Monday, March 30, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ တတိယပိုင်း၊ အခန်း(၁)
တတိယပိုင်း
တတိယပိုင်း ပြည်တွင်းစစ်
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ်မြောက်ကွန်ဂရက်၊ ဗမာပြည်သူတို့၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲကြီး အောင်ပွဲရ ပြီးဆုံး ခါနီး၊ လူများ စိတ်ရွှင်လန်းကြည်နူးနေသည့်အချိန် ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ ဗားဂရာလမ်း ကွန်မြူနစ်ပါတီဌာနချုပ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒုတိယအကြိမ်မြောက်ကွန်ဂရက်ကို ကွန်မြူနစ်ပါတီခေါင်းဆောင် သခင်စိုးနှင့် သခင်သန်းထွန်းတို့ကြီးမှူးပြီး ကျင်းပလေသည်။

ကွန်ဂရက်သို့ ကျနော့်အားဖိတ်ကြားသဖြင့် ကျနော်လည်း တက်ရောက်ရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ၁၉၃၉ ခု သြဂုတ်လ(၁၅)ရက်နေ့ ဖွဲ့စည်းစဉ်ကတည်းကစပြီး   မြေအောက်တွင် လျှို့ဝှက်နေပြီး ဗမာပြည်တော်လှန်ရေးကိုဦးဆောင်ပြီး ဆောင်ရွက်ခဲ့ကြရသည်။ ယခု ဖက်ဆစ်တော်လှန်ရေးကြီးတွင် အတိအလင်း မြေပေါ်တက်ပြီး ပြောင်ပြောင်ပင် တော်လှန်ရေးကိုဆောင်ရွက်ခဲ့သည်။ ကွန်ဂရက်ကို ဗမာပြည်တွင်မက နိုင်ငံခြားကပါအာရုံစိုက်ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီမှာ မြေပေါ်တွင် တော်လှန်ရေးကို တိတိလင်းလင်းဆောင်ရွက်နေသောပါတီကြီး ဖြစ်နေပေတော့သည်။

ကွန်ဂရက်တွင် ဂျပန်နှင့်ရင်ဆိုင်တိုက်ခိုက်နေကြသော ဗမာ့တပ်မတော်အတွင်းမှပါတီဝင်များနှင့် ပြောက်ကျားခေါင်းဆောင်များလည်း အမြောက်အများတက်ရောက်ကြသည်။ ထို့အပြင် စစ်တောင်းမြစ်တဖက်ကမ်း ရန်သူဖက်ဆစ်ဂျပန်တို့၏ နောက်ကျောမှ တိုက်ခိုက်နေကြ သော တပ်သားများလည်း ပါဝင်တက်ရောက်ကြသည်။

ကွန်ဂရက်သဘာပတိသခင်သန်းထွန်း မိန့်ခွန်းပေးရာတွင် လွန်ခဲ့တဲ့သုံးနှစ်ပတ်လုံး ပုန်းလျှိုးကွယ်လျှိုးနှင့် မြေအောက်ဖက်ဆစ်တော်လှန်ရေး လုပ်ခဲ့ရတဲ့ ကျုပ်တို့ပါတီဟာ ဂျပန်ဖက်ဆစ်တို့ကို ဗမာပြည်မှာအောင်နိုင်ပြီး တိတိလင်းလင်းပေါ်ထွက်လာပါပြီ။ ကျုပ်တို့ပါတီဟာစစ်နိုင်တဲ့ ပါတီအဖြစ်နဲ့ မားမားမတ်မတ်ကြီးပေါ်ထွက်လာပါပြီ။ ကျုပ်တို့အခု တွေ့ဆုံစည်းဝေးတာဟာ ပထမကွန်ဂရက်လို တထိတ်ထိတ်တလန့်လန့်နဲ့ စည်းဝေးတာမဟုတ်ဘဲ စစ်နိုင်သူတွေအနေနဲ့ တိတိလင်းလင်း မြေပေါ်မှာစည်းဝေးကြတာဖြစ်တယ်ဟု ပြောခဲ့ပါသည်။

ဗမာပြည်ဖက်ဆစ်တော်လှန်ရေးတွင် အသက်ဆုံးရှုံးကြရတဲ့ဗမာ့သားကောင်းရတနာများနှင့် ဗမာ့လွတ်လပ်ရေးတွင်ကျဆုံးခဲ့ရတဲ့ ရဲဘော် အပေါင်းကို ကွန်ဂရက်ကြီးက ဝမ်းနည်းကြောင်းမှတ်တမ်းတင်ဖော်ပြကြသည်။

ကွန်ဂရက်တွင် သဘာပတိသခင်သန်းထွန်းက ကွန်မြူနစ်ပါတီမှခေါင်းဆောင်နှစ်ဦးဖြစ်သော သခင်စိုးနှင့် နိုင်ငံခြားကိုယ်စားလှယ်ဖြစ်သော သခင်သိန်းဖေ (တက်ဘုန်းကြီး)တို့ကို အထူးချီးကျူးဂုဏ်ြုပစကားပြောခဲ့သည်။

သခင်သန်းထွန်းကပြောသည်မှာ “ခေါင်းဆောင်ကြီးသခင်စိုးဟာ ဂျပန်ဖက်ဆစ်တို့ကြီးစိုးတဲ့ သုံးနှစ်တာ ကာလပတ်လုံး မြေအောက် ပုန်းအောင်းကာ ကျုပ်တို့ပါတီလုပ်ငန်းတွေကို ရှေ့ဆောင်ခြင်းပြုခဲ့တယ်။ ဖက်ဆစ်ဂျပန်ရဲလှံစွပ်ဖျားအောက်က ပွတ်ကာသီကာနဲ့ အနှံ့အပြား လျှို့ဝှက်သွားရောက်ပြီး ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းကြီးကို ခေါင်းဆောင်ခဲ့တယ်။ သခင်စိုးရဲ့ရှေ့ဆောင်မှုမှန်လို့ ကျုပ်တို့ပါတီဟာ စစ်နိုင်သူတို့ရဲ့ပါတီဖြစ်ခဲ့ပြီ။ သခင်စိုးကို ကျုပ်တို့ကရော ဗမာပြည်ကပါ အချီးမြှောက်နိုင်ဆုံး ချီးမြှောက်မှုကို ပြုကြရမယ်ဟု ပြောခဲ့ပါသည်။

နောက် ကိုသိန်းဖေကိုလည်း သခင်သန်းထွန်းကချီးကျူးပြောကြားရာမှာ “ကျုပ်တို့ပါတီလုပ်ငန်းတွေ အောင်မြင်မှု၊ ဖက်ဆစ်ဂျပန်တို့လက်မှ ဗမာပြည်လွတ်မြောက်မှုအတွက် နိုင်ငံခြားသို့ အသက်ဆံဖျားစွန့်စားသွားရောက်ပြီး ကမ္ဘာ့ပြည်သူပြည်သားအပေါင်းတို့က ဗမာ့တော်လှန်ရေး ကို ကူညီလာအောင်ဆောင်ရွက်တဲ့သူဟာ တက်ဘုန်းကြီးကိုသိန်းဖေပဲ

“ကျုပ်တို့ဟာ ဗမာပြည်တွင်း ဂျပန်ဖက်ဆစ်သံကွန်ချာအောက်မှနေကြရလို့ တိုးတက်နေသောကမ္ဘာနဲ့ အဆက်ပြတ်ပြီး ကျုပ်တို့ရဲ့အယူအဆ၊ အတွေးအခေါ်တွေ မကြာခဏ မှားယွင်းဖောက်ပြန်ခဲ့တယ်။ ကျုပ်တို့ဟာ တိုးတက်နေတဲ့ကမ္ဘာ့ပြည်သူပြည်သားတွေရဲ့ခြေလှမ်းကို မလိုက်နိုင်ဘူး။ သို့ပေမယ့် ကမ္ဘာ့တော်လှန်ရေးနဲ့ရင်ပေါင်တန်းလိုက်နေတဲ့ကိုသိန်းဖေဟာ နိုင်ငံခြားကနေပြီး ကျုပ်တို့ရဲ့အယူအဆ လွဲတာတွေကို အမြဲတစေ ပြုပြင်ပေးခဲ့တယ်
“မဟာမိတ်နိုင်ငံများနဲ့ရော၊ မဟာမိတ်စစ်တပ်နဲ့ရော ဗမာပြည်သူပြည်သားတို့ တဦးနဲ့တဦးသဘောပေါက်နားလည်ကြတာလည်း ကိုသိန်းဖေရဲ့ လုံ့လကြောင့်ဖြစ်တယ်။ ကိုသိန်းဖေကျေးဇူးဟာ ဗမာပြည်အပေါ်များပါတယ်။သခင်စိုးလိုပဲ ကျုပ်တို့ရဲ့ပါတီကရော ဗမာပြည်ကပါ ချီးမြှောက် ကြရမယ်ဟု ပြောကြားခဲ့ပါသည်။

သခင်သန်းထွန်းက ဆက်၍ပြောသည်မှာ “ကျုပ်တို့အောင်နိုင်နေတဲ့ စစ်ပွဲဟာမပြီးသေးဘူး။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ဖက်ဆစ်ဂျပန် တွေရှိနေသေးတယ်။ ဒီဘက်ကမ်းကူးဖို့ အမျိုးမျိုးခြိမ်းခြောက်နေတယ်။ ရှမ်းပြည်မှာလည်း နယ်တွေအများကြီး ဂျပန်လက်အောက်က မလွတ်လပ်သေးဘူး။ အာရှတိုက်တောင်ပိုင်းတခုလုံးမှာလည်း ဂျပန်တို့မဆုတ်ခွာသေးဘူး။ ဂျပန်ကျွန်းမကြီးကို မဟာမိတ်တို့ မှုန့်မှုန့် ညက်ညက်ကြေအောင် ဗုံးကြဲပေမယ့် ဂျပန်တို့ဟာတရုတ်ပြည်တွင် (၅)သန်းလောက် အခိုင်အခံ့တပ်စွဲလျက်ရှိနေသေးတယ်။ ကျုပ်တို့ရဲ့ ထင်မြင်ချက်အရ တရုတ်ပြည်မှာ ဂျပန်ဖက်ဆစ်တို့ ဦးမကျိုးသရွေ့ ကမ္ဘာ့ဖက်ဆစ်စနစ်ဟာလည်း ကျဆုံးဦးမှာ မဟုတ်ဘူး။ ဒါ့ကြောင့် ကျုပ်တို့ ဂျပန်လက်အောက်မှာ တော်လှန်ရေးလုပ်တုန်းကထက် အဆပေါင်းများစွာတိုးပြီး ဖက်ဆစ်တိုက်ဖျက်ရေးကိုလုပ်ကြရမယ်။ ရှေ့အဖို့မှာ ကျနော်တို့လုပ်ငန်းဟာ ပို၍ကြီးကျယ်လာမယ်။ ပို၍ အားထုတ်ရမယ်ဟု ပြောပါသည်။

