Tuesday, November 18, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၁၁)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁) ဆောင်းပါးအမှတ်(၁၁)
ဘီ-အိုင်-အေ စိတ်ဓာတ်
ကျွန်မတို့ ဗမာပြည်မှာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပြီးတက်လာတဲ့ အိမ်စောင့်စစ်အစိုးရကစလို့ မဆလခေတ် နဝတခေတ် နအဖခေတ်စတဲ့ ခေတ်အဆက်ဆက်များအတွင်း နိုင်ငံရေးထဲ စစ်ဗိုလ်တွေဝင်လာပြီး တောပြောတောင်ပြော မတော်မတည့်ပြောတာတွေကြားတိုင်း ဖေဖေက ဒီကောင်တွေတော့ တို့တတွေ ဘီအိုင်အေတုန်းကဝင်တဲ့စိတ်မျိုးတွေ ဝင်နေပြီနဲ့တူပါရဲ့ကွာလို့ ငြီးတွားပြောဆိုတတ်ပါတယ်။
ဒါဖြင့် အဲဒီ ဘီအိုင်အေစိတ်ဓာတ်ဆိုတာ ဘာပါလိမ့်။
ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ ဖေဖေတို့ရဲဘော်သုံးကျိပ်ဝင်တွေဟာ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ စုဆောင်း ရသလောက် စစ်သားရာဂဏန်းလောက်နဲ့ဘီ-အိုင်-အေ Burma Independence Army –BIA ဗမာ့လွတ်လပ်ရေးတပ်မတော်)ကို ဖွဲ့စည်း ခဲ့ကြပါတယ်။ အဲသလို ဖွဲ့စည်းပြီး ဗမာပြည်တွင်းကိုချီတက်လာရာမှာ လမ်းတလျှောက်က မြို့တွေရွာတွေက မျိုးချစ်ပြည်ချစ်လူငယ်တွေ ဗမာ့လွတ်လပ်ရေးအတွက်တိုက်ခိုက်ဖို့ ဘီအိုင်အေတပ်ကြီးထဲ ဝင်လာလိုက်ကြတာ ၃-၄ လအတွင်း လူပေါင်း ၂ သောင်းအထိပါဝင်တဲ့ တပ်မတော်ကြီးတရပ် ဖြစ်လာပါတော့တယ်။
နဂိုက ဗမာပြည်ကိုအုပ်ချုပ်နေတဲ့ အင်္ဂလိပ်အစိုးရကလည်း သူ့အမှုထမ်းအရာထမ်းတွေခေါ်ပြီး အိန္ဒိယကိုဆုတ်ခွာသွားပြီဖြစ်တော့ လမ်းတလျှောက်ချီတက်လာတဲ့ ဘီအိုင်အေတပ်များဟာ ဒေသအသီးသီးမှာ အုပ်ချုပ်ရေးတွေ ဝင်တာဝန်ယူကြရပါတော့တယ်။ ဒေသခံ သခင်များ နိုင်ငံရေးသမားများ လူရိုသေရှင်ရိုသေ မြို့မိမြို့ဖများနဲ့ပေါင်းပြီး တာဝန်တွေယူကြရာမှာ ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ ဆက်လက်လည်းတိုက်ပွဲဝင်ကြဦးမယ့်သူရဲကောင်းများအဖြစ် ဘီအိုင်အေစစ်ဗိုလ်များဟာ အလွန်မျက်နှာပွင့်ပြီး ပြည်သူလူထုတရပ်လုံးရဲ့ လေးစားချစ်ကြည်ညိုခြင်းကို ခံခဲ့ရပါတယ်။
အဲဒီကာလက ဒေသတွေရပ်ကွက်တွေမှာ မင်းမူစိုးမိုးခဲ့တဲ့ ဓားပြဂိုဏ်း လူမိုက်ဂိုဏ်း စတဲ့ ရာဇဝတ်ပြစ်မှုတွေကျူးလွန်နေတဲ့ လူဆိုးဓားပြ အပေါင်းကိုလည်း ဘီအိုင်အေနာမည်နဲ့ ရှင်းလင်းသုတ်သင်ပေးခဲ့ကြလို့ ရပ်ရွာအေးချမ်းတည်ငြိမ်ရေးအတွက်လည်း အတော် အထောက်အကူ ပြုခဲ့ပြီးပြည်သူလူထုကလည်း ဘီအိုင်အေအပေါ် ကျေးဇူးတင်အားကိုးခဲ့ကြတာပါ။
