Tuesday, November 18, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော) ဆောင်းပါးအမှတ် (၎

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)
ဆောင်းပါးအမှတ် (၄)
ရဲဘော်သုံးကျိပ်
ဗမာပြည် လွတ်လပ်ရေးရခါစကာလများက အလွန်လက်စောင်းထက်ခဲ့ပြီး စစ်အစိုးရအဆက်ဆက်မှာ အထိန်းသိမ်းခံ ဘဝ၊ အတိုက်အခံ နိုင်ငံရေးသမားဘဝများဖြတ်သန်းပြီး ကွယ်လွန်သွားခဲ့တဲ့ ဖဆပလခေတ်ဝန်ကြီးဟောင်းတဦးရဲ့ ရှေးဖြစ်ဟောင်းရေးသားဖွယ်တချို့မှာ ရဲဘော်သုံးကျိပ်ဝင်များနဲ့ပတ်သက်ပြီး ပညာတတ်ခေါင်းဆောင်တွေ အများအပြားရှိလျက်နဲ့ ဂျပန်စစ်ပညာသင်ပို့ရာမှာ တာဝန်ခံသခင်ချစ်ဟာ မိမိလက်သင့်ရာတွေပဲ ထည့်လွှတ်လိုက်တယ်။ ဒါကြောင့် ပါသင့်ပါထိုက်သူတွေ မပါဝင်ဖြစ်ရတယ်လို့ ရေးထားတာတွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျွန်မက ဖေဖေ့ကို အကျိုးအကြောင်း မေးကြည့်ခဲ့ဖူးပါတယ်။ ဖေဖေပြောပြတာကတော့-“ဖေဖေတို့က အဲဒီတုန်းက လူငယ်တွေပဲ။ ဒါကြောင့် ဘယ်လိုရွေးချယ်ကြတယ်ဆိုတာ ဖေဖေမသိပါဘူး။ ဖေဖေ့အထင်ကတော့ ဒီဂျပန်ကို စစ်ပညာသင်လွှတ်ရေးဆိုတဲ့ ကိစ္စဟာ အင်္ဂလိပ်အစိုးရလက်ထက်အောက်မှာလုပ်ရတဲ့ အလုပ်ဖြစ်တော့ အလွန်လျှို့ဝှက်ရတယ်။ ဗမာပြည်မှာလည်း မြေအောက်လုပ်ငန်းတို့ ဘာတို့ဆိုတာ သိပ်အတွေ့အကြုံရှိကြသေးတာ မဟုတ်ဘူး။ ဒါကြောင့် သခင်ချစ်အနေနဲ့ကလည်း သိပ်အကျယ်အပြန့်တိုင်ပင်နိုင်ပုံမရဘူး။  သိပ်ယုံကြည်စိတ်ချရတဲ့ နီးစပ်ရာလူတွေပဲ လက်တို့ခိုင်းရပုံရတယ်။ သင်္ဘောပတ်တခါကြုံတိုင်း ၄-၅ ယောက်စုစုပြီး စီစဉ်ရတာ။ ဒါ့အပြင် ရွေးချယ်ခံထားရတဲ့လူတချို့ကလည်း အနီးကပ်မှ မလိုက်နိုင်ဘူးဖြစ်ရင် ရထားတဲ့လူဦးရေပြည့်အောင် အိမ်မှာအသင့်ရှိနေတဲ့လူတွေ ကောက်ထည့်လိုက်ရတာပဲ”တဲ့။
“သခင်ချစ်က အဲဒီတုန်းက ရေကျော်က သမဝါယမဆိုင်မှာ အရောင်းစာရေးကြီးလုပ်နေတာ။ သူ့အိမ်မှာက နယ်က ဝရမ်းပြေးလာတဲ့ (အင်္ဂလိပ်အစိုးရလိုက်ဖမ်းလို့) ကျောင်းသားခေါင်းဆောင်လေးတွေ။ သခင်ပေါက်စလေးတွေ လာခိုအောင်းနေတာတွေရှိတယ်။ ဝိုင်းလုပ် ဝိုင်းစားပေါ့။ ထမင်းချက်တဲ့သူက ချက်။ ရေထမ်းတဲ့သူက ထမ်းနဲ့ပေါ့။ အဲဒီလူတွေထဲကတချို့ကို အစားထိုးထည့်လိုက်ရပုံတွေရှိပါတယ်”
