Wednesday, November 19, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၁၃)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါးအမှတ် (၁၃)
ငယ်ကအချစ်
ပဲခူးစံပြတပ်ရင်းမှာ ဖေဖေတပ်ရင်းမှူးအဖြစ်ရော၊ စံပြလေ့ကျင့်ရေးကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ်ရော တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ၁၉၄၃-၄၄ ကာလအတွင်းမှာ ဖေဖေ့ဘဝအတွက် အရေးကြီးတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ပထမအပြောင်းအလဲကတော့ နိုင်ငံရေးအရ၊ အတွေးအခေါ်အရအပြောင်းအလဲပါ။
၁၉၄၄ ခုနှစ်၊ နှစ်လယ်လောက်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဖေဖေ့ကိုခေါ်ပြီး ဂျပန်တော်လှန်ဖို့၊ ဆွေးနွေးတိုင်ပင်ညှိနှိုင်းဖို့ ဒေးဒရဲမှာ ဂျပန်တော်လှန်ရေးအတွက် လျှို့ဝှက်လှုပ်ရှားပြီး နိုင်ငံရေးသင်တန်းတွေပေးနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးကို လျှို့ဝှက် သွားရောက်ခေါ်ဆောင်ဖို့ တာဝန်ပေးပါတယ်။ အဲဒီကိစ္စအသေးစိတ်တွေကိုတော့ ဖေဖေက သူ့စာအုပ်မှာရေးထားပြီးပါပြီ။ သခင်စိုးက သူ့လာခေါ်တဲ့ ဖေဖေနဲ့သူ့ရဲဘော်တွေကို ဆီးပြီး နိုင်ငံရေးသင်တန်းတွေပေးပါတယ်။ ဖေဖေက ဂျပန်မှာနေတုန်းကတည်းက ဗိုလ်ရန်အောင်က  “ခင်ဗျား ဗမာပြည်ပြန်ရောက်ရင် နိုင်ငံရေးသင်တန်းတက်ပါဗျာ”လို့ တိုက်တွန်းဖူးတယ်တဲ့။ ဖေဖေတို့က ကျောင်းသားဘဝကလိုက်လာရတာ ဖြစ်လေတော့ ဗမာပြည်ပြန်ရောက်လို့ ဗမာပြည်ကြီးလွတ်လပ်ရေးရပြီးရင် ကျောင်းပြန်နေမယ်လို့ပဲ စိတ်ကူးထားတာကြောင့် နိုင်ငံရေးသင်တန်း တက်ရေးဆိုတာလည်း သိပ်နားမလည်သဘောမပေါက်မိဘူးဆိုပဲ။ သခင်စိုးရဲ့နိုင်ငံရေးသင်တန်းတွေ တက်ရတော့မှပဲ ဘာကြောင့် နိုင်ငံရေးသင်တန်းလိုအပ်တယ်ဆိုတာ သဘောပေါက်မိတယ်တဲ့။
အဲဒီသင်တန်းက ဖေဖေ့ကို သာမန်မျိုးချစ်စစ်သားလေးဘဝကနေပြီး ရာသက်ပန် လူတန်းစားလွတ်မြောက်ရေးတိုက်ပွဲဝင် တော်လှန်ရေးသမား နိုင်ငံရေးသမားဘဝကို ပြောင်းလဲပေးလိုက်ပါတော့တယ်။ အဲဒီနိုင်ငံရေးသင်တန်းတွေအပြီးမှာ ဖေဖေနဲ့သူ့ရဲဘော်တသိုက် ဗမာပြည်ကွန်မြူနစ် ပါတီဝင်များ ဖြစ်သွားပါတော့တယ်။ ဒါကြောင့်ဖေဖေက သခင်စိုးကို “ကျွန်တော့်ကို ခိုင်မာတဲ့ကွန်မြူနစ်တယောက်ဖြစ်အောင် ကူညီခဲ့သူ ပထမပုဂ္ဂိုလ်”လို့သူ့စာအုပ်ထဲမှာ ရေးသားခဲ့တာပါ။
