Wednesday, November 19, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ်(၁၄)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)
ဆောင်းပါးအမှတ်(၁၄)
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့ (ဖေဖေအသက် ၈ဝ ပြည့်ပြီးနောက်တရက်)မှာ မေမေကွယ်လွန်သွားပြီးနောက် ကျွန်မ မေမေ့ကို လွမ်းဆွတ်တိုင်း သူ့အကြောင်း အမှတ်တရဆောင်းပါးတိုလေးတွေရေးလာတာ၊ ၂ဝဝ၅ ခုနှစ် မေမေကွယ်လွန်တာ ၆ နှစ်ပြည့်မြောက် ချိန်မှာတော့ အဲဒီဆောင်းပါးတိုလေးတွေစုပြီး“အလွမ်းစာပန်းခြင်းလေး”ဆိုတဲ့ နာမည်နဲ့စာအုပ်လေးတအုပ် ထုတ်ဖူးပါတယ်။ အဲဒီဆောင်းပါးလေးတွေထဲမှာတော့ မေမေနဲ့ဖေဖေ့မေတ္တာဇာတ်လမ်းတို့၊ မေမေ ကျွန်မတို့တောခိုရာနောက် လိုက်လာတာတို့၊ ကျွန်မတို့နဲ့တောထဲမှာ တော်လှန်ရေးထဲမှာ ပျော်ပျော်ရွှင်ရွှင်ကြီးနေခဲ့တာတို့ စတာတွေပါရှိပါတယ်။ တောထဲမှာနေစဉ် ကျွန်မတို့မိသားစုနဲ့ ခင်မင်ရင်းနှီးကျွမ်းဝင်ခဲ့ကြတဲ့ရဲဘော်တချို့ကလည်း အမှတ်တရဆောင်းပါးလေးတွေနဲ့ ကဗျာလေးတွေရေးထားတာတွေလည်း အဲဒီစာအုပ်လေးထဲမှာ ပါရှိပါတယ်။ ထုတ်တဲ့စောင်ရေကလည်းနည်း၊ ပျံ့နှံ့မှုကလည်းသိပ်မရှိခဲ့လေတော့ အဲဒီထဲမှာ ရေးခဲ့ဖူးတာတွေနဲ့ ကျန်ခဲ့တဲ့အကြောင်းအရာတွေပေါင်းပြီး ကျွန်မဆက်ရေးချင်နေပါတယ်။
ဖေဖေနဲ့မေမေဟာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက အတူတူကြီးပြင်းလာခဲ့ကြ၊ အတူတူဆော့ကစားလာခဲ့ကြတဲ့ ဆွေမျိုးသားချင်းများ ဖြစ်ကြပါတယ်။ ၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မေမေ့ကို သာယာဝတီခရိုင်၊ သုံးဆယ်မြို့မှာ အဘ ဦးဘအုံး၊ အမိ ဒေါ်တင်တို့က မွေးဖွားခဲ့ပါတယ်။ ဖေဖေ့ထက် အသက်အရ ၂ နှစ်ငယ်ပေမယ့် ဝါကတော့ မေမေက ကြီးပြီး၊ အဒေါ်တော်ပါတယ်။ ဖေဖေ့အဘွားနဲ့မေမေ့အမေက ဖအေတူမအေကွဲ ညီအစ်မအရင်းပါ။ ဒီလို ဆွေမျိုးတော်စပ်ကြလို့ပဲ အတူဆော့ကစားရင်း ကြီးပြင်း လာခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖေ့မိသားစုနဲ့ မေမေ့မိသားစုဖြတ်သန်းပုံခြင်းမတူတာကြောင့် သဘောစရိုက်တွေကလည်း ကွဲပြား ခြားနားပါတယ်။
မေမေက တဦးတည်းသမီးပါ။ မိဘများကလည်း အဲဒီခေတ်က ရှားပါးလှတဲ့အစိုးရဝန်ထမ်းတွေဖြစ်တာကြောင့် မတောင့်မတမကြောင့်မကြ ကြီးပြင်းလာခဲ့ပါတယ်။ စည်းမဲ့၊ ကမ်းမဲ့၊ စားချင်တိုင်းစား လည်ချင်းတိုင်းလည် ဆော့ချင်တိုင်းဆော့နဲ့လူတိုင်း မျက်စိစပါးမွေးစူးအောင် ကဲ ခဲ့သူပါ။