ဖေဖေတို့တောင် အဲဒီကာလက ရန်ကုန်မှာနာမည်ကြီးတဲ့ လမ်းမတော်ဖိုးတုတ်ဂိုဏ်းကို ရှင်းလင်းပေးခဲ့ဖူးတယ်လို့ကြားဖူးလို့ ဖေဖေ့ကို ဘယ်လို ရှင်းလင်းခဲ့သလဲလို့မေးကြည့်တော့ ဖေဖေက -ဘာခက်တာမှတ်လို့ ခေါင်းဆောင် ၃-၄ ဦး ဖမ်းပြီးသတ်ပစ်လိုက်တာပေါ့-တဲ့။ သူတို့လုပ်နည်းတွေက အဲသလိုကြမ်းတာပါ။
(စကားချပ်။ ဖေဖေက- ‘လမ်းမတော်ဖိုးတုတ်ဂိုဏ်း’ဆိုတာ အင်္ဂလိပ်က တမင်မွေးထားတာ။ သူတို့ ဥပဒေတွင်းကမဖြေရှင်းနိုင်တဲ့ကိစ္စတွေကို ဥပဒေပြင်ပက ချောင်းရိုက်တာတို့ လုပ်ကြံသတ်ဖြတ်တာတို့ စတာတွေလုပ်ဖို့ မွေးထားခဲ့တာလို့ပြောဖူးပါတယ်။ ဒါကြောင့်ပဲ ၂ဝဝ၃ ခုနှစ် ဒီပဲရင်းအရေးအခင်းအပြီး သတင်းမီဒီယာတခုနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဖေဖေက ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့တပ်မတော်ကြီး ဗိုလ်သန်းရွှေတို့လက်ထဲကျမှ လမ်းမတော်ဖိုးတုတ်လူမိုက်ဂိုဏ်းလိုဖြစ်သွားရတာအတွက်တော့ အတော်ရင်နာမိတယ်လို့ပြောဟန်တူပါရဲ့)
ဖေဖေက အဲဒီကာလတုန်းကတော့ ဖေဖေတို့က လွတ်လပ်ရေးကိုတိုက်ယူမှရမှာလို့ ယူဆထားကြတော့ တခြားလူတွေ တပ်ထဲမဝင်ရင် ယူနီဖောင်းဝတ်မထားရင် စိတ်ထဲမှာ ဒီကောင်တွေအလကားကောင်တွေ မျိုးချစ်စိတ်မရှိသူတွေလို့ထင်ပြီး အထင်သေး အမြင်သေး ဆက်ဆံမိတယ်လို့လည်း ပြောပြဖူးပါတယ်။ မျက်စိထဲလည်း ကြည့်မရဘူးလို့လည်း ဆိုပါတယ်။
ဖေဖေတို့ ဂျပန်မှာ စစ်ပညာသင်ကြားခဲ့ရစဉ်ကလည်း ဂျပန်မှာ စစ်ဝါဒီတွေစိုးမိုးနေပြီဖြစ်လို့ ဖက်ဆစ်အတွေးအခေါ် နည်းပညာအခြေခံတွေ ကိုလည်း သင်ကြားခံထားရတာကလည်း ဒီလိုစိတ်နေစိတ်ဓာတ်မျိုး ဝင်စေဟန်တူပါတယ်။
ဒါပေမယ့် ဒီစိတ်ဓာတ်တွေဝင်နေတာကိုရိပ်မိသိရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းက အမြဲသတိပေး ဆုံးမတတ်တယ်လို့ ဖေဖေက ပြောပြပါတယ်။ ဗိုလ်ချုပ်က- ဟေ့ လွတ်လပ်ရေးကို တို့စစ်သားတွေချည်းပဲနဲ့ တိုက်ယူလို့မရနိုင်ဘူး။ နိုင်ငံရေးသမားတွေ မျိုးချစ်ပြည်ချစ်ဝန်ထမ်းတွေ ပြည်သူ ပြည်သားတွေအားလုံးပါဝင်လာမှ ရမှာကွ-လို့မကြာခဏ ပြောဖူးသတဲ့။
