်ပြလိုက်ချင်လိုက်တာ” လို့ ပြောပါတယ်။ (မှတ်ချက်-ဖေဖေတို့ ဆိုင်းစုအိမ်မှာ ခြေတန်ရှည်အိမ်ဖြစ်ပြီး၊ အိမ်ကြမ်းပြင်နဲ့မြေကြီးအကြား လူတယောက် ကုန်းဝင်လို့ ရပါတယ်)
ကျွန်မတို့တတွေ ၁၉၇၆ ခုနှစ်မှာ မိသားစုလိုက် တောခိုသွားတုန်းကလည်း အဘွားက“ဒီကလေးဟာ(ဖေဖေ့ကို ဆိုလိုတာပါ) အသက် ၁၉ နှစ် ၂ဝ တုန်းကလည်း တခါမိုက်ပြီးပြီ(ဂျပန်သွားတာကို ဆိုလိုပါတယ်) အခုလည်း အသက် ၅ဝ ကျော်မှ ထပ်မိုက်ပြန်ပြီ၊ ဒီတခါတော့ ကိုယ်တယောက်တည်းမမိုက်ဘဲ၊ သားတွေသမီးတွေပါ ခေါ်သွားပြန်တယ်။ ငါ့ကို မသေမချင်းဒုက္ခပေးနေတဲ့ကလေးပဲ”လို့ဆိုပါသတဲ့။
၁၉၈ဝ ခုနှစ်များအတွင်း မဆလအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ ဦးနုတို့ ပြန်ရောက်လာကြတော့ ဆွေမျိုးတချို့က အဘွားကိုလာပြီး “သူများတွေတောင် ဒီအခွင့်အရေးယူပြီး ပြန်လာကြတာ၊ သားကိုလိုက်ခေါ်ပေါ့”လို့ပြောသတဲ့။ ဒီတော့ သူက “သြော် ပြန်လာဖို့ခေါ်ပြီး အိမ်သာဆောက်ပေးပြီး မတ်တတ်သွားခိုင်းရင် ဘယ်နှယ့်လုပ်ပါ့မလဲ”လို့ဆိုသတဲ့။ ဒါ့အပြင်“ငါ့သားက သေတဲ့အထိ အလံလှဲမယ့်သူ မဟုတ်ဘူး”လို့လည်း ပြောသတဲ့။
အဘွားဟာ ကျန်းမာရေးအလွန်ကောင်းပြီး နှာစေးချောင်းဆိုးဖြစ်ရုံလောက်ကလွဲလို့ ကြီးကြီးမားမား ဘာမှမဖြစ်ပါဘူး။ ကျွန်မ ရန်ကုန်မှာ ရှိစဉ်က သူနေမကောင်းရင် ရှစ်မိုင်ကနေသွားခေါ်လာပြီး၃-၄ ရက် ဆေးကျွေးဆေးတိုက်လုပ်လိုက်ရင် ကောင်းသွားတာပါပဲ။ ကျွန်မတို့အိမ်မှာ ကြာကြာမနေပါဘူး။ နေနည်းနည်းကောင်းတာနဲ့ သူ့ဇရပ်သူ ပြန်တာပါပဲ။
၁၉၈၄-၈၅ လောက်မှာ သူအအေးမိပြီး ချောင်းဆိုးလို့ သူရဲ့တဦးတည်းသောသမီးက အိမ်ခေါ်လာပြီးထားစဉ်မှာပဲ တမနက် အိပ်ရာထမှာ ကွယ်လွန်သွားတာ သိလိုက်ရတာပါပဲ။ အသက် ၉၃ နှစ်မှာ ကွယ်လွန်သွားတာပါ။
ကွယ်လွန်ချိန်မှာ နာရေးကြော်ညာထည့်တော့ ဖေဖေ့နာမည် ထည့်ခွင့်မရပါဘူး။ ဖေဖေကတော့ သူ့အမေဟာ သူ့အဖေထက် စိတ်ဓာတ်ပြင်း ထန်တယ်လို့ဆိုပါတယ်။ မာနလည်းကြီးတယ်လို့ဆိုပါတယ်။
ဒါတွေကတော့ ကျွန်မသိသလောက် ကျွန်မ အဘိုးနဲ့အဘွား (ဖေဖေ့အဖေနဲ့အမေ) အကြောင်းတွေပါပဲ။
၂၅-၉-၂ဝဝ၉။ (လှကျော်ဇော)
0 comments:
Post a Comment