တဖန် သခင်သန်းထွန်းက ဆက်၍ပြောကြားရာမှာ “၁၉၄၁ ခုနှစ်၊ ဇွန်လလောက်ကပင် ကျုပ်တို့ဟာ မဟာမိတ်နိုင်ငံများဘက်မှ တိုက်မယ်လို့ ဆိုင်ရာတွေကိုအကြောင်းကြားခဲ့ဖူးတယ်။ ကျုပ်တို့ရဲ့ က်ကမ်းချက်ကို အစိုးရက လက်မခံဘူး။ ဂျပန် ဗမာပြည်ဝင်လာတဲ့အခါ ကျုပ်တို့ကို လက်မဲ့ ပစ်ထားခဲ့တယ်။ ကျုပ်တို့အဖို့ အခက်အခဲအမျိုးမျိုးနဲ့တွေ့ခဲ့ရတယ်။ ဖြစ်သလို လုပ်ခဲ့ရတယ်။ သို့ပေမယ့် ကျုပ်တို့ယုံကြည်ချက်ကို မစွန့်ဘဲ ဖက်ဆစ်စနစ်တိုက်ဖျက်ရေး လုပ်ခဲ့ကြရတယ်။ အခုလည်း တိုက်နေကြတယ်။ နောက်လည်း ဖက်ဆစ်တွေ မကျမခြင်းတိုက်ရမယ်

“ဂျာမန်နာဇီစနစ်နဲ့ ဂျပန်ဖက်ဆစ်စနစ်တို့ကိုတိုက်ကြတာဟာ သာမန်စစ်ပွဲကလေး မဟုတ်။ ကမ္ဘာမှာ အဆိုးဝါးဆုံးစနစ်နဲ့ ကမ္ဘာ့ပြည်သူ ပြည်သားတို့တိုက်ကြတဲ့ “လွတ်လပ်ရေးစစ်”သာ ဖြစ်တယ်။ နှစ်တရာ တထောင် ကမ္ဘာတခုလုံး ကျွန်မဖြစ်အောင် တိုက်တဲ့စစ်ဖြစ်တယ်။

“ဗမာပြည်သူပြည်သားတွေက ကိုယ့်လွတ်လပ်ရေးအတွက်တိုက်ကြတာမှာ မဟာမိတ်နိုင်ငံတွေက လာကူတာဖြစ်တယ်။ “ပြည်သူ့စစ်”တနည်း “လွတ်လပ်ရေးစစ်”ဖြစ်တယ်။

“ဂျာမန်တို့ရှုံးအောင် ဘယ်သူလုပ်သလည်း။ ဆိုဗီယက်တပ်နီတော်ကြီးက လုပ်တယ်။ ဒါ့ကြောင့် ဆိုဗီယက်ယူနီယံ တန်ခိုးကြီးတယ်။ ဒုတိယ တချက်က ဥရောပတိုင်းပြည်တွေမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးလာနိုင်ကြပြီး၊ ဖက်ဆစ်ကိုတိုက်ခဲ့တဲ့ တကယ့်မျိုးချစ်တွေ သွေးစည်းမိပြီး အစိုးရအဖွဲ့တွေ ဖွဲ့စည်းကုန်ကြပြီ။ ဒီ အစိုးရတွေထဲမှာ လူထုအကျိုးဆောင်ဖြစ်တဲ့ကွန်မြူနစ်တွေဟာ အချက်အချာကိုင်တဲ့ဝန်ကြီးတွေ ဖြစ်နေပြီ။ ဖက်ဆစ်ကိုတိုက်နိုင်ရင် တိုက်နိုင်သလောက် ပြည်သူတွေတန်ခိုးကြီးတာပဲ။ တရုတ်ပြည်မှာလည်း ကွန်မြူနစ်တွေက ဂျပန်ကို ထိထိရောက်ရောက်တိုက်တော့ ကွန်မြူနစ်တွေလွှမ်းမိုးတဲ့နေရာမှာ ပြည်သူတွေတန်ခိုးကြီးတာပဲ။ ဗမာပြည်မှာလည်း ပြည်သူတွေ တန်ခိုးကြီး ချင်ရင် ဖက်ဆစ်တွေကိုနာနာတိုက်ပေးရမယ်

“ဒီစစ်ဟာ တော်လှန်ရေးစစ် ဖြစ်တယ်
“ကျုပ်တို့ ကြေညာချက်စာတမ်း (၁)မှာ လွတ်လပ်ရေးသည်ပထမ၊ ဒီမိုကရေစီရေးသည်ဒုတိယ၊ ဆိုရှယ်လစ်ရေးသည်တတိယလို့ ဆိုခဲ့ ပါတယ်

“တရုတ်ပြည်မှာ ဂျပန်အုပ်စိုးနေတာက တဝက်၊ ချန်ကေရှိတ်က လေးပုံတပုံ၊ ကွန်မြူနစ်က လေးပုံတပုံဖြစ်နေတယ်။ တရုတ်ပြည်မှာ လွတ်လပ်ရေးရရင် ဒီမိုကရေစီဖြစ်မယ်။ လွတ်လပ်ရေးစစ်နှင့် တော်လှန်ရေးစစ်ဟာ ဆက်စပ်နေတယ်

“ဥရောပကိုကြည့်၊ ဘာဖြစ်နေသလည်း။ လွတ်လပ်ရေးစစ်ပွဲဆင်ရင်း ပြည်သူပြည်သားတွေမလိုလားတဲ့အစိုးရတွေ ပြုတ်ကုန်ပြီ
“ဒါတွေကိုကြည့်ရင် ဒီစစ်ဟာ ပြည်သူ့စစ်၊ လွတ်လပ်ရေးစစ်၊ ပြည်သူတွေနိုင်တယ်။ တိုက်နိုင်သလောက် ပြည်သူတွေတန်ခိုးကြီးမယ်

“အင်္ဂလိပ်ဟာ ဂျာမဏီက အလဲထိုးထားလို့ ကွဲနေပြီ။ အင်္ဂလိပ် ပြန်ထလာနိုင်တာဟာ ပြည်သူပြည်သားတွေက သူတို့မလိုလားတဲ့ ချိန်ဘာလိန်အစိုးရကိုဖြုတ်ချပြီး စစ်ခေါင်းဆောင်အဖြစ် မစ္စတာချာချီကိုတင်၊ ဆိုဗီယက်ရုရှားနဲ့ပေါင်း၊ စစ်အတွက် ပစ္စည်းတွေ သိပ်ထွက်အောင်လုပ်ပြီး ဂျာမန်ကိုတိုက်ကြလို့ နာလန်ပြန်ထူလာတာပဲ
“အင်္ဂလိပ်အရင်းရှင်စနစ်ဟာ နဖူးပြဲဒူးကွဲဖြစ်ရုံမက ဘိုင်ပြတ်နေတဲ့လက်ဝှေ့သမား ဖြစ်နေပြီ။ ဒီတော့ ကျုပ်တို့အထူးစိုးရိမ်စရာမလို။ ကျုပ်တို့ ကသာ ဒီစစ်ဟာ ပြည်သူ့စစ်၊ လွတ်လပ်ရေးစစ်ဆိုပြီး ဖိသာတိုက်၊ တိုက်သလောက် ပြည်သူတွေနိုင်မှာပဲ

“ငြိမ်းချမ်းရေးသာရမယ်ဆိုရင် လွတ်လပ်ရေးကိစ္စဟာလည်း အေးချမ်းသာယာတဲ့နည်းနဲ့ ပြီးစရာလမ်းတွေရှိတယ်

“လက်နက်မပါရင် လွတ်လပ်ရေးရပါ့မလား မေးစရာရှိတယ်။ အခုတိုက်နေတာ လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာပဲ။ လက်နက်နဲ့ ဖက်ဆစ်ကိုတိုက်နိုင်သလောက် ဗမာပြည်လွတ်လပ်ရေးအတွက် အင်္ဂလိပ်နဲ့စကားပြောရာမှာ အေးချမ်းသာယာနိုင်သမျှ သာယာမယ်

“ဒါ့ကြောင့် ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ဗမာပြည်လွတ်လပ်ရေးဟာ ရောနေတယ်။ ခွဲလို့မရဘူး။ ပြည်သူတွေလွတ်လပ်ရေးလိုချင်ရင် ဖက်ဆစ်ကို အစွမ်းကုန်တိုက်ဖို့ပဲ

“ဖက်ဆစ်တိုက်ဖျက်နေတုန်း ကျုပ်တို့မှာ အရေးကြီးတဲ့လုပ်ငန်းရှိတယ်။ တိုင်းပြည် ပြန်လည်ထူထောင်ရေးပဲ။  ကျုပ်တို့တိုင်းပြည်ဟာ ပြာကျနေပြီ။ ဒါကို ဘယ်သူပြန်လည်ထူထောင်မလဲ။ ပြည်သူတွေ ပြန်လည်ထူထောင်ရမယ်။ ဒီတော့ ကျုပ်တို့ဗမာပြည်မှာ ပြန်လည် ထူထောင်ရေးဟာ အဓိကလုပ်ငန်းပဲ

“ဒါကိုလုပ်ဖို့အတွက် ကျုပ်တို့ဟာ  အမျိုးသားအစိုးရလိုတယ်။ အမျိုးသားအစိုးရပေါ်ဖို့ စစ်အုပ်ချုပ်ရေးအမြန်ရပ်စဲဖို့လိုတယ်

“ကျုပ်တို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်ဟာ -
(၁) စစ်အုပ်ချုပ်ရေး အမြန်ရပ်ဆိုင်းဖို့
(၂) ယာယီအမျိုးသားအစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲအမြန်ဆုံးကျင်းပပြီး တိုင်းပြုပြည်ပြုလွှတ်တော်ကြီးခေါ်ဖို့
(၃) တိုင်းပြုပြည်ပြုလွှတ်တော်ကြီးက ဗမာနိုင်ငံအုပ်ချုပ်ရေး ရေးဆွဲဖို့ဖြစ်တယ်

“ကျုပ်တို့လုပ်ငန်းမှာ ဖက်ဆစ်တိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးဟာ အဓိကပဲ။ နောက်တတိယက ယာယီအစိုးရဖွဲ့စည်းရေး ဖြစ်ပါတယ်။ ဒါတွေဆောင်ရွက်ဖို့ ကွန်မြူနစ်ပါတီဟာ တခြားပါတီနဲ့ပူးပေါင်းဖို့အသင့်ပါပဲ”ဟု ပြောကြားခဲ့ပါသည်။

အထက်ပါတို့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယအကြိမ်ကွန်ဂရက်တွင် သခင်သန်းထွန်းပြောကြားခဲ့သောသဘာပတိမိန့်ခွန်းမှ ကောက်နုတ် ချက်မျာ;ဖြစ်ပါသည်။ ထိုအချိန် ပါတီတွင်း၌ လွတ်လပ်ရေးကို ငြိမ်းချမ်းစွာရယူနိုင်သည်ဆိုသော ဘရောက်ဒါဝါဒ စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း တွေ့မြင်နိုင်ပါသည်။

