ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၂ဝ)
ကျွန်တော် လွတ်မြောက်ဒေသသို့ ထွက်ခွာခြင်း
ဗိုလ်နေဝင်းသည် နိုင်ငံရေးအရ အလွန်အကင်းပါးသူ ဖြစ်ပါသည်။
သူ့တကိုယ်ရည်ကြီးပွားမှုအတွက်ဆိုလျှင် ဘယ်သူ့ကိုမဆို ဘာမဆိုလုပ်သူ ဖြစ်သည်။
ဘယ်အချိန်တွင် ဘယ်သူ့ကိုခွာ၍ ဘယ်အချိန်တွင် ဘယ်သူ့ကိုကပ်ရမည်ကို
ကောင်းကောင်း တွက်ချက်တတ်သူလည်း ဖြစ်သည်။ သူ့အားဆန့်ကျင်သူမှန်သမျှကိုရော
ထောက်ခံသူများကိုပါ ဘာတွေစဉ်းစားနေသည်။ ဘာတွေလုပ်ဆောင်နေသည်ကို
အမြဲစောင့်ကြည့်ပြီး အစဉ်မပြတ်သိရှိနေရမှကျေနပ်သူ ဖြစ်သည်။
ထောက်လှမ်းရေးဘက်တွင် အလွန်အကွက်စေ့သူ ဖြစ်ပါသည်။
ကျွန်တော်
တပ်ကထွက်ရကတည်းက ကျွန်တော့်ကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီးနေသည်ကို
ကျွန်တော်ကိုယ်တိုင်လည်း သိသည်။ ကျွန်တော့်ဆီ
ဝင်ထွက်သွားလာနေကြသူများလည်း သိကြပါသည်။ သိအောင်လည်း
တမင်လုပ်သည့်အခါများလည်းရှိသည်။ ခြိမ်းခြောက်သည့်သဘောလည်း ဖြစ်ပါသည်။
ဤကဲ့သို့ လူသိထင်ရှား မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုနေသည့်ကြားက
ကျွန်တော် ကွန်မြူနစ်ပါတီသို့ လွတ်မြောက်ထွက်ပြေးနိုင်သည့် အခါ
လူအတော်များများက အတော်ပင်အံ့အားသင့်သွားကြပါသည်။ ထို့ကြောင့်ပင်
အနောက်နိုင်ငံသား စာရေးဆရာတချို့က ကျွန်တော့်ကို ဗိုလ်နေဝင်းက
တမင်လွှတ်ပေးလိုက်ဟန်ရှိသည်ဟုပင်ရေးသားထားတာ တွေ့ရပါသည်။
တကယ်တော့ ကျွန်တော် ဤကဲ့သို့လွတ်မြောက်လာနိုင်သည့် အခြေခံအကြောင်းရင်းများ ရှိပါသည်။ ထိုအကြောင်းများ မှာ
၁။ ကျွန်တော် အိမ်ကြီးတလုံး ဝယ်လိုက်သည့်ကိစ္စ။ ။ ၁၉၇၄ ခုနှစ်တွင်
ကျွန်တော်က အိမ်ကြီးတလုံးဝယ်လိုက်ခြင်းသည် ကျွန်တော်
လွတ်မြောက်လိုက်ရသည့် အခြေခံအကြောင်းရင်းကြီးတရပ်ဖြစ်ပေသည်။ ဤအိမ်ကြီး
ကျွန်တော်ဝယ်လိုက်သည့်အတွက် လူအတော် များများ၏စိတ်ထဲတွင်
ကျွန်တော်နိုင်ငံရေးဆက်လုပ်တော့မှာမဟုတ်ဘဲ သားသမီးများ၊ မြေးများနှင့်
အေးအေးဆေးဆေးပဲ နေထိုင်တော့မည်ဟု ထင်မှတ်မှားသွားစေပါသည်။
