ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါးအမှတ်(၉)
ဗိုလ်မှူးစိန်မှန်
ကျွန်မတို့ဇာတိ သာယာဝတီ၊ သုံးဆယ်က ဘီအိုင်အေခေတ်အတွင်းက နာမည်ကြီးစစ်ဗိုလ် နောက်တယောက် ထွက်ခဲ့ပါသေးတယ်။ သူကတော့ ပြည်တွင်းစစ်အစပိုင်းကာလအတွင်းက ကွယ်လွန်သွားခဲ့ရတဲ့ ဗိုလ်မှူးစိန်မှန်ပါ။
ဗိုလ်မှူးစိန်မှန်ဟာ ဖေဖေတို့ဇာတိဆိုင်းစုရွာနဲ့ သုံးဆယ်မြို့အကြား ရွာမရွာက ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဖေဖေတို့နဲ့ရပ်ဆွေရပ်မျိုး အဖြစ် ရင်းနှီးခင်မင်ခဲ့ပြီး ဖေဖေ့အစ်ကိုကြီး ဦးကြီးပုနဲ့ကတော့ ငယ်သူငယ်ချင်းတွေပါ။ အင်္ဂလိပ်-ဗမာ ၇ တန်း အောင်ထားလို့ အဲဒီခေတ် အဲဒီကာလက ဖေဖေတို့အဝန်းအဝိုင်းမှာ ပညာတတ်တယောက်အဖြစ် ဝိုင်းဝန်းလေးစားအားထားခြင်းကို ခံခဲ့ရပါတယ်။ သာယာဝတီအရေးပိုင်ရုံးမှာလည်း အောက်တန်းစာရေးဝင်လုပ်ဖူးပါတယ်။
၁၉၄၂ ခုနှစ် ဖေဖေတို့ဘီအိုင်အေတပ် ရန်ကုန်ဝင်ပြီကြားတော့ ဦးကြီးပုနဲ့အတူ ဖေဖေ့ဆီရောက်ပြီး ဖေဖေဖွင့်တဲ့ ဗိုလ်သင်တန်းဝင်တက်ပြီး နောက်ပိုင်း ဖေဖေရဲ့ ပဲခူးစံပြတပ်ရင်းအထိ ပါလာခဲ့ပါတယ်။ ၁၉၄၄ ခုနှစ်မှာ ဘီအိုင်အေအနောက်ပိုင်းတိုင်းရှိရာ အာလံကို ခေတ္တလွှတ်လိုက်ပြီး ပြန်ရောက်လာတော့ ဗိုလ်နေဝင်းတို့ ဗိုလ်အောင်ကြီးတို့တတွေ ဗိုလ်ချုပ်အောင်ဆန်းကစလို့ ကျန်ရဲဘော်သုံးကျိပ်ဝင်များအဆုံး အပေါ် မကျေမနပ်လျှောက်ပြောပြီး လူငယ်တွေစည်းရုံးနေကြောင်း ဖေဖေ့ကို ပြန်တိုင်ဖူးလို့ ဖေဖေက အဲဒီတုန်းက စံပြတပ်ရင်းမှာ ရှိနေတဲ့ ဗိုလ်မှူးအောင်ကိုခေါ်၊ ရန်ကုန်ဆင်း၊ ဗိုလ်ချုပ်ကိုတိုင်ဖူးတဲ့အကြောင်း ဖေဖေက သူ့အထုတ္တပ္ပတိစာအုပ်မှာ ရေးထားခဲ့ဖူးပါတယ်။
ဂျပန်တော်လှန်ရေးကာလမှာတော့ တိုင်း ၇ ဗိုလ်မှူးအောင်နဲ့ပါသွားပြီး ဂျပန်ခေတ်အပြီးမှာတော့ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဖိုးကွန်းတို့ဖွဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့ထဲမှာ ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပါတယ်။ ပြည်သူ့ရဲဘော်အဖွဲ့ဟာ ဗိုလ်ချုပ်က အတော်အလေးထားပြီးဖွဲ့စည်းခဲ့တဲ့ အဖွဲ့ပါ။ ဒါပေမယ့် ဗိုလ်ချုပ်ကျဆုံးပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့လည်းနှစ်ခြမ်းကွဲသွားရာမှာ ဗိုလ်စိန်မှန်ဟာ ရဲဘော်ဝါအဖွဲ့ထဲပါသွားခဲ့ပြီး ဖဆပလ ဆိုရှယ်လစ်ဂိုဏ်းနဲ့ပေါင်းသွားခဲ့ပါတယ်။
