Tuesday, November 18, 2014

ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော) ဆောင်းပါးအမှတ်(၈)

0 comments
ကျွန်မ ဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ (လှကျော်ဇော)
ဆောင်းပါးပေါင်းချုပ်၊ အတွဲ (၁)ဆောင်းပါးအမှတ်(၈)
ဖေဖေ့အစ်ကိုကြီး ဦးပု
ဖေဖေတို့တတွေ ဘီအိုင်အေတပ်ကြီးကိုဦးစီးပြီး ဗမာပြည်ကိုချီတက်လာရာမှာ ၁၉၄၂ ခုနှစ်၊ မတ်လအကုန်လောက်မှာ လူစုံနီးပါး ရန်ကုန်ကို ရောက်ရှိလာပါတော့တယ်။ ရန်ကုန်ရောက်တော့ ဗိုလ်ချုပ်အောင်ဆန်းက တပ်ကိုပြန်ဖွဲ့စည်းပါတယ်။ တပ်မ ၂ ဖွဲ့ခွဲပြီးဗိုလ်ဇေယျနဲ့ဗိုလ်နေဝင်း ကို ဦးစီးစေပါတယ်။ ၁၉၄၂ ခုနှစ်၊ ဧပြီလလောက်မှာတော့ အဲဒီတပ်မ ၂ ဖွဲ့ကိုခေါ်ပြီး ဗိုလ်ချုပ်ကိုယ်တိုင်ဦးစီးပြီး အထက်ဗမာပြည်ကို ဆုတ်ခွာ ထွက်ပြေးတဲ့အင်္ဂလိပ်တပ်များကို လိုက်တိုက်ပါတယ်။ ဂျပန်တပ်တွေလည်း အတော်များများပါသွားပါတယ်။
ရန်ကုန်မှာတော့ ဖေဖေကိုချန်ထားခဲ့ပြီး အောက်ဗမာပြည်မှာရှိတဲ့ဘီအိုင်အေတပ်များ အုပ်ချုပ်ထိန်းသိမ်းဖို့နဲ့ အဲဒီကာလအတွင်း ဗိုလ်သင်တန်းတခုဖွင့်ပြီး နောင်တပ်သစ်များအတွက် ဗိုလ်လောင်းတွေစုဆောင်းဖို့တာဝန် ပေးခဲ့ပါတယ်။
အဲဒီကာလမှာ ဖေဖေက အလုပ်အလွန်များခဲ့ပြီး မနက်ပိုင်းမှာ ဂေါ်ရာကုန်းမှာဖွင့်ထားတဲ့ ဗိုလ်သင်တန်းမှာ ကိုယ်တိုင်သင်တန်းပေးရပါတယ်။ နေ့လယ်နဲ့ညနေတွေမှာတော့ ဘီအိုင်အေတပ်အုပ်ချုပ်ရေးတာဝန်ကို ဘီအိုင်အေရုံးဖွင့် လုပ်ကိုင်ရပါတယ်။ ညပိုင်းမှာတော့ နောက်နေ့ ဗိုလ်သင်တန်းအတွက် သင်ဖို့ပြင်ဆင်ရတာ၊ အလုပ်ကြွေးတွေလုပ်ရတာ စသဖြင့် ချာချာလည်နေပါတယ်။
အဲသလို ဖေဖေအလုပ်တွေပုံပိနေချိန်မှာ ဖေဖေ့အစ်ကိုကြီးဦးပု (ဖေဖေ့အခေါ် အစ်ကိုပု၊ ကျွန်မတို့အခေါ်ဦးကြီးပု)ဟာ ဖေဖေ့ကို လာရောက် ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဖေဖေက “အဲဒီကာလက အစ်ကိုပုရောက်လာပြီး ဖေဖေ့ကိုစောင့်ရှောက်ခဲ့လို့သာ ဖေဖေအဲဒီအချိန်က ပုံလဲ မသွားတာ”လို့ ကျေးဇူးစကားဆိုခဲ့ဖူးပါတယ်။
ဦးကြီးပုဟာ ဖေဖေတို့တတွေ ဘီအိုင်အေတပ်ကြီးနဲ့ချီတက်လာတာ ရန်ကုန်ရောက်တော့မယ်လို့ကြားကတည်းက သူ့ရဲ့သူငယ်ချင်း ဗိုလ်စိန်မှန်ကိုခေါ်ပြီး ရန်ကုန်ရောက်လာခဲ့တာပါ။ ကြည့်မြင်တိုင်မှာရုံးဖွင့်ထားတဲ့ဖေဖေ့တပ်ကို ရောက်လာပြီးနောက် ဗိုလ်စိန်မှန်ကတော့ ဖေဖေ့တပ်ထဲဝင်၊ ဖေဖေဖွင့်တဲ့ ဗိုလ်သင်တန်းကို တက်ပါတယ်။ ဦးကြီးပုကတော့ ဖေဖေနဲ့အတူနေလိုက်ပြီး ဖေဖေ့ကို နေထိုင် စားသောက်ရေးကအစ ပြုစုပါတော့တယ်။
