Tuesday, February 28, 2012

Air Force One မန္တလေးနှင့် Dayton တက္ကသိုလ် (၃) (မျိုးမြင့်ချို)

0 comments

Air Force One မန္တလေးနှင့် Dayton တက္ကသိုလ် (၃) ကျနော်တို့ လေယဉ်ရုံပြခန်းကြီးတွေထဲလျှောက်ကြည့်ရင်း တနေရာရောက်တော့ ဟိုက်ဒရိုဂျင်ဗုံးကြီးတလုံး ချပြထားတာတွေ့ရ၏။ ထိုဗုံးအမျိုးအစားသည် အနုမြူဗုံးထက် ပိုအဖျက်စွမ်းအားကြီးကြောင်း၊ ထိုဗုံးကြီးအား 
ဘယ်တုန်းက ဘယ်အရပ်တွင်စမ်းသပ်ဖေါက်ခွဲကြည့်ခဲ့ကြောင်း၊
ပြင်းအား ဘယ်လောက်ရှိကြောင်းတွေရေးပြထားသည့်အပြင်  
ထိုဗုံးကြီးခွဲချိန်ကဓါတ်ပုံကိုလည်း ပုံကြီးချဲ့ကာနောက်ခံကားအဖြစ် ပြထားသေး၏။  အနုမြူဗုံးတွေက လက်မတထောင်ထောင်နှင့်ဂုဏ်မာန်ဝင့်နေသလောက် ထိုဗုံးကြီးကတော့ကိုယ်စွမ်းကိုယ်စမပြရသေးသဖြင့် အံတကြိတ်ကြိတ်နှင့်သိမ်ငယ်နေပုံပေါ်နေ၏။ သူ့ကို ကြော်ညာထိုးပြီးတာမှန်သော်လည်း တကယ့်လက်တွေ့စစ်ပွဲတွေမှာချမသုံးရသေး။ လက်နက်ဆန်းဆိုတာမျိုးက ထုတ်ထား၊ စမ်းသပ်ပြီးသားဖြစ်ရုံနှင့်မရ။ လက်တွေ့ပြဖို့လို၏။ လက်တွေ့ပြနိုင်မှလည်း ဝယ်သူကြိုက်၏။ ကြိုက်မှလည်း အဝယ်လိုက်မည်။ အဝယ်လိုက်မှလည်း စီးပွားဖြစ်မည်မဟုတ်လား။ လူသတ်လက်နက်ဆိုသည်က တချက်တည်းနှင့်လူများများသတ်နိုင်လေလေ ဂုဏ်ရှိရှိလေဖြစ်ရသည်မှာ ဓမ္မတာ။ ဤတွင်ကြော်ညာလိုလာ၏။ သို့သော် လူ့အသုံးအဆောင်နှင့်ဆေးဝါး စသည်တို့ ကြော်ညာသလိုလုပ်လို့မရ။ မဖြစ်။ သူက ကိုယ်ဟန်ပြမယ်လေးတွေမလို၊ ရှူခင်းလှလှနှင့် သီချင်းကောင်းကောင်းတွေမလို။ လိုသည်က စစ်။ စစ်မြေပြင်နှင့်လူသတ်ကွင်းဖြစ်၏။ သည်တွင် စစ်အကြီးစားတွေမဟုတ်ပဲ အကန့်အသတ်နှင့်စစ်အသေးစားလေးတွေ၊ ဒေသိယဆန်သည့်စစ်ပွဲလေးတွေ ပေါ်လာကြ၏။ ဤစစ်ပွဲလေးတွေကား လက်နက်အစစ်တွေအတွက် ပြပွဲအစစ်တွေဖြစ်ရ၏။ လက်နက်သစ်များ လက်တွေ့စမ်းသပ်ပြရင်း အပြိုင်အဆိုင်ကြော်ညာကြတော့၏။ ကမ္ဘာပေါ်တွင် လက်နက်ရောင်းပြီး စီးပွားအဖြစ်ဆုံးနိုင်ငံများတွင် အမေရိကန်ကထိပ်ဆုံးမှာရှိ၏။ ရုရှားတို့၊ ပြင်သစ်တို့၊ အင်္ဂလန်တို့၊ တရုပ်တို့ကလည်းအားကျမခံ။ လက်နက်တွေထုတ်၏။ ကြော်ညာ၏။ ဈေးကွက်တင်၏။ ရောင်း၏။ ပြီးတော့ သူတို့တတွေကပဲ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုပြီး အသံအကျယ်ဆုံးကြွေးကြော်ကြပြန်၏။ ဘယ်လိုနားလည်ရမှန်းပင် မပြောချင်တော့။ ဒါ့အပြင် အရေးကြီးတာတခုလည်းရှိသေး၏။ အခြေအနေတချို့နှင့် နိုင်ငံတကာအခင်းအကျင်းတချို့တွင် နိုင်ငံတို့၏စစ်အင်အားနှင့်နည်းပညာပါဝါကိုပြပြီးမှ နိုင်ငံရေးသမားတို့ အသာစီးကအပြီးချည်ကာ ဖိကစားနိုင်မည်မဟုတ်လား။ သည်တော့ လက်နက်ဆန်းတွေအပြိုင်အဆိုင်ထုတ်ကြ၊ စမ်းသပ်ကြ၊ ကြော်ညာကြ၊ ရောင်းဝယ်ဖေါက်ကားကြနှင့် ကမ္ဘာမြေသည်မည်သည့်အခါမျှ မုဆိုးရာသီလည်းမကုန်၊ လေးနှင့်မြားလည်းဘေးချလို့မရတော့။ ထိုအခြေအနေတွေကြည့်ပြီး ဟိုက်ဒရိုဂျင်ဗုံးကြီးက "ငါ့အလှည့်ကျရင် မိုးကြိုးပါပစ်ချလိုက်ဦးမည်" ဟုတွေးကာ "နေသေးသပခြုံထဲက ချိုသွေးတမြမြ"ဖြစ်နေတာလည်းဖြစ်နိုင်၏။

         နောက်တနေရာရောက်တော့ ရန်သူ့ရေဒါစက်ကွင်းတွေကလွတ်အောင်ရှောင်တိမ်းကာ ပစ်မှတ်တွေအပေါ်ဗုံးကြဲချနိုင်သည့် Stealth လေယဉ်ကြီးတစင်းချပြထား၏။ လေယဉ်ကြီးကိုသေချာကြည့်မှ ငါးလိပ်ကျောက်လိုလို ငါးလိပ်စွန်လိုလို။ တန်ဖိုးသိတ်ကြီးလွန်းသဖြင့် လေတပ်တွင်အမြဲတမ်းမသုံးကြသေးဟု တယောက်ကရှင်းပြ၏။ ကုန်တင်လေယဉ်ကြီးတွေကလည်း ဧရာမအကောင်ကြီးတွေဖြစ်၏။ တင့်ကားအကြီးစား (၁) ဒါဇင်လောက်သယ်နိုင်မည့် အရွယ်တွေလားမှတ်ရ၏။ နောက်တော့ ဟိုကြည့်ဒီကြည့်၊ ဟိုမေးဒီမေး၊ ဟိုနားဓါတ်ပုံရိုက် ဒီနားဓါတ်ပုံရိုက်နှင့် ဧည့်ကြိုကောင်တာတခုသို့ရောက်၏။ တာဝန်ရှိသူက သူ့ကိုယ်သူမိတ်ဆက်ပြီး စကားနည်းနည်းပါးပါးပြော၊ ကျနော့်ကိုလည်း မေးခွန်းနည်းနည်းမေး၏။ သူမေးသည်က ဗမာ့တပ်မတော်(လေတပ်)အကြောင်း။ ကျနော်က ဘာမှများများစားစားသိသူမဟုတ်။ ကျနော်သိသလောက်ကလေးပြောပြတာကိုပဲ တလေးတစားနားထောင်တာမြင်တော့ "ငါ့နှယ်နော် ဒီမလာခင်က ဗမာ့လေတပ်အကြောင်း နည်းနည်းပါးပါးကြိုလေ့လာခဲ့ရကောင်းသား"ဟုတွေးမိကာ အားနာသလိုဖြစ်ရ၏။ သူကပဲကျနော့်ကို ဒုတိယကမ္ဘာစစ်အတွင်းက ဗမာ-တရုပ်-အိန္ဒိယ စသည့်နိုင်ငံများရှိ အမေရိကန်နှင့်မဟာမိတ်များ၏ လေတပ်စုဖွဲ့မှုများအကြောင်း၊ သုံးစွဲခဲ့သည့်လေယဉ်အမျိုးအစားများနှင့် လေယဉ်အုပ်များအကြောင်း ရှင်းပြပေးသေး၏။ ထိုသို့ရှင်းပြနေရင်းမှ  အမေရိကန်သမ္မတများစီးနင်းသည့်အထူးလေယဉ်ကြီးများ ထားရာပြခန်းကိုသွားဖို့အစီအစဉ်ရှိသလားဟုမေးကာ ကျနော်တို့ကရှိကြောင်းဆိုတော့ မှတ်ပုံတင်ရန်နှင့်လက်မှတ်ယူရန်နေရာအထိ လိုက်ပို့ပေး၏။

         သို့နှင့်သွားပြီး မှတ်ပုံတင်ကာလက်မှတ်လည်းဖြတ်ရ၏။ အခမဲ့ပင်။ Wright-Patterson Air Force Base ရှိ ထိုပြခန်းသို့ ဘစ်ကားကြီးဖြင့်ပို့ပေးမည်ဖြစ်ကြောင်း၊ ကားပေါ်မတက်ခင် အခန်းတခုတွင်လူအရင်စုပြီး ပြခန်းအကြောင်းနောက်ခံနှင့် ပြခန်းစည်းကမ်းတွေအကြောင်း ရှင်းပြပေးကြ၏။ သိလိုတာရှိကမေးရန်ဆိုတော့ ခတ်ငယ်ငယ်အမေရိကန်စုံတွဲတတွဲက "ဘယ်အချိန်ဘယ်နေရာမှာ ဆေးလိပ်သောက်လို့ရမလဲ"ဟုမေးတော့ ရှင်းပြသူက ရယ်ရယ်မောမောဖြင့် ပြခန်းအပြင်ဘက်၊ ဘစ်ကားအပြင်ဘက်၊ အဆောက်အဦးတိုင်းနှင့် ပေ၂၀ အကွာ မည်သည့်နေရာမှာမဆို သောက်နိုင်ကြောင်းပြန်ရှင်းပြ၏။ ထို့နောက် ကျနော်တို့နှင့်အတူသွားမည့်သူ ၃၀ ခန့်ဘစ်ကားကြီး တွေပေါ်တက်ကာ မောင်းထွက်သွား၏။ ၁၀ မိနစ်မရှိတတ်ရှိတတ်တွင် ပြခန်းကြီးသို့ရောက်၏။ သိတ်ထွေလီကာလီ မေးမြန်းစစ်ဆေးနေတာမရှိပဲ ကျနော့်အတွက် ဘီးတပ်ကုလားထိုင်စီစဉ်ပေး၏။ ကျနော်ဝတ်ထားသည့် စစ်ဂျာကင်ကိုကြည့်ပြီး အမေရိကန်လေတပ်ကတပ်ထွက်ဟုမှတ်ပြီး "မင်းလက်မောင်းပေါ်ကအရစ်တွေနဲ့ တိုင်းပြည်အတွက်ပေးဆပ်ခဲ့မှုတွေအတွက် အလွန်လေးစားပါကြောင်း၊ ပြခန်းအတွင်း သိလိုသမျှမေးမြန်းဖို့အားမနားရန်" တယောက်က လာပြောပြန်၏။ ကျနော်က US Air Force မှမဟုတ်ကြောင်းပြန်ရှင်းပြတော့ သူကအားတုံ့အားနာဟန်ဖြင့် ကျနော့်အကြောင်းပြောပြနိုင်ရင်ပြောပြ ပါလားဆို၏။ ကျနော် သူ့ကိုရှင်းပြနေတုန်း ပြတိုက်တာဝန်ရှိသူအချို့လည်း လာနားထောင်ကာ 
တချို့လည်းခေါင်းတငြိမ်ငြိမ့်၊ တချို့လည်း စုပ်တသတ်သတ် ရင်ဘတ်တွင်လေတပ်တံဆိပ်တွေနှင့် အမျိုးသမီးကြီး ၂ဦးက ကျနော်တို့နှင့်အတူလမ်းလျှောက်လိုက်ပါပြီး ပြခန်းနောက်ခံသမိုင်းနှင့် အမေရိကန်သမ္မတတွေစီးသည့်လေယဉ်ကြီးတွေအကြောင်း အသေးစိတ်တွေရှင်းပြ၏။ ကျနော့်ကိုလည်း "လေယဉ်ကြီးတွေထဲဝင်ကြည့်တဲ့အခါ အဆင်မပြေဖြစ်ရင်ပြောပါ"ဟု ထပ်တလဲလဲမှာပြန်၏။ "ဘာ့ကြောင့် ဒီပြခန်းကိုလာကြည့်ချင်တာလဲ"ဆိုတော့ ကျနော်က "ဒါရိုက်တာ Wolfgang Petersen ရိုက်ကူးပြီး မင်းသား Harrison Ford ပါဝင်သရုပ်ဆောင်ထားသည့် Air Force One လေယဉ်ကြီးကို အပြင်မှာမြင်ချင်လို့" ဟုပြန်ဖြေတော့ ရုပ်ရှင်ထဲကအဲဒီလေယဉ်ကြီးတော့မရှိကြောင်း သို့သော် အမေရိကန်သမ္မတတွေစီးသည့် အခြား Air Force One လေယဉ်တွေတော့ရှိကြောင်း၊ သမ္မတ ဂျွန်အက်ဖ်ကနေဒီ၊ ဒွိုင်က်အိုက်စင်ဟောင်ဝါ၊ ဖရန်ကလင် ဒီ ရုစဗဲ့လ်နှင့်ဟယ်ရီထရူးမင်န်းတို့ အသုံးပြုခဲ့သည့်  Air Force Ones တွေရှိကြောင်း၊ လေယဉ်ထဲဝင်ကြည့်လို့ရကြောင်း၊ အတွင်းအပြင်နေရာများတွင် ဓါတ်ပုံရိုက်ယူနိုင်ကြောင်းတွေပြောပြ၏။