အဲဒီသင်တန်းတွေမှာ ဆိုဗီယက်ယူနီယံအစိုးရအကြောင်းတွေ ကြားရတော့ ဒီလောက်ကောင်းတဲ့အစိုးရမျိုး ကမ္ဘာပေါ်မှာရှိရဲ့လားလို့ တအံ့တသြဖြစ်ကြပြီး ပြည်သူတွေ တနေ့တော့လွတ်မြောက်မှာ၊ ဒီလိုလွတ်မြောက်ဖို့လည်း အများကြီးကြိုးစားရဦးမယ်။ ရေရှည် ဇွဲနပဲနဲ့ လုပ်ရမှာဆိုတာ သဘောပေါက်မိလာတယ်လို့ဆိုပါတယ်။
ဖေဖေက အဲဒီသင်တန်းတက်စဉ်က အကြောင်းတွေပြောရင်းနဲ့ အဲဒီမှာ သူတွေ့ခဲ့တဲ့ သခင်စိုးရဲ့ညာလက်ရုံးသခင်တင်မြအကြောင်းလည်း ပြောပြပါတယ်။ သခင်တင်မြဟာ အလွန်လုပ်ရည်ကိုင်ရည်ရှိပြီးသခင်စိုးရဲ့ လက်ကသုံးတောင်ဝှေးဖြစ်တဲ့အကြောင်း၊ အလွန်အန္တရာယ်ကြီး လှတဲ့ ဂျပန်တွေရဲ့မျက်ခုံးပေါ်လျှောက် မြေအောက်လုပ်ခဲ့သူဖြစ်ကြောင်း၊ သခင်စိုးရဲ့နိုင်ငံရေးသင်တန်းတက်ဖို့ အနယ်နယ်အရပ်ရပ်က နိုင်ငံရေးသမားတွေကို သူပဲ စုဆောင်းပေးခဲ့ကြောင်း စတာတွေပြောပြဖူးပါတယ်။ သခင်တင်မြကလည်း ဒါတွေကို “ဘုံဘဝမှာဖြင့်”စာအုပ်မှာ အတော်ပြည့်ပြည့်စုံစုံ ရေးထားပြီးပပြီ။
ဖေဖေဆက်ပြောပြတာကတော့ ဒီလူဒီလောက်လုပ်ကိုင်နေပေမယ့် သူ့မှာ အားနည်းချက်တခု ရှိတယ်တဲ့။ သူက ကွန်မြူနစ်ဝါဒကို(သခင်စိုးရဲ့ တပည့်ရင်းပီပီ) စောစောထိတွေ့ခဲ့ရလေတော့ နောက်မှ သင်တန်းတက်ရသူတွေ၊ ကွန်မြူနစ်ဝါဒနဲ့စိမ်းနေသူတွေ၊ နိုင်ငံရေးအရ မရင့်ကျက်သေးသူများအပေါ်အထင်သေးတတ်ပြီး လှောင်သလို၊ ပြောင်သလို၊ ရယ်သလို၊ မောသလိုလုပ်တတ်တယ်တဲ့။ ဒါတွေကို လူတွေကမုန်းပြီး သူ့ကို ၁၉၄၅ ဇူလိုင်မှာကျင်းပတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ဗဟိုကော်မတီအဖြစ်မရွေးချယ်ခဲ့ကြတာ ပဲတဲ့။ (ကွန်ဂရက်အပြီး သခင်တင်မြကို လုပ်ငန်းလိုအပ်ချက်အရဆိုပြီး သခင်သန်းထွန်းက ဗဟိုစည်းရုံးရေးကော်မတီပဲ ခန့်အပ်ခဲ့ရပါတယ်။)