ထိုအချိန်က ကျွန်တော့်သမီးငယ်စန်းစန်း၏သမီးကြီး
ကျွန်တော်တို့၏မြေးဦးခင်လေးကို ကျွန်တော်တို့ဇနီးမောင်နှံ
ထိန်းနေရပါသည်။ ကျွန်တော်တို့ လူပိုမထားပါ။ အိမ်ဖော်လည်း မငှားပါ။
သမီးစန်း အလုပ်သွားလျှင် ကျွန်တော်တို့နှစ်ယောက် တလှည့်စီထိန်းကြရပါသည်။
ကျွန်တော့်ဇနီးချက်ပြုတ်ချိန်တွင် ကျွန်တော်က ထိန်းရပါသည်။ ကျွန်တော်
မြေးပဲထိန်းနေရသည်ဟု အပြင်တွင်သတင်းထွက်နေပါသည်။
၁၉၇၅ - ၇၆ တွင်
စုစု (ဒေါ်အောင်ဆန်းစုကြည်) ရန်ကုန်သို့ခေတ္တပြန်လာစဉ် ကျွန်တော်နှင့်တွေ့ရာ
သူက “ဦးလေးက မြေးပဲထိန်းနေတယ် ကြားပါလား။ ဗမာပြည်ကြီးအတွက်
ဦးလေးတာဝန်ကျေပြီလို့များ ဦးလေးထင်နေသလား”ဟု ကျွန်တော့်ကိုရန်တွေ့ပါသည်။
ကျွန်တော်က “မင်းစိတ်ချပါ။ ဦးလေးတာဝန် ဦးလေးကျေပွန်ရပါစေ့မယ်။
မင်းတို့လည်း ကိုယ့်အလှည့်ကျ မနွဲ့ကြနဲ့ပေါ့”ဟု ပြန်ပြောခဲ့ဖူးပါသည်။
ထို့ကြောင့် ကျွန်တော်နှင့် နည်းနည်းဝေးနေသူများက ကျွန်တော်
နိုင်ငံရေးနှင့်ကင်းကင်းရှင်းရှင်းနေတော့မည်ဟု ထင်ကြပါသည်။ ကျွန်တော်
အသက်အရွယ်အရလည်းရလာပြီဖြစ်၍ စွန့်စွန့်စားစားလုပ်ရမည့်အလုပ်ကို
လုပ်တော့မည်မဟုတ်ဟု ထင်ဟန်ရှိပါသည်။
ဗိုလ်နေဝင်းကိုယ်တိုင်ကလည်း
ကျွန်တော် ကွန်မြူနစ်ပါတီအပေါ်တွင် စိတ်နာစိတ်ခုနေသည်ဟု ထင်နေဟန် ရှိသည်။
ကျွန်တော်ကလည်း အဲသလိုထင်နေအောင် သူ့နားရောက်နိုင်သည့်နေရာမှ
ထိုအာဘော်မျိုးလွှင့်ထားဖူးပါသည်။ ထို့ပြင် ဗိုလ်နေဝင်းသည် တကယ်စစ်မှန်သော
မျု်းချစ်ပြည်ချစ်တို့သည် မိမိတိုင်းပြည်ဆင်းရဲခြင်းမှလွတ်ကင်း၍
ချမ်းသာကြွယ်ဝလာမှုကိုလိုလားပြီး မနေမနား ကြိုးစားတတ်သည့်သဘောကို
မစဉ်းစားမိပေ။ နားလည်းနားမလည်နိုင်ပေ။ မိမိပင်ကိုယ်စိတ်နှင့်ပင်နှိုင်း၍
စဉ်းစားပုံရသည်။
ဤအချက်ကြောင့်ပင် ကျွန်တော့်ကိုစောင့်ကြည့်သည့်အလုပ်တွင် ဝီရိယပေါ့လာကြဟန် ရှိပါသည်။
ပကတိဘာဝအရလည်း အိမ်ကြီးမှာနှစ်ထပ်ဖြစ်သဖြင့် အောက်ထပ်တွင်
စန်းစန်းတို့မိသားစုသာနေပြီး ကျန်လူများက အပေါ်ထပ်တွင် နေကြရာ လမ်းမကကြည့်၍