အဲသလောက် ပြောဆိုနေတဲ့ကြားကတောင်မှ ဖေဖေက ၁၉၄၅ ခုနှစ် မတ်လ ဂျပန်တော်လှန်ရေးအပြီး ရန်ကုန်မှာ တခမ်းတနားကျင်းပတဲ့ နေသူရိန်အစည်းအဝေးကြီးမှာ ‘တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေးအဆို’ကို တင်တဲ့အခါမှာ ဂျပန်တော်လှန်ရေးတလျှောက် ရှေ့တန်းမှာ အပင်ပန်းအဆင်းရဲခံတိုက်ခိုက်ခဲ့တဲ့ တပ်မတော်သားများအကြောင်း အကျယ်တဝင့်ပြောကြားရင်း အဲဒီကာလက စတင်ပေါ်ပေါက်လာပြီ ဖြစ်တဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကို စောင်းမြောင်းပြောဆိုတာတွေ လုပ်ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ရဲ့ တပ်ပေါင်းစုပေါ်လစီနဲ့ ပါဝင်လာကြတဲ့ အင်္ဂလိပ်အလိုတော်ရိလက်ယာသမားကြီးများ စင်မြင့်ပေါ်တက်ထိုင်နေတာကို ဖေဖေကမျက်မုန်းကျိုးပြီးပြောတာပါ။ ဖေဖေ အဲသလိုစောင်းချနေတာကို ဗိုလ်ချုပ်ကရိပ်မိပြီး ဖေဖေ့ကို မျက်နှာထားကြီးနဲ့လှမ်းကြည့်တယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်မျက်စောင်းထိုးလိုက်လို့ ဘရိတ်အတော်အုပ်လိုက်ရတယ်လို့လည်း ဖေဖေက ပြောပြဖူးပါတယ်။
လွတ်လပ်ရေးရမှ တိုင်းသူပြည်သားတွေ ချမ်းသာနိုင်ကြမယ်လို့ ဖေဖေတို့တတွေ တွက်ဆခဲ့ကြလို့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြတာပါ။ လွတ်လပ်ရေးရပြီး ထင်သလောက် တိုင်းသူပြည်သားတွေ ချောင်ချိလာခြင်းမရှိဘူးဆိုရင်တော့ တကယ့်တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေဟာ ပြည်သူတွေလွတ်မြောက်ရာလမ်းကြောင်းကို ထပ်ရှာကြံရတော့မှာပါ။
စစ်သားပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် ဘာအလုပ်ပဲလုပ်လုပ် ဘယ်သူမှ ကိုယ့်ကိုကိုယ်ချစ်လို့လုပ်တယ်လို့မပြောကြပါဘူး။ တိုင်းချစ်ပြည်ချစ်စိတ်ကြောင့်လို့ပဲ ဆိုတတ်ကြပါတယ်။ အပြောထက် လက်တွေ့ကိုကြည့်ရမှာပါ။ လက်တွေ့လုပ်ဆောင်ရာမှာလည်း အကျိုးသက်ရောက်မှုကို ကြည့်ရပါလိမ့်မယ်။
၁၉၄၁ ခုနှစ် ဘီအိုင်အေကာလကစလို့ ဗမာ့တပ်မတော်ထဲဝင်တဲ့ ယူနီဖောင်းဝတ်တွေသာလျှင် တိုင်းချစ်ပြည်ချစ်စိတ်ရှိသူ ဒါကြောင့်တို့ပဲ တိုင်းပြည်ကိုလွှမ်းထားရမယ်ဆိုတဲ့စိတ်ဓာတ် အခုခေတ်အထိ တပ်မတော်သားတွေကို တိမ်သလ္လာဖုံးထားတုန်းပါပဲ။ ဒီအတွေးအခေါ် အယူအဆဖျောက်နိုင်မှသာလျှင် ဗမာပြည်ကြီးရဲ့အနာဂတ်ဟာ မျှော်လင့်ချက်ရှိနိုင်ပါတယ်။ ဗမာ့တပ်မတော်သားများ အမြန်ဆုံး အမြင်မှန် ရနိုင်ကြပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။
အဲသလိုအမြင်မှန် မရလို့ကတော့ လူထုကြီးရဲ့ မထိန်းနိုင်မသိမ်းနိုင် ဒေါသတွေအုံကြွပေါက်ကွဲလာတဲ့တနေ့မှာ တော်လှန်ရေးဒီရေလှိုင်းက အမှိုက်သရိုက်များအဖြစ် သမိုင်းဇာတ်ခုံပေါ်ကနေ ရှင်းလင်းသုတ်သင်ပစ်ကြပါလိမ့်မယ်။
၁၁-၃-၂ဝ၁ဝ။

0 comments:

Post a Comment