နောက်ကွန်ဂရက်ကို ဆက်လက်ကျင်းပရာတွင် အဆို (၁၃)ချက်ကို တယောက်ပြီးတယောက်တင်သွင်းကြရာ အရေးကြီးသောအဆိုများမှာ -
(၁) နိုင်ငံပြန်လည်ထူထောင်ရေးအဆို။
(၂) နိုင်ငံအုပ်ချုပ်ရေးအဆို (က)စစ်အုပ်ချုပ်ရေး ရပ်ဆိုင်းပြီးနောက်၊ ယာယီအစိုးရအဖွဲ့တွင် တိုင်းပြည်ကိုယ်စားလှယ်များပါဝင်ရေး။
(ခ)ဘုရင်ခံ၏တန်ခိုးအာဏာများသည် ပြည်သူ့ကိုယ်စားလှယ်များလက်ထဲရောက်လာအောင် ကြိုးစားရမည်။ (ဂ)နိုင်ငံအုပ်ချုပ်ရေး ရေးဆွဲရန် လွှတ်တော်ကြီးအတွက် ရွေးကောက်ပွဲကို တနှစ်အတွင်းခေါ်နိုင်ရန် ကြိုးစားရမည်။
(၃) လူမျိုးရေး၊ လူနည်းစုပြဿနာအဆို။ လွတ်လပ်သောဗမာနိုင်ငံသည် ဗမာလူမျိုးတို့၏တိုင်းပြည်မဟုတ်ဘဲ ဗမာ၊ ကရင်၊ ကချင်စသည်တို့ မိမိတို့သဘောအလျောက်ပေါင်းစည်းထားသော အိမ်ထောင်စုနိုင်ငံဖြစ်ရမည်။ ဗဟိုကိုယ်စားလှယ်အဖွဲ့ချုပ်တွင် လွှတ်တော် ၂ ရပ် ရှိရမည်။ လွှတ်တော်တရပ်မှာ လူမျိုးစုလွှတ်တော်ဖြစ်၍ လွှတ်တော်နောက်တရပ်မှာ ပြည်သူ့လွှတ်တော်ဖြစ်သည်။ လူမျိုးစုလွှတ်တော်ကို လူမျိုးချင်း တန်းတူထား၍ တမျိုးလျှင် (၁ဝ)ယောက်ကျ ကိုယ်စားလှယ်ြေrSာက်ရမည်။ ဥပမာ - ဗမာ ၁ဝ ဦး၊ ကရင် ၁ဝ ဦး၊ ရှမ်း ၁ဝ ဦး၊ ရခိုင် ၁ဝ ဦး၊ ချင်း ၁ဝ ဦး၊ ကချင် ၁ဝ ဦးစီ ဖြစ်သည်။ အစိုးရအဖွဲ့တွင် ဌာနဆိုင်ရာဝန်ကြီးများသာမက လူမျိုးစုဆိုင်ရာဝန်ကြီးများပါ ခန့်ထားရမည်။
(၄) ဗမာ့တပ်မတော်အဆို။ အချုပ်အားဖြင့် ဗမာ့တပ်မတော်သည် တိုင်းသူပြည်သားများအား ညှဉ်းဆဲသည့် ဗျူရိုကရေစီစစ်တပ်မဟုတ်ဘဲ၊ တိုင်းသူပြည်သားတို့၏အခွင့်အရေးကို ရှေ့ကနေ၍ အသေခံကာကွယ်ပေးသည့်ဒီမိုကရေစီတပ်၊ ပြည်သူ့တပ်မတော်အဆင့်အတန်းသို့ တက်လှမ်းရပေမည်။
မှတ်ချက်။ ကျနော်သည် အထက်ပါ သဘာပတိမိန့်ခွန်းနှင့်အဆိုများကို ပြည်သူ့ဘက်တော်သားများ၏ သမိုင်းမှန်ကူကွက်(၂)စာအုပ်မှ ထုတ်နုတ်ကိုးကား ဖော်ပြပါသည်။
           
- ပါတီကွန်ဂရက်ပြီးဆုံးခါနီးတွင် ကျနော် မကျန်းမမာဖြစ်လာ၍ သဘာပတိကိုခွင့်တိုင်ပြီး ဆေးရုံသို့ခေတ္တတက်ရပါသည်။
- တရက်နှစ်ရက်ကြာပြီးနောက် ပါတီကွန်ဂရက်မှရဲဘော်အချို့ ကွန်ဂရက်ပြီးဆုံး၍ ဆေးရုံရှိကျနော့်ကို လာရောက်ကြည့်ရှုကြပါသည်။

သူတို့က အားရဝမ်းသာစွာနှင့် ပါတီကွန်ဂရက် နောက်ဆုံးနေ့တွင် ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ရာတွင် ကျနော့်ကိုလည်း ပါတီဗဟိုကော်မတီဝင်လူကြီးတဦးအဖြစ်ရွေးတင်ကြသည်ဟု ပြောပြကြပါသည်။

ကျနော်ကတော့ သူတို့လိုဝမ်းမသာနိုင်ဘဲ တာဝန်ကြီးလေးလာ၍ စိတ်လေးသွားပါသည်။

ကျနော့်အား ၁၉၄၄ ခုနှစ် နှစ်လယ်လောက်က ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်တော်လှန်ရေးကိစ္စဆွေးနွေးညှိနှိုင်းရန် ဖက်ဆစ်တော်လှန်ရေး အတွက် စည်းရုံးလုပ်ကိုင်နေသောကွန်မြူနစ်ပါတီခေါင်းဆောင်သခင်စိုးကို မြစ်ဝကျွန်းပေါ်မြေအောက်မှ ပဲခူးသို့ သွား၍ခေါ်ယူခဲ့ရန် ညွှန်ကြား သဖြင့် ထိုတာဝန်ဆောင်ရွက်ခဲ့ရပါသည်။ သခင်စိုးကိုခေါ်ယူခြင်း၊ ပြန်ပို့ခြင်းတာဝန်များလုပ်နေစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ သဘောတူ ညီချက်ဖြင့် သခင်စိုး၏ကွန်မြူနစ်ဝါဒသင်တန်းနှင့်ဆွေးနွေးပွဲများကို ကျနော်တလမျှတက်ပြီး လေ့လာခဲ့ရပါသည်။

ထိုသင်တန်းနှင့် ဆွေးနွေးပွဲများပြီးသည့်အခါ သခင်စိုးက ကျနော့်ကို ကွန်မြူနစ်ပါတီဝင်အဖြစ်သိမ်းသွင်းခဲ့ပါသည်။ ထိုမှစ၍ ကျနော် ကွန်မြူနစ် ပါတီဝင်တဦးဖြစ်လာပါသည်။

ကျနော် ကွန်မြူနစ်ပါတီဝင်တဦးဖြစ်လာသော်လည်း ကွန်မြူနစ်ပါတီ၏သီးခြားတာဝန်များကို ကျနော်ထမ်းဆောင်ရခြင်းမရှိဘဲ တိုင်းပြည် တာဝန်တွေသာလုပ်ဆောင်ခဲ့ရပါသည်။

သို့သော် ကျနော့်ကို ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်လူကြီးအဖြစ် တင်ကြခြင်းမှာ ကွန်ဂရက်တက်ရောက်ကြသူ ရဲဘော်ရဲဘက်ကြီးများက ကျနော်တိုင်းပြည်အတွက်လုပ်ကိုင်ခဲ့တာတွေ အထူးသဖြင့် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ကျနော်၏ဆောင်ရွက်ချက်တို့ကို သိမြင် ကြိုက်နှစ်သက်ကြ၍ ရွေးတင်ကြသည်ထင်ပါသည်။

ကျနော်မှာ ကွန်မြူနစ်ပါတီတွင် လေးလေးနက်နက်ဖြတ်သန်းမှုမရှိဘဲ ဗဟိုကော်မတီလူကြီးဖြစ်လာရသဖြင့် ရှေ့တွင် မိမိသည် လူကြီးတဦး ဖြစ်လာပြီး တာဝန်တွေ ကျေပြွန်စွာထမ်းဆောင်နိုင်ပါ့မလားဟု စိတ်ပူစိုးရိမ်မိပါသည်။ သို့သော် တတ်နိုင်သမျှကြိုးစားသွားမည်ဟုလည်း စဉ်းစားမိပါသည်။


Friday, March 27, 2015

လှံစွပ်ဖျားကနွေဦး (မျိုးမြင့်ချို)

0 comments
လှံစွပ်ဖျားကနွေဦး (မျိုးမြင့်ချို)
နွေဦးပေါက်တဲ့။ အိမ်တံခါးဖွင့် အပြင်ထွက် မြက်ခင်းပေါ်ကြည့်လိုက်တော့ မြက်တွေမှာ ရေခဲကပ်ပြီး လက်လက်ထ နေတယ်။ တချို့နေရာကြ မှုံဝါးဝါးနဲ့ မြက်လဲတွေမှ မြေပြင်ပေါ်အတုံးအရုံးဝါကျင်ကျင်နဲ့မြင်မကောင်းဘူး။ မြက်တွေ အအေးပိနေတာ။ မြက်တွေ နှင်းလောင်နေတာ။ ညက ကျထားတဲ့နှင်းစက်တွဲလွဲခိုနေတဲ့ မြက်ဖျားတွေမှာ ရေခဲတုံးလေးတွေ လေးလေးလံလံနဲ့ မနိုင်ဝန်ထမ်းထားရသလိုမျိုး ငိုက်လို့ ကိုင်းလို့ ကွေးလို့။ မြက်ဖျားနှင်းတွေခမျာ ခုတော့ ရေခဲသီးလေးတွေဘဝနဲ့ နေအလာမှာ ပျော်မကျ ပြုတ်မကျရအောင် စိုးရိမ်တကြီးနဲ့ မြက်ဖျားတိုင်းကို ကျစ်ကျစ်ပါအောင် တွယ်ကပ်နေကြလေရဲ့။
မြက်တွေပေါ် ခြေအချမှာ ကျိုးကျိုးကျွပ်ကျွပ်အသံလေးတွေ ပြိုင်တူထွက်လာတယ်။ နာလွန်းလို့ အသံပီပီမြည်မြည် မထွက်နိုင်ရှာတော့တဲ့ ငြီးတွားစုပ်သတ်သံတွေများလား။ နောက်တလှမ်း လှမ်းပြီး နောက်တချက်နင်းရမှာတောင် မနင်းရက်စရာ။ ဒါပေမယ့် နင်းရတာပါပဲ။ နင်းလိုက်လိုင်း အပေါ်ယံခဲနေတဲ့မြေသားမာမာဟာ ဂျိုင်းထောက်ဖျားတွေနဲ့ ခြေတဖက်ဖိအားကို အံကြိတ်ပြီးတင်းခံပေမယ့် တချို့နေရာတွေကျ ဂျိုင်းထောက်ကျွံ ခြေကျွံ ကျွံတာပါပဲ။ ဇိကနဲဇိကနဲ ကျွံကျတဲ့အချက်တိုင်း “အင့်”ကနဲ “အင့်”ကနဲ ထွက်လာတဲ့မြေအော်သံဟာ တိုင်မှာကြိုးတုပ်ပြီး ရင်ဝကို ဖက်ဆစ်လှံစွပ်နဲ့ တဇွပ်ဇွပ်အထိုးခံရတဲ့aတ်ာလှန်ရေးသမားရဲ့ နှုတ်ကထွက်လာတဲ့ မချိမဆန့် ကြိတ်မှိတ်ခံနေရတဲ့အသံလို ခြောက်ခြားတုန်လှုပ် သွေးပျက်ချင်စရာကြီး။
ကြက်အိမ်တံစက်မြိတ်ကြည့်လိုက်တော့ Icicle လို့ခေါ်တဲ့ ရေခဲပန်းဆိုင်းတွေ အတိုအရှည်မညီမညာနဲ့ တွဲရရွဲခိုလို့။ လင်းလို့ လက်လို့ ကြည်လို့။ မတော်တဆများ ကိုယ့်ခေါင်းနဲ့ သူတို့အဖျား သွားထိမိခတ်မိလို့ကတော့ သူတို့ပဲကျိုးကြသွားမလား ကိုယ့်ခေါင်းပဲ ပေါက်ပြဲပွန်းခြစ်ကုန်မလားလည်း စိုးရိမ်စရာ။
ကြက်ခြံတံခါးသွားဖွင့်တော့ ခွက်ထဲကရေတွေ ခဲနေပါရောလား။ ခဲတာမှ အပေါ်ယံကြောလေးတင်မဟုတ် အောက်ခြေထိပဲ။ ရေလဲဖို့ ခွက်အဖုံးဖွင့်တော့ ရေခဲနဲ့ကပ်ပြီးဖွင့်မရတာနဲ့ အနားရှိတဲ့ ဝက်အူလှည့်အကြီးကြီးနဲ့ ကလော်ကလပ်ဖွင့်ပြီးမှ အထဲကရေခဲတုန်းကြီးကို ခေါက်ချယူရတယ်။ ရေထည့်မယ်ဆိုပြီး အပြင်ပိုက်ဖွင့်တော့ ပိုက်တလျှောက်လုံး အတွင်းကလက်ကျန်ရေတွေခဲပြီး ရေပိုက်ပျော့က ရေခဲကျစ်အစာသွပ်ဝက်အူချောင်းလို မာတောင့်တောင့် အခွေလိုက်ကြီးခွေနေတယ်။ တကယ်လို့များ အထဲကရေခဲတွေ မကျိုးကြေအောင် ပိုက်သားကို ဖြည်းဖြည်းခြင်းခွဲကြည့်ရင် ရေခဲခွေကြီးတွေ့ရမယ်ထင်တာပဲ။ နည်းနည်း “မ”ရွှေ့ကြည့်တော့ အထဲကရေခဲကျိုးကြေသံ တဂျွပ်ဂျွပ်တွေထွက်လာတယ်။
ဒါနဲ့ အိမ်ထဲပြန်ဝင် လက်ဆေးကန်ကရေပူတွေယူပြီး ရေခွက်ထဲထည့်ပေးရတယ်။ တညလုံး ရေငတ်ထားတဲ့ကြက်မကြီးတွေ အငမ်းမရ ရေ ပြေးသောက်တော့ မစူးမစမ်းနဲ့ မှန်ရောင်ဟင်းချို ယောက်ချိုနဲ့ခပ်သောက်မိတဲ့လူလို ဝှူးကနဲ ရေပူတွေမှုတ်ထုတ်တာတွေ့တော့ အာခေါင်လေးတွေများ ရေနွေးပူလောင်ကုန်ပလားလို့ ရင်ထဲမကောင်းဖြစ်ရတယ်။ ဒါနဲ့ ခုန ကလော်ကလပ်ထုတ်ထားတဲ့ ရေခဲတုံးတွေ နည်းနည်းပြန်ကောက် ခွဲခက်ထည့်ပေးပြီး ရေ ခတ်နွေးနွေးလေးဖြစ်အောင် ပြန်စပ်ပေးရတယ်။ ဒီတော့မှ အဆင်ပြေသွားတယ်ထင်ရဲ့ သောက်လိုက်ကြတာမှ အလုအယက် သူ့ထက်ငါ အတိုးအဝှေ့။ ခုနက လောကြီးပြီးသောက်မိလို့ အပူလောင်ပုံရတဲ့ အမလေး ၂ ကောင်လည်း ပြန်လာသောက်တာ တွေ့တယ်။ စိတ်ထဲ နည်းနည်းတော့အေးသွားတယ် သူတို့ဘာမှမဖြစ်တန်ကောင်းပါဘူးဆိုပြီး။
၎ ပတ်သား မြီးကောင်ပေါက်တွေအိမ်ဘက် လှည့်ကြည့်တော့ အေးဆေးပဲ။ သူတို့ရေခွက်က အထဲထားတဲ့အပြင် အပူပေးမီးလေးနဲ့လည်း ခတ်နီးနီးထားတာဆိုတော့ လက်ကျန်ရေက မခဲသွားဘူး။ ဒါနဲ့ အစာသစ်လေးထည့်ပေးပြီး လေဝင်လေထွက်တံခါးလေး မ ပေးခဲ့တယ်။ ဒီမနက်ကစပြီး သူတို့စားနေကြ ကြက်ကလေးစာထဲမယ် ပြောင်းဆန် ရှစ်စိတ်ကွဲ ၄ ချိုး တချိုးရောပြီး စ စမ်းကျွေးကြည့်တာ။ ပြောင်းဆန်ကို စားလိုက်ကြတာမှ ကြိုက်လိုက်ကြတာမှ။ အကောင်နည်းနည်းကြီးတာတွေက စားနေကြအစာထက် ပြောင်းဆန်တွေချည်းရွေးကြိတ်တော့ အငယ်တွေခမျာ အကြီးတွေလုရင်းယက်ရင်း အောက်ကျလာတဲ့ပြောင်းဆန်လေးတွေပဲ စားရတယ်။ ပထမတော့ အကောင်ငယ်လေးတွေ စားရပါစေဆိုပြီး အကောင်ကြီးလေးတွေကိုဟန့်ဦးမလို့ပဲ။ နောက်တော့ “အင်း ဘယ်လောကဖြစ်ဖြစ် အားကြီးသူဟာ ဗိုလ်ကျတတ်စမြဲပဲမဟုတ်လား။ ဒါကို တိရိစ္ဆာန်စိတ်လို့ဆိုကြပေမယ့် လက်တွေ့လူ့ဘဝမှာ အဟိတ်တိရိစ္ဆာန်ထက်တောင် ပိုမိုက် ဗိုလ်ရက်စက်ကြမ်းကြုတ်ပြီး အာဏာနဲ့အစိုးတရလုပ်နေကြတာပဲမဟုတ်လား။ အဟိတ်တိရိစ္ဆာန်ကမှ တခါစာ အစာဝရင် ကြေနပ်ရောင့်ရဲနိုင်ပေမယ့် လူကြတော့ ဆွေးစဉ်မျိုးဆက် သားစဉ်မြေးဆက်အထိစံစားရအောင် အတ္တနဲ့လောဘဇောအတောမသတ် တိုက်ကြတာပဲလေဆိုပြီး” ဒီအတိုင်း ထားခဲ့တယ်။ ဒါပေမယ့် အစာခွက် နောက်တခွက်တော့ ထပ်တိုးပေးမှဖြစ်မယ်လို့ စိတ်ကူးလိုက်တယ်။
ကြက်ဆင်မောင်နှံကတော့ စောစောစီးစီး ချစ်တင်းနှောရင်း တကောင့်တကောင် ကလူကျီစယ်နေကြလေရဲ့။ အသံလေးတွေပြောင်းသွားပြီ။ နားထဲကြားရတာ တမျိုးပဲ။ သူတို့စကား နားမလည်ပေမယ့် အမူအယာနဲ့အသံလေးတွေမှာ ကြည်နူးချမ်းမြေ့စရာတွေစွက်နေမှန်းတော့ သိသာတယ်။ ၂ ကောင်လုံးလည်း ဖျတ်လို့လတ်လို့ တက်ကြွလို့ ဒီလောက် နွေဦးအေးကြီးထဲမှာ။
အီးပါသေးပေါက်ထုတ်ထားတဲ့ ခွေးလေး ၂ ကောင်ကြည့်တော့ မြက်မာမာမြေမာမာပေါ် ခုန်ပေါက်ပြေးလွှားရင်း အတော်အူမြူးနေပုံပဲ။ ခြံစည်းရိုးကျော်ထွက်လာတဲ့ကြက်ဖြူမလေးကို ပြန်မောင်းသွင်းပေးဖို့လုပ်နေတာတွေ့ရတယ်။ အထဲဝင်ရအောင်ခေါ်တော့ ပေကပ်ကပ်လုပ်နေကြတယ် ဝင်ချင်ပုံမပေါ်ဘူး။ ဒါနဲ့ ထားခဲ့တယ်။ သူတို့လည်း ဆောင်းရာသီမှာ အောက်ကနေတထပ်ပေါက်တဲ့ အမွှေးနုထူထဲထဲတွေကို စချွတ်နေကြပြီ မဟုတ်လား။ အိမ်ထဲမလည်း Winter coats လို့ခေါ်တဲ့ အဲ့ဒီအမွှေးနုဖတ်ဖတ်လေးတွေ ပွစာကြဲနေတော့တာပဲ။ တနေ့တနေ့ ဖုန်စုပ်စက်နဲ့ အမွှေးစုပ်ရတာလည်း အလုပ်တခု။ ဆောင်းမှာ ဒီအောက်ခံအမွှေးတထပ်က သူတို့အတွက် မဖြစ်မနေပေါက်ပေးရတာ မဟုတ်လား။ ဒါမှ အနွေးဒဏ်ခံနိုင်မှာမယ်လေ။ နွေကြ အဲ့ဒီအမွှေးရှိရင် ပူတာကိုး။ အညာ နွေလည်ကောင်မှာ အင်္ကျီ ၂ ထပ်ဝတ်ပြီး လမ်းထွက်လာသူလိုနေတော့မပေါ့။ သဘာဝတရားက သူတို့ကို အေးချိန်ကြနွေးအောင်၊ ပူချိန်ကြ အေးအောင် ဖန်တီးပေးထားသကိုး။ ခုလည်း မြက်တောထဲ လူးရင်းလှိမ့်ရင်း အမွှေးနုဖတ်ဖတ်တွေ ချွတ်ချနေကြတာပဲ ဖြစ်မယ်ထင်ပါရဲ့။
အိမ်ထဲပြန်ရောက်တော့မှ လူက နားရွက်ဖျားလက်ဖျားတွေ နှာခေါင်းဖျားတွေ အေးစက်ထုံကျင်နေမှန်း သိတော့တာ။ မီးဖိုဖွင့် မရှိမဲ့ရှိမဲ့လက်ဖျားလေးတွေ မီးလှုံပေးရင် အတွေးက မနှစ်က Fall မှာ မြေချထားပြီးသား ကြက်သွန်ဖြူခင်းဘက် ရောက်နေတယ်။ ခနနေသွားကြည့်ဦးမှ။ ကြက်သွန်ဖြူ မျိုးကောင်းကောင်းတွေ့တာနဲ့ ဝယ်ပြီး မနှစ် ရွက်ကြွေရာသီကတည်းက မြေချထားခဲ့တာပဲ။ တဆောင်းလုံး မြေခဲ ရေခဲ နှင်းခဲ နှင်းဖတ်တွေအောက်မှာ သူတို့ ဥတက်ဥမွှာတွေ ပွားနေကြရော့မယ်။ နေကလေးနည်းနည်းပွင့် ရာသီကလေးနည်းနည်းနွေးတာနဲ့ မြေအပြင်ပေါ် နေရောင်နဲ့အစာချက်ဖို့ နေလှုံဖို့ အမြိတ်ဖါးဖါးတွေ အားကောင်းမောင်းသန် တိုးထွက်လာကြတော့မယ်။
အင်း ဧပြီ ဒုတိယပတ်လောက်ဆို နွေးတန်ကောင်းရဲ့။ မြေအော်သံနဲ့ မြက်ငိုသံတွေ တိတ်တန်ကောင်းပါရဲ့။