         သို့ဖြင့် ကျနော်အပြင်မှာတကယ်မြင်ချင်သည့် ရုပ်ရှင်ထဲက Air Force One ကြီးတော့ မတွေ့ခဲ့ရ။ အခြား Air Force Ones တွေတော့ တွေ့ခဲ့၊ မြင်ခဲ့၊ ဝင်ခဲ့၊ ကြည့်ခဲ့ဖြစ်၏။ သမ္မတွေစီးသည့်လေယဉ်တွေမှာက သမ္မတတံဆိပ်တုံးကို လေယဉ်ကိုယ်ထည်အပြင်ဘက် ဘယ်ညာတွင်ပုံကြီးဖော်ကာ ခပ်နှိပ်ထား၏။ လေယဉ်တံခါးပေါက်အဝင်တွင်လည်း ပုံသေးဖော်ကာခပ်နှိပ်ထားသေး၏။ သမ္မတတံဆိပ်တုံးကိုကြည့်ရင်း စိတ်က စာအုပ်ထဲတွင်သာတွေ့ဖူးသည့်  "မင်းတုန်းမင်းတံဆိပ်တော်" ဆီသို့ရောက်ပြန်၏။ မင်းဧရာဇ်တို့၏ တန်ခိုးအာဏာကို သင်္ကေတပြုသည့်အရာများတွင် တံဆိပ်တော်ဆိုသည်က အလွန်အရေးပါသလောက် အရာလည်းရောက်၏။ မင်းတို့ ဘုန်းမီးနေလတောက်ပလျှင်တောက်ပသလောက် ယင်းတို့၏ တံဆိပ်တော်နှင့်မင်းချင်းတို့လည်းအရာရောက်ကြပြန်သေး၏။ မင်း၏တံဆိပ်တော်သည် တိုင်းပြည်၏ဓန၊ စစ်အင်အားနှင့်တန်ခိုးအာဏာကို ကိုယ်စားပြုသည်မဟုတ်လား။ စက်ကြီး ၁၁ စက်တွင် "မင်းတို့လက်နက် အာဏာစက်" ဟုဆိုထားပြန်ရာ အာဏာစက်ပြင်းသည့်မင်းက ပိုတန်ခိုးထွားသည်ဟုပဲမှတ်ရမည်လားဟု တွေးမိလိုက်သေး၏။ အမေရိကန်တွေ အာဏာစက်ပြင်းနေသေးသည်ကတော့ ဘယ်သူ့မှငြင်းလို့မရကြသေး။ ဆိုဗီယက်ယူနီယံကြီးပြိုအပြီးတွင် တကိုယ်တော်မဟာအင်အားကြီးနိုင်ငံအဖြစ် ရွှေထီးဆောင်းနေတုန်းမှာပဲ ဝုန်းကနဲ အမွှာမျော်စင်ကြီးပြိုကျသွား၏။ အီရတ်၊ အာဖဂန်၊ တာလီဘန်၊ အိုစမာဘင်လာဒင်နှင့် အကြမ်းဖက်မှုအပေါ်ဆင်သည့်စစ် စတာတွေနှင့်လုံးလည်ချာလည်လိုက်ပြီး စီးပွားရေးတွေ ခရိုခယိုင်ဖြစ်၊ ငွေကြေးဈေးကွက်တွေပြိုကျ၊ အလုပ်လက်မဲ့ပြဿတွေထောင်ထ၊ ဝေါစထရိလမ်းမကြီးသိမ်းပိုက်ရေး လှုပ်ရှားမှုတွေပေါ်လာကာ ကသောင်းကနင်းတွေလည်းဖြစ်လာ၏။ တခါတခါလည်း ဦးနင်းပဲ့ထောင်တွေ။ လွှတ်တော် ၂ ရပ်နှင့် သမ္မတလည်း ခွန်းကြီးခွန်းငယ်တွေခဏခဏ။
အမေရိကန်၏ဓနအင်အား၊ စစ်အင်အား၊ နည်းပညာနှင့်နယ်ပယ်အတော်များများတွင် တွင်ကျယ် လွှမ်းမိုးနိုင်စွမ်းကိုကြည့်ကာ တချို့က အမေရိကန်သမ္မတတွေကို စကြာဝတေးမင်းအလား ထင်တတ်သေး၏။ အမေရိကန်သမ္မတသည် စေတလုံးပိုင်ရှင်မဟုတ်။ ဘွဲဖြူလက်နက်ပိုင်ဆိုင်သူမဟုတ်။ အကြွင်းမဲ့အာဏာရှင် မဟုတ်။ လွှတ်တော်နှင့်ပြည်သူကို နာခံရ၏။ "ငါသမ္မတ"ဆိုကာ နေရာတကာစွာလို့မရ။ အမေရိကန်တန်ဖိုးနှုန်းစံနှင့် ပေတံတွေအတိုင်းသာသွားရ၏။ ထိုတန်ဖိုးနှုန်းစံတို့တွင်ကား ပြောမည်ဆိုပြောစရာတွေတော့ ရှိလိမ့်မည်ထင်၏။

         အလျားလိုက် အနီအဖြူအစင်းများနှင့် ထောင့်ကအပြာခံပေါ်တွင် အဖြူရောင်ကြယ် အလုံး ၅၀ နှင့်အလံကိုမြင်တာနှင့် ဒါ အမေရိကန်အလံ ဆိုပြီးတန်းသိကြသလို၊ ခြေတဘက်တွင်မြား၊ အခြားတဘက်တွင် သံလွင် ခက်၊ ဦးခေါင်းထက်ကကြယ် ၁၃ ပွင့်နှင့် တောင်ပံကြီးတွေဖြန့်ကားထား သည့် လင်းယုန်ငှက်တံဆိပ်ကိုတွေ့လျှင်လည်း ဒါ အမေရိကန်နိုင်ငံတော် တံဆိပ်မှန်း တန်းပြောနိုင်သူများ၏။ သမ္မတတံဆိပ်တော်ကိုကား သိသူ သိတ်မများလှဟုထင်၏။ သို့နှင့် လေယဉ်ကိုယ်ထည်ပေါ်က သမ္မတ တံဆိပ်တော်ကို အနီးကပ်ဓါတ်ပုံရိုက်ယူဖြစ်၏။ နောက်တော့ အတွင်းထဲဝင်ကာကြည့်၏။ လေယဉ်ဦးခန်း၊ လေယဉ်ဝမ်းတွင်းခန်းနှင့် အမြီးပိုင်းတွေအထိလိုက်ကြည့်ဖြစ်၏။ အတွင်းခန်းဖွဲ့စည်းပုံတွေက သာမန် ခရီးသည်တင်လေယဉ်တွေလိုမဟုတ်။ တချို့နေရာတွေမှာ အခန်းငယ်လေးတွေကန့်ကန့်ထားပြီး တချို့ အခန်းကျယ်တွေကျတော့ ရုံးခန်းဆန်ဆန်။ အခန်းတိုင်းတွင် တယ်လီဖုံးတွေ၊ အင်တာကွန်းတွေလည်း တပ်ထား၏။ ခေတ်မီဆက်သွယ်ရေးကိရိယာတွေနှင့် ဘာမှန်းမသိသည့်ကိရိယာတွေကလည်း တပုံတခေါင်း။ ရုစဗဲ့လ်နှင့်ထရူးမင်းတို့၏ လေယဉ်အတွင်းပိုင်းတွင်တော့ သူတို့ပုံတူ လူ့အရွယ်အစားရုပ်တုကြီးတွေက ခုံပေါ်မှာထိုင်လျှက်သား။ ရုစဗဲ့လ်စီးသည့်လေယဉ်ကြီးတွင် ဝမ်းဗိုက်မှအပေါက်ဖေါက်ကာ ဓါတ်လှေကား အငယ်စားလေးတခုတော့ ထူးထူးခြားခြားမြင်၏။ သူက ပိုလီယိုရောဂါကြောင့် လမ်းကောင်းကောင်း လျှောက်လို့ရသူမဟုတ်။ ခြေ ၂ဘက်စလုံးတွင် လမ်းလျှောက်အားပြုကိရိယာတွေ 
တပ်ထားရတာမှန်သော်လည်း သွားလေရာရာမှာ ဘီးတပ်ကုလားထိုင်ယူသွားရ၏။ လေယဉ်အတက်အဆင်း ဘီးတပ်ကုလားထိုင်ဖြင့် အသွားရလွယ်အောင်စီစဉ်ပေးထားခြင်းပင်။ ကျနော်တို့လည်း ဓါတ်ပုံလေးဘာလေး ရိုက်၊ ဟိုကိုင်ကြည့် ဒီကိုင်ကြည့်တွေလုပ်ပြီး ထို ပြခန်းမှပြန်ထွက်ခဲ့၏။

         ပြန်ထွက်တော့ ပြတိုက်ကြီးလည်းပိတ်ချိန်ရောက်ပြီ။ အပြင်ဘက်တွင်လည်း အိုဟိုင်းယိုး၏ ဇန်နဝါရီနှင်းနှင့်မိုးစက်တို့ကတဖွဲဖွဲ။ အေးလိုက်သည်မှာ ပြောစရာမရှိ။ လေကလည်း တဟူးဟူးနှင့်မို့ ဆေးလိပ်သောက်ချင်ရက်နှင့် ကားပေါ်ပြန်တက်ခဲ့ရ၏။ မသောက်ဖြစ်တော့။ ဘာပဲဖြစ်ဖြစ် စီးကရက်တလိပ်စာကျန်းမာရေးတော့ ကောင်းမှာအမှန်။


         ပြောစရာတွေကျန်သေး၏။ ပြောချင်သေး၏။ အကုန်မပြောဖြစ်သေး။ ထိုက်သလောက်ကြည့်ပြီး မြင်သလောက်တော့ ပြောဖြစ်သွား၏။ ဘာပဲဖြစ်ဖြစ် မကြည့်ရမမြင်ရ မပြောရသည်ထက်စာလျှင် ဆောင်းပါး ၃ ပုဒ်စာတော့ အသားတင်ပြောဖြစ်သွား၏။ စိတ်အဆာတော့ ပြေမှာအမှန်။
မျိုးမြင့်ချို။
ဖေဖေါ်ဝါရီ၊ ၂၈၊ ၂၀၁၂။

Sunday, February 26, 2012

အတွင်းနဲ့အပြင် အသံနဲ့အာကာသ..ငါတို့ ထွက်ပြေးကြပါစို့ (နှင်းခါးမိုး)