“ဖေဖေတို့က ဂျပန်ကပြန်လာတော့ ဂျပန်ပြန်ရဲဘော်သုံးကျိပ်တွေအဖြစ် သူရဲကောင်းကြီးများအဖြစ် လျှမ်းလျှမ်း တာက်လာတဲ့အခါ အဲဒီတုန်းက မလိုက်ဖြစ်လိုက်တဲ့လူတွေ (တချို့က သွားဖို့အရွေးခံရလျက်နဲ့မလိုက်သူများ)က မနာလိုဝန်တိုဖြစ်ပြီး အမနာပ ရေးကြ ပြောကြတာတွေရှိလာပါတယ်။ ဖေဖေတို့ ရဲဘော်သုံးကျိပ်ဝင်တချို့ကလည်း ရာထူးစည်းစိမ်လေးတွေရလာရော ပျက်စီးလာတာတွေလည်း ရှိတာကိုး”လို့ဖေဖေက ပြောပြပါတယ်။
ဖေဖေက ဆက်ပြီးပြောပြတာကတော့ “တချို့အရွေးချယ်ခံရပြီး မလိုက်ကြတဲ့သူတွေထဲမှာ ဘယ်သောင်ဘယ်စခန်းဆိုက်မယ်မှန်း မသိလို့ ကြောက်ရွံ့လို့မလိုက်ကြသူတွေရှိပေမယ့် တချို့ကျတော့လည်း ဘယ်သူဘယ်ဝါ ဘယ်ပါတီက လွှတ်မှန်းမသိလို့နိုင်ငံရေးအရစဉ်းစားပြီး မလိုက်တာတွေလည်း ရှိပါတယ်”လို့ဆိုပါတယ်။
ဖေဖေကိုယ်တိုင်လည်း သူ့ကို ဂျပန်လိုက်သွားပြီး စစ်ပညာသင်ဖို့လာဆွေးနွေးတဲ့ ကိုညို (နောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့အတွင်းဝန် ဗိုလ်မှူးသူရ)ကို ချက်ချင်းလိုက်ပါ့မယ်လို့ကတိမပေးဘဲ၊ နှစ်ရက်လောက် စဉ်းစားပါရစေဦးလို့ အချိန်ဆွဲခဲ့ပါတယ်တဲ့။ ဖေဖေက ကိုညိုကို ဘယ်ပါတီကလွှတ်တာလဲလို့မေးပေမယ့် ကိုညိုက လျှို့ဝှက်ရေးနဲ့မပြောနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီကာလက ဦးစောတို့ပါတီကလည်း ဂျပန်နဲ့ဆက်နေတာဖြစ်တော့ ဦးစောတို့ပါတီကလွှတ်တာဖြစ်နေနိုင်လို့ ဖေဖေက အဲဒီလိုမေးရတာပါ၊ ဖေဖေက သူတို့သာယာဝတီက ခေါင်းဆောင်ကြီးသခင်မြကိုသွားမေးပြီး၊ သခင်မြက“မင်းလိုက်သွားပါ၊ ငါတို့လွှတ်တာပါ”လို့ပြောမှ သူလိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဒါကြောင့် တချို့မလိုက်ဖြစ်တဲ့လူတွေအပေါ် ဖေဖေက နားလည်မှုရှိဟန်တူပါတယ်။
ဖေဖေက ရဲဘော်သုံးကျိပ်ဝင်တွေဟာ ပညာတတ်ရော၊ ပညာမတတ်ရော၊ ခေါင်းဆောင်ရော၊ ငယ်သားရောလုံးလုံးမခွဲခြားဘဲ တစည်းတလုံးတည်းနဲ့ စစ်ပညာတွေကို ကျားကုတ်ကျားခဲလေ့လာခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖေဖေတို့ရဲဘော်ငယ်တွေနဲ့ တတန်းတည်းနေပြီး စစ်ပညာတွေကို သင်ယူခဲ့တာ။ ဒါကြောင့်ပဲ အလွန်စည်းလုံးညီညွတ်ခဲ့ကြပြီး အခက်အခဲအမျိုးမျိုးကို ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်တယ်။ ဗမာပြည်ပြန်ရောက်ကြပြီးနောက် ဆက်လက် မလေ့လာမကြိုးစားတဲ့လူတွေကတော့ ဘဝကြီးကို ရေစုန်မျှောပြီး ပျက်စီးသွားသူတွေရှိသလို ဗမာပြည်သူတွေအရေး တိုင်းပြည်အရေးကိုအလေးအနက်စဉ်းစားပြီး တိုင်းပြည်အရေးကို အသက်ပေးလို့ လုပ်ဆောင်သွားကြသူတွေလည်း ရှိပါတယ်။ ရဲဘော်သုံးကျိပ်ဝင်ဆိုတာတွေဟာလည်း လူတွေပဲလေ။ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးလည်း ရဲဘော်သုံးကျိပ်ဖြစ်သလို ဗမာပြည်ကြီးကို စစ်အာဏာရှင်စနစ်အောက်တွန်းပို့ခဲ့တဲ့ ဗိုလ်နေဝင်းဟာလည်း ရဲဘော်သုံးကျိပ်ပဲမဟုတ်လားလို့ လည်း ပြောပြခဲ့ဖူးပါတယ်။
