Tuesday, November 18, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော) ဆောင်းပါးအမှတ်(၅)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါးအမှတ်(၅)
ဗိုလ်ရန်အောင်
ဖေဖေတို့ ဂျပန်မှာ စစ်ပညာသင်ကြားကြစဉ်က သူ့ရဲ့ရင်းနှီးတဲ့ရဲဘော်ရဲဘက်တွေထဲမှာ ဗိုလ်ရန်အောင်ပါရှိပြီး အဲဒီတုန်းက ဗိုလ်ရန်အောင်နဲ့ သူ့ဆက်ဆံရေးကို သူရဲ့ကိုယ်ရေးအထုတ္တပ္ပတိစာအုပ်မှာ အတော်ပြည့်ပြည့်စုံစုံရေးပြီးဖြစ်ပါတယ်။
အခု ကျွန်မရေးမှာကတော့ သူတို့တတွေ ရဲဘော်သုံးကျိပ်များအဖြစ် ဗမာပြည်ပြန်ရောက်ပြီး အဖြစ်အပျက်များဖြစ်ပါတယ်။
ဖေဖေတို့ တပ်မှူးငယ်အုပ်စုဟာ ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးမှ အိမ်ထောင်ပြုကြမယ်လို့ ဆုံးဖြတ်ထားကြသတဲ့။ ဒါနဲ့ပဲ ဖေဖေက ဖဆပလ ဖွဲ့စည်းရေးအတွက် သခင်စိုးကို မြစ်ဝကျွန်းပေါ်ကသွားခေါ်ဖို့ ဗိုလ်ချုပ်အောင်ဆန်းကခေါ်ခိုင်းတဲ့အခါမှာ သခင်စိုးကဆီးပြီး ဖေဖေတို့ လာကြိုခေါ်တဲ့အုပ်စုကို နိုင်ငံရေးသင်တန်းပေးပါတယ်။ ဂျပန်မှာနေစဉ်ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်ပြီးနေတဲ့ဗိုလ်ရန်အောင်က ဖေဖေ့ကို ‘ခင်ဗျား ဗမာပြည်ပြန်ရောက်ရင် နိုင်ငံရေးသင်တန်းတက်ဖြစ်အောင် တက်ပါ’လို့ တိုက်တွန်းဘူးသတဲ့။ ဖေဖေတို့က ကျောင်းသားဘဝကလိုက်လာရတာဖြစ်လေတော့ ဗမာပြည်ပြန်ရောက်လို့ ဗမာ့လွတ်လပ်ရေးရပြီးရင် ကျောင်းပြန်နေမယ်လို့ပဲ စိတ်ကူးထားတာကြောင့် နိုင်ငံရေးသင်တန်းတက်ရေးဆိုတာ နားလည်းမလည် သဘောလည်းမပေါက် ဖြစ်နေတယ်တဲ့။ သခင်စိုးနိုင်ငံရေး သင်တန်းတက်မှပဲ ဘာကြောင့် နိုင်ငံရေးသင်တန်းလိုအပ်တယ်ဆိုတာ သဘောပေါက်မိတယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။
အဲဒီသင်တန်းက ဖေဖေကို သာမန်မျိုးချစ်စစ်သားလေးဘဝကနေ ရာသက်ပန် လူတန်းစားလွတ်မြောက်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား ဘဝကို ပြောင်းလဲပေးလိုက်ပါတော့တယ်။ တဆက်တည်းမှာပဲ ပြည်သူတွေလွတ်မြောက်ဖို့ဆိုတာ ရေရှည်သွားရမယ့်လမ်းခရီးဖြစ်ကြောင်း သဘောပေါက်သွားတဲ့အတွက် အိမ်ထောင်ပြုရေးကိုလည်း စဉ်းစားလာမိပြီး ဖေဖေ ဂျပန်မသွားခင်ကတည်းက မေတ္တာမျှခဲ့တဲ့ မေမေနဲ့ လက်ထပ်ခွင့်ရဖို့ကြိုးစားပါတော့တယ်။