မမြင်နိုင်မသိနိုင်ရှိပါသည်။ ဆီဆုံလမ်း အိမ်လေးတုန်းကမူ ကျွန်တော်မှာ
အိမ်ကကျဉ်းလည်းကျဉ်း၊ မှောင်လည်း မှောင်သဖြင့် အိမ်ကပြင်လေးမှာပင်
ပက်လက်ကုလားထိုင်တလုံးနှင့်စာဖတ်နေရရာ လမ်းပေါ်က
အမြဲစောင့်ကြည့်နေသူများကမြင်နေရပြီး နည်းနည်းပျောက်သွားတာနှင့်
ပျာပျာသလည်းဖြစ်ပြီး ရှာဖွေကြပါသည်။ ယခုတော့ သူတို့အနေနှင့်
ကျွန်တော်ရှိမရှိ ဘယ်လိုမှအကဲဖြတ်မရ ရှိတတ်ပါသည်။
ထို့ပြင်
ကျွန်တော်တို့က ဤအိမ်ကြီးကို ပြောင်းခါစပင်ဖြစ်သေးသဖြင့် ကျွန်တော့်ကို
ထောက်လှမ်းရေးထားသည့် သူတို့၏ထောက်လှမ်းရေး ကွန်ယက်
စနစ်တကျအပြည့်အဝတည်ဆောက်မရသေး ရှိပါသည်။ ဤသည်ကလည်း ကျွန်တော်တို့အတွက်
အခွင့်ကောင်းတရပ် ဖြစ်ပါသည်။
၂။ ဒုတိယအကြောင်းကတော့ လတ်တလော
အလွန်အကျိုးရှိစေလိုက်သည့်ကိစ္စတရပ် ဖြစ်ပါသည်။ ထိုကိစ္စမှာ
ဗိုလ်အုန်းကျော်မြင့်တို့အမှု ပေါ်ပေါက်လိုက်ခြင်းပင်ဖြစ်ပါသည်။ ထိုကိစ္စနှင့်
ထောက်လှမ်းရေးအဖွဲ့အစည်းကြီးတရပ်လုံး ရှုပ်ယှက်ခတ်အလုပ်များသွားသဖြင့်
ကျွန်တော်တို့ကိုစောင့်ကြပ်နေမှုများလည်း လစ်ဟင်းသွားဟန်ရှိပါသည်။
ထိုစဉ်တုန်းကတော့ ဘာကိစ္စမှန်း မသိပါ။ ကျွန်တော်တို့
သွားဖို့လာဖို့ပြင်ဆင်နေစဉ်မှာပင် တနေ့ လှလှ ညနေပြန်လာပြီး ပြောပြသည်မှာ
သူနှင့်အလုပ်လုပ်ဖက် ဆရာဝန်မတဦးရှိကြောင်း၊ ထိုဆရာဝန်မမှာ
လေတပ်မှပိုင်းလော့ဗိုလ်ကြီးတဦး၏ဇနီးဖြစ်ပြီး နဝရတ်ရိပ်သာတွင် နေကြောင်း၊
ဒီနေ့ဆေးရုံရောက်လာချိန် နောက်ကျသဖြင့် ဘာဖြစ်သလည်းဟုမေးကြည့်ရာ
ဘာကိစ္စမှန်းမသိ၊ သူတို့နေသည့် နဝရတ်ရိပ်သာ ကို မနက်လင်းအားကြီးတွင်
စစ်တပ်နှင့်ဝိုင်း၍ သူတို့၏အိမ်အောက်တွင်နေထိုင်သည့် ဗိုလ်ချုပ်ကျော်ထင်၏
ကိုယ်ရေးအတွင်းရေးမှူး (PA) ကို ဖမ်းသွားကြောင်း ပြောပြသည်ဟုသိရသည်။
ထို့နောက် လှလှကပဲ ဆက်ပြောပြသည်မှာ သူတို့လူနာခန်းမှ သူ့ဆရာတယောက်က ပြောပြ
သည်မှာ “ဟ-ညက ဘာဖြစ်သလည်း မသိဘူးဟေ့။ တို့ လမ်းထဲက MI ဌာချုပ်ထဲ ကားတွေ
ဝင်လိုက်ထွက်လိုက်နဲ့ တညလုံး အလုပ်ရှုပ် နေကြတာ။ ကိစ္စကြီးတခုခုတော့
ဖြစ်ပေါ်ပြီထင်တယ်”ဟု ဆိုပါသည်။ ထိုဆရာမှာ ဟဲလ်ပင်လမ်းထဲတွင်နေထိုင်သူဟု