တကယ်တော့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို စစ်စစ်မှန်မှန်ချစ်မြတ်နိုးကြသူများဟာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးတွေ မလွတ်မြောက်မခြင်း ကြီးပွားချမ်းသာမလာမခြင်း ဇွဲနဘဲနဲ့ ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်။ လမ်းခရီးမှာတွေ့တဲ့ ဆူးငြှောင့်ခလုတ်တွေကို အလွန် သတိကြီးစွာထား ရှောင်ရှားရမှာဖြစ်ပါတယ်။
ဖေဖေက ဂျပန်လူမျိုးတွေရဲ့ဓလေ့မှာ သူတို့ဧည့်သည်ကို ဂေရှားမယ်တွေနဲ့ဧည့်ခံတာဟာ သူတို့ဧည့်ဝတ်ပြည့်မှုတမျိုးပဲ။ ဖေဖေတို့ ဂျပန်ရောက်တော့လည်း အဲသလိုဧည့်ခံတာပဲ။ ဒါကို နှစ်သက်သွားသူတွေရှိသလို ရွံရှာစက်ဆုပ်သူတွေလည်းရှိတယ်။ တခါ ဖေဖေတို့ သံလျင် အင်္ဂလိပ်စစ်တပ်မှာနေရတုန်းက (မှတ်ချက် ကန္ဒီစာချုပ်အပြီး မျိုးချစ်တပ်မတော်မှ တပ်မှူးတပ်သားအချို့ အင်္ဂလိပ်တပ်များနဲ့အတူပေါင်းစဉ် ၁၉၄၇ ခုနှစ်) ဘုရင့်ကော်မရှင်ရစစ်ဗိုလ်တွေဆိုပြီး ရာရှင်အကောင်းစားတွေရတယ်။ စီးကရက်တို့ အရက်တို့ဖောခြင်းသောခြင်းပဲ။ ဖေဖေလည်း အစမှာတော့ ဆေးလိပ်သောက်ကြည့်၊ အရက်သောက်ကြည့်ပေါ့။ တပတ်လောက်ကြာတော့ ဆေးလိပ်နှုန်းရော အရက်နှုန်းရော တက်လာတယ်။ တနေ့ ၁ လိပ်၊ ၂ လိပ်ကနေ ၄-၅ လိပ်ဖြစ်လာတယ်။ အရက်ကလည်း ၁ ပက်၊ ၂ ပက်ကနေ ၃-၄ ပက်ဖြစ်လာတော့တယ်။ အဲဒီတော့ ဖေဖေရိပ်မိပြီး ဒီကောင်တွေ (အင်္ဂလိပ်တွေ) ငါတို့ကို ဖျက်နေတာ၊ ငါရပ်မှပဲလို့စဉ်စားမိတာနဲ့ ဖြတ်လိုက်တာပဲလို့ ပြောပြဖူးပါတယ်။
ဖေဖေကတော့ သူငယ်ငယ်တုန်းက ဘုန်းတော်ကြီးကျောင်းတွေမှာနေခဲ့ရပြီး ဘာသာတရားနက်ရှိုင်းမှုကြောင့် သူအကျင့်စာရိတ္တကို သူထိန်းနိုင်တာလို့ ဆိုပါတယ်။
ကျွန်မကတော့ ဖေဖေဟာ သူ့ပြည်သူလူထုကိုချစ်မြတ်နိုးလွန်းလို့ ပြည်သူတွေမလွတ်မမြောက်မခြင်း သူတာဝန်မကျေဘူးလို့ သဘောထားလို့သာ ဘဝကို အရသာခံမနေတာပဲလို့တွေးမိပါတယ်။ တကယ်လည်း လူတန်းစားတရပ်လုံးလွတ်မြောက်ဖို့ ကြိုးပမ်းကြသူများဟာ မိမိခြေလှမ်းတိုင်းကို သတိကြီးစွာထားပြီး လှမ်းရမှာဖြစ်ပါတယ်။ ဒါမှသာ ရာသက်ပန် ပြည်သူ့ဘက်တော်သား ဖြစ်နိုင်မှာ ဖြစ်ပါတယ်။
၁ဝ-၁ဝ-၂ဝဝ၉။

0 comments:

Post a Comment