စစ်အတွင်း စစ်သားတယောက်နဲ့လက်ဆက်ပေးဖို့ သဘောမတူနိုင်တဲ့ မေမေ့မိဘများကြောင့် မေမေဟာ ဖေဖေမှာတဲ့အတိုင်း အဖော်တယောက်ခေါ်ပြီး ဖေဖေရှိရာ ရန်ကုန်ကို ထွက်လိုက်လာပါတော့တယ်။
ဒီလိုနဲ့ဖေဖေနဲ့မေမေကို ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ ဗိုလ်ချုပ်အောင်ဆန်းတို့က ဦးစီးပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဦးနုတို့ဇနီးမောင်နှံက လက်ထပ်ပေးလိုက်ကြပါတော့တယ်။
အဲဒီလက်ထပ်ပွဲမှာ ဖေဖေရဲ့လူပျိုရံများဟာ သူရဲ့ ရဲဘော်သုံးကျိပ်ဝင်ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ဗိုလ်ရန်အောင်၊ ဗိုလ်မြင့် အောင်နဲ့ ဗိုလ်ရဲထွဋ်တို့ပါ။ အားလုံး လူပျိုကြီးတွေဖြစ်ပြီး ဖေဖေကို ဝိုင်းစကြနောက်ကြနဲ့ အလွန်ပျော်ခဲ့ကြဆိုပဲ။ ဖေဖေရဲ့လူပျိုည ကြက်သားကာလသား ဟင်းချက်စားပွဲအကြောင်းကတော့ ဖေဖေရေးပြီးပြီပဲ။
ဗိုလ်ရန်အောင်ဟာ ဖေဖေနဲ့မေမေလက်ထပ်ပြီးနောက် ဖေဖေတို့နေတဲ့ဦးဝိစာရလမ်းကအိမ်လေးကို လာလာလည်တိုင်း နောက်ပြောင် ရယ်မောပြောဆိုတတ်ပေမယ့် တခါတရံလည်း မေမေ့ကိုကြည့်ပြီး ငေးငိုင်မှိုင် တွေ သွားတတ်တယ်လို့ ဖေဖေကဆိုပါတယ်။ ဒါနဲ့ပဲ ဖေဖေက တနေ့မှာ ဗိုလ်ရန်အောင်ကိုမေးကြည့်သတဲ့။ ခင်ဗျားက တခါတခါမျက်နှာမကောင်းဘူး။ ကျွန်တော်အိမ်ထောင်ပြုတာပဲဖြစ်ဖြစ် ကျွန်တော် အိမ်ထောင်ဖက်ပေါ်မှာပဲဖြစ်ဖြစ် ခင်ဗျား ဘာအမြင်ရှိလို့တုန်း။ မကျေနပ်စရာရှိလည်း ပြောပြပါဗျာလို့ ဖေဖေကမေးသတဲ့။
ဒီတော့မှ ဗိုလ်ရန်အောင်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြသတဲ့။
ဗိုလ်ရန်အောင်မှာလည်း ဖေဖေလိုပဲ ဇာတိနေရပ်မှာ ငယ်ရည်စားလေးရှိသတဲ့။ သူတို့တတွေ ဂျပန်ကပြန်ရောက်တော့ သူ့ငယ်ရည်စားလေးက ရန်ကုန်ကိုလိုက်လာတယ်တဲ့။ အဲဒီကာလက သူတို့တတွေ အလုပ်တွေကလည်းများ ဘယ်သူမှလည်း အိမ်ထောင်မပြုကြသေးတော့ (ဗိုလ်ချုပ်အောင်ဆန်းတောင် အိမ်ထောင်မကျသေးဘူးတဲ့) ဗိုလ်ရန်အောင်က သူ့ငယ်ရည်စားလေးကို တောပြန်စောင့်ဖို့၊ သူအလုပ်အကိုင် တည်ငြိမ်တော့ လာခေါ်မယ့်အကြောင်းပြောပြီး ပြန်လွှတ်လိုက်သတဲ့။ ကလေးမလေးက ယောက်ျားနောက်လိုက်မယ်ဆိုပြီး အိမ်ကထွက်လာတာဖြစ်လေတော့ ကိုယ့်မိဘရပ်ဌာနမပြန်ရဲတော့ပဲ နီးစပ်ရာ ဆွေမျိုးများရှိရာ တောအရပ်ဒေသတခုမှာ သွားခဏနေရာက အပြင်းဖျားပြီး ကွယ်လွန်သွားရှာပါတော့တယ်။
