Thursday, November 20, 2014

ဖိုးသံချောင်းဘယ်တုန်းကရေးမှန်းမသိတဲ့ ဆောင်းပါး (ရဲဘော်ဖိုးသံချောင်း)

0 comments
ရဲဘော်ဖိုးသံချောင်းရဲ့ ဘယ်တုန်းကရေးတဲ့ ဆောင်းပါးလည်းတော့မသိပါ။ ဒီနေ့အချိန်မှာ ရဲဘော်များ မိတ်ဆွေများ ဖတ်စေချင်၍ တင်ပေးလိုက်ပါတယ်။
ကို-----
‘ကြွေးကြော်သံ’နဲ့ပတ်သက်ပြီး ခင်ဗျားပြောတာမှန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့  ကျနော်စဉ်းစားမိတာ ပြောပါမယ်။ နည်းနည်းရှည်ရှည် ရေးပါရစေ။
၁၉၄၅ မှာ ရဲဘော်ကြီးသိန်းဖေ(မြင့်) အိန္ဒိယက ပြန်ရောက်လာပါတယ်။ အဲဒီကာလ ၁၉၄၅/၄၆ က လူထုက နိုင်ငံရေးအရသိပ်တက်ကြွနေတာပါ။ အစည်းအဝေးတွေဆန္ဒပြပွဲတွေမှာ ကြွေးကြော်သံတွေအများကြီးကြွေးကြော် ကြပါတယ်။ အခုခေတ်လို ‘တို့အရေး’လို့ ယေဘုယျကြွေးကြော်တာသက်သက် မဟုတ်ပါဘူး။ ‘စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပစ်’ ‘အင်္ဂလိပ်စစ်တပ်ထွက်သွား’ ‘စက္ကူဖြူစီမံကိန်းအလိုမရှိ’ စသဖြင့် လက်တွေ့နိုင်ငံရေးကို ထင်ဟပ်တဲ့ကြွေးကြော်သံတွေ ကြွေးကြော်ကြပါတယ်။ ဒီတော့ ရဲဘော်ကြီးသိန်းဖေမြင့်က လူထုဆန္ဒပြပွဲချီတက်ပွဲတွေမှာကြွေးကြော်ကြတဲ့‘ကြွေးကြော်သံ’နဲ့ ပါတီရဲ့‘သေနင်္ဂဗျူဟာကြွေးကြော်သံ’ (strategic slogan) ကွဲပြားသွားစေဖို့အတွက် slogan ကို ‘ဆောင်ပုဒ်’ လို့ဘာသာပြန်ဖို့ အဆိုပြုဖူးတယ်လို့ဆိုပါတယ်။ သူပြောတာမဆိုးပါဘူး စဉ်းစားစရာကောင်းပါတယ်။ ဒါပေမယ့် slogan ကို ‘ကြွေးကြော်သံ’လို့ အများနားလည် အထိုင်ကျနေပြီဖြစ်လို့‘ဗကပ’ က မပြင်ဖြစ်တော့ပါဘူး။
-‘ကြွေးကြော်သံ’ မှာ လုပ်ငန်းစဉ်တခုလုံးကို ချုပ်ပြီးပြောတဲ့သေနင်္ဂဗျူဟာ (strategic) ‘ကြွေးကြော်သံ’ ရှိရပါမယ်။ ‘စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပြီး ပြည်သူ့ဒီမိုကရေစီစနစ် ထူထောင်ကြ’ဆိုတဲ့ကြွေးကြော်သံဟာ “သေနင်္ဂဗျူဟာကြွေးကြော်သံ” ပါ။ ဘာကို တိုက်ဖျက်မယ်၊ ဘာကို ထူထောင်မယ်ဆိုတာ ပါနေပါတယ်။ ကာလအတော်ကြာကြာ လုပ်ရမယ်အလုပ်ပါ။