ဖေဖေနဲ့ဦးကြီးပုဟာ အထက်အောက်ဆိုပေမယ့် ၅ နှစ် ၆ နှစ်လောက်ကွာပါတယ်။ ဦးကြီးပုဟာ ဖေဖေတို့မိသားစုအဝန်းအဝိုင်းက ပထမဆုံး မွေးလာတဲ့ကလေးဖြစ်လို့အားလုံးက  ဝိုင်းအလိုလိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဖေဖေ့အဒေါ်တွေကလည်း အဲဒီတုန်းက အပျိုတွေ၊ ဖေဖေတို့ မိသားစုနဲ့ပဲ နေနေတော့ တဦးတည်းသောကလေးအဖြစ် အလိုလိုက်ခံရလို့စာလည်း ကောင်းကောင်းမကြိုးစား၊ အိမ်အလုပ်လည်းမကူနဲ့ ဖေဖေ့အဖေက အလွန် မျက်စိစပါးမွေးစူးခဲ့ဆိုပဲ။
ဦးကြီးပုငယ်စဉ်က အကြောင်းတွေထဲက ကျွန်မမှတ်မိနေတဲ့အကြောင်း ၂ ခုရှိပါတယ်။ တခုကတော့ ဦးကြီးပုက စာမေးပွဲနီးရင် သူ့ဆရာအိမ်ကမေးခွန်းတွေကို ခိုးဖို့လုပ်တဲ့ကိစ္စပါ။ ဆရာရဲ့အိမ်က ရထားလမ်းဘေးမှာရှိတော့ ညသန်းခေါင် ထားဖြတ်ချိန်မှာ အိမ်အတွင်းဝင်ဖို့ သူ့သူငယ်ချင်းတွေနဲ့အချိန်ကိုက်ချိန်းရ လုပ်ရကိုင်ရတာတွေကြည့်ပြီးဖေဖေက “အစ်ကိုပုကလည်းဗျာ အဲသလိုလုပ်ရကိုင်ရတဲ့အချိန်ကို စာဖတ်စာကျက်လုပ်ရင်တောင် စာမေးပွဲအောင်နိုင်နေပပြီ”လို့ပြောရဆိုပဲ။
ဦးကြီးက အရွယ်လည်းရလာတော့ မိန်းကလေးချောချောလှလှလေးတွေကိုမြင်ရင် စာလိုက်ပေးတတ်သတဲ့။ သူ့လက်ရေးကလည်း မလှတော့ လက်ရေးလှပြီး စာရေးကောင်းတဲ့ဖေဖေ့ကို ရည်စားစာတွေ ၃-၄ စောင် ရေးခိုင်းတတ်သတဲ့။ ရှေ့ဆုံးက နာမည်နေရာမှာ ကွက်လပ်ထားခဲ့ရပြီး ဦးကြီးက ပေးချင်တဲ့လူတွေ့မှ နာမည်လေးကမန်းကတမ်းရေးပြီးပေးတတ်ဆိုပဲ။ အဲဒါကတော့ မေမေက ပြောပြဖူးတာပါ၊
ဦးကြီးပုရဲ့အပေါ်အင်္ကျီအိတ်ထဲမှာ အချိန်မရွေးပေးဖို့ရည်စားစာ ၃-၄ စောင်ရှိနေတတ်သတဲ့။
ဦးကြီးက ဖေဖေ့ကို ဘီအိုင်အေကာလမှာတော့ အစစအရာရာစောင့်ရှောက်ရာမှာ စားချိန်တန်စား၊ အိပ်ချိန်တန်အိပ်ဖို့ ဂရုတစိုက် စီစဉ်ပေးတာတွေ၊ ဖေဖေစားသောက်မကောင်းရင် ကောင်းနိုးရာရာလေးတွေ ရှာဖွေကျွေးတာ လုပ်ကိုင်ကျွေးတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဖေဖေက ကျေးဇူးတင်စကားဆိုတာပါ။ ဖေဖေမကြာခဏ သတိတရပြောပြတတ်တဲ့အဖြစ်အပျက်ကတော့ အဲဒီကာလက ဖေဖေစီးတဲ့ အော်စတင်ကားလေးထဲမှာ စပယ်ပန်းကုံးတွေ တပုံကြီးချိတ်ဆွဲပေးတတ်တဲ့အလေ့ပါ။ ဖေဖေက “ဖေဖေဘယ်လောက်မောမော ကားပေါ်ရောက်တာနဲ့ စပယ်နံ့လေးတွေရလိုက်ရင် အမောကိုပြေပြီး ရင်ထဲမှာ အေးသွားတာပဲ”တဲ့။