ဒါကြောင့် ဗိုလ်ရန်အောင်ကြီးက ဖေဖေနောက် စွန့်စွန့်စားစားလိုက်လာပြီး ဖေဖေနဲ့ပျော်ပျော်ရွှင်ရွှင်လက်ထပ်လိုက်ရတဲ့မေမေ့ကိုမြင်တိုင်း ကုသိုလ်ဆိုးလှတဲ့သူ့ငယ်ရည်စားလေးကို သတိရ စိတ်မကောင်းဖြစ်မိတာလို့ဆိုပါတယ်။
ဖေဖေရော မေမေရော ဒီအကြောင်းသိပြီးနောက်မှာ ဗိုလ်ရန်အောင်အပေါ် အလွန်သနားကြင်နာကြပြီး ဗိုလ်ရန်အောင် ဘယ်တော့ အိမ်လာလာ အလွန်ဂရုစိုက်ခဲ့ကြတယ်။ မေမေကလည်း မရှိရှိရာ ဟင်းကောင်းလေးတွေနဲ့ ထမင်းကျွေးလေ့ရှိတယ်လို့ ဖေဖေက ပြောပြပါတယ်။
ဖေဖေရဲ့ အဲဒီဗိုလ်ရန်အောင်အပေါ်ကြင်နာစိတ်ဟာ တောက်လျှောက်ဆက်ရှိခဲ့ပုံရပါတယ်။ ဗိုလ်ရန်အောင် ရခိုင်ဘက်မှာ ငှက်ဖျားဖျားပြီး နောက်ပိုင်း ကယောင်ကတန်းဖြစ်လာမှုကိုကြားရတော့ ရခိုင်ငှက်ဟာအတော်ဆိုးတာ ဦးနှောက်ငှက်ဖျားဖြစ်သွားဟန်ရှိတယ်။ ဒါကြောင့် ဦးနှောက်ထိသွားပုံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သာယာဝတီထောင်ထဲမှာလည်း ဆိုရှယ်လစ်ထောင်မှူးဝါဒါများဟာ မင်းလား ဂျပန်ပြန် ရဲဘော်သုံးကျိပ်ဆိုပြီး ရက်ရက်စက်စက်ရိုက်နှက်ခဲ့မှုကြောင့်လည်း ပိုဆိုးဝါးသွားဟန်ရှိတယ်လို့ ဖေဖေကပြောပါတယ်။ ဂျပန်မှာနေတုန်းကတော့ ဗိုလ်ရန်အောင်ကြီးဟာ အလွန်ထက်ထက်မြက်မြက်ရှိခဲ့သူပဲလို့လည်း ပြောပြပါတယ်။
ဖေဖေပင်စင်ယူပြီး ကျွန်မတို့ဆီဆုံလမ်းအိမ်လေးရောက်တော့ ဗိုလ်ရန်အောင်ရဲ့သားများ ဖေဖေ့ကိုလာတွေ့ပြီး သူတို့အဖေဓာတ်ပုံရှိရင် လိုချင်ကြောင်းလာပြောလို့ ဖေဖေက သူတို့ ဂျပန်စစ်ဝတ်စုံတွေနဲ့ရိုက်ထားတဲ့ သူတို့အဖေပါတဲ့ပုံတပုံထုတ်ပြပါတယ်။ သူတို့ ယူသွားပြီး ကူးယူပါတယ်။ အဲဒီသားတွေကလည်း ဗိုလ်ရန်အောင်နဲ့တပုံတည်း တူပါတယ်။ ဖေဖေကတော့ အသံပါတူတာဟဲ့လို့ပြောပါတယ်။
ဒါတွေကတော့ ဖေဖေ အလွန်ခင်မင်ခဲ့တဲ့ ရဲဘော်ရဲဘက်ကြီး ဗိုလ်ရန်အောင်အကြောင်း တစေ့တစောင်းပါ။
၂၁-၁၁-၂ဝဝ၉။

0 comments:

Post a Comment