0 comments

အတွင်းနဲ့အပြင် အသံနဲ့အာကာသ..ငါတို့ ထွက်ပြေးကြပါစို့
အပြင်ကိုခုန်ထွက်လိုက်တာ တွင်းတခုထဲပြုတ်ကျတယ်
အပြင်အပမြင်ရတဲ့အရာတွေထဲ ငါတို့ဖမ်းချုပ်အကျဉ်းချခံရတဲ့အခါ ဖေါက်ထွက်ဖို့ကြိုးစားကြတယ် ငါတို့တွန်းလှန်တယ် မြင်ရတဲ့အရာတွေရဲ့ဟိုဘက်ပြေးထွက်တယ် ပြေးနိုင်ရင်လွတ်မယ်ထင်တယ် ဗဟိဒ္ဓတွေကိုအစစ်လို့ထင်တယ် ပျို့တက်လာတာတွေကိုမျိုမျိုချတယ် ဒါမှမဟုတ်အော်ဟစ်ပစ်လိုက်တယ်
ပေါက်ကွဲမှုတွေမှာတခါတရံလမ်းသစ်ရှာတယ်
အသံတွေကိုဘာသာပြန်တဲ့အကျင့်ကပါနေပြီ
အသံတွေကိုအသံတွေအတိုင်းရွတ်ဖတ်ဖို့လိုတယ် 
စကားလုံးတွေနဲ့တိုက်တိုက်မကြည့်ပါနဲ့
အသံတွေကိုအသံတွေအတိုင်းစိတ်ထဲနှစ်လိုက် 
အသံတွေကိုအသံတွေအတိုင်းစီးပါသွားလိုက်
ခံစားဖို့ထက်နားလည်ဖို့ကပိုအရေးကြီးနေရင် 
ခုန်ထွက်လိုက်တိုင်း တွင်းထဲကျကျနေမှာပဲ
အဇ္ဖတ္တထဲဘယ်တံခါးပေါက်က၀င်မလဲ 
တံခါးတိုင်းပွင့်နေတာတော့မဟုတ်ဘူးပေါ့ 
ဒါပေမယ့်တွန်းဖွင့်လိုက်ပါ
မင်းအ၀င်ချင်ဆုံးတံခါးပေါက်ကိုသာမင်းတွန်းဖွင့်လိုက်ပါ 
ပထမဆုံးအရေးကြီးတာကဖွင့်မိဖို့ပဲ
ခုန်ဆင်းလိုက်မိပြီလို့ထင်ကောင်းထင်မယ် 
အတွင်းထဲဝင်တာပိတ်မိတယ်ထင်မယ်
တကယ်ကအာကာသဆိုတာနေရာတိုင်းမှာရှိတာ 
မော့မော့ကြည့်ရတိုင်းလှမ်းလှမ်းကြည့်ရတိုင်း
ဟိုးအဝေးမှာအဝေးအဝေးတနေရာမှာ 
အာကာသဆိုတာကိုယ်နဲ့အဝေးကြီးမှာ
အဲလိုမဟုတ်ဘူးအဇ္ဇတ္တထဲမှာမြက်ခင်းတွေစိမ်းစိုနေတယ် 
ငါဟာမြင်းတကောင်လိုခုန်ပေါက်ပြေးလွှားမယ်
တကယ်ကလွတ်မြောက်မှုဆိုတာငါတို့အတွင်းထဲမှာ
နားမလည်နိုင်တဲ့အရောင်တွေစုတ်ချက်တွေကြားမှာ 
ဘာမှန်းမသဲကွဲတဲ့အသံတွေထဲမှာနားလည်ဖို့မလိုဘူး 
အဓိပ္ပယ်မလိုဘူးသံလမ်းပေါ်ကရထားတစင်းလို 
ကိုယ့်ခံစားချက်ပေါ်မှာကိုယ်ခုတ်မောင်းနေဖို့ပဲ
ကိုယ့်ရှင်သန်မှုကို ခဏတာတောက်လောင်မှုလို့သိရင်
အဇ္ဇတ္တနဲ့ဗဟိဒ္ဓနယ်ခြားမှာ လှည့်စားမှုတွေကိုထားခဲ့ပစ်လို့ရတယ်
(ယူတာကဒီနေရာက) http://nykomme.blogspot.com/2008/01/blog-post_20.html

Thursday, February 23, 2012

ကျေးဇူးစကား၏အခြားမဲ့ကို ဆင်ခြင်မိခြင်း (မျိုးမြင့်ချို)

0 comments

ကျေးဇူးစကား၏အခြားမဲ့ကို ဆင်ခြင်မိခြင်း(မျိုးမြင့်ချို)
သည်လထဲမှာ နိုင်ငံရေးအကျဉ်းသား အတော်များများ လွတ်လာကြ၏။ လွှတ်ပေးလိုက်သည့်အထဲတွင် လူမျိုးစုခေါင်းဆောင်၊ကျောင်းသားခေါင်းဆောင်၊ သံဃာတော်တချို့နှင့်အတူ အခြားလူသိနည်းသည့် နိုင်/ကျဉ်းတွေလည်းပါလာ၏ လွှတ်ပေးလိုက်သည့် အပေါ် အမြင်တွေလည်းအထွေထွေအပြားပြားရှိ၏။ ထွေပြားလို့လည်းဖြစ်၏။ အပြစ်မဆိုသာ။ 
အမြင်ဆိုသည်က ပြောသူ၏နောက်ခံနှင့်ဆိုင်၏။ သံတမန်သည် သံခင်းတမန်ခင်း၊ ပညာရှင်သည် ပညာရှင်စကား၊ နိုင်ငံရေးသမားသည် နိုင်ငံရေးအရပြောကြမည်ဖြစ်၏။ ဤနေရာတွင် နယ်ပယ်ကိုသိခြင်း အရေးကြီးမည်ယူဆ၏။ နိုင်ငံရေးသမားသည်လည်း တခါတရံတွင် သံခင်းတမန်ခင်းတွေ ဆိုရတတ်ပြန်၏။ သူ့နယ်ပယ်အလိုက် သူ့စကားသူပြောကြတာ ပြဿနာမဟုတ်။ ပြဿနာက လွှတ်ပေးသည့်ကိစ္စအပေါ် လူတချို့က ကိုယ်တိုင်ကျေးဇူးတင်ရုံနှင့်အားမရ။ အခြားသူတို့ကိုပါ ကျေးဇူးတင်ပေးစေချင်သည့်နှယ် ပြောသံဆိုသံတွေထွက်လာခြင်း။ ဦးသိန်းစိန်အစိုးရကို ကျေးဇူးမတင်လျှင် နိုင်ငံရေးအဝါးမဝသလိုလို၊ အဆိုးမြင်ဝါဒီလိုလို ယိုးကြတာတော့ မဟုတ်သေးဟုထင်၏။ ထို့ထက်ဆိုးသည်က ကျေးဇူးတင်စကားမဆိုသူအား ကျေးဇူးတရားနားမလည်သူ၊ ကျေးစွပ်တတ်သူနှယ် ပြောဆိုခြင်းပင်။

         အခု နောက်ဆုံးအသုတ် မလွတ်ခင်တရက်ကပဲ ပုဒ်မ ၄၀၁ အပိုဒ် ၁ နှင့်စပ်၍ ဆောင်းပါးတပုဒ် ရေးဖြစ်၏။ သူတို့လွတ်သည့်နေ့မှာပဲ ဘလော့ဂ်ပေါ်တင်ဖြစ်၏။ တိုက်ဆိုင်မှုမဟုတ်။ တိုက်ဆိုင်အောင် တမင်လုပ်ယူရခြင်းဖြစ်၏။  ၄၀၁ ကိုသိသူတွေရှိသလို မသိသူတွေလည်းရှိ၏။ သိသူများမှာပင် တချို့က ဗူးလုံးနားမထွင်း ဖြစ်နေတာလေးတွေလည်းရှိ၏။ ထို့ကြောင့် ထိုဆောင်းပါးရေးဖြစ်ခြင်းဖြစ်၏။ သည်တုန်းက (ဘယ်လိုပဲလွတ်လွတ်၊ လွတ်ဖို့သာအဓိကဆိုတဲ့ အကောက်အယူနဲ့ပတ်သက်လို့တော့ လောလောဆယ်မှာ ဘာသဘောထားမှတ်ချက်မှ မပေးလိုသေးပါဘူး။ နောင်တော့ ပြောချင်ပါတယ်) ဆိုထားခဲ့ပြီး မပြောဖြစ်။ ပြောစရာမလိုလောက်တော့ဟု ထင်မိလိုက်တာလည်းပါ၏။ ခုတော့ ပြောစရာပေါ်လာ၏။ ပြောချင်လာ၏။ ထို့ကြောင့် ပြော၏။

         အရင်ဆုံးဝေါဟာရအကြောင်း ပြောကြည့်မည်တွေး၏။ ကျနော်တို့ ထောင်ထဲရှိတုန်းက "နိုင်ငံရေးအကျဉ်းသား" (နိုင်/ကျဉ်း) နှင့် "ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ"(ယုံ/ကျဉ်း) ဟူ၍ ဝေါဟာရအနက်ပေါ်အငြင်းအခုံ ယခုလောက်မပြင်းသေး။ သို့နှင့်တိုင် ပြောတော့ပြောဖြစ်ကြ၏။ တချို့က
နိုင်/ကျဉ်းဆိုသည်ကိုနှစ်ခြိုက်ပြီး တချို့က ယုံ/ကျဉ်းဆိုသည်ကို ဘဝင်ကျကြ၏။ နိုင်ငံတကာမှာပင် မည်သည့်အချက်အလက်၊ အခြေအနေနှင့်ကိုက်ညီမှ နိုင်/ကျဉ်းဖြစ်သည်ဟုသတ်မှတ်ရာ၌ မသိမသာကွဲလွဲတာတွေလည်းရှိနေ၏။ ထို့ထက်ပိုဆိုးသည်က ဗမာပြည်။ ဗမာပြည်တွင် ထိုသတ်မှတ်ချက်က ခုချိန်ထိသတ်သတ်မှတ်မှတ်မရှိ။ နိုင်ငံရေးကိစ္စတွင်ပါဝင်ပြီး အခြားပုဒ်မမျိုးစုံဖြင့် ထောင်ချခံထားရသူတွေလည်း တပုံကြီး။ နိုင်ငံရေးနှင့်မဆိုင်သော်လည်း ဆိုင်သယောင်ဆွဲထည့်လို့ရပြီး
နိုင်/ကျဉ်းတွေလွှတ်သည့်အခါ ရောင်တော်ပြန်လွတ်သူတွေလည်းအများကြီး။ ထားတော့။ ပြောရလျှင် များလိမ့်မည်။

         ယုံ/ကျဉ်းနှင့်ပတ်သက်၍လည်း သတ်မှတ်ချက်တွေ တပုံတခေါင်း။ ထိုအထဲမှ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ ယုံ/ကျဉ်းဆိုသည်မှာ --Amnesty International campaigns for the release of prisoners of conscience – people who have been jailed because of their political, religious or other conscientiously-held beliefs, ethnic origin, sex, color, language, national or social origin, economic status, birth, sexual orientation or other status -- ဟု ဆိုထား၏။ ထိုအထဲတွင် နိုင်ငံရေးကြောင့်ထောင်သွင်းအကျဉ်းချခံရသူလည်း အကြုံးဝင်၏။ ကျနော်က ရှေးနည်းနည်းဆန်သည်လား၊ သတင်းစာဆန်ဆန်ဝေါဟာရ အတီအထွင်အချို့ကို မနှစ်သက်တတ်တာလား၊ သံခင်းတမန်ခင်းဆန်လွန်းသည်ကို ဘဝင်မကျတတ်တာလား၊ ဘာလားညာလားတော့မပြောတတ်။ 
နိုင်/ကျဉ်းဆိုသည်ကိုသာ နှစ်ခြိုက်၏။ ပြောရလျှင် စာရှည်မှာစိုး၏။ ထားတော့။

         ယခု ပြန်လွှတ်ပေးလိုက်သူများတွင် နိုင်ငံရေးလုပ်ပြီး၊ နိုင်ငံရေးစွဲချက်တွေနှင့် ထောင်ချခံရပြီးမှပြန်လွတ်လာသူတွေချည်းမဟုတ်။ ရောင်တော်ပြန်တွေလည်းပါ၏။ ဤနေရာတွင် ရောင်တော်ပြန်တွေအကြောင်း ပြောလိုရင်းမဟုတ်။ နိုင်/ကျဉ်းတွေကိစ္စသာ ကွက်ပြောပါမည်။ နိုင်/ကျဉ်းတွေ ကိုဖမ်းစဉ်ကတည်းက နိုင်ငံရေးသမားလိုဖမ်းသည်မဟုတ်။ နိုင်ငံရေးသမားလို ဆက်ဆံသည်မဟုတ်။ စစ်ကြောရေးစခန်းနှင့်နှိပ်စက်ညှဉ်းပမ်းမှုများ ဘယ်သူမှမလွတ်။ အပြင်းနှင့် အပျော့သာကွာ၏။ တခါ ရုံးတင်တရားစွဲတော့ရော နိုင်ငံရေးနှင့်မဆိုင်သည့်ပုဒ်မတွေ တသီကြီးအပိုဆောင်းတပ်သေး၏။ တချို့မှာ ရှေ့နေငှားဖို့မဆိုနှင့် ကိုယ်တိုင်ထုချေလျှောက်လဲခွင့်ပင် မရကြ။ အကျဉ်းရုံးစစ်ဆေးအပြစ်ပေးခြင်းဆိုပြီး မမြင်ကွယ်ရာတွင် ထင်သလိုတရားစီရင်မှု။ ထောင်ထဲရောက်ပြန်တော့လည်း နိုင်/ကျဉ်းဟု တရားဝင်သတ်မှတ်ပြီး သီးခြားခံစားခွင့်ရပိုင်ခွင့်က မရှိသလောက်။ တခါ နိုင်/ကျဉ်းခြင်းအတူတူမှာတောင် နိုင်ငံရေးအရအရေးပါမှုအလိုက် အဆင့်သတ်မှတ်ဆက်ဆံပြန်၏။ လွတ်ရက်စေ့ဖြင့် လွတ်သည့်တိုင်(ကျနော်တို့လွတ်သည့်အချိန်က) အပြင်ရောက်တော့လည်း လွတ်လွတ်ကျွတ်ကျွတ်မဟုတ်။ သတင်းပို့ရတာ၊ သန်းကောင်စာရင်းအစစ်ခံရတာ၊ လက်မှတ်သွားသွားထိုးရတာတွေရှိသေး၏။ လွတ်ရက်စေ့မဟုတ်ပဲ နိုင်ငံရေးအမြတ်ထုတ်လို၍ လွှတ်သည့်အခါများတွင်လည်း နိုင်/ကျဉ်းတွေဆီက ရသမျှထပ်အမြတ်ထုတ်သေး၏။ ခံဝန်ထိုးခိုင်းခြင်း၊ ခြေချုပ်သဘောထားခြင်း၊ ၄၀၁ အပိုဒ် (၁) ဖြင့်လွှတ်ခြင်း။ စသည်များဖြစ်၏။ ယခုကား ၄၀၁ အပိုဒ်(၁)ဖြင့်လွှတ်ခြင်းဖြစ်၏။