မေမေ့အဖေ ဦးဘအုံးဟာ သာယာဝတီအရေးပိုင်ရုံးက ရုံးအုပ်စာရေးကြီးပါ။ မေမေ့အမေ ဒေါ်တင်ကတော့ အလွန်အေးဆေးပြီး စိတ်ရင်းသဘောရင်းကောင်းလှသူ ဖြစ်ပါတယ်။ ကျွန်မတို့အဘိုး ဦးဘအုံးရဲ့အဖေ ဦးပိုင်ဟာ အစစအရာရာ သားကို အားကိုးနေရလို့ အေးဆေးပြီး လောဘရမက်နည်းလှတဲ့ ကျွန်မတို့အဘွားကို ချွေးမအဖြစ်သဘောကျပြီး ပေးစားခဲ့တာပါ။ အဘိုးက သူမေတ္တာရှိလို့ယူတာ မဟုတ်လေတော့ အဘွားကိုစိတ်ချမ်းသာအောင် မထားခဲ့ပါဘူး။ ဒါ့အပြင် အဲဒီခေတ် မင်းအမှုထမ်း၊ အရာထမ်းတို့ရဲ့ထုံးစံအတိုင်း အပျော်အပါး အသောက်အစားလေးလည်း ရှိခဲ့ဆိုပဲ။ ဒါပေမယ့် အဘိုးဟာ တဦးတည်းသောသမီး မေမေ (ကျွန်မတို့မေမေ)ကိုရလာတော့ သမီးမှသမီး ဖြစ်လာပြီး ကမ်းမမြင်လမ်းမမြင် အလိုလိုက်ချင်တိုင်း လိုက်ခဲ့တော့တာပါပဲ။ အဲသလို မိသားစုအသိုင်းအဝိုင်းမှာ မေမေကကြီးပြင်းခဲ့တာပါ။
ဖေဖေတို့ မိသားစုကတော့ သုံးဆယ်မြို့က ၂ မိုင်လောက်ဝေးတဲ့ ဆိုင်းစုရွာကပါ။ ဖေဖေတို့မိသားစုက ညီအစ်ကိုမောင်နှမကလည်းများ၊ မိဘများကိုယ်တိုင်ကလည်း လယ်ကလေးနည်းနည်းပါးပါးသာ ပိုင်ဆိုင်သူဖြစ်လေတော့ အစစအရာရာ ဇယားကိုက်လုပ်ရတဲ့အိမ်ထောင်ပါ။ ဖေဖေငယ်စဉ်က ဘုန်းကြီးကျောင်းမှာပဲစာသင်ခဲ့ရပြီး အိမ်ပြန်ရောက်တာနဲ့အိမ်အလုပ်တွေ ကူရပါတယ်။ အဲသလို စနစ်ဇယားနဲ့တိတိုင်းပြီး နေခဲ့ရတဲ့အိမ်ထောင်စုမှာ ကြီးခဲ့ရတဲ့ ဖေဖေဟာ ငယ်စဉ်ကတည်းက စည်းလွတ်ဝါးလွတ်ကြီးပြင်းခဲ့တဲ့မေမေ့ကို ကြည့်မရပါဘူး။ ဖေဖေရဲ့ တဦးတည်းသောနှမလေး ကျင်ကျင် (ကျွန်မတို့အခေါ် ဒေါ်လေးကျင်)နဲ့မေမေနဲ့က အလွန်ချစ်ခင်ရင်းနှီးကြပါတယ်။ မေမေက ဒေါ်လေးကျင်နဲ့ လာလာကစားကြ၊ အပြန်အလှန်လည်ကြပတ်ကြတာကို ဖေဖေသဘောမတွေ့လှပါဘူး။
ဒီလို အလွန်ကွဲပြားခြားနားတဲ့အိမ်ထောင်စုနှစ်စုက ပေါက်ဖွားလာခဲ့သူနှစ်ဦး ဘယ်လိုများ ဖူးစာရေစက်ဆုံသွားပါလိမ့်။
မေမေအရွယ်ရောက်လာတော့ မေမေတို့အဖေက “မိန်းကလေးပဲ သေစာရှင်စာ ရေးတတ်ရင် တော်ရောပေါ့”ဆိုပြီး ကျောင်းထုတ် လိုက်ပါတယ်။ ဖေဖေကလည်း ရန်ကုန်ဆရာအတတ်သင်ကျောင်း ရောက်သွားပါတယ်။
