Tuesday, November 18, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော) ဆောင်းပါးအမှတ် (၁၂)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ(လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါး အမှတ် (၁၂)
ဘီဒီအေခေတ်
ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာဖွဲ့စည်းပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းကဦးစီးပြီး ဂျပန်ဘုရင့်တပ်မတော်နဲ့အတူ ဗြိတိသျှနယ်ချဲ့တို့ကို မောင်းထုတ်ဖို့ဗမာပြည်တွင်း စစ်ကြောင်းတွေခွဲပြီး ဝင်ရောက်လာခဲ့ပါတယ်။ လမ်းတလျှောက်က မြို့တွေ ရွာတွေက တပ်ထဲဝင်ရောက်လာကြလို့ တပ်ကြီးဟာ မကြာမီ တပ်သားဦးရေ သောင်းဂဏန်းကျော်သွားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှတို့ကို အထက်ဗမာပြည်အထိ လိုက်တိုက်ခိုက်ပြီးနောက် ဗမာပြည်တွင်းမှ ဗြိတိသျှ နယ်ချဲ့သမားများ အကုန်အစင် ဆုတ်ခွာစေခဲ့ပါတယ်။ ဂျပန်ကလည်း လွတ်လပ်ရေးပေးပါ့မယ်လို့ပြောထားတာက တကြောင်း၊ ဗမာ့တပ်မတော် ဒီလောက် ကြီးမားလာတာကိုလည်း ဂျပန်က မလိုမလားဖြစ်လာတာကတကြောင်း၊ ဗိုလ်ချုပ်ကိုယ်တိုင်ကလည်း ဘီအိုင်အေ နာမည်ပျက်လာတာကို ပြုပြင်ချင်တာကတကြောင်း အကြောင်းအမျိုးမျိုးကြောင့် ၁၉၄၂ ခုနှစ်၊ ဇူလိုင် ၂၇ ရက်နေ့မှာ ဘီအိုင်အေဖျက်သိမ်းလိုက်ပြီး ဘီဒီအေ (Burma Defence Army-BDA)ဗမာ့ကာကွယ်ရေးတပ်မတော်ကို ပျဉ်းမနားမြို့မှာဖွဲ့စည်းလိုက်ပါတယ်။ စခါစမှာ တပ်ရင်းသုံးရင်းပဲရှိပေမယ့် မကြာမီမှာပဲ တပ်ရင်းသုံးရင်း အသစ်ထပ်ဖွဲ့ပါတယ်။ အသစ်ဖွဲ့လိုက်တဲ့တပ်ရင်း(၄) မှာ ဖေဖေက တပ်ရင်းမှူးဖြစ်လာပြီး ပျဉ်းမနားမှာပဲနေရပြီး ကိုယ့်တပ်ရင်းတွေကို တပ်ရင်းကောင်းတွေဖြစ်အောင် စစ်သင်တန်းတွေ ပေးကြရပါတယ်။
တပ်ကို ပျဉ်းမနားကိုရွှေ့ပြောင်းတဲ့ရည်ရွယ်ချက်ကတော့ ရေတပ်အင်အားတောင့်တင်းတဲ့ ဗြိတိသျှကပြန်တိုက်လာရင် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရန်ကုန်ကအန္တရာယ်ကြီးတဲ့အတွက်တကြောင်း၊ ပျဉ်းမနားကခံတိုက်ရင်း အခြေအနေမလှရင် ပျောက်ကျားစစ်ဆင်နွှဲဖို့ ပဲခူးရိုးမနောက်ခံ တောတောင်တွေနဲ့နီးလို့တကြောင်းတို့ကြောင့်ဖြစ်တယ်လို့ ဖေဖေက ပြောပြဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ အတတ်ပညာမြင့်မြင့်နဲ့ စနစ်တကျတည်ဆောက်ချင်သူဖြစ်ပါတယ်။ ဒါကြောင့် ပညာတတ်တွေကိုလည်း တပ်ထဲဝင်စေချင်ပါတယ်။ သူ့ရဲ့လှုံ့ဆော်မှုနဲ့ပဲ ဘီဒီအေကာလမှာ အရပ်ဖက်က အရာရှိတွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ အများကြီးပဲ လှိမ့်ပြီးတပ်ထဲရောက်လာပါတယ်။ ဒါတင်မက ၁၉၄၂ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့မှာ မင်္ဂလာဒုံမှာ ဗိုလ်သင်တန်းကျောင်းစဖွင့်ပြီး စစ်ပညာတွေကို စနစ်တကျသင်ပါတယ်။ ပထမဆုံးကျောင်းအုပ်ကြီးကတော့ ဗိုလ်ဇေယျပါ။
အဲဒီဗိုလ်သင်တန်းအတွက် တပ်ရင်းအသီးသီးကလူတွေစေလွှတ်ရာမှာ ဖေဖေ့တပ်ရင်း(၄)ကလွှတ်လိုက်တဲ့လူတွေက ဘာသာရပ် အတော်များများမှာ ပထမစွဲလို့ဖေဖေ့တပ်ရင်း နာမည်ကြီးသွားပြီး ဖေဖေ့ကိုလည်း ဗိုလ်ချုပ်က “စံပြတပ်ရင်း”ရဲ့တပ်ရင်းမှူးအဖြစ် ခန့်အပ်လိုက်ပါတယ်။ စံပြတပ်ရင်းဟာ ပဲခူးမှာဖွဲ့စည်းလိုက်တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ တပ်မတော်အတွင်းရှိ တပ်ရင်းတိုင်းက ကောင်းမွန်တဲ့ အရာရှိ၊ အကြပ်(၂ဝ)စီပေးပို့ပြီး စစ်ပညာ(၆)လသင်ကြားဖို့၊ ပြီးရင် အဲဒီလူတွေ ကိုယ့်တပ်ရင်းကိုယ်ပြန်ပြီး တပ်အသစ် တည်ဆောက်ဖို့ဖြစ်ပါတယ်။ ဖေဖေကိုယ်တိုင် စစ်ပညာတွေသင်ကြားပို့ချပါတယ်။ အတော်ပြင်းထန်တဲ့ စစ်လေ့ကျင့်ခန်းတွေလို့ ကြားဖူးပါတယ်။
ဒါကြောင့် အဲဒီခေတ် အဲဒီအခါက “စံပြလည်းမသွားနဲ့၊ မံသလည်း မစားနဲ့”ဆိုတဲ့စာချိုး ပေါ်ဖူးတယ်တဲ့။ “စံပြသွားရင် ဖားတတ်တယ်၊ မံသစားရင် ယားတတ်တယ်”လို့ဆိုပါသတဲ့။ မံသဆိုတာကတော့ အမဲသားပါ။ အဲဒီကာလက ဆပ်ပြာရှားလို့ လူတွေအရေပြားရောဂါ ပေါလွန်းလို့အမဲသား မစားရဲဖူးလို့ဆိုပါတယ်။ စံပြမှာတော့ ဖေဖေက သိပ်မောင်းလွန်းလို့ သိပ်ပင်ပန်းကြတယ်လို့ဆိုကြပါတယ်။
ဖေဖေတို့ စံပြတပ်ရင်းမှာ စစ်ပညာသာမက တခြားပညာရပ်များလည်း သင်ကြားပေးပါသတဲ့။ ဌာနတွေအသီးသီးရှိရာမှာ ရာဇဝင်ဌာနက ပါမောက္ခကတော့ ဗိုလ်မှူးဘရှင်ပါ။ ဗိုလ်မှူးဘရှင်က ဘီအေ၊ ဘီအယ်လ်ရထားတဲ့ပညာတတ်ကြီးဖြစ်ပြီး ဘီဒီအေကာလမှာမှ တပ်ထဲဝင်လာသူဖြစ်ပါတယ်။ ကျောင်းစာတပိုင်းတန်းလန်းနဲ့ဂျပန်ပါသွားပြီး စာသင်ခန်းပြန်မရောက်နိုင်တော့တဲ့ ပညာတတ်ကြီးလည်း အလွန်ဖြစ်ချင်ရှာတဲ့ဖေဖေက ဗိုလ်မှူးဘရှင်ကို “ကျွန်တော်ဗျာ ဆရာတို့လိုပညာတတ်ကြီး ဖြစ်ချင်လိုက်တာ”လို့ပြောမိတော့ ဗိုလ်မှူးဘရှင်က “ပညာတတ်များ မဖြစ်ချင်စမ်းပါနဲ့ဗျာ။ ပညာတတ်ဆိုတာ ဘယ်တော့မှခေါင်းဆောင်မဖြစ်ဘူး။ တခေတ်တခါပေါ်တဲ့ သူရဲကောင်းတွေရဲ့ နောက်လိုက်ပဲဖြစ်တာပါဗျာ”လို့ပြန်ပြောသတဲ့။