-“လက်တွေ့နိုင်ငံရေးကြွေးကြော်သံ”ကြတော့ ကာလလေးတခုအတွက်ပဲ ကြွေးကြော်ပါတယ်။ ဥပမာအားဖြင့် ‘စစ်အုပ်ချုပ်ရေးရုပ်သိမ်းပေး’ ‘စက္ကူဖြူစီမံကိန်း အလိုမရှိ’လို ဟာမျိုးကစပြီး ကုန်ဈေးနှုန်းကျဆင်းရေး - ဆန်အလုံအလောက် ရရှိရေး၊ လာဘ်စားတဲ့အရာရှိ အရေးယူရေးတို့လို လက်တွေ့နိုင်ငံရေးကိစ္စတွေကို ကြွေးကြော်တာဖြစ်ပါတယ်။ ဒါကို နည်းပရိယာယ် (tactical) ကြွေးကြော်သံလို့သတ်မှတ်ရမှာပါ။ ‘အောက်တိုဘာ ကျောင်းတလပိတ်ရေး’ တို့  ‘သမဂ္ဂထူထောင်ခွင့်ရရေး’ တို့လိုဟာလည်း ‘နည်းပရိယာယ်ကြွေးကြော်သံ’တွေပါပဲ။
(၁) နောက်ပြီး ‘ကြွေးကြော်သံ’မှာ မကြောက်တရားသွင်းပေးတဲ့ ကြွေးကြော်သံတွေ၊ အားတင်းတဲ့ကြွေးကြော်သံတွေလည်း ရှိရပါတယ်။ လက်နက်ကိုင်တိုက်ပွဲလမ်ကြောင်းကို ရွေးရတော့မယ့်အခြေအနေကိုရောက်တော့ ယေဘုယျကြွေးကြော်သံ ‘သခင်မျိုးဟေ့ တို့ဗမာ’ဆိုတာလောက်နဲ့ မရတော့ပါဘူး။ ‘ မီးဒုတ် မီးဒုတ် ရှိ့ ရှိ့ ’ ‘သူပုန်ပုန် ထထ’ ‘ဖိရင်ကြွမယ် ထိရင်ချမယ်’ ‘လာမယ့်ဘေးပြေးတွေ့’ စတာတွေ ကြွေးကြော်ခဲ့ရပါတယ်။
- ဒီနေရာမှာ ဖြတ်ပြောချင်တာတခုက- အကြမ်းဖက်ရေးဟာ ကြွေးကြော်သံမဟုတ်ပါဘူး။ တိုက်ပွဲနည်းနာသာ ဖြစ်ပါတယ်။
- တိုက်ပွဲဝင်ကြွေးကြော်သံတင်ရင် စည်းရုံးရေးကလည်း တိုက်ပွဲဝင်ဖို့စည်းရုံးရေးပဲ ဖြစ်ရပါမယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂက (၁၃ဝဝ ပြည့်မှာ) အတွင်းဝန်းရုံးဝိုင်းတုန်းက ပုံမှန်စည်းရုံးရေး သဏ္ဍာန်ပါပဲ။ နောက်တော့၊ ဗိုလ်အောင်ကျော်ကျဆုံးပြီးတော့ ဥက္ကဋ္ဌကိုလှရွှေကို ‘ကျောင်းသားအာဏာရှင်’အဖြစ် တင်ပါတယ်။ သူက သူနံမည်နဲ့ပဲ ညွန်ကြားချက်တွေ ထုတ်ပါတယ်။ ဒါက အင်္ဂလိပ်ရဲ့ ကိုလိုနီဒီမိုကရေစီကာလကမို့ လုပ်နိုင်တာပါ။ ဖက်ဆစ်အောက်မှာ လုပ်မရပါဘူး၊ မြေပေါ်ဥပဒေတွင်းအနေနဲ့ လုပ်မရပါဘူး။ မြေအောက်ယူဂျီအနေနဲ့ပဲ လုပ်နှိင်ပါတယ်။ ဂျပန့်လက်အောက်မှာ လူထုဆန္ဒပြပွဲ မရှိခဲ့ပါဘူး။ ဒီမိုကရေစီအငွေ့အသက်ကလေးရှိရင် စည်းရုံးရေးပုံသဏ္ဍာန်တမျိုး ဖက်ဆစ်အောက်မှာဆိုရင်တမျိုး ဖြစ်မှရပါမယ်။