Thursday, March 26, 2015

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၄)

0 comments
ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ဒုတိယပိုင်း၊ အခန်း(၁၄)
ဒုတိယပိုင်း
( ၂၆ )
ဖက်ဆစ်ဂျပန် ဆန့်ကျင်တော်လှန်သောကာလများအတွင်းက ဖြစ်ပျက်ခဲ့တဲ့ မှတ်သားဖွယ်ရာအကြောင်းအချက် (၄)ခုကို ကျနော်မှတ်မိနေ ပါသည်၊ ၎င်းတို့မှာ မှတ်သားဖွယ်ရာ၊ သိရှိဖွယ်ရာများဖြစ်၍ ကျနော်အကျဉ်းချုပ်၍ ပြန်လည်ရေးသားဖော်ပြပါဦးမည်၊

ပထမအကြောင်းကိစ္စ
၁၉၄၅ခု၊ မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးစခါနီး မတ်လ (၂၅)ရက်နေ့လောက်တွင် ကျနော်တို့တော်လှန်ရေးအတွက် အလုပ်အလွန်များနေစဉ် ဂျပန်တွေက ကျနော့်ကို ထိုည (၈)နာရီလောက်မှာ သူတို့ထံ လာရောက်တွေ့ဆုံဖို့ခေါ်ပါသည်၊ ထိုကိစ္စမှာ အလွန်အရေးကြီးသဖြင့် တိုင်း(၄)စစ်ကော်မတီဝင်များ အစည်းအဝေးထိုင်ပါသည်၊ စစ်ကော်မတီဝင်များမှာ ကျနော်၊ သခင်ချစ်၊ ဗိုလ်သိန်းတန်၊ ဗိုလ်ဗတင်၊ ဗိုလ်အောင်ရွှေတို့ငါးဦး ဖြစ်ပါသည်၊ ကျနော်မှလွဲ၍ ကျန် (၄)ဦးက ကျနော် ဂျပန်တွေထံမသွားရန် အတင်းပြောပါတော့သည်၊ ဒါဟာ ဖမ်းဆီးလုပ်ကြံသတ်ဖြတ်နိုင်တဲ့ကိစ္စဖြစ်တယ်၊ သူတို့က လာပြီးဖမ်းရင် ရုတ်ရုတ်ရက်ရက်တွေဖြစ်နိုင်လို့ခေါ်တာပဲဟု ဝိုင်းပြောကြသည်၊ အထူးသဖြင့် သခင်ချစ်နှင့်ဗိုလ်ဗတင်က မသွားရန်အတင်းပြောကြသည်၊

ကျနော်က ဒီလိုခေါ်တာဟာ ကျနော်တို့တော်လှန်ရေးကိစ္စတစွန်းတစသိလို့ တော်လှန်ရေးပျက်အောင် ကျနော့်ကိုလုပ်ကြံသတ်ဖြတ်ဖို့ ခေါ်တယ်လို့ ကျနော်မထင်ကြောင်း၊ ဘယ်ကမှ သတင်းအစအနထွက်တာမရှိကြောင်း၊ ဖြစ်နိုင်တာက ကျနော်ဟာ ဂျပန်တွေနဲ့ဆက်ဆံရေးမှာ လေးလေးစားစား အရိုအသေပေးသင့်သလောက်မပေး၊ ခပ်တည်တည်ဆက်ဆံတတ်မှုကြောင့် ဒီစိတ်ဓာတ်ကိုချိုးနှိမ်ချင်လို့ ဖြစ်ဟန်ရှိကြောင်း၊ ဒါကြောင့် ကျနော်သွားပြီး သူတို့ကိုလေးစားကြောင်း ပြသမယ်၊ ကျနော်မသွားရင်တော့ နက်ဖန် ကျနော့်ကို အတိအလင်းလာဖမ်းနိုင်ပြီး ကျနော်သာမက တခြားတပ်မှူးအချို့ပါ အဖမ်းခံရနိုင်ကြောင်း၊ ဒါကြောင့် တော်လှန်ရေးကြီးမထိခိုက်အောင် ကျနော်သွားမယ်ဟု ပြောပါသည်၊
ကျနော်တို့ အတန်ကြာငြင်းခုန်ကြပါသည်၊ သို့သော် ကျနော်မှာ တိုင်း(၄)စစ်ကော်မတီဥက္ကဌလည်းဖြစ်၊ ကာယကံရှင်လည်းဖြစ်သဖြင့် နောက်ဆုံး ကျနော်၏စကားအတည်ဖြစ်သွားပြီး ကျနော်သွားဖို့ အားလုံးသဘောတူညီ ကြရပါတော့သည်၊

နောက်ဆုံး ကျနော်ပြောခဲ့တာက ကျနော်တော်လှန်ရေးကြီး မထိခိုက်အောင်သွားမယ်၊ အကယှု၍များ ခင်ဗျားတို့ထင်သလို ကျနော့်ကိုလုပ်ကြံ သတ်ဖြတ်ဖမ်းဆီးတဲ့ကိစ္စပေါ်လာရင် ချက်ချင်းဘာမှ ဆူဆူပူပူမလုပ်ကြဘဲ ရက်နည်းနည်းသည်းခံပါ၊ တပြည်လုံးတော်လှန်ရေးရက် အချိန် ရောက်သည်အထိ သည်းခံစောင့်ဆိုင်းပြီး တော်လှန်ရေးကြီးကို ထိထိရောက်ရောက်ဆောင်ရွက်ကြပါ၊ ကျနော့်အစား စစ်တိုင်းမှူးအသစ် ရွေးချယ်ပြီး တော်လှန်ရေးနေ့မှာတော်လှန်ကြပါဟု မှာကြားခဲ့ပါသည်၊

အားလုံး စိတ်မကောင်းစွာနဲ့ ဘာမှပြန်မပြောနိုင်ကြတော့ပါ၊ ကျနော် ထိုည (၈)နာရီ မြင်းစီးပြီး ဂျပန်များထံသွားပါသည်၊ ကျနော်မြင်းပေါ်တွင် ထိုင်လိုက်ပါလာရင်း ဂျပန်များ ငါ့ကိုလုပ်ကြံသတ်ဖြတ်မှာလားဟု စိတ်ပူပန်ကြောက်လန့်မိသည်၊ သို့သော် ထိုစဉ်က ဤကဲ့သို့ဆုံးဖြတ်တာဟာ အမှန်ဆုံးဟုတွေးမိပြီး စိတ်သက်သာရာ ရမိသည်၊

သို့ဖြင့် ကျနော်မှာ ဂျပန်များနေသည့်အိမ်သို့ ရောက်သွားပါသည်၊ ကျနော်တို့အကြံပေးဂျပန်များမှာ ဂျပန်စစ်တပ်က ဂျပန်များနှင့်အတူမနေ သီးသန့်အိမ်တွင် နေကြပါသည်၊ ၎င်းတို့မှာ ကျနော်မှတ်မိသလောက် ကပ္ပတိန်ဗိုလ်ကြီးတယောက်၊ လက်ဖတင်နင်ဗိုလ်တယောက်နှင့် တပ်ကြပ်သုံးယောက်ခန့်ဟု ထင်ပါသည်၊

ကျနော်ရောက်လျှင် သူတို့က ကောင်းစွာဧည့်ခံ ကြိုဆိုကြပါသည်၊ နောက်စားစရာများချပေးကာ ဧည့်ခံပြီးနောက် သူတို့ခေါ်ရသော အကြောင်းကို ပြောပြပါသည်၊ ကျနော်တို့တပ်တွင်း ဖြစ်နေသောအကြောင်းကိစ္စတခုဖြစ်ပါသည်၊ ထိုအကြောင်းအရာကိုတော့ ယခု ကျနော် မေ့နေပါသည်၊

ကျနော်က သူတို့ပြောပြသောအကြောင်းအရာအပေါ် ကျနော်၏ထင်မြင်ချက်ကို တင်ပြလိုက်ပါသည်၊ နောက် အပြန်အလှန် ထိုကိစ္စကို ဆွေးနွေးကြပြီး အတော်ကြာတော့ ကျနော်တို့သဘောတူညီမှု ရပါသည်၊ ကျနော်တို့ စကားပြောဆိုရာတွင် တဦးနှင့်တဦး ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင်ပင်ပြောဆိုခဲ့ကြပါသည်၊

ကျနော် စိတ်လက်ပေါ့ပါးစွာနဲ့ စခန်းသို့ပြန်လာပါသည်၊ စခန်းရောက်တော့ တိုင်း(၄)စစ်ကော်မတီဝင်လူကြီးများအားလုံး ကျနော့်ကို စောင့်နေကြရာ အားလုံးဝမ်းသာအားရ ဖြစ်ရပါသည်၊

နောက် ကျနော်က ဂျပန်တို့နှင့် ဆွေးနွေးခဲ့ရသောကိစ္စများကို ပြန်ပြောပြပါသည်၊ ကျနော် ထပ်ပြောပြတာက သူတို့ကျနော်ထင်တဲ့အတိုင်း ကျနော်က မလေးစားဘူးထင်ပြီး ကျနော့်စိတ်ဓာတ်ကိုဦးချိုးတာဖြစ်နိုင်ကြောင်း ပြောပြပါသည်၊ သို့သော် ကျနော်တို့ ဘာမျှဘေးအန္တရာယ် မဖြစ်သဖြင့် အားလုံးစိတ်ချမ်းသာကြရပါသည်၊ ထို့အပြင် ဂျပန်များ ကျနော်တို့တော်လှန်တော့မည်ဆိုသည်ကိုလည်း လုံးဝမသိဟု ယူဆရှု ကျနော်တို့ ပိုဝမ်းသာကြရပါသည်၊