ဗိုလ်မှူးဘရှင်က သူ့ရဲ့စာအုပ် “မြန်မာနိုင်ငံသမိုင်း”ရဲ့အမှာစာမှာ ဖေဖေနဲ့သူ စံပြတပ်ရင်းမှာနေစဉ်က သမိုင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးချက် တွေကို ထည့်သွင်းရေးသားထားတာတွေ ဖတ်ဖူးပါတယ်။
အဲဒီ ဘီဒီအေကာလက ဝင်ရောက်လာသူ ပညာတတ်အများစုကြီးကို ဗိုလ်အောင်ကြီးနဲ့ဗိုလ်မောင်မောင်တို့က စည်းရုံးသိမ်းသွင်းခဲ့ကြပါတယ်။ ဗိုလ်အောင်ကြီးဟာ နောက်ပိုင်းမှာ စစ်ရုံးချုပ်ကိုဦးစီးလိုက်ရတော့ စည်းရုံးနိုင်တဲ့အခွင့်အရေး ပိုရသွားတာပါ။ စစ်ရုံးချုပ်ဟာ ရာထူး အတက်အကျ၊ အပြောင်းအရွှေ့တွေ၊ နိုင်ငံခြားပညာတော်သင်ခွင့်တွေအားလုံးကို ကိုင်ထားတဲ့ဌာနဖြစ်လေတော့ အခွင့်အရေးလိုချင်သူတွေ အားလုံး ဝိုင်းဝိုင်းလည်ပြီး အားကိုးအားထားရှာရာဌာနကြီး ဖြစ်သွားပါတော့တယ်။
ပြည်တွင်းစစ်ပြင်းထန်လာတဲ့ကာလမှာ မသေမပျောက် ရုံးထိုင်လုပ်ရတဲ့အလုပ်လိုချင်သူများကလည်း ကပ်ရပါတယ်။ နောက်ပိုင်း စစ်တပ်က စီးပွားရေးလုပ်ငန်းတွေ DSI တို့ BEDC တို့ပါ လုပ်ဆောင်လာကြရတဲ့အခါမှာတော့ ဗိုလ်အောင်ကြီးတို့ ပိုမျက်နှာပွငလာတော့တာပါပဲ။ ရှေ့တန်းစစ်တိုက်နေရတဲ့တပ်တွေကလည်း နောက်ပိုင်းက ထောက်ပံ့ရေးပစ္စည်းများ ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်ရဖို့ စစ်ရုံးချုပ်ကလူတွေကိုပဲ အားကိုးနေရတာဖြစ်လေတော့ ဘယ်လောက်သြဇာထက်ခဲ့မယ်ဆိုတာ ခန့်မှန်းနိုင်လောက်ပါတယ်။ ဒီလိုနည်းနဲ့ဗိုလ်အောင်ကြီးဟာ ဆိုရှယ်လစ်ပါတီရဲ့ တပ်တွင်းကိုယ်စားလှယ်အဖြစ် တပ်တွင်းမှာ လူစုလူမွေးလုပ်ခဲ့တာပါ။ တဖက်ကလည်း ဗိုလ်နေဝင်းကို ဆရာတင်ဆရာမွေး လုပ်ခဲ့ပါတယ်။
တကယ်တော့ ဗမာ့တပ်မတော်ရဲ့ စစ်ဗျူရိုကရေစီစက်ယန္တရား အစို့အညှောက်ဟာ ဘီဒီအေကာလကတည်းက ဝင်ရောက်လာပြီးဖြစ်ပါတယ်။ အရေအတွက်ဟာ တစတစ အဲဒီကတည်းကစုဆောင်းခဲ့ကြတာပါပဲ။ နောက်ပိုင်းလည်း သူ့ထက်သူလူစွမ်းကောင်းတွေ ကိုယ်ကျိုးပိုပိုရှာသူ တွေပဲ ဆက်တိုက်ပေါ်ပေါက်လာခဲ့ပြီး ဒီလိုနဲ့ပဲ တိုင်းပြည်အတွက် အသက်စွန့်ရစွန့်ရဆိုတဲ့စိတ်ဓာတ်နဲ့ထူထောင်ခဲ့တဲ့ အင်္ဂလိပ်နယ်ချဲ့နဲ့ဂျပန်ကို ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ခဲ့တဲ့ ဗမာ့တပ်မတော်ကြီးဟာ အခွင့်အရေးသမားများ၊ အခွင့်ထူးခံများလက်ထဲရောက်သွားပြီး စစ်အာဏာရှင် စနစ်ကိုကာကွယ်ပေးတဲ့ မိမိပြည်သူလူထုကို ရက်ရက်စက်စက်နှိမ်နင်းသတ်ဖြတ်ရဲတဲ့ကြေးစားတပ်ကြီး ဖြစ်သွားခဲ့ရပါတော့တယ်။
၁ဝ-၄-၂ဝ၁ဝ။

0 comments:

Post a Comment