၁၃ဝဝ ပြည့်အရေးတော်ပုံကြီးဖြစ်လာတော့ ဖေဖေက သူ့ကျောင်းက ကျောင်းသူကျောင်းသားတွေကို ခေါင်းဆောင်ပြီးပါဝင်ခဲ့ပါတယ်။ သခင်ပေါက်စလည်း ဖြစ်နေပါပြီ။ သပိတ်ပြိုကွဲပြီး ရွှေတိဂုံဘုရားပေါ်တက် အစာငတ်ခံတိုက်ပွဲဆက်ဆင်နွှဲတဲ့ ရဲရဲတောက် သခင်သန်းတင် အဖွဲ့မှာ ဖေဖေပါသွားပါတယ်။ အဲဒီသပိတ်လှန်ပြီးနောက် အစိုးရ ရက်ရွှေ့စစ်ပေးတဲ့စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီးနောက် မိမိဇာတိကို ပြန်လာခဲ့ပါတော့တယ်။
ဖေဖေက အဲဒီအရေးတော်ပုံ မပေါ်ခင်လေးတင် အသဲကွဲခဲ့ပါတယ်။ သူက သူနဲ့ကျောင်းနေဘက်ကျောင်းသူတဦးကို မေတ္တာရှိခဲ့တာပါ။ တောကျောင်းသားလေးရဲ့မေတ္တာကို ရွှေဂုန်သူကြီးက မတုံ့ပြန်ခဲ့ပါဘူး။ ပထမဆုံး အတွေ့အကြုံမို့ထင်ပါရဲ့ ဖေဖေက တော်တော်ထိလိုက်ပုံ ရပါတယ်။
နိုင်ငံရေးတိုက်ပွဲလည်းရှုံး၊ အချစ်ရေးလည်း အထိနာနဲ့ ဒွေးရောဥပါဒ်ရောယှက်ပြီး ဖေဖေ အပြင်းဖျားလိုက်တာ ရွာမှာ အတော်ဆေးကုယူရ ပါတယ်။ နည်းနည်း နာလန်ထလာတော့ ဖေဖေ့အဖေက ရန်ကုန်ပြန်မလွှတ်တော့ဘဲ စိတ်ငြိမ်အောင်ဆိုပြီး အိမ်ထောင်ချပေးဖို့ စီစဉ်ပါတော့တယ်။ ဒီတော့ အမျိုးထဲက လူကြီးဖြစ်တဲ့ မေမေတို့အဖေကိုတိုင်ပင်ပြီး သင့်တော်သူ ရှာဖွေပေးစားဖို့အပ်ပါတယ်။ ဒါကြောင့်ပဲ မေမေ့အဖေက သူ့အမျိုးထဲက တူမဝမ်းကွဲလေးတယောက်နဲ့ပေးစားဖို့ စီစဉ်ပါတယ်။ တဆွေလုံးတမျိုးလုံး ဝိုင်းသဘောတူပြီးဖေဖေ့ကို နားချကြပေမယ့် ဖေဖေက တူးတူးခါးခါးချည်းငြင်းပါတယ်။ အဲဒီအချိန်က ဖေဖေက သုံးဆယ်မြို့နားက ပန်းဆွဲရွာလေးမှာ ယာယီကျောင်းဆရာလေး ဝင်လုပ်နေတာပါ။ သူက သုံးဆယ်မြို့ပေါ်တက်လာရင် မေမေတို့အိမ်မှာပဲ စတည်းချလေ့ရှိတာကြောင့် မေမေနဲ့ကလည်း ငယ်ငယ်တုန်းကလို မျက်နှာကြောမတည့်သိပ်မဖြစ်တော့ဘဲ ခင်မင်ရင်းနှီးနေကြပါပြီ။ မေမေကလည်း ဖေဖေ့ရဲ့ ရန်ကုန်အတွေ့အကြုံတွေကို ကြားချင်သိချင်နေတာလေ။
ဒီလိုနဲ့တနေ့ မေမေနဲ့ဖေဖေ ရောက်တတ်ရာရာစကားတွေ ထိုင်ပြောနေကြတုန်းမှာ နှုတ်သွက်လျှာသွက်မေမေက “နို့ နေပါဦး အားလုံးက ဝိုင်းနားချနေတာကို ဘာလို့ဒါလောက်ငြင်းနေရတာလဲ။ တခြားတွေ့ထားတာများ ရှိလို့လား”လို့ ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်ပါသတဲ့။ ဒီတင် မမှီတဲ့ပန်း တုံးခုလှမ်းသလိုဖြစ်နေလို့ စတင်ရန်ခက်နေရှာတဲ့ ဖေဖေ့ခမျာ အကွက်ဆိုက်သွားပါလေရော။ ဒီလိုနဲ့မေမေနဲ့ဖေဖေတို့ရဲ့ မေတ္တာဇာတ်လမ်း စခဲ့တာပါပဲ။