ဒုတိယအကြောင်းကိစ္စ၊
ဒုတိယအကြောင်းကတော့ ၁၉၄၅ ခုနှစ် ကျနော်တို့ ဖက်ဆစ်တော်လှန်ရေးစခါစက ဖြစ်ပါသည်၊ ကျနော်တို့ ဗမာ့တပ်မတော်မှ တပ်စုတစု စစ်တိုင်း(၄)အတွင်းက ရွာတရွာတွင် ဆိုက်ရောက်စခန်းချစဉ်ဖြစ်ခဲ့ပါသည်၊ အနားရွာတရွာမှ ရွာသားတဦးက စခန်းချထားသော တပ်မတော် သားများအား လာရောက်ပြောကြားသည်မှာ သူ့အိမ်မှာ ဂျပန်နှစ်ယောက်တည်းခိုနေကြောင်း၊ နက်ဖန်တွင် ထိုဂျပန်တွေကို လှည်းနဲ့တနေရာ လိုက်ပို့ရမှာဖြစ်ကြောင်း၊ လမ်းခရီးမှာ တောစပ်ကလေးတခုရှိကြောင်း၊ အဲဒီတောစပ်အတွင်းမှ တပ်မတော်သားများက ချောင်းမြောင်းပြီး ပစ်ခတ်သတ်ဖြတ်ရင်ဖြစ်နိုင်ကြောင်း ပြောပြပါသည်၊

တပ်မတော်သားများလည်း ဝမ်းသာတက်ကြွစွာဖြင့် ထိုကိစ္စကိုအသေးစိတ်အစီအစဉ်ကို ထိုရွာသားနှင့် တိုင်ပင်ညှိနှိုင်းပြီး ထိုရွာသားကို ပြန်လွှတ်လိုက်ပါသည်၊

နောက်နေ့ ထိုရွာသားက ဂျပန်နှစ်ယောက်ကိုလှည်းပေါ်တင်ပြီး မောင်းလာပါသည်၊ သူတို့ချိန်းဆိုထားသည့် တောစပ်ကလေးအတွင်း လှည်းဝင်လာပြီး ပစ်ခတ်ရမည့်နေရာသို့ရောက်လာပါသည်၊ ထိုအချိန်တွင် ချိန်းဆိုထားသည့်အတိုင်း တပ်မတော်ဘက်မှ ဂျပန်ကိုပစ်ခတ်မှု မလုပ်သေးပါ၊ ထို့ကြောင့် ထိုရွာသားစိတ်ဆိုးပြီး လှည်းပေါ်ကခုန်ချကာ တောစပ်ဘက်လှည့်ပြီး “ဘာလို့ ဂျပန်တွေကို မပစ်သေးတာလည်း၊ မင်းတို့အဖေတွေမှတ်လို့လား၊ ပစ်ပါတော့လား” ဟု အော်ဟစ်ပြောဆိုပါသည်၊

ခြုံခိုပုန်းအောင်းနေသောတပ်မတော်သားများမှာ ဖက်ဆစ်ဂျပန်တော်လှန်ကာစတွင် ကောင်းစွာမပစ်ရဲ၊ မခတ်ရဲ၊ လက်ရွံ့တွန့်ဆုတ် ဖြစ်နေ ကြရာ ထိုရွာသား ဆူပူကြိမ်းမောင်းတော့မှသတိဝင်လာကြပြီး ထိုဂျပန်နှစ်ယောက်ကို ပစ်သတ်ကြပါတော့သည်၊
ထိုအဖြစ်မှာ ထိုကာလက လူတွေက ဗမာ့တပ်မတော်အပေါ် ရယ်စရာလှောင်ပြောင်စရာ ဖြစ်ခဲ့ပါသည်၊

တတိယအကြောင်းကိစ္စ၊
ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးပြီးကာစ ၁၉၄၅ ခုနှစ် နှောင်းပိုင်းတွင် ထင်ပါသည်၊ ကျနော်တည အိပ်ပျော်နေစဉ် လူတယောက်က ကျနော့်ခြေမကိုကိုင်လှုပ်သဖြင့် လန့်နိုးပြီး လက်တဖက်က ကာဘိုင်သေနတ်ကိုချက်ချင်းကိုင်ကာ လက်တဖက်က လက်နှိပ်ဓာတ်မီးဖြင့် ခြေရင်းတွင်ရပ်နေသော လူတယောက်မျက်နှာကို ထိုးကြည့်လိုက်ပါသည်၊ ထိုသူမှာ ရဲဘော်တယောက်ဖြစ်နေပြီး သူ့လက်တဖက်ကို ဆန့်ထုတ်ကာ လက်ဖဝါးပေါ်တွင် “စိန်တုံး” တွေဖြစ်ဟန်ရှိသော လက်လက်အလုံး သုံးလုံးလောက်ကိုထိုးပေးလိုက်ပြီး သူက - ကျနော် ဂျပန်တယောက်သတ်ပြီး ဒီစိန်တုံးတွေရလာတယ်၊ ကျနော် နက်ဖန် တပ်ကထွက်ပြီးပြန်တော့မယ်၊ ဗိုလ်မှူးဟာသိပ်အလုပ်များပြီး၊ သိပ်လည်း ဆင်းရဲတယ်၊ တော်လှန်ရေးပြီးနောက် ဗိုလ်မှူးအပြင်ရောက်ရင် ဆင်းဆင်းရဲရဲမနေရအောင် ကျနော်ရတဲ့စိန်တုံးတွေထဲက တချို့ခွဲပေးခဲ့ တာပါလို့ပြောပြီး လက်သန်းထိပ်၊ လက်ညှိုးထိပ်လောက်ရှိတဲ့ “စိန်တုံး” ၃ တုံး ကျနော့်လက်ထဲထည့်ပေးခဲ့ပြီး လှည့်ထွက်သွားပါတော့သည်၊

ကျနော်မှာ ဘာမှမပြောနိုင်တော့ဘဲကျန်ရစ်ပြီး စိန်တုံးတွေကို ကျနော့်ခေါင်းအုံးအောက်ထားကာ ဆက်အိပ်လိုက်ပါသည်၊

နောက်နေ့ မိုးလင်းသောအခါ ကျနော်သည် တိုင်း(၄)စစ်ကော်မတီလူကြီးများအားခေါ်ပြီး ညကရရှိထားသောစိန်တုံးများကိုပြပြီး လွန်ခဲ့သော ညက စိန်တုံးများပေးခဲ့သောရဲဘော်၏ပြောပြချက်များကို ပြောပြကာ ကျနော်စဉ်းစားထားသောအကြံတခုကိုလည်း တဆက်တည်း ပြောပြ ပါသည်၊

ထိုအကြံမှာ စိန်တုံးတွေကို ကျနော်တို့ရဲဘော်တွေ အစားအသောက်ဆင်းရဲလှသဖြင့် ကျနော့်အတွင်းရေးမှူး ဗိုလ်ထွန်းစိန်ကိုပေးပြီး ရန်ကုန်ဆင်း ထုခွဲရောင်းချစေရန်နှင့် ဗိုလ်ထွန်းစိန်က ရောင်းချရသောငွေအချို့နှင့် ရဲဘော်တွေစားဖို့ ငပိ၊ ကုလားပဲများ ဝယ်ပြန်လာရန်နှင့် ကျန်ငွေများကို စစ်တိုင်း(၄)ထောက်ပံ့ရေးဌာနသို့ ပေးအပ်ရန်ပင် ဖြစ်ပါသည်၊

ထိုအကြံကို စစ်တိုင်း(၄)ကော်မတီလူကြီးများအားလုံး အားရဝမ်းသာစွာသဘောတူကြပြီး ဗိုလ်ထွန်းစိန်ကို ရန်ကုန်မြို့သို့ စိန်များထုခွဲရန် စေလွှတ်လိုက်ပါသည်၊

ဗိုလ်ထွန်းစိန်မှာ ၄ - ၅ ရက်နဲ့ ပြန်မရောက်လာဘဲ တပတ်ကျော်ကြာမှ ခေါင်းစုတ်ဖွားနဲ့ပြန်ရောက်လာပါသည်၊ တိုင်းကော်မတီလူကြီးများ အားလုံး ဗိုလ်ထွန်းစိန်ကိုဝိုင်းပြီး အကျိုးအကြောင်းမေးကြပါသည်၊ ဗိုလ်ထွန်းစိန်ပြောပြသည်မှာ ကျနော်တို့ရဲ့စိန်တွေကို စိန်ဆိုင်ကြီးတဆိုင်က ကုလားကြီးတဦးကိုသွားရောင်းတယ်၊ ကုလားကြီးက စိန်တွေကိုသေသေချာချာကိုင်ကြည့် နောက်မှန်ဘီလူးနဲ့ကြည့်ပြီးမှ ရယ်မောပြီး ဒါတွေ စိန်မဟုတ်ဘူး၊ ဘာတန်ဖိုးမှမရှိတဲ့သလင်းတုံးတွေလို့ပြောပြီး ပြန်ပေးတယ်၊ နောက်တဆိုင်သွားပြလည်း ဒီလိုပဲပြောတယ်၊ ဒါကြောင့် ကျနော် စိတ်ပျက်ပြီးပြန်လာပါတယ်ဟု ပြောပြပါသည်၊

တိုင်းကော်မတီလူကြီးအားလုံး စိတ်ပျက်ဝမ်းနည်းသွားကြရပါတော့သည်၊
နောင် နှစ်အတော်ကြာပြီးနောက် ကျနော် ဗမာပြည်တောင်ပိုင်းစစ်ဌာနချုပ်မှူးဖြစ်လာပြီး ကျနော့်တွင် အဆုတ်တီဘီရောဂါ စဖြစ်လာသောအခါ တပ်မတော်ဆေးမှူးချုပ် ဗိုလ်မှူးကြီးမောင်မောင်ကြီးက မိတ္ထီလာသို့ ဆေးခွင့်နှင့်သွားနားရန် စေလွှတ်ခဲ့ပါသည်၊ ထိုစဉ် မိတ္ထီလာမှာ ထိုဂျပန်တော်လှန်ရေးကာလက စိန်များပေးသွားခဲ့ဖူးသည့်ရဲဘော်မှာ သင်္ကန်းဝတ်နဲ့ရောက်လာပြီး ကျနော်နဲ့တွေ့ဆုံပါသည်၊ သူမြင်းခြံမှာ ရဟန်းဘဝနဲ့နေကြောင်း ပြောသွားပါသည်၊ သူ့ကြည့်ရသည်မှာ ခပ်ကြောင်ကြောင်ရူးတူးတူးဖြစ်နေပုံရသည်၊ ကျနော်လည်း သူ့ဘဝကို များစွာ ကြင်နာသနားမိသည်၊

စတုတ္ထအကြောင်းအရာ
ဖက်ဆစ်တော်လှန်ရေးအပြီးတွင် ထင်ပါသည်၊ ကျနော်ရန်ကုန်မြို့ကို ပြန်ရောက်လာပါသည်၊ ထိုစဉ် ရုံးတရုံးရှေ့လမ်းမပေါ်တွင် ဗိုလ်မှူးချုပ် စောကြာဒိုးကို လှမ်းမြင်လိုက်မိပါသည်၊ ဗိုလ်ကြာဒိုးကလည်း ကျနော် လမ်းပေရပ်နေတာလှမ်းမြင်လိုက်ပြီး ကျနော့်ထံ ကပျာကယာ လျှောက်လာပါသည်၊ တွေ့တာနဲ့ ကျနေည့်လက်ကိုဆွဲနှုတ်ဆက်ပြီး ခင်ဗျားဗိုလ်ကျော်ဇောနော် - မသေသေးဘူးနော်ဟု ပြောပါသည်၊ ကျနော်က ဟုတ်ကြောင်းပြောတော့ သူကျနော့်ကို ဖက်လှဲတကင်းလုပ်ပြီး၊ ဝမ်းသာလိုက်တာဗျာဟု အားရပါးရပြောပါသည်၊ သူ၏ပြုမူပုံတို့မှာ နည်းနည်းထူးဆန်းနေ၍ ကျနော်အံ့အားသင့်နေပါသည်၊