ဦးကြီးက နောက်ပိုင်းမှာ ဖဆပလထဲဝင်ပြီး သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှာ လူမျိုးစုအမတ်ဖြစ်ခဲ့ပါတယ်။ သုံးဆယ်မြို့ရဲ့ သမာဓိမြို့ဝန် လည်း ဖြစ်သွားပါတယ်၊ ဖဆပလအကွဲမှာတော့ ဘယ်ဘက်မှ မပါတော့ဘဲ နိုင်ငံရေးကနေအနားယူလိုက်ပြီး၁၉၆ဝ ခုနှစ် ဖေဖေ ရွေးကောက်ပွဲဝင်တော့ ကျွန်မတို့စမ်းချောင်းအိမ်ကလေးမှာလာနေပြီး ဖေဖေ့ရွေးကောက်ပွဲကိစ္စတွေမှာ ဝင်ကူညီပါတယ်။
ဦးကြီးက အစားအသောက်အနေအထိုင်မှာလည်း အလွန်စည်းကမ်းရှိပါတယ်။ စီးပွားရေးလည်း အသင့်အတင့်ချောင်လည်ပေမယ့် ဘဝကို အရသာခံ၊ စည်းစိမ်ခံတာတွေ မလုပ်ပါဘူး။ စနစ်တကျနေထိုင်သုံးစွဲတဲ့အတွက်လည်း အသက်ကြီးလာပြီး စီးပွားမရှာနိုင်တော့လည်း သိပ် လိမ့်လိမ့်လဲလဲမဖြစ်ဘဲ၊ အိနြေ္ဒရရ နေသွားနိုင်ခဲ့ပါတယ်။ ငယ်စဉ်က ဆေးလိပ်သောက်ပေမယ့် ပန်းနာရင်ကျပ်ရလာတော့ ဆေးလိပ်ကို တိခနဲဖြတ်လိုက်ပြီး ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါတယ်။
ကျွန်မတို့အရပ်က အင်းတွေပေါတော့ ငါးငါးပိ အလွန်ပေါပါတယ်။ ရေချိုငါးပိက ငံကို မငံပါဘူး။ ဦးကြီးက တို့စရာ လတ်လတ်ဆတ်ဆတ်နဲ့ ငါးပိရည်ကျိုတခွက်မပါရင် ထမင်းမစားပါဘူး။ တို့စရာကလည်း ဗန်းကြီးနဲ့တဗန်း ထည့်ပေးရပါတယ်။ ရေနွေးကြမ်းကိုလည်း တအိုးပြီးတအိုး သောက်ပါတယ်။ တခြားသရေစာလည်း မစားတတ်ပါဘူး။ သူက အဲသလို အနေအထိုင်အစားအသောက်လည်း စည်းကမ်းရှိ အခြေခံရောဂါ ကလည်းကင်းလို့ အသက် ၉၄ နှစ်အထိ ဘာရောဂါကြီးကြီးမားမားမှမရှိဘဲ နေသွားရပြီး၂ဝဝ၇ ခုနှစ်ကမှ ကွယ်လွန်သွားခဲ့ပါတယ်။
သူက သူ့သားသမီးတွေကို ငါကငါ့ညီ (ဖေဖေကိုဆိုလိုတာပါ)နဲ့တွေ့ပြီးမှ သေမှာလို့ပြောတတ်ပေမယ့် သူတို့ညီအစ်ကို မတွေ့လိုက်ရပါဘူး။ ဖေဖေကတော့ တို့ညီအစ်ကိုတတွေထဲမှာ အစ်ကိုပုက ကံအကောင်းဆုံးတဲ့။ ဘာမှ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲဒဏ်မခံခဲ့ရဘူးတဲ့။ ဒါကတော့ ဖေဖေတို့မိသားစုထဲက အစ်ကိုကြီး ဦးပုအကြောင်းပါပဲ။
၆-၃-၂ဝ၁ဝ။

0 comments:

Post a Comment