         ဆိုတော့ စဖမ်းစဉ်မှ လွှတ်ရသည့်တိုင်အောင် နိုင်/ကျဉ်းသည် နိုင်/ကျဉ်းအဖြစ် အသိအမှတ်အပြုမခံကြရ။ အသိအမှတ်မပြုကြ။ တည်ဆဲဥပဒေတခုခုကို ချိုးဖေါက်သဖြင့် အပြစ်ပေးခံထားရသူများဟုသာ တွင်တွင်ဆို၏။ ထိုသူများသည် တိုင်းပြည်မငြိမ်သက်အောင် ဆူပူလှုံ့ဆော်သူများ၊ ဘာများညာများဟု အသမုတ်လည်းခံရပြန်၏။ ထိုအပြောအဆိုများ၊ အပြုအမူများ မဟုတ်မှန်ကြောင်း လူတိုင်းသိ၏။ လူထုရော နိုင်ငံတကာကပါလက်မခံ။ ဒါ့ကြောင့် "သူတို့ဘာပြောပြော ကိုယ်မဟုတ်ပြီးတာပဲ၊ အချိန်တန်တော့လည်း လွှတ်ရတာပဲမဟုတ်လား" ဆိုပြီး နေလိုက်ရုံဖြင့် မလုံလောက်ဟုမြင်၏။ မုဒိန်းလူသတ်အား ထိုအမှုဖြင့်ဖမ်း၊ ထိုအမှုဖြင့်တရားစွဲ၊ ထိုစွဲချက်ဖြင့်ထောင်ချ၊ ပြန်လွတ်လျှင်လည်း ထိုအမှုစေ့သဖြင့်သာ လွှတ်ရ၊ လွတ်ရသည်ဖြစ်၏။ သို့မှသာ တော်တည့်မှန်ကန်မည်ဖြစ်၏။

         အလားတူပင် နိုင်/ကျဉ်းတွေအား နိုင်/ကျဉ်းတွေအဖြစ်သာ တရားဝင်ဖမ်းခဲ့ရမည်ဖြစ်၏။
နိုင်/ကျဉ်းတွေအဖြစ် ဥပဒေပါခံစားခွင့်တွေ တရားဝင်အပြည့်အဝပေးခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် တရားဝင်အသိအမှတ်ပြု ဆက်ဆံခဲ့ရမည်ဖြစ်၏။ နိုင်/ကျဉ်းတွေအဖြစ် တရားဝင်လက်ခံပြီး လွှတ်ပေးခဲ့ရမည်ဖြစ်၏။ ယခု ထိုသို့မဟုတ်။ တရားဝင်မှု ဘာတခုမျှ ဘယ်နေရာမှမှမရှိ။ "မရှိ/ရှိရှိ လွတ်ပြီးတာပဲ၊ လွှတ်ပေးတာပဲ ကျေးဇူးတင်ပါဦး" ဟုဆိုပြီး ခဲခဲကပ်ကပ်ပြောခြင်းမှာ ပင်းနေသလားဟုတောင် ထင်ချင်စရာဖြစ်နေ၏။ ကျနော့်အနေဖြင့် လွတ်လာသူများနှင့် သူတို့မိသားစုများအတွက် ဝမ်းသာ၏။ ပျော်ရွှင်၏။ ကျန်နေခဲ့သူများနှင့် သူတို့မိသားစုများအတွက် ဝမ်းနည်း၏။ စိတ်ထိခိုက်၏။ လွတ်သည့်တိုင် ထိုက်ထိုက်တန်တန်မဖြစ်ခဲ့ရမှုများအတွက် နာသာခံခက်ဖြစ်၏။ ကြေကြေကွဲကွဲဖြစ်၏။

         တခါ လွတ်လာပြီးသည့်တိုင် ဗမာ့နိုင်ငံရေး၏ မည်သည့်အဆင့်များတွင် ထိုသူတို့ပါဝင်ခွင့် 
ရမည်/မရမည် ဆိုသည်ကလည်းရှိသေး၏။ ၂၀၁၀ ရွေးကောက်ပွဲမှာပင်လျှင် "နိုင်ငံတော်ပုန်ကန်လို့"ဆိုကာ တချို့ကွင်းထဲပင် ပေးအဝင်မခံခဲ့ကြရ။ သူတို့ယုံကြည်ရာ နိုင်ငံရေးသဏ္ဍန်များတွင် သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်အာမခံချက်  ဘယ်အတိုင်းအတာထိရှိမည်လဲ။ ဒါလည်း အလွန်အရေးကြီးသည့် ကိစ္စဖြစ်၏။ လွတ်လာသော်လည်း နိုင်ငံရေးထဲဝင်မပါရ လုပ်မထားတော့ဟု မည်သူက ကံသေကံမ ပြောနိုင်မည်နည်း။ ဤသို့ဆိုလျှင် လွှတ်ခြင်း၌မည်သည့်အဓိပ္ဗါယ်ရှိမည်နည်း။ နောက်တခါ နိုင်ငံရေးလုပ်လို့ ထပ်မဖမ်းတော့ပါဟု မည်သူကရော တထစ်ချပြောနိုင်မည်နည်း။ ပြန်ဖမ်းလျှင် ရော နိုင်/ကျဉ်းတွေကို
နိုင်/ကျဉ်းတွေအဖြစ် ဖမ်းတာ၊ ဆက်ဆံတာ၊ အသိအမှတ်ပြုတာ၊ ပြန်လွှတ်တာမျိုးရော ဖြစ်မှာလား။ ဖမ်းလိုက်လွှတ်လိုက်သံသရာနှင့် ပြီးနေဦးမှာလား။ မေးစရာတွေ ရှိပါသေးသည်။ တွေးစရာတွေ များပါသေး သည်။ ရှေ့လျှောက်လုပ်စရာတွေ တပုံကြီးကျန်ပါသေးသည်။ ကျေးဇူးတင်ရန် လိုပါသေးသည်။

         ကျနော်ကား ကျေးဇူးတင်လို့မရသေး။ ကျေးဇူးလည်း အတင်မစောချင်သေး။ ကျနော့်အဖို့ ကျေးဇူးတင်ချိန်မဟုတ်သေး။ မရောက်သေး။
မျိုးမြင့်ချို ဇန်နဝါရီ ၃၁၊ ၂၀၁၂
(ပထမဆောင်းပါးကို ဤနေရာများတွင်ဖတ်နိုင်ပါသည်) http://www.naytthit.net/?p=23363
http://myo-myo-myintcho.blogspot.com/2012/01/blog-post_550.html

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၅၁) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၅၁) (မျိုးမြင့်ချို) ဖေဖေါ်ဝါရီ ၂၃ ရက် ၂၀၁၂ နေ့က အာရ်အက်အေက လွှင့်ထုတ်ပြီးဖြစ်ပါ တယ်။
ဒီလိုနဲ့ ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ပြီး ရုံးခန်းဖွင့်ပွဲနဲ့ အတူ ကျနော်တို့အလုပ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးလမ်းညွှန်မှု ခံယူ၊ လူထုနဲ့တိုက်ရိုက်ထိတွေ့မှုတွေလုပ်ဖို့ စီစဉ်ကြရပါတယ်။ ခေါင်းဆောင်တွေမြို့ကလေးကိုမလာခင်မှာ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်တခေါက်ထပ်တွေ့ရပါတယ်။  တွေ့တော့ ကျနော်က မြို့ကလေးရဲ့ လူကြီး/လူငယ်အလုပ်အဖွဲ့ အခြေအနေနဲ့လုပ်နေတာတွေကို ရှင်းလင်းတင်ပြပါတယ်။ တင်ပြတာတွေဆုံးတော့မှ ဒေါ်အောင်ဆန်းစုကြည်က “ကောင်းပါတယ်၊ ဒီအတိုင်းဆက်လုပ်သွားပါ၊ ဗဟိုနဲ့တိုင်းက လူငယ်တွေနဲ့ညှိနှိုင်းပြီးလုပ်ပါ” ဆိုတာလောက်ပဲ တိုတိုတုတ်တုတ်ပြောပြီး ကျနော့်ကို ကျန်းမာရေးဂရုစိုက်ဖို့နဲ့ သတိဝိရိယထားဖို့လည်းမှာပါတယ်။ ဒါနဲ့ ကျနော့်ကို ပေးထားတဲ့စာအုပ် ပြန်ပေး၊ နှုတ်ဆက်အရိုအသေပြုပြီး ပြန်လာခဲ့ပါတယ်။

အခမ်းအနားအတွက် လူရွေးကြတော့ စစ်ဗိုလ်ဟောင်းတယောက်က သဘာပတိလုပ်ပြီး၊ ကျနော်က အခမ်းအနားမှူး လုပ်ဖို့ဖြစ်လာပါတယ်။ ဘယ်နေ့လာမယ်ဆိုတာ သိထားပြီးဖြစ်လို့ လူတွေလည်း မျှော်ရင်းနဲ့ပျော်နေကြပုံပါပဲ။ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ ရဟန်းသံဃာတွေကိုလည်း ဖိတ်ကြားရပါတယ်။ ရုံးဖွင့်ပွဲမတိုင်ခင်တရက်လောက်က နယ်မြေခံထောက်လှမ်းရေးက ကျနော့်ကိုရဲစခန်းခေါ်တွေ့ပြီး ရုံးခန်းဖွင့်ပွဲအကြောင်းပြပြီး ဆူဆူပူပူဖြစ်အောင်မလုပ်ဖို့၊ လုပ်လာရင်တော့ သူတို့အနေနဲ့လက်ပိုက်ကြည့်နေမှာမဟုတ်ကြောင်း၊ ရုတ်ရုတ်သဲသဲတွေဖြစ်လို့ ရှင်းကြလင်းကြလို့ လက်လွန်ခြေလွန်တွေဖြစ်ခဲ့ရင်တောင် သူတို့အလွန်မရှိကြောင်း စကားလုံးခတ်ပြင်းပြင်းတွေနဲ့ ခြိမ်းခြောက်သတိပေးပါတယ်။ ကျနော့်ကိုပဲ မဲပြီး အဲသလိုလုပ်တာလို့ထင်ခဲ့မိပေမယ့် တကယ်က   မြို့ကလေးရဲ့လူငယ်လှုပ်ရှားမှုတခုလုံးကို ဗြောင်ခြိမ်းခြောက် တာဖြစ်ပါတယ်။ အရပ်ထဲမှာလည်း အဲဒီပွဲကိုမသွားကြဖို့၊ သွားလို့တခုခုဖြစ်ရင် သွားသူရဲ့တာဝန်သာဖြစ်တယ် စတာမျိုးတွေနဲ့ လူတွေကိုကြိတ်ပြီးလှန့်နေတာတွေလည်း ရှိနေပါတယ်။ ကျနော်တို့လည်း လုပ်မယ့်သာလုပ်နေကြရတာပါ။ သတ်မှတ်တဲ့ရက် ရောက်လို့ ထင်သလောက်များလူမလာရင်တော့ ဒုက္ခပဲ၊ ခေါင်းဆောင်တွေကိုလည်း မျက်နှာပူစရာကြီးဖြစ်ရတော့မှာပဲ။ ကျနော်တို့လည်း သိက္ခာကျမယ်ပေါ့လေ။ အဲသလိုတွေတွေးပြီး စိတ်ထဲတော့တထင့်ထင့်ပါပဲ။