အဲဒီ ဒေးဒရဲ ဂွကလေးရွာမှာ သခင်စိုးရဲ့နိုင်ငံရေးသင်တန်းတက်ရင်း ဖေဖေတွေ့ခဲ့ရတဲ့ နောက်တဦးကတော့ ဖေဖေတို့ တည်းခိုသင်တန်းတက် ခဲ့တဲ့ အိမ်ပိုင်ရှင်ဦးမောင်တင်ရဲ့ဇနီး ဒေါ်ငွေစံပါ။ ဖေဖေတို့က သူတို့အိမ်က ထပ်ခိုးလေးပေါ်မှာ သင်တန်းတက်ရတာပါ။ အဲသလို သင်တန်းတက်နေတုန်း ဂျပန်အဖွဲ့တဖွဲ့က စက်လှေတစီးနဲ့ရွာကိုရောက်လာပြီးရွာမှ ရွာသားတွေစု ဟောပြော၊ အဲဒီအိမ်မှာပဲ ထမင်းစားနဲ့ တနေ့လည် နေသွားပါတယ်။
ဒေါ်ငွေစံဟာ အဲဒီဂျပန်တွေကို အိနြေ္ဒမပျက်ဧည့်ခံစကားပြော၊ ထမင်းကျွေးမွေးပြီး မှင်မောင်းသေသေနဲ့နေသွားလိုက်တာ၊ ထပ်ခိုးလေးထဲမှာ ပုန်းခိုပြီးနေရတဲ့ဖေဖေတို့တတွေက သူ့ရဲ့တည်ငြိမ်မှုနဲ့ရဲရင့်မှုကိုတွေ့ရပြီး လေးစားမဆုံး၊ ပြောမဆုံးဖြစ်ခဲ့ရတယ်ဆိုပဲ။ ဒါ့အပြင် မတော်တဆ ဂျပန်တွေက ဖေဖေတို့ရှိတာရိပ်မိသိရှိသွားပြီး ဖမ်းဆီးဖို့လုပ်လာရင် ပစ်ခတ်တိုက်ခိုက်ဖို့လည်း ပြင်ဆင်ထားရလေတော့ ကြားထဲမှာ ဒေါ်ငွေစံတော့ ထိခိုက်မိတော့မှာပဲဆိုပြီး ဖေဖေတို့တတွေ အတော်စိုးရိမ်ပူပန်ခဲ့ကြရတယ်လို့ပြောပြဖူးပါတယ်။
၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးဖို့ တောတွင်းအဖွဲ့တွေ မြို့တက်လာတော့ အလံနီအဖွဲ့မှာ ဒေါ်ငွေစံကို သခင်စိုးဇနီးအဖြစ် ပါလာတာတွေ့ရပါတယ်။ သခင်စိုးက ဒေါ်ငွေစံကိုယူလိုက်တာကို ဖေဖေက “တော်တော်စည်းကမ်းမရှိတဲ့လူကြီး”လို့ဆိုခဲ့ဖူးပါတယ်။ နောက်ပိုင်း သခင်စိုးရဲ့ မြေပေါ်လက်နက်ချရောက်လာပြီး လုပ်ဆောင်ချက်အရပ်ရပ်တွေကို သိရကြားရပြီးတဲ့အခါမှာတော့ ဖေဖေက “သခင်စိုးဟာ ကွန်မြူနစ်သရုပ်ကို ရက်ရက်စက်စက်ဖျက်ဆီးပစ်တဲ့လူပဲ”လို့မှတ်ချက်ချပြောခဲ့ဖူးပါတယ်။
ဒါကတော့ ဖေဖေရဲ့ နိုင်ငံရေးအရအပြောင်းအလဲဖြစ်တဲ့အကြောင်းနဲ့ အဲဒီကာလက အဖြစ်အပျက်တချို့ပါ။
ဒုတိယအပြောင်းအလဲကတော့ ပုဂ္ဂိုလ်ရေးကိစ္စပါ။ ဖေဖေတို့ ဂျပန်ပြန်တပ်မှူးအုပ်ဟာ ဗမာ့လွတ်လပ်ရေးရမှ အိမ်ထောင်ပြုကြမယ်လို့ သန္နိဋ္ဌာန်ချထားတာပါ။ ဒါပေမယ့် ဖေဖေက သခင်စိုးရဲ့နိုင်ငံရေးသင်တန်းတက်ပြီးနောက် ပြည်သူတွေတကယ်လွတ်မြောက်ဖို့ဆိုရင် လွတ်လပ်ရေးရရုံနဲ့ မပြီးသေးဘူး။ ဆက်လုပ်ဆောင်စရာတွေရှိသေးတယ်ဆိုတာသဘောပေါက်သွားပြီးတော့ အိမ်ထောင်ပြုရေးကို စ စဉ်းစားမိတယ်တဲ့။ ဒီကြားထဲ သခင်စိုးက ဗိုလ်ချုပ်နဲ့ဆွေးနွေးဖို့ ဖေဖေ့ပဲခူးကအိမ်မှာနေရင်း ဖေဖေနဲ့အာလာပသလ္လာပပြောဆိုရင်း အိမ်ထောင်ပြုဖို့ တိုက်တွန်းတယ်လို့ဆိုပဲ။ ဒါနဲ့ဖေဖေက အိမ်ထောင်ပြုတော့မယ်လို့ဆုံးဖြတ်ပြီး သူ့ငယ်ရည်စားမေမေ့ကို လှမ်းဆက်သွယ်ပြီး မေးမြန်းစုံစမ်းတာတွေ လုပ်ရပါတော့တယ်။