(၂) ဝါဒဖြန့်တဲ့ကြွေးကြော်သံ၊ လှုံ့ဆော်တဲ့ကြွေးကြော်သံ၊ လက်တွေ့လုပ်ဖို့ညွန်ကြားတဲ့ကြွေးကြော်သံဆိုတာကလည်း ရှိပါသေးတယ်။ (စာကျန်ခဲ့ပုံရပါသည်….ကြွေးကြော်သံဆိုတာကလည်း ရှိပါသေးတယ်။ ကြွေးကြော်သံကတော့ တခုတည်းပါ။ ‘ဘုရင့်နိုင်ငံစနစ်ကိုဖျက်သိမ်း သမ္မတနိုင်ငံစနစ်ထူထောင်’ ဆိုတဲ့ကြွေးကြော်သံတခုတည်းပဲ ပြင်သစ်၊ ရုရှားနဲ့တရုတ်တော်လှန်ရေး (အစောပိုင်း)တွေမှာ တင်ခဲ့ပါတယ်။
- လူထုမနိုးကြားသေးခင်မှာ ဒီကြွေးကြော်သံရဲ့တန်းဖိုးက ဝါဒဖြန့်ချိတဲ့တန်ဖိုးပဲရှိပါတယ်။
- လူထုက တစုံတရာနိုးကြားနေပေမယ့် မထကြွဝံ့သေးရင် အဲဒီကြွေးကြော်သံမှာ လှုံ့ဆော်ရေးတန်ဖိုး ပါလာပါပြီ။
-လူထုက လက်တွေ့ထကြွနေပြီဆိုရင် ချက်ချင်းအကောင်အထည်ဖော်ဖို့ညွန်ကြားတာအထိ တန်ဖိုးတက်သွား ပါတယ်။
ဗမာပြည်တော်လှန်ရေးလက်တွေ့နဲ့ထင်ဟပ်ပြီးပြောမယ်ဆိုရင် ‘ဒီမိုကရေစီရေး တို့အရေး’ ကြွေးကြော်သံဟာ အစောကြီးကတည်းက ပေါ်နေတာပါ။ ၁၉၅၈ စစ်အုပ်စုအာဏာမသိမ်းခင်ကတည်းက ၁၉၄၈ ကတည်းက ပေါ်နေတာပါ။ ဓနရှင်ဒီမိုကရေစီစည်းဝိုင်းက ကျဉ်းလာလေလေ ဒီကြွေးကြော်သံကိုကြွေးကြော်သူ များလာလေဖြစ်ပါတယ်။ ပြည်သူရဲဘော်ကစပြီး နောက်ဆုံး ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းအထိ ကြွေးကြော်လာတယ်။ ဒါက ၁၉၈၈ မတိုင်မီအထိကို ပြောတာပါ။
၁၉၈၈ မှာကျတော့ စစ်အုပ်စုဝင်ဟောင်းတွေပါ ဒီမိုကရေစီရေး တို့အရေးဖြစ်လာပါတယ်။ ကြွေးကြော်သံတူပေမယ့် အလုပ်မတူကြပါဘူး။ ဘာကြောင့်လဲ။
- အတွေးအခေါ်မတူလို့ပါ။ အမြင်မတူလို့ပါ။ ရပ်တည်မှုမှာတောင် ၂ ခွ ဖြစ်နေသူရှိတယ်။
- ဖြစ်ပေါ်ပြောင်းလဲမှုတွေက သိပ်မြန်တယ်။ အမီမလိုက်နိုင်ဖြစ်ကြတယ်။ ဒါက ကိုယ့်ဘက်မှာသာဖြစ်နေတာ မဟုတ်ပါဘူး။ ဗိုလ်နေဝင်းဘက်မှာလည်း ဖြစ်နေတာပါ။ ဒါပေမယ့် ကိုယ်ဘက်က အာဏာမဲ့တယ်။ တကွဲတပြားစီ ကျဲပြန့်နေတယ်။ သူတို့ဘက်က အာဏာရှိတယ်။ စုစည်းမိထားတယ်။ သူတို့က လူထုကိုအခြေခံတာ မဟုတ်ဘူး။ ဗျူရိုကရေစီယန္တရားကိုအခြေခံတာ ဖြစ်တယ်။
- နောက်ဆုံးတော့ “ဓားပါတဲ့ကုလားက စားသွား” တာပါ။ ဒီသင်ခန်းစာကို မမေ့ကြဖို့လိုပါတယ်။
ရဲဘော်သဖွယ်
ဖိုးသံချောင်း

0 comments:

Post a Comment