ဒီလိုနဲ့ အဲဒီနေ့ကိုရောက်လာပါပြီ။ ခေါင်းဆောင်တွေရောက်လာပြီး ဧည့်ခံအိမ်ထဲရှိနေတုန်း အပြင်မှာနဲ့ရုံးခမ်းနေရာမှာတော့ လူက ကျဲတိကျဲတောက်နဲ့ပါပဲ။ နောက်တော့ သိတ်မကြာလိုက်ပါဘူး တဆင့်စကားတဆင့်နားနဲ့ လူတွေရောက်ရောက်လာလိုက်ကြ တာမှ ရုံးခန်းဝင်းထဲတင်မကတော့ပဲ အပြင်ကလမ်းတွေပေါ်၊ သစ်ပင်တွေပေါ်၊ ကားခေါင်မိုးတွေပေါ်၊ ကားလမ်းပေါ်တွေမှာပါ ပြည့်လျှံကုန်ပါတော့တယ်။ လူတွေကို ဘယ်လိုပဲခြိမ်းခြောက်ထားပေမယ့် အချိန်တန်တော့လည်း လူတွေဟာလမ်းပေါ်ထွက်လာကြ၊ သူတို့ ခေါင်းဆောင်တွေကို လာအားပေးထောက်ခံကြတာပါပဲ။ ဒီတော့မှ ကျနော်တို့တတွေလည်း သက်ပြင်းချနိုင်ကြရတာပါ။ အခမ်းအနားမှာ ခေါင်းဆောင်တွေအနေနဲ့မှာကြားတာကတော့ ဒီမိုကရေစီရေးအတွက် ညီညွတ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ သတ္တိရှိကြဖို့၊ သွားမယ့်ပန်းတိုင်ကို မျက်ခြေအပြတ်မခံကြဖို့၊ မတူတဲ့သူတွေနဲ့ တူတဲ့အလုပ်တွေကိုတွဲလုပ်နိုင်ဖို့၊ တပ်မတော်သားတွေအနေနဲ့လည်း လူထုနဲ့တိုင်းပြည်အခြေအနေကိုနားလည်ဖို့၊ လူထုနဲ့အတူလက်တွဲလုပ်ဆောင်ဖို့ စတာတွေပဲဖြစ်ပါတယ်။ ပြီးတော့မှ လူထုထဲကနေ မေးလိုရာမေးတာကို ခေါင်းဆောင်တွေက တလှည့်စီပြန်ဖြေကြပါတယ်။ အခမ်းအနားပြီးတော့မှ ရုံးခန်းလေးထဲမှာ လူကြီး/လူငယ် အလုပ်အဖွဲ့ဝင်တွေနဲ့ခေါင်းဆောင်တွေသီးသန့်တွေ့ရပါတယ်။ သူတို့မှာကြားလမ်းညွှန်ချက်တွေနားထောင်၊ အခြေအနေတွေကိုတင်ပြ၊ မရှင်းလင်းတာတွေပြန်မေးကြပြီးတဲ့နောက် ပွဲက အေးအေးချမ်းချမ်းနဲ့ပြီးသွားခဲ့ပါတယ်။ ကျနော်တို့လည်း လုပ်ခဲ့သမျှအမောပြေပြီး စိတ်ထဲလည်းကိုယ်စီကျေနပ်မှုတွေဖြစ်ကြရပါတယ်။ မြို့ကလေးက အင်န်အယ်လ်ဒီတွေရဲ့ ထင်ရှားတဲ့လုပ်ဆောင်မှုတခုအဖြစ်လည်း တင်ကျန်ခဲ့ပါတယ်။ နယ်ခံထောက်လှမ်းရေးတွေအတွက်လည်း ကျနော်တို့အပေါ် ပိုပြီးစောင့်ကြည့်လာပါတော့တယ်။

နောက်တော့ သိတ်မကြာလိုက်ပါဘူး။ မြေနီကုန်းနှစ်ပတ်လည်အခမ်းအနား ဖြစ်လာပါတယ်။ ကျနော်တို့ဆီမှာ အဲဒီနှစ်ပတ်လည်နေ့ကို သတ်သတ်မလုပ်တော့ပဲ မြို့ထဲသွားပြီး ဗဟိုနဲ့တိုင်းနဲ့အတူတွဲလုပ်ကြဖို့ သဘောထားကျပါတယ်။ ဒါနဲ့ ကျနော်အပါအဝင် လူငယ်အလုပ်အဖွဲ့ဝင်တွေအားလုံးလိုလို သွားခဲ့ကြပါတယ်။ သတင်းပေးဖြစ်တဲ့ လူငယ်တာဝန်ခံ(၃)ကတော့ ကိစ္စတခုအကြောင်းပြပြီး ချန်နေရစ်ခဲ့ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းကနေ မြေနီကုန်းဘက်ကို ကျနော်တို့ရောက်တော့ လမ်းဆုံမှာလူတွေအတော့်ကိုစုမိနေပါပြီ။ ခဏလေးနေတော့ ဒေါ်အောင်ဆန်းစုကြည်ရောက်လာပြီး ကားပေါ်ကဆင်းကာ ပန်းခွေချပါတယ်။ လူတွေများပြီး အနားထိတိုးမပေါက်တာနဲ့ ကျနော်လည်း အဘဦးငွေလှိုင်ကား နောက်ခန်းမှာထိုင်ပြီး ကြည့်နေတုန်းမှာပဲ သေနတ်သံလေးငါးချက်လောက် ထွက်ချလာပါတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ပြီး ခြေဦးတည့်ရာပြေးကြလွှားကြနဲ့ ဝရုန်းသုန်းကားတွေဖြစ်ကုန်ပါတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ကားကို မောင်းတဲ့မောင်းသူ ပြန်ရောက်လာပြီး “ဒေါ်စုကိုဖမ်းသွားပြီ၊ ဒေါ်စုကိုဖမ်းသွားပြီ”ဆိုပြီး အမောတကောပြောရင်း အနားကလူတွေကိုလည်း ကားပေါ်တက်ခိုင်းပြီး ကားမောင်းထွက်လာပါတယ်။ ကျနော်တို့ ဋ္ဌာနချုပ်ကိုပြန်ရောက်တော့ ကျနော်တို့နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ အဘဦးတင်ဦးနဲ့အတူလူကြီးတချို့လည်း ပြန်ရောက်လာကြပါတယ်။ အဘဦးတင်ဦးကြည့်ရတာ ဒူးဂေါင်းမှာတခုခုများဖြစ် သလားတော့မပြောတတ်ပါဘူး။ ထော့နဲ့ထော့နဲ့ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲမှာတော့ ဗကသကကျောင်းသား ခေါင်းဆောင်တချို့နဲ့အတူ နိုင်ငံခြားသတင်းထောက်တချို့ကိုလည်း မြင်နေရပါတယ်။ လူတွေအားလုံးရဲ့မျက်နှာမှာ စိုးရိမ်စိတ်မှုတွေမြင်ကြရသလို ကျယ်ကျယ်လောင်လောင် ပြောဆိုနေသံတွေလည်းကြားနေရပါတယ်။

နောက်တော့ သိတ်မကြာလိုက်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ချလာပါတော့တယ်။ ချက်ခြင်းပဲ သတင်းစာရှင်း လင်းပွဲလုပ်ဖို့ စီစဉ်ကြပါတယ်။ ဒီတော့မှ အခုန ပစ်တာခတ်တာမှာ လူတယောက်ထိသွားကြောင်း၊ တစညပါတီကလူဖြစ်ကြောင်း၊ အင်န်အင်လ်ဒီလူငယ်တွေကပဲ ဆွဲယူပွေ့ထူပြီး ဆေးရုံပို့ပေးခဲ့ကြောင်းတွေသိရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

Wednesday, February 22, 2012

အချိန်စက်ယန္တရား (စေတ)

0 comments

အချိန်စက်ယန္တရား-၁

ငါ ငယ်စဉ်က စပိန်ဂစ်တာတစ်လက်ကို
အိပ်မက်မက်ခဲ့ဖူးတယ်။
အချိန်ကသာ ကွန်ဗေယာတစ်ခုလို ရွေ့လျားသွားမယ်ဆိုရင်
အတိတ်ဆီကို တစ်ပတ်ပြန်လှည့်သွားဦးမှာ သေချာတယ်။

ငါ ငယ်စဉ်က ဆံပင်ရှည်ထားဖို့
ငါ့အဖေကို တော်လှန်ခဲ့ဖူးတယ်
လပေါင်းများစွာ ဆံသဆရာနဲ့ပူးပေါင်း
တစ်လတစ်ခါ ငါ့ဆံပင်တွေကို တစ်မီလီမီတာထိချန်ညှပ်
ငါ့အဖေရဲ့အမြင်တွေကို အထပ်ထပ်လှည့်စား
နောက်ဆုံးမှာ ငါ့တော်လှန်ရေးကြီး အောင်မြင်ခဲ့ဖူးတယ်။
ငါဆံပင်ရှည်ရှည်
ငါ ဘီတဲလ်ခေတ်က လမ်းသရဲ။                     

အချိန်စက်ယန္တရား-၂

ငါ့ကိုမွေးပြီး နှစ်ပေါင်းငါးဆယ်အတွင်း
ငါဟာ ငါ့နိုင်ငံမှာ အာဏာသိမ်းမှုနှစ်ခု
လူမျိုးရေးအဓိကရုန်း နှစ်ခု
ဘာသာရေး အဓိကရုန်း တစ်ခု
အရေးအခင်း လေးငါးခု ကြုံခဲ့ဖူးတယ်

ငါ့ကိုမွေးစ
ငါလူမှန်းမသိသေးတဲ့ အချိန်မှာ
ပါလီမန် ဒီမိုကရေစီသစ်ပင်ဟာ
ညှိုးလျော် ခြောက်နွမ်းအားကုန်ခမ်းခဲ့တယ်

ငါ အသက်သုံးဆယ့်သုံး
၁၉၉၀ ရွေးကောက်ပွဲတုန်းက
စစ်မှန်တဲ့ ဒီမိုကရေစီကိုမျှော်မှန်း
တစ်မျိုးသားလုံး လူ့အခွင့်အရေးကြိုးပမ်းမှုတစ်ခု
ငါတို့ယုံကြည်တဲ့ ပါတီအတွက် မဲပေးခဲ့ကြတယ်
စစ်ဘက်အရပ်ဘက်က မဲပေးခွင့်ရှိသူတွေ
တစ်ခဲနက် ပေးခဲ့ကြတဲ့မဲ
ငါတို့ နိုင်တဲ့ မဲအရေအတွက်က ရှစ်ဆယ်ရာခိုင်နှုန်းကျော်ပဲ။

ဒါပေမယ့်
တကယ့်အဖြစ်ကနေ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားတာ
ပုံပြင်တစ်ခုဖြစ်သွားတာ
အားလုံးအတွက် သင်ခန်းစာတစ်ခု
ငါ့အတွက်တော့ ငါ့ဘ၀မှာ ပထမဆုံး အတွေ့အကြုံဆိုးတစ်ခု။

ငါ ငယ်စဉ်က  စပိန်ဂစ်တာတစ်လက်ကို
အိပ်မက်မက်ခဲ့ဖူးတယ်
အချိန်ကသာ ကွန်ဗေယာတစ်ခုလို ရွေ့လျားသွားမယ်ဆိုရင်
အတိတ်ဆီကို တစ်ပတ်ပြန်လှည့်သွားဦးမှာ သေချာတယ်။            

အချိန်စက်ယန္တရား-၃

လူ့အခွင့်အရေးက မဂ္ဂါဟာ့ဇ်တစ်ခုနဲ့
အခန်းကျဉ်းကလေးတွေထဲကနေ
ပိတ်လှောင်ထားတဲ့ နံရံတွေကနေ
ယမ်းငွေ့တွေဝေနေတဲ့ အရပ်ဒေသတွေကနေ
ကမ္ဘာ့ငရဲခန်းစက်ရုံတွေကနေ
လူကုန်ကူးမှုယန္တရားတစ်ခုကနေ
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာလူကြီးမင်းတွေရဲ့
ဆဲလ်ဖုန်းတွေဆီ ရောက်သွားတယ်
ပြီးတော့ ဆီနိတ်တာတွေရဲ့ ပါးစပ်တွေ
နှာခေါင်းတွေထဲကနေ
တီကောင်တွေအဖြစ် ပြန်ထွက်လာခဲ့။

လူသေတချို့က သေရာကနေ ပြန်ရှင်လာခဲ့ကြပြီး
သူတို့ရဲ့အဖြစ်အပျက်တွေကို ဖွင့်ဟဖို့
CNN နဲ့ အယ်လ်ဂျာဇရီးယားတို့လို ရုပ်သံလိုင်းတွေမှာ
တန်းစီနေကြလိမ့်မယ်။

အချိန်ကသာ ကွန်ဗေယာတစ်ခုလို ရွေ့လျားသွားမယ်ဆိုရင်
အတိတ်ဆီကို တစ်ပတ်ပြန်လှည့်သွားဦးမှာသေချာတယ်
ငါ ငယ်စဉ်က စပိန်ဂစ်တာတစ်လက်ကို အိပ်မက်မက်ခဲ့ဖူးတယ်။

ဂျွန်လင်နွန်ရဲ့ “imagine” သီချင်းကို
ပြည်သူတွေနဲ့ အတူတူသီဆိုဖို့
ဘော့မာလေးရဲ့ ‘Get up! Stand up!’ သီချင်းကို
ဘ၀တူတွေနဲ့ အတူတူသီဆိုဖို့
ငါတို့ တစ်ကမ္ဘာလုံးငြိမ်းချမ်းသာယာဖို့။

အသက်ငါးဆယ်ကျော်မှ အသေအချာသိလိုက်တယ်
လူ့အခွင့်အရေးဆိုတာ ဈေးဆစ်လို့မရဘူး
တောင်းရမ်းလို့မရဘူး
အသနားခံလို့မရဘူး
အချိန်ကသာ ကွန်ဗေယာတစ်ခုလို ရွေ့လျားမယ်ဆိုရင်
အတိတ်ဆီကို တစ်ပတ်ပြန်လှည့်သွားဦးမှာသေချာတယ်။ 

စေတ
(ယူတာက)http://www.kaungkin.com/index.php?option=com_content&view=article&id=721:2012-02-21-21-54-09&catid=34:2009-04-17-00-31-18&Itemid=77