စစ်ကြီးအတွင်း စစ်သားတယောက်နဲ့ပေးစားရမှာကိုသဘောမတူနိုင်တဲ့ မေမေ့မိဘများကြောင့် ဖေဖေနဲ့မေမေအိမ်ထောင်ပြုရေးဟာ အခက်အခဲနဲ့ကြုံတွေ့ရပေမယ့် နောက်ဆုံးမှာတော့ ဖေဖေနဲ့မေမေ ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ လက်ထပ်နိုင်ခဲ့ကြပါတော့တယ်။
အဲဒီနေ့ကစလို့ မေမေကွယ်လွန်တဲ့ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့အထိ၊ ဖေဖေတို့ မေမေတို့ နှစ်ပေါင်း ၅၄ နှစ်ကျော်ပေါင်းသင်းခဲ့ကြရာမှာ ကျွန်မတို့သားအဖတတွေ ၁၉၇၆ ခု တောထဲထွက်လာပြီး မေမေနောက်ကလိုက်ခဲ့တဲ့ ၁၉၈ဝ ခုနှစ်ကာလအထိ ၄ နှစ်ကြာကာလမှာပဲ ကွဲကွာ နေထိုင်ခဲ့ကြတာပါ။ မေမေဟာ ဖေဖေနဲ့အေးအတူပူအမျှ ပြောင်းရွှေ့လေရာဒေသအရပ်ရပ်ကို နောက်က တကောက်ကောက်ပါအောင် လိုက်ပါခဲ့သူဖြစ်ပြီး မှတ်ဉာဏ်ကလည်းအလွန်ကောင်းလေတော့ အိမ်ထောင်သက်ဘဝတလျှောက် ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာအမျိုးမျိုး လူပုဂ္ဂိုလ်အမျိုးမျိုးကို မှတ်မိသတိရနေတတ်ပါတယ်။ ဖေဖေက တချို့မေ့နေတာတွေကို မေမေ့ကို မေးရတတ်ပါတယ်။
မေမေကွယ်လွန်ပြီးမှ ကိုယ်ကိုယ်တိုင်လည်း အသက် ၈ဝ ကျော်မှ ဖေဖေက သူ့အထုတ္တပ္ပတိစာအုပ်ကို စရေးလေတော့၊ တချို့ အဖြစ်အပျက်တွေကို အတိအကျမမှတ်မိတော့တာတွေ ကြုံရပါတော့တယ်။ အကြောင်းအရာတချို့ကို ချန်ထားခဲ့ရပါတော့တယ်။ ဖေဖေ့စာအုပ် ထွက်လာတော့ ဖေဖေအရင်က ပါးစပ်နဲ့ပြောဖူးထားတဲ့အကြောင်းအရာတော်တော်များများကို ကြားဖူးထားတဲ့သူအများက မေးမြန်း လာပါတော့တယ်။
ဖေဖေလည်း သူ့စာအုပ်ကို အားမလိုအားမရဖြစ်ပြီးသြော်-သူရှိတုန်းကသာရေးဖြစ်ရင် သိပ်ကောင်းမှာပဲလို့ညည်းတွားပြီး မေမေ့ကို တမ်းတ တတ်ပါတယ်။
ဖေဖေရဲ့ ဒီအပြောင်းအလဲကြီးနှစ်ခု (နိုင်ငံရေးနဲ့ပုဂ္ဂိုလ်ရေး)ဟာ သူ့အတွက် ရာသက်ပန်စွဲမြဲခဲ့တဲ့ အကြောင်းအရာကြီးနှစ်ရပ် ဖြစ်လာခဲ့ပါတော့တယ်။
“ငယ်ကအချစ် အနှစ်တရာမမေ့သာ” လို့ ဆိုရိုးရှိမဟုတ်လား။
၁၂-၄-၂ဝ၁ဝ။

0 comments:

Post a Comment