အဲဒီနောက် ဗိုလ်အောင်ကြီးတို့က အတော်ချီးမြှောက်အားပေးတာခံရပြီး ပြည်တွင်းစစ် စတင်လာတဲ့အခါမှာတော့ သောင်းကျန်းမှု နှိမ်နင်းရေးအဖွဲ့ရဲ့ အထူးမင်းကြီးအဖြစ်ခန့်အပ်တာ ခံရပါတယ်။ နယ်တွေလှည့်ပြီး သောင်းကျန်းမှုနှိမ်နင်းရေးအဖွဲ့တွေဖွဲ့ပြီး စစ်တပ်က ဆင်နွှဲတဲ့စစ်ဆင်ရေးတွေကို အားကြိုးမာန်တက်ကူညီခဲ့ပါတယ်။ အဲဒီအဖွဲ့တွေဟာ လဲဗီးတို့၊ ပြူစောထီးတို့လိုအဖွဲ့မျိုးတွေပါပဲ။
အဲဒီလို ဗိုလ်မှူးစိန်မှန် သြဇာအာဏာတွေတက်ပြီး၊ ပြည်တွင်းသောင်းကျန်းမှုတွေကိုနှိမ်နင်းနေရာမှာ ၁၉၅ဝ ခုနှစ် အစောပိုင်းကာလမှာ သာယာဝတီခရိုင်အတွင်းခိုအောင်းနေတဲ့ သူပုန်သူကန်များ (ဗကပများ)ကို နှိမ်နှင်းဖို့ဆိုပြီးသာယာ ဝတီကို အော့စဖို့ Oxford လေယာဉ်တစင်းနဲ့ရောက်လာခဲ့ပါတယ်။ ဗြိသိသျှတို့က သူတို့ ဒုတိယကမ္ဘာစစ်အတွင်းကသုံးခဲ့တဲ့ အော့စဖို့လေယာဉ်ကလေးတွေကို ဗမာ့လေတပ်မတော်အတွက် ရောင်းချပေးထားတာပါ။ လေယာဉ်ကိုယ်ထည်က ပျဉ်ပြားပါ။ ဒါပေမယ့် စက်သေနတ်နှစ်လက်လည်း တပ်ဆင်ပေးထားလို့ တိုက်လေယာဉ်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ဗိုလ်မှူးစိန်မှန်က သာယာဝတီမှာ စစ်ဖက်၊ နယ်ဖက်အရာရှိများကိုခေါ်ပြီး၊ ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးအတွက် စီမံကိန်းတွေချပြီး တာဝန်တွေခွဲပေးပါတယ်။ ပြီးနောက် အဲဒီ အော့စဖို့လေယာဉ်ပျံလေးနဲ့ပဲ ရန်ကုန်မင်္ဂလာဒုံကို ပြန်ပါတယ်။ အဲဒီကာလက ရန်ကုန်-ပြည် ကားလမ်းတချို့ဒေသတွေကို သူပုန်များ (ဗကပနဲ့ကေအင်ဒီအိုများ)က သိမ်းပိုက်ထားတာပါ။ သူက လေယာဉ်မှူးကို နိမ့်နိမ့်ပျံခိုင်းပြီး အဲဒီဒေသတွေကို ကင်းထောက်ပါတယ်။ မသင်္ကာတဲ့နေရာကို စက်သေနတ်နဲ့လည်းပစ်ခိုင်းပါတယ်။ အောက်က သူပုန်တပ်က သေနတ်နဲ့ လှမ်းပစ်ပါတယ်။ အဲဒီလှမ်းပစ်တဲ့ကျည်ဆန်က သူ့ထိုင်ခုံအောက်တည့်တည့်ကဖောက်ပြီး သူ့ကိုမှန်ပါတယ်။ ဆီးအိမ်ပေါက်သွားပြီးနောက် မင်္ဂလာဒုံစစ်ဆေးရုံမှာ ကမန်းကတန်းခွဲစိတ်ကုသပေမယ့် နောက်ရက်အချို့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်၊
ဆီးအိမ်ပေါက်သွားပြီးနောက် ဆီးတွေ ဝမ်းဗိုက်ထဲဖိတ်ကျပြီး အူအမှေးပါး ရောင်သွားပုံရပါတယ်။ အဲဒီခေတ် အဲဒီကာလက ဆေးအတတ်ပညာမှာရော၊ ဆေးဝါးမှာရောခေတ်မမီသေးလို့ ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။