Sunday, February 19, 2012

တောင်သမန်လေရဟတ် ဘယ်သူတွေရပ်ပြစ်သလဲ (လူထုစိန်ဝင်း)

0 comments

တောင်သမန်လေရဟတ် ဘယ်သူတွေရပ်ပြစ်သလဲ (လူထုစိန်ဝင်း)
နိုင်ငံခြားသားဧည့်သည်တစ်ယောက် သူ့ကိုယ်သူမိတ်ဆက်ပြီး ရောက်လာပါတယ်။ သူက စာရေးဆရာတစ်ယောက်ပါ။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့အော်ဝဲလ်အကြောင်း စာတစ်အုပ်ရေးဖို့ ရောက်လာတာလို့သိရတယ်။
မြန်မာလူမျိုးများရဲ့အပြုံး


အတော်ကြာအောင်နေပြီး သူသိချင်တာတွေမေး၊ ဓာတ်ပုံတွေရိုက် လုပ်ပါတယ်။ သူက ညနေကားနဲ့ မန္တလေးသွားမှာပါ။ ပြီးရင် ဂျော့အော်ဝဲလ်ရောက်ခဲ့တဲ့ ကသာဘက်ထိသွားမယ်လို့ ပြောသွားတယ်။ နှစ်ပတ်လောက်ကြာတော့ သူပြန်လာပြီး နက်ဖြန်ပြန်တော့မယ်လို့ နှုတ်ဆက်တယ်။ ကသာထိရောက်အောင် သင်္ဘောစီးသွားခဲ့ရတဲ့ခရီးစဉ်ကို တော်တော်ကျေနပ်နေပုံရတယ်။ ပတ်ဝန်းကျင်ကသိပ်လှတာပဲလို့ ထပ်ခါတလဲလဲပြောရင်း တွေ့သမျှ မြန်မာလူမျိုးတိုင်းကပြုံးနေကြတာကိုလည်း သိပ်သဘောကျတယ်။ မယုံနိုင်လောက်အောင်အံ့သြရတယ်လို့လည်း ပြောပြတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ တော်တော်လေး မကျေမနပ်ဖြစ်နေတာတစ်ခုလည်း တွေ့ခဲ့ရတဲ့အကြောင်း ပြန်ခါနီးမှာဖွင့်ဟသွားတယ်။
ဖုန်တလုံးလုံးနဲ့ လှည်းတစ်စီး


ဘာကိုမကျေနပ်တာလဲလို့မေးလိုက်တော့ သူ့ကျောပိုးအိတ်ကြီးထဲက ခရီးသွားလမ်းညွှန်စာအုပ်ကိုထုတ်ပြီး ဓာတ်ပုံတစ်ပုံကိုပြတယ်။ ဦးပိန်တံတားကြီးရဲ့အောက်က ဖုန်တလုံးလုံးကြားမှာ လှည်းတစ်စီးမောင်းသွားတဲ့ပုံ ဖြစ်နေတယ်။ မဲနယ်လိုပြာနေတဲ့ အပြာရောင်ကောင်းကင်ကြီးအောက်မှာ တလိပ်လိပ်တက်နေတဲ့ ဖုန်လုံးကြီးတွေနဲ့ အသော့နှင်နေတဲ့နွားလှည်းလေးဟာ ဓာတ်ပုံထဲမှာတော့လှချင်တိုင်းလှနေတယ်။ ၀ါဂွမ်းလိုဖွေးနေတဲ့ အဖြူရောင်တိမ်လိပ်တွေနဲ့ မြေပြင်ကတက်သွားတဲ့ဖုန်လုံးကြီးတွေ ထိစပ်နေပုံကိုကြည့်ပြီး 'မိုးထိအောင်လှေခါးထောင်'ဆိုတဲ့ စကားစလေးကို သတိရလိုက်မိတယ်။
လိမ်ညာပြီးကြော်ငြာသလို


ဓာတ်ပုံထဲကရှုခင်းကိုကြည့်ချင်လို့ ဓာတ်ပုံနဲ့ဗီဒီယိုတွေအများကြီး ရိုက်ယူသွားချင်လို့သွားခဲ့တာ ရေတွေပြည့်နေတဲ့တောင်သမန်ကန်ကြီးကိုပဲတွေ့ခဲ့ရလို့ သွားရကျိုးမနပ်တဲ့အကြောင်း ဗြစ်တောက်ဗြစ်တောက်နဲ့ သူပြောလို့မပြီးနိုင်ဖြစ်နေပါတော့တယ်။ ဒါဟာ လိမ်ညာပြီးကြော်ငြာသလို ဖြစ်မနေဘူးလားလို့လည်း မေးခွန်းထုတ်လိုက်သေးတယ်။ သူပြတဲ့ 'လမ်းညွှန်' စာအုပ်ထဲကဓာတ်ပုံဟာ နှစ်အတော်ကြာကြာကရိုက်ယူထားတဲ့ပုံဖြစ်တဲ့အကြောင်း အခုအခါတောင်သမန်အင်းဟာ တစ်နှစ်ပတ်လုံးရေတွေရှိနေတဲ့ကန်ကြီးအဖြစ်ပြောင်းလဲပစ်လိုက်တာဖြစ်ကြောင်း သူ့ကိုရှင်းပြလိုက်တယ်။
ကယ်ကြပါဦးတဲ့
သူနဲ့ တောင်သမန်အကြောင်းပြောပြီးနောက်တစ်နေ့မှာ ကလျာမဂ္ဂဇင်းက ဆရာမဒေါ်ကလျာက စာလေးတစ်စောင်ရေးပို့လိုက်လို့ ဖတ်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် တောင်သမန်အကြောင်းပဲဖြစ် နေတာတွေ့လိုက်ရတယ်။ ဆရာမကစာထဲမှာ မတ်လထုတ်ကလျာက ဆရာမရဲ့ 'ကယ်ကြပါဦး' ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးထားတဲ့ဆောင်းပါးကိုဖတ်ကြည့်ပြီး တောင်သမန်ကိုဝိုင်းပြီးကယ်ကြပါဦးလို့ တပ်ကူတောင်း ထားပါတယ်။ ဆရာမဆီက စာရောက်မလာခင်ကတည်းက ဆောင်းပါးကိုဖတ်ပြီးပါပြီ။ ဖတ်ပြီး တော်တော် စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်။ တောင်သမန်ဆိုတာ ကိုယ်သံယောဇဉ်ရှိတဲ့နေရာမို့ မဟုတ်ပါဘူး။ နေရာတကာ စီးပွားရေးအဓိကလုပ်နေကြတဲ့လူသားများရဲ့ မိုက်မဲစွာလောဘဇောတိုက်မှုတွေကြောင့် တိုင်းပြည်ရဲ့ ရေမြေတောတောင်သဘာဝတွေမြစ်ချောင်းအင်းအိုင်တွေ ပျက်စီးချင်တိုင်းပျက်စီးတာတွေကို တွေးမိလို့ပါ။
ဝါးဘလောက်သောက်မြစ်သေဆုံးခြင်း


အမျိုးသားတွေအမွေအနှစ်ဖြစ်တဲ့ အင်းလေးကန်ကြီးတစ်နှစ်ထက်တစ်နှစ်ပိုပြီး 'ကော' လာနေတဲ့အတွက် အင်းလေးကန်ကယ်တင်ရေးကို အပူတပြင်းလုပ်ဆောင်နေကြရတဲ့သတင်းတွေလည်း ကြားနေရတယ်။ နိုင်ငံတကာကတောင် ၀ိုင်းပြီးကူညီနေရတဲ့အခြေအနေဖြစ်နေပြီ။ ဒုဋ္ဌ၀တီ၊ ဇော်ဂျီ၊ ပန်းလောင်ဆိုတဲ့ သီချင်းစာသားလေးထဲက ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်တို့ဆိုရင် ဒီခေတ်မန္တလေးကလူငယ်တွေ ဘယ်နေရာမှာ ရှိမှန်းတောင်မသိကြတော့ဘူး။ စမုန်မြစ်၊ စမာမြစ်တို့ဆို ကြားတောင်မကြားဖူးကြတော့ဘူး။ အောက်ပြည် အောက်ရွာမှာလည်း အတူတူပါပဲ။ မနှစ်လောက်က ဆဲဗင်းဒေးဂျာနယ်မှာ စာရေးဆရာမောင်သာချိုရေးခဲ့တဲ့ '၀ါးဘလောက်သောက်မြစ်သေဆုံးခြင်း' ဆိုတဲ့သတင်းဆောင်းပါးလေးကို ရင်နာစွာနဲ့ ကောင်းကောင်းမှတ်မိ နေတယ်။
မဆိုင်သလိုနေခဲ့ကြ


မောင်သာချိုတို့ငယ်စဉ်က မြို့ကိုလာတဲ့အခါ ၀ါးဘလောက်သောက်မြစ်ကို လှေနဲ့ဖြတ်ကူးရတယ်။ အခုတော့ လှည်းနဲ့ဖြတ်ကူးနေရပြီလို့ ရေးထားတယ်။ နောက်သိပ်မကြာဘူး ဂျာနယ်တွေထဲမှာ ပန်းလှိုင်မြစ်လည်း ကောနေပြီ။ နွေအခါဆို လှည်းနဲ့ဖြတ်မောင်းလို့ရနေပြီလို့ ဓာတ်ပုံနဲ့တကွဖော်ပြထားတာတွေ့ရပြန်တယ်။ မနေ့က ဂျာနယ်ထဲမှာလည်း သောင်တွေကြောင့် စစ်ကိုင်းနဲ့ရွှေကြက်ယက်ဘက်မှာ သင်္ဘောတွေသတိထား ခုတ်မောင်းနေရတယ်လို့ ဖတ်လိုက်မိသေးတယ်။ လွန်ခဲ့တဲ့ ဆယ့်လေး၊ ငါးနှစ်၊ အနှစ်နှစ်ဆယ်လောက် ကတည်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေက သတိပေးနှိုးဆော်မှုတွေအမျိုးမျိုး လုပ်နေကြပေမယ့် လူတွေက ကိုယ့်ဆီမှာသိသိသာသာမထိခိုက်သေးတော့ ကိုယ်နဲ့မဆိုင်သလို ပေါ့ပေါ့ပဲ သဘောထားခဲ့ကြတယ်။
အများကြီးနောက်ကျသွား


သတိထားရကောင်းမှန်းသိတဲ့ အချိန်ရောက်တော့ အများကြီးနောက်ကျသွားပြီ။ ၀ါးဘလောက်သောက်တို့ ပန်းလှိုင်တို့လို မကယ်နိုင်တော့ဘူး။ အင်းလေးကန်ကြီးလည်း ကယ်လို့ရပါဦးတော့မလား။ ဧရာဝတီတို့၊ ချင်းတွင်းတို့တောင် အန္တရာယ်ရှိနေပြီဆိုတော့ အင်းလေးအတွက် ရင်လေးနေမိတယ်။ စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုတွေနဲ့ မြို့ပြဖြစ်ထွန်းမှုတွေကြောင့် မြို့နေလူတန်းစားတွေအတွက် လေရှုဖို့တောင်အခက်အခဲ ရှိလာတယ်။ မြို့ထဲမှာက ဓာတ်ဆီနံ့၊ ဒီဇယ်နံ့တွေ အညှော်ပေါင်းစုံအနံ့တွေနဲ့ လေကောင်းလေသန့် မရှုရဘူး။ ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ မိုးလင်းကမိုးချုပ် တကုပ်ကုပ်နဲ့ကုန်းရုန်းပြီး အလုပ်လုပ်ကြရလေတော့ တစ်ခါတစ်ခါ စိတ်ရောကိုယ်ပါ အနားယူအပန်းဖြေဖို့ မလုပ်မဖြစ်လုပ်ဖို့လိုအပ်တယ်။
တောပန်းတောင်ပန်းတွေခူးရတာ