သိရပါသည်။
ကျွန်တော်က ထိုကိစ္စကိုသိသောအခါ ဤသည်မှာ
ကျွန်တော်တို့အတွက်အခွင့်ကောင်းဖြစ်နိုင်သည်ဟု တွက်မိပါသည်။ (ကျွန်တော်
တောထဲရောက်ပြီးအတော်ကြာမှ ဗိုလ်ကြီးအုန်းကျော်မြင့်တို့အမှုဆိုတာ သိရပါသည်။)
၃။ တတိယအကြောင်းကတော့ ကျွန်တော်တို့ခရီးစဉ်အတွင်း ပြင်ဆင်ရာတွင်
အချိန်ရွေးချယ်မှုကအစ အလွန်အသေးစိတ်ပြီးစနစ်တကျ စေ့စေ့စပ်စပ်
ဘက်စုံပြင်ဆင်ခဲ့မှုကြောင့်လည်း ဖြစ်ပါသည်။ အချိန်တိုအတွင်း
ကွက်တိကျအောင်စီစဉ်နိုင်၍ ဖြစ်ပါသည်။
ထိုနှစ်က အာဇာနည်နေ့ ဇူလိုင်
၁၉ ရက်သည် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနှင့်ဆက်နေပြီး ရုံးဆက်တိုက်ပိတ်ချိန်
ဖြစ်ပါသည်။ ဤရုံးပိတ်ရက် အတွင်း ကျွန်တော်တို့ ရန်ကုန်မှထွက်ခဲ့ကြခြင်း
ဖြစ်ပါသည်။ ကျွန်တော်တို့တွင် မှတ်ပုံတင်အတုများအပြင် လှလှ၏
အလုပ်ရွှေ့ပြောင်းလွှာ အတုလည်း ပါလာပါသည်။ လှလှမှာ
နမ့်ခမ်းဆေးရုံသို့ပြောင်းရသည့်ဆရာဝန်တဦးအဖြစ်လည်းကောင်း၊ ကျွန်တော်က
သူ့ကို စောင့်ရှောက် လိုက်လံပို့ဆောင်ပေးသည့် ဦးလေးအဖြစ်လည်းကောင်း
ဟန်ဆောင်ခဲ့ကြပါသည်။
လှလှမှာ ထိုခရီးမထွက်ခင်တပတ်အလိုတွင်
သူ့ဘာသာသူ မသင်္ကာ၍ဆေးစစ်ကြည့်ရာမှ ညာဖက်အဆုပ်ထိပ်တွင် တီဘီရောဂါ ဖြစ်ပွား
နေကြောင်း သိလိုက်ရပါသည်။ ထို့ကြောင့် သူက ထိုဓာတ်မှန်ပြ၍
သူ့အခန်းအုပ်ဆရာထံမှ လုပ်သက်ခွင့် ၁ဝ ရက်ယူပြီး၊ တီဘီသောက်ဆေး
နှစ်မျိုးကိုလည်း သုံးလေးလစာ တောင်းလာခဲ့ပါသည်။ ထိုကိစ္စကြောင့်
ကျွန်တော်တို့ တအိမ်သားလုံး ဆေးရုံပြေးဆေးစစ်ရ၊ ဓာတ်မှန်ရိုက်ရနှင့်
အလုပ်ရှုပ်သွားကြရပါသည်။ ဤကိစ္စကိုလည်း တယ်လီဖုန်းမှတဆင့်
ရေးကြီးခွင်ကျယ်လုပ်ပြီး ကျွန်တော်တို့ ဟိုလူပြော၊ ဒီလူပြော ပြောဆိုကြ
ပါသည်။ ကျွန်တော်တို့ကိုစောင့်နေသည့် ထောက်လှမ်းရေးများ
မျက်စိလည်စေရန်ဖြစ်ပါသည်။ ကျွန်တော်က တချို့မိတ်ဆွေတွေ ဆွေမျိုးတွေကို
သမီးစိတ်ဓာတ်ထိခိုက်နေကြောင်း တနေရာရာသွား အနားယူနေချင်နေကြောင်း၊
ကျွန်တော်လည်းလိုက်သွားမယ်လို့ စဉ်းစားထားကြောင်းစတာတွေ