ဒီတော့မှ ဗိုလ်မှူးချုပ်ကြာဒိုးက ဒီလိုဗျဟု အဖြစ်အပျက်ကို ပြောပြပါသည်၊ တော်လှန်ရေးကာလအစောပိုင်းက ဂျပန်စစ်ဗိုလ်တယောက် မြန်မာအလံတခုကိုင်ပြီး သူ့အခန်းထဲဝင်လာကာ - ဒါဘယ်သူ့အလံလည်းဟု အလံကိုပြပြီးမေးပါသည်၊ ဗိုလ်ကြာဒိုးမပြောတတ်ဖြစ်နေစဉ် ဟိုဂျပန်ကပင် “ဒီအလံဟာ ဗိုလ်ကျော်ဇောအလံပေါ့၊ ကျနော်တို့ရခဲ့တာ”ဟုပြောပြီး ဆက်ပြောတာကတော့ “ဒါပေမယ့် ဗိုလ်ကျော်ဇော ကတော့ သတ္တိပြောင်ပါပေတယ်၊” ဟုပြောပြီး ထိုဂျပန်ထွက်သွားပါသည်၊ (မှတ်ချက်၊ ဂျပန်စစ်တပ်၏ထုံးစံမှာ မိမိ၏အလံကို မိမိကျဆုံးမှသာ ရန်သူ့လက်ထဲအရောက်ခံရသည်၊)

ထို့ကြောင့် ဗိုလ်ကြာဒိုး၏စိတ်တွင် ဗိုလ်ကျော်ဇောကို သူတို့သတ်ပစ်လိုက်ကြပြီဟုယူဆနေမိခဲ့သဖြင့် ယခုလို အသက်ရှင်လျှက် ပြန်တွေ့ ရသော အခါ ဝမ်းသာအားရဖြစ်မိခြင်းဖြစ်ပါသည်၊

ပဉ္စမအကြောင်းအရာ
ကျနော်အထက်ပါ အဖြစ်အပျက်များကိုရေးရင်း နောက်အကြောင်းအရာတခုကိုထပ်ပြီး မှတ်မိသတိရလာ၍ ထပ်ပြီးရေးလိုက်ရပါသည်၊

ထိုအကြောင်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးပြီးကာစ ၁၉၄၅ ခုနှစ်ကုန်ခါနီးကာလဟု ထင်ပါသည်၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်းက သခင်သန်းထွန်းတို့၏ဖက်ဆစ်ဂျပန်တော်လှန်ရေး ဌာနချုပ်လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် အကူအညီတောင်းသဖြင့် ကျနော့်တပ်မှ တပ်စုငယ်တစုကို ပေးပို့ထားပါသည်၊

ထိုတပ်စုမှူးမှာ ဗိုလ်တိုးလွင်ဆိုသူ ဒုတိယဗိုလ်ကလေးဖြစ်ပါသည်၊ နောင်ဗမာ့တပ်မတော်တွင် ဗိုလ်မှူးကြီးအထိဖြစ်လာသည် ထင်ပါသည်၊ ၎င်းသည် အလွန်ဖျတ်လတ်သွက်လက်ပြီး အမြဲတက်တက်ကြွကြွရှိနေတတ်သူ ထားဝယ်သားမျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်ပါသည်၊

၎င်းဗိုလ်တိုးလွင်သည် ၁၉၄၅ ခုနှစ်ကုန်ခါနီးတနေ့ ကျနော့်ထံရောက်လာပြီး မျက်ရည်များဝဲကာ ပြောပြလာတာကတော့- သူ့တပ်စု သခင်သန်းထွန်းတို့ဌာနချုပ်က ပြန်လာချင်ပါပြီဟူ၍ပင် ဖြစ်သည်၊ ကျနော်က အကျိုးအကြောင်းမေးကြည့်တော့ သူပြောပြတာက- သခင်သန်းထွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မကောင်းတာတွေ၊ ဆိုးဝါးတာတွေကို၊ ဗိုလ်ချုပ်အတင်းတွေကို တခြားလူနှစ်ယောက်ကို ပြောပြနေတာ သူတဖက်ခန်းကအကုန်ကြားရသည်၊ ဒီလူကြီးအပေါ် ကျနော်စိတ်ပျက်နေပြီ၊ ထို့ကြောင့် ကျနော်ပြန်လာပါရစေဟု ဆိုလာ ပါသည်၊ ကျနော်လည်း ထိုအကြောင်းကြားလိုက်ရသဖြင့် သခင်သန်းထွန်းအပေါ် စိတ်ပျက်သွားမိသည်၊

သို့သော် ကျနော်တို့ဘက်မှရုပ်မပျက်ရန် ဗိုလ်တိုးလွင်ကိုနားချဖို့လိုမည်ဟု ကျနော်ချက်ချင်းယူဆမိပြီး ဗိုလ်တိုးလွင်ကို ကျနော်နားချပါသည်၊
သခင်သန်းထွန်းတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဗမာပြည်တော်လှန်ရေးကို ဟိုရှေးတုန်းကတည်းက အတူဆောင်ရွက်လာကြတဲ့ လူဟောင်း ခေါင်းဆောင်ကြီးများဖြစ်ကြောင်း၊ လူဆိုတာ ကိုယ်နဲ့မသင့်မြတ်ရင် တယောက်အကြောင်းတယောက် မကောင်းဘူးထင်တာတွေကို မိမိတို့ အချင်းချင်းအတွင်း ပြောတတ်ကြကြောင်း၊ ကောင်းတော့မကောင်းပေမယ့် သိပ်လည်းအရေးမကြီးလှကြောင်း -သူတို့အစကတည်းက ဒီလိုပဲ တွဲလုပ်လာခဲ့တာဖြစ်ကြောင်း ပြောပြနားချပါသည်၊

ကျနော်ကဆက်ပြီး ပြောသည်မှာ- ဒီလူကြီးတွေ ဗမာ့တော်လှန်ရေးတာဝန်မကျေပွန်ရင် သူတို့ထိုက်နဲ့သူတို့ခံကြရမှာပဲ၊ မိမိတို့အဖို့ကတော့ မိမိတာဝန်မိမိကျေပွန်ဖို့ အရေးကြီးတယ်၊ ဒါ့ကြောင့် ပြန်မလာဘဲဆက်နေပါ၊ နောက်ထပ် ဗိုလ်ချုပ်အကြောင်းတွေ ဘာဆက်ပြောသလဲလည်း နားစွင့်နေပါဟု ဖျောင်းဖျနားချပြောဆိုရာ အတော်ကြာတော့ ဗိုလ်တိုးလွင်မှာ စိတ်မချမ်းမသာစွာနှင့်ပြန်သွားပါတော့သည်၊

သခင်သန်းထွန်းက ဗိုလ်ချုပ်အောင်ဆန်းအပေါ် မကောင်းပြောသည့်ကိစ္စ ကျနော်နောင်မှ စဉ်းစားဆင်ခြင်မိသည်မှာ၊ သခင်သန်းထွန်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှအကြီးအကဲဖြစ်သည်၊ ကွန်မြူနစ်ပါတီဆိုသည်မှာ မိမိတို့နှင့် ဆက်ဆံရသည့်လူပုဂ္ဂိုလ်တွေအကြောင်း သူတို့သီးသန့် အဝန်းအဝိုင်းအတွင်း (ဥပမာ- ကလာပ်စည်း သို့မဟုတ် ပါတီကော်မတီအတွင်း) အဆိုးအကောင်းအားလုံးကို ဝေဖန်သုံးသပ်ဆင်ခြင်ကြပြီး တော်လှန်ရေးအတွက် ကောင်းအောင်လုပ်ကြရစမြဲဖြစ်သည်၊ ယခုလည်း သခင်သန်းထွန်းက ဗိုလ်ချုပ်အပေါ် သူ၏ဝေဖန်သုံးသပ်ချက်ကို သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေတာသာ ဖြစ်သည်၊ အပြင်အပသို့ တစုံတရာပြောကြားတာမဟုတ်ဟု ယူဆရပါသည်၊ ထို့ကြောင့် သခင်သန်းထွန်းအပေါ်တွင် သိပ်အပြစ်ရှိသည်မထင်ပါ၊ သူတို့ပါတီတွင်းလူကြီးများအတွင်းသာ ဝေဖန်ဆွေးနွေးကြခြင်း ဖြစ်ပုံရပါသည်၊ ဒါကိုလည်း ကျနော်နောင်မှ စဉ်းစားတွေးတောဆင်ခြင်မိခြင်း ဖြစ်ပါသည်၊

သို့ရာတွင် ဗမာပြည်ဖက်ဆစ်တော်လှန်ရေးအပြီး အင်္ဂလိပ်တို့ထံမှလွတ်လပ်ရေးတိုက်ပွဲဝင်နေစဉ် အောင်ပွဲရခါနီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်သခင်စိုးက အများပြည်သူလူထုကိုဟောပြောရာတွင်၊ ဗိုလ်ချုပ်အပေါ် ပုဂ္ဂိုလ်ရေးအရ ဆိုးဆိုးဝါးဝါးထိုးနှက်တိုက်ခိုက်မှုများဖြင့် အကြီးအကျယ်ရှုတ်ချဝေဖန်ပြောဆိုခဲ့သည်ဟု ကျနော်တို့သိရပါသည်၊

ကျနော်တို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် အများပြည်သူတို့ရှေ့တွင် ပုဂ္ဂိုလ်ရေးရှုတ်ချပြစ်တင်မှု အပုပ်ချမှုများ မပြုလုပ်သင့်ပေ၊ ဤသို့ပြုလုပ်သဖြင့် သခင်စိုးမှာ ကြီးမားလှသောနိုင်ငံရေးပြစ်မှုကျူးလွန်သူ ဖြစ်သွားပေသည်၊ ပြည်သူများအပေါ်လည်း မလေးမစားရာရောက်ပေသည်၊ ထို့အပြင် ဤကဲ့သို့သော သခင်စိုး၏ပြောဆိုမှုများကြောင့် ဗိုလ်ချုပ်နှင့်ကွန်မြူနစ်ပါတီလည်း ဝေးသွားရခြင်း ဖြစ်ပုံရသည်၊