အဲဒီအကြောင်း မေမေက ကျွန်မကို ပြန်ပြောတော့ ကျွန်မက “မေမေက ရေလာမြောင်းပေးလုပ်တာပေါ့လေ”လို့စတော့ “ဘုရားပေးပေး ကျမ်းပေးပေးပါအေ။ မသိခဲ့ရိုးအမှန်ပါ”လို့ပြောပါတယ်။ ဟုတ်လောက်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မေမေက ဖေဖေ့အပေါ်ထားရှိခဲ့တဲ့ သူ့မေတ္တာအတိုင်းအတာကို ဘယ်တုန်းကမှ ကွယ်ဝှက်ပြောလေ့မရှိလို့ပါပဲ။ အဲဒီတုန်းကတော့ သူတကယ်ပဲ ရိုးရိုးခင်ခဲ့ဟန်ရှိပါတယ်။ ဖေဖေကတော့ ဒါတွေကို ဘယ်တုန်းကမှ ပြန်မပြောတတ်ပါဘူး။ သူပြောပြဖူးတာတခုကတော့ “ဖေဖေတို့အကြောင်းကို သူ့အဖေကြီးက ဘာမှမရိပ်မိမသိရှာပဲ သူ့တူမနဲ့ပဲ လက်ဆက်ဖို့ ဖေဖေ့ကို နားချချနေတာကို သိပ်အားနာမိတာပဲ”တဲ့။
မေမေကတော့ ဒီအကြောင်းတွေကို သူ့အမေကိုဖွင့်ပြောပြပါတယ်။ သူ့အဖေကိုသာ ပြောမပြရဲတာပါ။ အဘွားကတော့ နဂိုကတည်းက ဖေဖေ့ကို တည်တည်ကြည်ကြည်ရှိလှသူနဲ့ သဘောကျပြီးသား။ သူ့အမျိုးလည်းဖြစ်တယ်လေ။ ဒါကြောင့် ကူညီပြီးတော့တောင် ဖုံးဖိပေးသေး တယ်တဲ့။
ဒီလိုနဲ့ဖေဖေနဲ့မေမေတို့ မေတ္တာဇာတ်လမ်း ၅ နှစ်ကျော်ကြာခဲ့ပါတယ်။
ဒီကာလအတွင်းမှာ ဖေဖေက ရန်ကုန်ပြန်တက်ပြီး ကျောင်းတက်ရင်း ဂျပန်ပါသွားပါတယ်။ ဂျပန်ကပြန်လာပြီး ဘီအိုင်အေစစ်ဗိုလ်အဖြစ် လျှမ်းလျှမ်းတောက်ကျော်ကြားလာခဲ့ပြီး ရန်ကုန်သူတွေဝိုင်းဝိုင်းလည်နေတဲ့ကြားကမှ မေမေ့ကို သူပြန်ဆက်သွယ်ခဲ့တာပါ။ သူ တောကျောင်းသားလေးဘဝ၊ ဘာအနာဂတ်မှ မရှိစဉ်က သူ့မေတ္တာတိုတုံ့ပြန်ခဲ့တဲ့ မေမေရဲ့မေတ္တာကိုလေးစားမှုရှိခဲ့ဟန်ရှိပါတယ်။ ထို့အတူပဲ မြို့သူပညာတတ်တွေကို ခေါင်းခေါက်ယူနိုင်တဲ့ဘဝက မိမိဇာတိရပ်မှာကျန်ခဲ့တဲ့ ငယ်ချစ်ငယ်ရည်းစားလေးကို ပြန်ဆက်သွယ်ခဲ့တဲ့ ဖေဖေရဲ့ မေတ္တာကိုလည်း မေမေကအသိအမှတ်ပြုပုံရပါတယ်။ ဒါကြောင့်ပဲ ဖေဖေနဲ့မေမေတို့ရဲ့အိမ်ထောင်ရေးဟာ အဖုအထစ် အနှောင့်အယှက်မရှိ လှဘဲ သာယာချမ်းမြေ့ခဲ့တာပါ။ တဦနဲ့တဦး အပြန်အလှန်နားလည်ကြင်နာပြီး စိတ်ချင်းသဘောချင်းပါ တိုက်ဆိုင်တူညီလာဟန်ရှိပါတယ်။ အထူးသဖြင့် မေမေဟာ ဖေဖေနဲ့မေတ္တာမျှချိန်ကစလို့ သူ့ဘဝတလျှောက်လုံး သူ ဖေဖေ့ပေါ်မှာထားရှိခဲ့တဲ့ မေတ္တာရဲ့စေစားမှုကိုသာ ခံယူသွားခဲ့ပြီးသူ့နေပုံထိုင်ပုံ စဉ်းစားပုံလုပ်ဆောင်ပုံတွေအားလုံး ဖေဖေ့စိတ်ကြိုက် အလိုကျ အံ့သြစဖွယ်ပြောင်းလဲနေထိုင်သွားခဲ့တာဟာ အသက် ၇၈ နှစ် ကွယ်လွန်ချိန်အထိ ဖြစ်ပါတော့တယ်။
၂၃-၄-၂ဝ၁ဝ

0 comments:

Post a Comment