ဖုန်းနှင့်ပြောဆိုသတင်းလွှင့်တာလည်း လုပ်ပါသည်။
ထိုအချိန်က
မိုးတွင်းကြီးဖြစ်ရာ ကားလမ်းမများကိုရေကျော်တတ်သဖြင့် ကျွန်တော့်သား
ကိုအောင် (အောင်ကျော်ဇော)ကို ကားမြင့်မြင့်တစီး ငှားခိုင်းရာသူက
အမေရိကန်ဒေါ့ဂျစ်တစီးကို မန္တလေးသို့ အသွားအပြန်တညအိပ်
ငွေကျပ်သုံးထောင်နှင့် ငှားထားပါသည်။
ကျွန်တော်တို့
စနေနေ့မနက်ပိုင်းတွင် ကျွန်တော့်ဇနီးကို ဖွင့်ပြောပြကြပါသည်။
သားငယ်ကိုကျော် (ကျော်ဇောဦး)တောခိုသွားရာတွင် လမ်းခရီး၌
ဖျားနေကြောင်းကြားရသဖြင့် လိုက်ခေါ်ကြမည်ဟုပြောပြပါသည်။ ကျွန်တော်တို့
သားအဖတတွေ မြေပုံတချပ်နှင့် ညညမှာ ကြိတ်ကြိတ် ကြိတ်ကြိတ်လုပ်နေသည်ကို တည
သူထအလာ တွေ့ထားသဖြင့် သူမယုံပါ။ သူပါလိုက်မည်ဟုဆိုပါသည်။ လှလှက မေမေပါ
လိုက်ရင် အားလုံးမိကုန်မှာ။ အားလုံးပျောက်လို့ မဖြစ်ဘူး။ မေမေက
အိမ်မှာဟန်မပျက်နေခဲ့ပါ။ သုံးလေးရက်ကြာအောင် သူတို့ကို လှည့်ဖြားထားနိုင်မှ
အားလုံးလွတ်မှာလို့ ဖျောင်းဖျပါသည်။ ထို့နောက် ကိုအောင်သည်
အိမ်တွင်ရောက်နေသည့် ပါတီမှဆက်သားနှင့် အရင်ထွက်သွားပါသည်။ လှလှက
အိမ်မှဖုန်းနှင့်ပင် သူ့လူနာခန်းမှ တာဝန်ကျနေသော အလုပ်သင်ဆရာဝန်လေးအား
သူတီဘီဖြစ်ပြီး သွေးအားနည်းလွန်းသောကြောင့် မိုရာမင်
အားဆေးသွင်းရန်ဆေးရုံလာခဲ့မည်ဟု ချိန်းပါသည်။
ကျွန်တော့်သမီးငယ်
စန်းတို့ဇနီးမောင်နှံကိုလည်း အိမ်အပေါ်ထပ်သို့ခေါ်လိုက်ကာ ကျွန်တော့်ဇနီးအား
ပြောပြသည့်အတိုင်းပင် ပြောပြ လိုက်ပါသည်။ စန်းကတော့ ကျွန်တော်တို့
ပြောတာယုံပါသည်။
ထိုအချိန်တွင်ပင် ကျွန်တော့်အောက်ညီ ကိုသန်းထွန်း
သုံးဆယ်မှ ကပျာကယာရောက်လာပါသည်။ မောင်မြတ်ကျော်ကို ညကပင် ထောက်လှမ်းရေးက
သုံးဆယ်အိမ်တွင်လာဖမ်းသွားပြီး ဒီနေ့မနက်စောစော
ရန်ကုန်ပို့လိုက်ပြီဟုကြားကြောင်း မောင်မြတ်ကျော်ဖခင် (ကျွန်တော့်
ညီအငယ်ဆုံး)ကိုသိန်းရွှေက ရန်ကုန်က ဟိုကောင်နှစ်ကောင်
(ကျွန်တော့်သားနှစ်ယောက်)လည်း ဘယ်လိုနေမယ်မသိ၊ အကို သွားပြောချေပါ။