ဗိုလ်ချုပ်အောင်ဆန်းမှာ သာမန်ခေါင်းဆောင်မဟုတ်ပေ၊ ဗမာပြည်လွတ်လပ်ရေး အရေးတော်ပုံတွင်၊ ဗမာပြည်သမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲအတွက် ဗမာ့အမျိုးသားလက်နက်ကိုင်စစ်တပ်ရှိဖို့လိုအပ်လာပြီဟု သမိုင်းကတောင်းဆိုလာသောအခါ၊ ၆ လက်မ ဓားတောင်ကိုင်ဆောင်ခွင့်မရသော မြန်မာအမျိုးသားတို့အဖို့ စစ်တပ်ထောင်ရန် မစဉ်းစားနိုင်အောင် ခက်ခနေပေသည်၊

ထိုစဉ် ထိုသို့သမိုင်း၏လိုအပ်ချက်ကိုဖြည့်ဆည်းရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဘဝကိုစွန့်ပြီး ရဲဘော်သုံးကျိပ်ကိုဦးဆောင်ကာ ဂျပန်ပြည်သွား၍ စစ်ပညာတွေသင်ခဲ့သည်၊ ထို့နောက် “ထိုင်း”နယ်စပ်ကနေပြီး ခေတ်သစ်ဗမာ့တပ်မတော် စစ်တပ်ကို ထူထောင်ဖွဲ့စည်း ခဲ့သည်၊

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် သူထူထောင်ခဲ့သောဗမာ့တပ်မတော်ကို ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်းပြီး ဗမာပြည်ဖက်ဆစ်ဂျပန် တော်လှန်ရေးကြီးကို အောင်မြင်စွာဆင်နွှဲခဲ့သူဖြစ်သည်၊

ထို့အပြင် ဗိုလ်ချုပ်သည် ဗြိတိသျှတို့ထံမှလွတ်လပ်ရေးရဖို့ ဆက်ပြီးတိုက်ပွဲဝင်နေစဉ် ဗမာပြည်လွတ်လပ်ရေးတံခါးဝရောက်ခါနီးမှ နယ်ချဲ့ ဗြိတိသျှတို့လက်ချက်ဖြင့် ကျဆုံးကွယ်လွန်သွားရသော အမျိုးသားခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်၊

ဗိုလ်ချုပ်သည် ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်ဝါဒကိုလည်းဆန့်ကျင်သူမဟုတ်ပေ၊ ဗြိတိသျှတို့က ဗိုလ်ချုပ်ကိုလုပ်ကြံသတ်ဖြတ်ရသော အကြောင်းရင်းမှာပင် ဗိုလ်ချုပ်သည် နောင်ကွန်မြူနစ်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုယူဆ၍ လုပ်ကြံရခြင်းဖြစ်ပေသည်၊

ဗိုလ်ချုပ်သည် ကွန်မြူနစ်ဆန့်ကျင်ရေးသမားမဟုတ်ရုံသာမက ၁၉၃၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပေသည်၊

ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူအများ၏ရှေ့မှောက်တွင် ဝေဖန်ရှုတ်ချမှုမပြုသင့်ပေ၊
လူဆိုသည်မှာ မည်မျှပင်ကြီးမြတ်သောပုဂ္ဂိုလ်ပင်ဖြစ်ပါစေ၊ အမှားအယွင်းချို့ယွင်းချက်များမှ လုံးဝကင်းစင်သူဆိုသည်မှာ မရှိနိုင်ပေ၊

ယခုကျနော်သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးအကြောင်းနှင့် ၎င်းနှင့်ဆက်နွယ်နေသော အကြောင်းအရာအချို့ကိုရေးသားခဲ့ပါသည်၊
ဖက်ဆစ်တော်လှန်ရေးတွင် နောက်ဆုံးရေးစရာတခု ကျနော်မှတ်မိနေတာကတော့- ဖက်ဆစ်တော်လှန်ရေးတွင် ကျနော်တို့ရန်သူကို ဖိတိုက် နေစဉ်ကာလက ကျနော့်အပေါ်လည်း လူထုကကျေနပ်ကြပြီး၊ ကျနော်နှင့်ပတ်သက်ပြီး သူတို့စိတ်ကြိုက်သတင်းတွေ ထင်ရာမြင်ရာပြောကြ၊ လွှင့်ကြသည်၊ ၎င်းမှာ- ဟေ့ ဗိုလ်ကျော်ဇောဆိုတာ သာမန်လူမဟုတ်ဘူး၊ တန်ခိုးရှိသူဖြစ်တယ်၊ ဗိုလ်ကျော်ဇောဟာ တိုင်ကိုကွယ်လိုက်ရင် လူတောင်ပျောက်သွားနိုင်တယ် စသည်ဖြင့် ပြောဆိုခဲ့ကြပါသည်၊

ဤသို့ဖြင့် ဗမာပြည်သူတို့သည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးကို အောင်မြင်စွာဆင်နွှဲခဲ့ကြသည်၊ ဂျပန်တို့က သြဂုတ်လ (၁ဝ)ရက်တွင် စစ်ပြေငြိမ်းရန်တောင်းဆိုပြီး (၁၄)ရက်တွင်လက်နက်ချသည်၊ တရားဝင်လက်နက်ချမှုကို ဂျပန်တွင် ၁၉၄၅ ခုနှစ် စက်တင်ဘာ (၂)ရက်နေ့ တွင် ပြုလုပ်ခဲ့သည်၊ သို့ဖြင့် ဒုတိယကမ္ဘာစစ်ကြီးပြီးသွားခဲ့လေပြီ၊ မြန်မာပြည်သူတို့်၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးတိုက်ပွဲမှာ လအနည်းငယ် အတွင်း ဂျပန်နှစ်သောင်းကျော်ကျဆုံးပြီးနောက် အောင်ပွဲကြီးရခဲ့ပေသည်၊

၎င်းဖက်ဆစ်ဂျပန်တော်လှန်ရေးအောင်ပွဲကြီးသည် ဗမာပြည်သူတို့၏လွတ်လပ်ရေးတိုက်ပွဲအောင်ပွဲအတွက် အဆုံးအဖြတ်ပေးသည့် ဗမာ့ သမိုင်းဝင်အောင်ပွဲအတွက်အဆုံးအဖြတ်ပေးသည့် ဗမာ့သမိုင်းဝင်အောင်ပွဲကြီးဖြစ်ခဲ့ပေတော့သည်၊

ကျနော်ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း အဖြစ်အပျက်တချို့ သတိထပ်ရလာသဖြင့် ထပ်ရေးရပါအုံးမည်၊
ကျနော်ရန်ကုန်မှာရှိနေစဉ်က ဖက်ဆစ်တော်လှန်ရေးအကြောင်း ကျနော့်သားသမီးအိမ်သားများကိုပြောပြရာ အပြီးတွင် နိဂုံးချုပ်ချက်တခုကို ရုတ်တရက်မြင်လာပြီးပြောမိသည်မှာ- တို့ဖက်ဆစ်တော်လှန်ရေးကြီး ဒီလောက်မြန်မြန်ပြီးမသွားဘဲ နောက်ထပ် ၄-၅-၆ လ ဆက်တိုက်ရရင် ဆိုရှယ်လစ်စတဲ့ အချောင်သမားတေ ထွက်ပြေးတိမ်းရှောင်ကြမှာမို့ တို့ဗမာပြည်မှာ အချောင်သမားတွေအတော်နည်းသွားမှာပဲ၊ ဗမာပြည် နိုင်ငံရေးလည်း အတော်ကောင်းသွားမှာ- ဟု ပြောမိသည်ကိုသတိရလာသဖြင့် ထပ်ရေးလိုက်ရပါသည်၊

ကျနော်ဘာ့ကြောင့် ထိုကဲ့သို့ထင်မြင်ရသနည်း၊ အကြောင်းများ ရှိပါသည်၊ ထိုအထဲတွင် ကျနော်စွဲလမ်းမှတ်မိနေသောအကြောင်းတခု ရှိပါသည်၊
၁၉၄၅ ခုနှစ် ကျနော်တို့၏ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးပြီးခါနီးလောက်တွင် (နောက်ပိုင်း ဆိုရှယ်လစ် ပါတီ အကြီးအကဲတဦးဖြစ်လာပြီး အတော်အသင့်လည်းရိုးသားကာ ပွင့်ပွင့်လင်းလင်းပြောတတ်သည့်) ဗမာ့တပ်မတော်ဗိုလ်ကြီးတဦးက ကျနော် ကြားနိုင်လောက်တဲ့နေရာကနေပြီး တခြားလူတယောက်ကိုပြောနေတာကတော့- ဖက်ဆစ်တော်လှန်ရေးမှာ ငါ့တို့ကိုခိုင်းတာတွေ ကြည့်ရှု စဉ်းစားပြီးမှ ခိုင်းသင့်ပါတယ်၊ ငါတို့ဟာ သူတို့လို ရာနှုန်းပြည့်မျိုးချစ်ကြီးတွေမဟုတ်ဘူးဆိုတာ သူတို့နားလည်ဖို့ကောင်းပါတယ်ဟု ငြီးတွား ပြောဆိုဖူးပါသည်၊ ထိုအကြောင်းများရှိခဲ့သောကြောင့် ကျနော်အထက်ပါမှတ်ချက်ကို ချမိခြင်းဖြစ်ပါသည်၊

နောက် ကျနော်မှတ်မိနေတာတခုလည်း ရှိပါသေးသည်၊ ၎င်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဗိုလ်ချုပ်သတ်မှတ်သော ဧပြီလ (၂)ရက်နေ့မှ ကျနော်တို့တိုင်း(၄) အခက်အခဲကြောင့် မတ်လ (၂၇)ရက်နေ့ကို တော်လှန်ရေးနေ့အဖြစ် ကျနော်က ရွှေ့ပြောင်းစီစဉ်ရသဖြင့် ဗိုလ်ချုပ်က ကျနော့်အပေါ်အပြစ်တင်မည်လားဟု စိုးရိမ်နေမိပါသည်၊ သို့ရာတွင် ဖက်ဆစ်တော်လှန်ရေးပြီးကာစ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်နှင့်ကျနော် တွေ့သောအခါ ဗိုလ်ချုပ်က “တော်လှန်ရေးရက်ဟာ အားလုံးဟန်ကျကြပြီး အားလုံးအံကိုက်ဖြစ်သွားတာပဲ” ဟုပြောပါသည်၊ “အံကိုက် ဖြစ်သွားတာပဲ”ဆိုသည့်စကားကို ကျနော် ယခုထိ ကြားယောင်နေပါသည်၊ ကျနော့်မှာ ထိုစကား ဗိုလ်ချုပ်ထံမှကြားရသဖြင့် အလွန်ဝမ်းသာ သွားပါသည်၊ ထိုအဖြစ်ကို ကျနော်ယခုအထိ မှတ်မိနေပါသည်၊
အထက်ပါအကြောင်းအရာတို့မှာ ၁၉၄၅ ခုနှစ် ဗမာပြည် ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးတော်လှန်ရေးကြီးတွင် အဓိကအားဖြင့် ကျနော်ပါဝင် လှုပ်ရှားခဲ့ပုံတို့ကို ကျနော်မှတ်မိသတိရသလောက် ပြန်လည်ရေးသားချက်မျာဖြစ်ပါသည်၊