ဗိုလ်မှူးစိန်မှန်ကွယ်လွန်ချိန်မှာ ဇနီးဒေါ်အေးကြည်နဲ့ တဦးတည်းသောသမီးလေး ချောချော ကျန်ခဲ့ပါတယ်။ နောက်ပိုင်း မှာ ဖဆပလခေတ် လွှတ်တော်ဥက္ကဋ္ဌဗိုလ်မှူးအောင်က အတော်ကူညီလို့ ဖဆပလခေတ်မှာ လိုင်စင်တာတွေဘာတွေရပြီး အတော်အသင့်ချောင်လည် ကြပါတယ်။ နောက်ပိုင်း မဆလခေတ်တွေမှာလည်း ဗိုလ်အောင်ကြီးက ဆက်လက်ကြည့်ရှူပါတယ်။ ဗိုလ်မှူးစိန်မှန်ရဲ့ တခြားသားချင်းတွေ (အစ်ကိုတွေ၊ နှမတွေ)ကိုပါ စောင့်ရှောက်ကြည်ရှုပါတယ်။ ဒါကြောင့် ဗိုလ်မှူးစိန်မှန်ဆွေမျိုးတွေ ရန်ကုန်ရောက်ပြီး ကြီးပွားလာကြပါတယ်။
ကျွန်မတို့ သုံးဆယ်မြို့ခံလူထုကလည်း ဗိုလ်မှူးစိန်မှန်ရဲ့ကျန်ရစ်သူဇနီးသည် ဒေါ်အေးကြည်နဲ့သမီးလေးကို အတော်လေးလေးစားစား ကြင်ကြင်နာနာဆက်ဆံကြပါတယ်။
ဒေါ်အေးကြည်တို့က ရွှေမန်းတင်မောင်တို့၊ စိန်အောင်မင်းတို့ဇာတ်အဖွဲ့တွေကို ကန်ထရိုက်ဆွဲပြီးကျွန်မတို့မြို့မှာ ရုံသွင်းပါတယ်။ ကျွန်မတို့ မောင်နှမတတွေကလည်း နွေရာသီကျောင်းပိတ်ရက်ဆိုရင် သုံးဆယ်ပြန်ကြလို့ အဲဒီဇာတ်တွေကချိန်နဲ့တိုက်ပြီး ဇာတ်တွေကို အဲဒီမှာ ကြည့်ဖူးကြတာပါ။
တနှစ်တခါ ရုံသွင်းတဲ့ဇာတ် ဖြစ်တာကြောင့်တကြောင်း၊ ပွဲသွင်းသူတွေကလည်း သုံးဆယ်မြို့သူမြို့သားများဖြစ်တာကြောင့် တကြောင်း၊ မြို့ခံလူတွေရော ရပ်ဝေးရပ်နီးကျေးလက်လူထုရော တခဲနက်အားပေးလို့ အဲဒီဇာတ်ပွဲတွေဟာ အလွန်စည်ကားပါတယ်။ ရုံပြည့်ရုံလျှံမက တခါတလေ ရုံဖွင့်ပေးလိုက်ရပါတယ်။ ဒေါ်အေးကြည်တို့လည်း အကျိုးအမြတ်အတော်မြိုးမြိုးမြက်မြက်ကလေး ရလိုက်ပုံရပါတယ်။
ကျွန်မတို့တတွေကတော့ ဇာတ်ကြည့်ရတာထက် ကျွန်မတို့တည်းတဲ့ ဘွားလေးအိမ်က ညပွဲကြည့်ချိန်မှာဆာနေမှာစိုးလို့ထည့်ပေးလိုက်တဲ့ သွားရည်စာအမျိုးစုံ (လက်ဖက်သုပ်၊ ဂျင်းသုပ်၊ သရက်သီးသုပ်၊ စာကလေးကျော်၊ ပဲမြစ်ပြုတ်၊ မြေပဲပြုတ်)စတာတွေ တမျိုးပြီးတမျိုးစားရလို့ ပျော်နေကြတာပါပဲ။ ရွှေမန်းတင်မောင်ရဲ့ “ပြန်ပါဦးမယ် ပြန်ဦးမယ်နှုတ်ခွန်းဆက် ပါတယ်။ နောင်နှစ်ကိုလည်း ဒီလိုပဲ ဆက်ဆက်လာခဲ့မယ် ပြန်ပါဦးမယ် ပြန်ဦးမယ်”ဆိုတဲ့ သီချင်းကိုလည်း အဲဒီကတည်းက ကျွန်မတို့က ဆိုတတ်နေတာပါ။
ဖေဖေကတော့ ဗိုလ်မှူးစိန်မှန်အကြောင်း ဘာမှမပြောတတ်ပေမယ့် မေမေကတော့ ဆိုရှယ်လစ်တွေက ဗိုလ်မှူးစိန်မှန်ကို ဖေဖေ့ကို ပြိုင်ဖို့မြှောက်ပေးခဲ့တယ်။ ဗိုလ်စိန်မှန်ဟာ အစောပိုင်းက ဖေဖေ့ကိုလေးလေးစားစားဆက်ဆံခဲ့ပေမယ့် နောက်ပိုင်းကျတော့ ပြိုင်ဘက်လို သဘောထားပြီး မာနတွေတက်ခဲ့တယ်လို့ဆိုပါတယ်။
ဒါကတော့ ကျွန်မတို့အရပ်က တကြိမ်တခါက နာမည်ကြီးခဲ့တဲ့ဗိုလ်မှူးစိန်မှန်အကြောင်းပါပဲ။
၁-၃-၂ဝ၁ဝ။
0 comments:
Post a Comment