ရှောင်ချိန်ရရင်လည်း ကောင်းတာပေါ့ဆိုပြီးလွှတ်လိုက်လို့ လာရသည်ဟုဆိုပါသည်။
(အမှန်မှာ ကျွန်တော်တို့ တောခိုဖို့ ပြင်ဆင်စဉ် လှလှက မောင်မြတ်ကျော်ပါ
တပါတည်းခေါ်သွားမည်ဟု ဆိုပါသည်။ ကျွန်တော်က လူတွေများနေလျှင်
အန္တရာယ်ရှိသည်။ ထို့ကြောင့်နောက်မှ လာခေါ်တာပေါ့။ အခုတော့
လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် သူ့ကို သုံးဆယ်
ပြန်ခိုင်းထားရအောင်ဟုပြောထားပြီး ကျောင်းများလည်းပိတ်ထားသဖြင့် သုံးဆယ်
သူ့မိဘများဆီပြန်ခိုင်းထားခြင်း ဖြစ်ပါသည်။ မောင်မြတ်ကျော်သည်
မှိုင်းရာပြည့်လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် ထောင်ကျသွားပြီး
လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာပြီး နောက် ၁၉၈ဝ ခုနှစ်တွင်
ကျွန်တော်တို့ရှိရာ ပန်ဆန်းသို့ရောက်ရှိလာပြီး ကျွန်တော်တို့နှင့်
တောက်လျှောက် နေထိုင်ခဲ့ပါတော့သည်။)
ကျွန်တော်က ကိုသန်းထွန်းကို
မင်းလည်း ရန်ကုန်မှာ ကြာကြာမနေနဲ့။ အခုပဲ သုံးဆယ်ပြန်တော့။ ငါတို့
ကြည့်ရှောင်ပါ့မယ်ဆိုကာ သူ့အားလည်း ပြန်ခိုင်းလိုက်ပြီး
ကျွန်တော်တို့သားအဖ သုံးဘီးကားတစင်းနှင့်
ရန်ကုန်ဆေးရုံကြီးသို့ထွက်လာခဲ့ပါသည်။ ကျွန်တော်တို့ကို
စောင့်ကြည့်သည့်ထောက်လှမ်းရေးများသည် ဆေးရုံကြီးရှေ့ပေါက်မှ
ကျွန်တော်တို့သားအဖ သုံးဘီးကားပေါ်မှဆင်းပြီး ဆေးရုံပေါ်တက်သွား သည်အထိ
ကျွန်တော်တို့နောက်က ပါလာခဲ့ပါသည်။ ဆေးရုံကြီး၏ ရှေ့ပေါ်တီကိုအောက်တွင်
သူတို့ရပ်စောင့်နေသည်ကို ကျွန်တော်တို့ ဆေးရုံပေါ်က မြင်ရပါသည်။
လှလှသည် သူတာဝန်ကျနေသည့်လူနာဆောင်သို့သွားပြီး
သူဖုန်းဆက်ထားသည့်ဆရာဝန်လေးကို အချိန်မရှိလို့ ဒီနေ့တော့ ဆေးမသွင်း သေးဘူး။
နောက်နေ့မှလာခဲ့မယ်ဟုပြောပြီး ကျွန်တော်တို့သားအဖ လူသေအလောင်းများချရာ
နောက်ဘက်ဓာတ်လှေကားနှင့် အောက်ဆုံးထပ်သို့ ဆင်းခဲ့ပါသည်။ ကိုအောင်က
ရင်ခွဲရုံထောင့်တွင် ငှားထားသောကားနှင့် စောင့်နေပါသည်။ ကျွန်တော်တို့က
ဆေးရုံကြီး ထိုနောက်ပေါက် (အသုဘများချရာ တံခါးပေါက်) မှ ထွက်လာခဲ့ကြပါသည်။