ရှေးက မန္တလေးမှာဆိုရင် အပန်းဖြေစရာနေရာတွေ အများကြီးရှိတယ်။ ရန်ကင်းတောင်၊ ရေတံခွန်တောင်၊ သမခင်မတောင်တို့ဘက်သွားရင်လည်း တောင်တန်းတွေတောအုပ်တွေနဲ့ တောပန်းတောင်ပန်းတွေ လိုက်ခူးရတာကိုက ပျော်စရာ။ ဆည်တော်ကြီးတို့၊ ဆည်တော်လေးတို့ဘက် ပျော်ပွဲစားထွက်ရင်း ရေချိုးရတာလည်း နွေအခါဆိုသိပ်အရသာရှိတယ်။ ရွှေစာရံဘက်ဆိုရင်တော့ပြောမနေနဲ့ တောကြီးမျက်မည်းထဲသွားရသလို သရက်ပင်အုပ်တွေက နေပျောက်မထိုးဘူး။ သားကောင်တွေ တွေ့တတ်လို့ လူအုပ်တောင့်မှ သွားရဲတယ်။ နားဋောင်းကျချောင်းရေကလည်း တောင်ပေါ်က စီးဆင်းလာတာဆိုတော့ အေးစိမ့်နေတာ။
အေးလည်းအေး သန့်လည်းသန့်
တောင်သမန်ကတော့ သွားရေးလာရေးအလွယ်ကူဆုံးမို့ လူသူအရောက်အပေါက် အများဆုံးဖြစ်တယ်။ ဥပုသ်နေ့တွေဆို မိသားစုပျော်ပွဲစားထွက်သူတွေနဲ့ နွေမိုးဆောင်းပြတ်တယ်မရှိဘူး။ တောင်သမန်က သုံးရာသီလုံး ပျော်စရာကောင်းတယ်။ နွေမှာလည်း နွေမို့ ပျော်စရာကောင်းတယ်။ ကိုင်းခင်း၊ ယာခင်းတွေထဲ ဆင်းပြီး ပြောင်းဖူးချိုးကြ၊ ကြံချိုးကြ၊ သခွားသီးဆွတ်ကြနဲ့ နေရာတိုင်းလူတွေတရုန်းရုန်းပဲ။ ခုခေတ်လို စားသောက်ဆိုင်တွေမရှိတော့ ကိုင်းထဲယာထဲကပဲ ရှာဖွေစားသောက်ကြရတယ်။ ပူတယ်လေဆယ်နေကဲ လို့ဆိုရတဲ့ အညာနွေဖြစ်ပေမယ့် မယ်ဇယ်ပင်တွေကြား ဖြတ်တိုက်လာတဲ့လေကတော့ အေးလည်း အေးတယ်။ သန့်လည်း သန့်တယ်။ အမောပြေသွားစေတယ်။
ကောက်ညှင်းပေါင်းနဲ့ ဘယာကြော်



မိုးကျတော့ရေအပြည့်နဲ့ အင်းပြင်ကြီးကိုဖြတ်တိုက်လာတဲ့လေဆိုတော့ ရင်ထဲအထိကို အေးမြသွားရတယ်။ အင်းထဲမှာ လှေစီးပြီးမြူးကြတယ်။ ငါးဖမ်းရောင်းသူတွေဆီကငါးဝယ်ပြီး လတ်လတ်ဆတ်ဆတ်ကင်စားရတဲ့ အရသာကလည်း ဘာနဲ့မှမလဲနိုင်အောင်ကောင်းတာ။ ဆောင်းရောက်တော့လည်း ကန်ရေပြင်ထက်က မြူနှင်းပြယ်စမြင်ကွင်းက ကြည့်မ၀အောင်ကိုလှတာဖြစ်တယ်။ နေထွက်ပြူစ တံတားပေါ်လမ်းလျှောက်ရင်း ရောင်းဖို့ထွက်လာတဲ့ ကောက်ညှင်းပေါင်းသည်ဆီက အငွေ့တထောင်းထောင်းကောက်ညှင်းပေါင်းနဲ့ အကြော်သည်ဆီက ဘယာကြော်တို့ကလည်း မမေ့နိုင်စရာဖြစ်တယ်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာမဟုတ်ပါ ဘူး။ မြစ်ဝကျွန်းပေါ်သား ဆရာဒေါက်တာသန်းထွန်းတို့၊ ဆရာမဒေါ်ကလျာတို့ဆိုရင် တောင်သမန်ကို ချစ်ကြလွန်းလို့ ညအိပ်ညနေ ရက်ပေါင်းများစွာနေပြီးကို  စာတွေရေးကြတယ်။

သုံးဖန်လှမဟုတ်တော့
အခုတော့ တောင်သမန်လည်း နဂိုရည်ပျက်ယွင်းခဲ့ပြီ။ ကဗျာဆရာ မောင်မြတ်မှိုင်းရေးခဲ့သလို 'သုံးဖန်လှ' မဟုတ်တော့ဘူး။ လူသားများရဲ့ အသိညာဏ်ကင်းမဲ့မှုကြောင့် အရုပ်ဆိုးအကျည်းတန်သွားပြီ။ ဆရာမ ဒေါ်ကလျာ မချိတင်ကဲရေးထားတာကို ဖတ်ကြည့်စေချင်တယ်။'ယခုအချိန်မှာဖြင့် တောင်သမန်သည် သစ္စာမဲ့ခဲ့ပြီ။ တောင်သမန်ရေတိုးခြင်း၊ ဧရာဝတီဆီအထိရေဆင်းခြင်းစသောလည်ပတ်မှုများ လုံးဝမရှိတော့ပါ။ ငါးမွေးမြူရေးလုပ်ရန်အတွက် ရေ၀င်ရေထွက်ခြင်းများကို လုံးဝပိတ်ဆို့ ကာရန်ထားလိုက်ကြခြင်းကြောင့် ရေသေကန်ကြီးဖြစ်သွားခဲ့ရပါပြီ။ ရေမစီးနိုင်တော့ခြင်းကြောင့် ရှိသမျှအမှိုက်များအားလုံး ဤရေထဲမှာဝင်နေခြင်းကြောင့် ရေညစ်ညမ်းမှုကြီးက ဆိုးသွမ်းလွန်းလှပါဘိ။'
ခြင်တွေဝိုင်းဝိုင်းလည်


'ရေသေဖြစ်သွားသည့်အတွက် ဘယ်တုန်းကမှခြင်ထောင်ထောင်၍မအိပ်ရသော တောင်သမန်အနီးမှ အဆောက်အအုံအားလုံးတွင် ခြင်တွေက သပ်ချလို့ရအောင်ဝိုင်းဝိုင်းလည်ပြီး လူတစ်ကိုယ်လုံးလည်း ရစရာမရှိအောင် ခြင်ကိုက်ဖုများနှင့်နပမ်းလုံးခဲ့ရပါသည်' ဆရာမဒေါ်ကလျာရေးသလို ရေသေဖြစ်သွားတော့ ရေသိုးနံ့ညှီစို့စို့ကြီးက အော်ဂလီဆန်စရာကောင်းလှပါတယ်။ ဆရာမဒေါ်ကလျာက နောက်ဆုံးမှာ တစ်နိုင်ငံလုံးကပြည်သူတွေ ဧရာဝတီကိုဝိုင်းပြီးကယ်တင်ခဲ့ကြသလို တောင်သမန်ကိုလည်း ကယ်ကြပါဦးလို့ ရင်ကွဲနာနဲ့ သံကုန်ဟစ်ထားရှာပါတယ်။
သေသူကိုရှင်သူတရ


တောင်သမန်သားတို့ရင်ထဲက
သုံးဖန်လှရဟတ်
ဘယ်သူတွေရပ်ပစ်နိုင်မတုန်း။

ကဗျာဆရာမောင်မြတ်မှိုင်းတစ်ယောက် သူမြတ်နိုးလှတဲ့သုံးဖန်လှတောင်သမန်ကို အခုအချိန်မှာ မြင်တွေ့မသွားရတဲ့အတွက် ကံကောင်းသွားတယ်လို့တောင် ဆိုရမလိုပဲ။ ဒါမျိုးတွေကြောင့်ပဲ သေသူကို ရှင်သူက တရတယ် ဆိုတဲ့စကား ဖြစ်ပေါ်လာရတာထင်ပါရဲ့။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ ကြောင်ဖြူကြောင်မည်း စီးပွားရေးသမားတွေက လောဘဇောတိုက်ပြီး တောင်သမန်ရဲ့သုံးဖန်လှရဟတ်ကို ဇွတ်အတင်းကြီးရပ်ပစ်လိုက်ကြပြီလေ။
ရေးတာက လူထုစိန်ဝင်း
ယူတာက http://www.weeklyeleven.com/index.php?option=com_content&view=article&id=12405%3A2012-02-19-05-15-04&catid=78%3A2009-11-13-06-25-17&Itemid=135#.T0Cu7qMstjk.facebook

Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ်(၂) မျိုးမြင့်ချို

0 comments

Air Force One၊ မန္တလေးနှင့် Dayton တက္ကသိုလ် (ဆောင်းပါး ၂) မျိုးမြင့်ချို
       ချက်ခြင်းပင် ဒီ (The Mandalay Banquet and Catering, Co) အကြောင်း 
အွန်လိုင်းတွင်ရှာကြည့်မိ၏။ သူတို့ ဝက်ဘ်ဆိုက် http://www.mandalaycatering.com/ တွင် ရှာကြည့်တော့လည်း ထိုကုမ္ဗဏီနှင့်စပ်၍နောက်ခံ အကြောင်းအရာ များများစားစားမတွေ့ရ။ ကျနော်သိချင်တာတွေက ဒီကုမ္ဗဏီကို ဘယ်သူက၊ ဘယ်တုန်းကဘယ်လိုစ၊ ဘာလို့ မန္တလေးဆိုသည့်အမည်ကိုမှ တခုတ်တရရွေးခဲ့ရ စတာမျိုးတွေဖြစ်၏။ သို့သော်မတွေ့။ အခြားကြော်ညာဝန်ဆောင်မှု ဝက်ဘ်ဆိုက်များတွင်လည်း မတွေ့ရပြန်။ တွေ့ရသည်က နေရာညွှန်းလိပ်စာ၊ ပေးသည့်ဝန်ဆောင်မှု၊ ယူမည့်ငွေပမာဏ၊ နံမည်ကြီးတချို့၏ ဝန်ဆောင်မှုကောင်းကြောင်းပေးထားသည့်မှတ်ချက်တချို့ စသည်တို့သာ။ ကုမ္ဗဏီ၏ လုပ်ငန်းသဘောကိုပြောရလျင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာရေး(မင်္ဂလာဆောင်၊ စေ့စပ်ပွဲ) စသည့် လူကုံတန်တည်ခင်းဧည့်ခံပွဲကြီးများအား အခမ်းအနားအလိုက် ကိုက်ညီမည့်အနေအထားဖြင့် ဝှဲချီးကျင်းပပေးရန်သာဖြစ်၏။ ဤတွင် သည်မန္တလေးနှင့်စပ်၍သိလိုစိတ်ကို ဘေးချထားလိုက်ရတော့၏။ သို့သော် မန္တလေးအမည်ကို အမေရိကန်ရနံ့နှင့်တွဲပြီးရသည်ကတော့ ထူးခြားသည်ထင်၏။ 
အင်္ဂလန်မှာဆိုလျှင်တောင် ဒီလောက်ထူးခြားမှာမဟုတ်ဟုလည်း တွေးမိပြန်၏။ အမေရိကန်တွေထက် ဗြိတိသျှတွေက မြန်မာ့အကြောင်းကိုပိုပြီး စီးစီးပိုးပိုးနှင့်လက်ပွန်းတတည်းရှိခဲ့ဖူး၏။ ဒါတင်မက အင်္ဂလန်ကပြတိုက်ကြီးတွေမှာက မြန်မာ့သမိုင်းဝင်ပစ္စည်းများ၊ အနုပညာလက်ရာများ၊ ထီးသုံးနန်းသုံးထည်များလည်းရှိသေး၏။ သီပေါမင်းဖင်နွေးအောင်ပင်မထိုင်လိုက်ရသည့် သီဟာသနပလ္လင်တောင် မနည်းပြန်တောင်းမှရခဲ့သည် မဟုတ်လား။ စုလစ်မွန်းချွန်၊ ကျုံး၊  ပြဿဒ်၊ မြို့ရိုးနှင့် ထီးကျိုးစည်ပေါက်ခဲ့သည့် မန္တလေး၊ အချုပ်တန်း ဆရာဖေ၊ နန်းရှေ့တင်၊ မြို့မငြိမ်းနှင့်ငွေငန်းဖြူ၊ ရွှေခြေကျဉ်း၊ ဈေးချိုတော်နှင့် ကျနော်ကျနော်နဲ့ပြောတဲ့မြိ့သူတွေရဲ့ မန္တလေး၊ ယခင်က နန်းဆန်ဆန် နန်းဟန်နှင့်မူပိုခဲ့ရာ မန္တလေး။ ခုတော့ ဂန္ဓာလရာဇ်တို့၏ ဘုံရိပ်သာဆန်ဆန် မန္တလေး။ အတွေးတွေက မန္တလေးမှ အဝေးပြေးအမြန်လမ်းမကြီး I-75 ပေါ်ပြန်ရောက်လာ၏။
       သည်လိုနှင့် နာရီဝက်သာသာမောင်းလာခဲ့ကြပြီးနောက် Ohio လေတပ်အခြေစိုက်စခန်း ပင်မဂိတ်ကြီးသို့ရောက်လာ၏။ လုံခြုံရေးတာဝန်ရှိသူတွေက မှတ်ပုံတင်တို့ဘာတို့ တောင်းယူကြည့်ပြီးနောက် ပြတိုက်ကြီးရှိရာလမ်းညွှန်ပေးလိုက်သဖြင့် ဆက်မောင်းလာရင်း (National Museum of United States Air Force) ကိုရောက်လာ၏။ ပြတိုက်ဝင်းကြီး၏အဝင်ဂိတ်က ဖွင့်ရက်သား။ လုံခြုံရေးဝန်ထမ်းမရှိ။ ဝင်ကြေးမရှိ။ အစစ်အဆေးမရှိ။ တံခါးမရှိ ဓါးမရှိဟုဆိုရမည်လားမပြောတတ်။ ကားပေါ်ကဆင်းဆင်းခြင်း 
ရှေ့တည့်တည့်ပလက်ဖေါင်းပေါ်က ကျောက်သားထိုင်ခုံလေးတွင် ထွင်းထားသည့်စာများဆီသို့ မျက်စေ့ရောက်သွား၏။ စာသားက (20 TH TAC RECON SQDN 1942-  CHINA - BURMA - INDIA 1992)ဆိုပါလား။ ဘာပါလိမ့်ဆိုပြီး သိချင်လာပြန်၏။ အထဲရောက်ရင်တော့ မေးမြန်းကြည့်ဦးမှဟု တွေးမိသော်လည်း မေးမလာဖြစ်ခဲ့။ ကြည့်စရာနှင့်သိစရာတွေများပြီး မေ့သွားခြင်းပင်။ ပြတိုက်ဧည့်ကြိုနေရာရောက်တော့ မှတ်ပုံတင်ပြ၊ ဧည့်မှတ်တမ်းလက်မှတ်ထိုးနေတုန်း အနောက်တိုင်းဝတ်စုံသပ်သပ်ရပ်ရပ်နှင့် ရင်ဘတ်တွင်လေတပ်တံဆိပ်များတပ်ထားသည့် အသက် ၆၀ ခန့်ပုဂ္ဂိုလ်တဦးကအနားလာကာ ဖော်ဖော်ရွေရွေဖြင့် "Sir, how are you doing?" "You are welcome." တွေဘာတွေနှင့်နှုတ်ဆက်ရင်း ကျနော့်ရင်ဘတ်ကိုလည်းကြည့်၏။ ဒီတော့မှ ကိုယ့်ကိုယ်ကိုယ်ပြန်သတိထားမိ၏။ ကျနော် ထိုနေ့က အပေါ်ဝတ်အနွေးထည်သဘော ဝတ်သွားသည်က U.S Air Force ပျောက်ကြား စစ်ဂျက်ကက်။ လက်မောင်းမှာက အရစ် ၃ ရစ်နှင့်။ သူက ကျနော့်ကို အမေရိကန်လေတပ်မှ တပ်ထွက်ဟုထင်ပြီး တရင်းတနှီးနှုတ်ဆက်ခြင်းပင်။ ချက်ခြင်းပြန်၍ "ကျနော်အမေရိကန်လေတပ်က တပ်ထွက်မဟုတ်ကြောင်း၊ သည်ဂျက်ကက်ကို အမှတ်မထင်ဝတ်လာဖြစ်ခဲ့ကြောင်း၊ ဗမာ့တပ်မတော်စစ်အင်္ဂျင်နီယာတပ်မှ တပ်ထွက်ဖြစ်ကြောင်း၊ ရှေ့တန်းတွင် ဒဏ်ရာရခဲ့တာဖြစ်ကြောင်း၊ အမေရိကားသို့ နိုင်ငံရေးဒုက္ခသည်အဖြစ် လွန်ခဲ့သည့် ၄ နှစ် ခန့်ကရောက်လာသူဖြစ်ကြောင်း" တွေ တသီကြီးရှင်းပြရ၏။ စိတ်ထဲတွင်လည်း သည်ဂျက်ကက်ဝတ်လာမိတာကို ရှက်ကို့ရှက်ကန်းဖြစ်မိ၏။ ကျနော် ကမန်းကတမ်း ပြန်ရှင်းပြနေတာတွေနားထောင်ရင်း ဇနီးသည်က ပြုံးစေ့စေ့လုပ်နေ၏။ ထိုပုဂ္ဂိုလ်က "ဘာပဲဖြစ်ဖြစ် ဘယ်နိုင်ငံကစစ်သားဖြစ်ဖြစ်ပါ၊ စစ်သားဟောင်းချင်း ခုလို မထင်မှတ်ပဲတွေ့ဆုံရလို့ဝမ်းသာ" ကြောင်း ဖက်လှဲတကင်းဆို၏။ နောက်တော့ ပြတိုက်ထဲလှည့်ပတ်ကြည့်ရန် လျှပ်စစ်ဘီးတပ်ကုလားထိုင်လိုမလား ဟုမေး၏။ ဒီကပြတိုက်တိုင်းတွင် မသန်မစွမ်းသူတွေအတွက် ထိုအတိုင်းစီစဉ်ထားကြသည်ချည်းသာဖြစ်၏။ ဇနီးက ကိုယ်လက်လေ့ကျင့်ခန်း အညောင်းပြောအညာပြေသဘောမို့ လက်တွန်းဘီးတပ်ကုလားထိုင်သာ ယူမည်ဖြစ်ကြောင်းပြောတော့ သူတို့ကပြုံးကြပြန်၏။ သို့ဖြင့် ကျနော်တို့ လှည့်ပတ်ကြည့်ကြ၏။ပြတိုက်ဆိုသော်လည်း ဒီပြတိုက်ကထူးခြား၏။ နေရာတကာမှန်တွေဘာတွေကာထား၊ ဖုံးထားတာမရှိ။ နေရာ အချို့လောက်ကိုသာ "မထိရ၊ မကိုင်ရ" ရေးထားသော်လည်း အများစုကိုကိုင်ကြည့် ထိကြည့်လို့ရ၏။ ဓါတ်ပုံမရိုက်ရနေရာ မရှိ။ နေရာတိုင်းတွင် ဓါတ်ပုံရိုက်လို့ရ၏။ အခြားပြတိုက်ကြီးတွေလို အထပ်အမြင့်ကြီးတွေနှင့် ဓါတ်လှေကားတွေဖြင့်တက်ရ ဆင်းရတာမရှိ။ ပေါင်မုန့်ရှည်ကြီးတွေလိုခတ်ခုံးခုံး မြေစိုက်လေယဉ်ရုံအကြီးစားကြီးတွေသာဖြစ်၏။ အဆောက်အဦးတွေက အတော့်ကိုကြီး၏။ ကြမ်းပြင်ပေါ်တွင် ဧရာမဗုံးကြဲလေယဉ်အစစ်ကြီးတွေ ဆယ့်လေးငါးစင်းချပြထားရုံမက ခေါင်မိုးမှနေ၍ သံမဏိကြိုးတွေနှင့် လေယဉ်အကြီးအသေးတွေ တို့လို့တွဲလောင်းချိတ်ထားသေး၏။ ခေါင်းပေါ်က တယောက်စီး နှစ်ယောက်စီး ကင်းထောက်၊ ဗုံးကြဲ၊ စက်သေနတ်တင်လေယဉ်လေးတွေအပြင်၊ အခြားဘာမှန်းမသိသည့် လေယဉ်လေးတွေကိုမြင်တော့ ခုနေများပြုတ်ကျလို့ကတော့ပြဿနာဆိုပြီး ကြံဖန်တွေးမိသေး၏။ အောက်က လေယဉ်ကြီးတွေနှင့်ယှဉ်တော့ အဲဒါလေးတွေက အရုပ်ကလေးတွေလိုပင် ချစ်စရာကောင်းနေသေးသလို။ နေရာတိုင်းတွင် လေတပ်စစ်သည်ဟောင်းတွေက မေးလာလျှင်ရှင်းပြရန်အသင့်ရှိနေ၏။ ရှင်းပြပေးဖို့လိုမလားဟုလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်မေး၏။ လိုသည့်အခါ ကျနော်တို့လည်းမေး၏။ စိတ်ရှည်လက်ရှည်ရှင်းပြပေး၏။

ဤပြတိုက်တွင် ကျနော် အဓိကထားကြည့်ချင်သည်များတွင်  နာဂါဆားကီးပေါ်အနုမြူဗုံးကြဲချခဲ့သည့် B-29 လေယဉ်ကြီးလည်းပါ၏။ တနေရာရောက်တော့ တွေ့ရ၏။ လေယဉ်အစစ်ကြီးသာမက ကြဲချခဲ့သည့် Fat Man Atomic ဗုံး (အရွယ်အစားအတိအကျအတိုင်း သရုပ်ပြဗုံး) ပါ ချပြထားသေး၏။ ဓါတ်ပုံရိုက်ယူ၊ ကပ်ထားသည့်စာတွေ လိုက်ဖတ်ရင်း စိတ်က အနုမြူဗုံးဒဏ်ခံဂျပန်ပြည်သူတွေရောက်ကာ စိတ်ထိခိုက်မိ၏။ ဖက်ဆစ်စနစ်ကျင့်သုံးပြီး ကမ္ဘာမြေကိုဗိုလ်ကျကြ၊ ဝေစုခွဲကြသူချင်းအတူတူ သည်ဗုံးတွေက ဂျာမနီပေါ်မကျပဲ၊ ဂျပန်ပေါ်မှရွေးကျခဲ့၏။ ဒီဗုံးတွေကြောင့် ဂျပန်ဖက်ဆစ်ဘယ်နှယောက် ဘာဖြစ်ခဲ့သလဲတော့မသိ ဂျပန်ပြည်သူတွေကတော့ ကျောကော့အောင် ခံလိုက်ရ၏။ မချိမဆန့်။ သေသူတွေသေခဲ့သလို၊ ရှင်ကျန်သူတွေထဲမှာ အနုမြူဆိပ်သင့်သည့်ဒဏ်က ယခုတိုင် အကင်းမသေနိုင်သေး။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဗမာပြည်အပါအဝင်ကမ္ဘာတလွှားက 
အနုမြူဗုံးဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုလည်း ပြန်ကြားယောင်မိ၏။ ဆန့်ကျင်သူကဆန့်ကျင်နေသည့်တိုင် သူ့ထက်ငါ အပြိုင်အဆိုင်အလုအယက် အနုမြူလက်နက်တွေ တိုးထုတ်သူကထုတ်၏။ ပိုင်ပြီးသူကလည်း မပိုင်သေးသည့်သူတွေ ပိုင်မလာအောင် နည်းမျိုးစုံ၊ ခေါင်းစဉ်မျိုးစုံသုံးကာနှိပ်ကွပ်၏။ နှိပ်ကွပ်လို့မရသည့် အဆုံး ပိုင်လာရင်တော့ အိုးစားတူက အနုမြူလက်နက်မပြန့်ပွားရေးစာချုပ်နှင့် ဆွဲစေ့ရ၏။ စေ့မရလျှင် ရန်ရှာ၏။ မပိုင်စေလိုသူတို့အား ပိုင်မရအောင်လုပ်သည့်ကြားက ပိုင်သူတို့ပိုင်သွားကြ၏။ သည်တော့ ချော့လိုက်ခြောက်လိုက်တွေ လုပ်ကြပြန်၏။ ကိုယ်နှင့်အလွမ်းသင့်သူကျတော့ ထိုလက်နက်တွေကို 
လက်သိပ်ထိုးပင် ပေးထားလိုက်သေး၏။ တခါ ဆိုဗီယက်ယူနီယံကြီးပြိုကျသွားတော့ အနုမြူပစ္စည်းနှင့် နည်းပညာတွေပြန့်ကျဲကုန်၏။ ထိန်းလို့ရသလောက် ထိန်းနိုင်သော်လည်း စုပ်စမြုတ်စပျောက်သွား တာတွေကလည်းမနည်းလှ။ ဘယ်သူတွေလက်ထဲရောက်လို့ ဘာတွေဖြစ်လာဦးမည်ကလဲ ဘယ်သူမှမပြောနိုင်။ လက်ဆွဲအိပ်ထဲထည့်သယ်နိုင်သည့်အရွယ် ဗုံးလေးတွေတောင် ပေါ်နေသလိုလိုတွေ လည်းကြားရ၏။ ၉ /၁၁ အရေးအခင်းကြီးအပြီး အမေရိကန်တွေဘဝက နေရာတကာမှာကင်မရာတွေ၊ လျှပ်စစ်ထောက်လှမ်းရေးကိရိယာတွေနှင့်မို့ အရင်လိုမလွတ်လပ်တော့။ တဦးချင်းဆိုင်ရာနိုင်ငံသားလွတ်လပ်ခွင့်အဖွဲ့အစည်းတွေကလည်း ဒါတွေလုပ်လို့ အစိုးရကိုမကြေနပ်။ ပူညံပူညံတွေ လုပ်ကြ၏။ အစိုးရကလည်း တိုင်းပြည်လုံခြုံရေးအကြောင်းပြချက်ဖြင့် တစ်စက်မှမလျှော့။ တခါတခါ လှန့်လုံးတွေများထွက်လာပလားဆိုရင် လူတွေဘဝက ကျီးလန့်စာစား။ မီဒီယာတွေမှာလည်း အကြမ်းဖက်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တန်ပြန်အကြမ်းဖက်မှု၊ နိုင်ငံတော်အကြမ်းဖက်မှုဆိုသည့် အသံတွေ မကြားချင်တဆုံး။ အနုမြူလက်နက်နှင့် အကြမ်းဖက်မှုသံသရာသည် နိုင်ငံများအဖို့ ကိုယ်မွေးသည့်မျောက် ကိုယ့်ပြန်ချောက်တာလိုလို သရဲမွေးမိတာလိုလိုတွေ ဖြစ်နေသလားဟုတောင် ထင်ချင်စရာဖြစ်လာ၏။ 
မျိုးမြင့်ချို ဖေဖေါ်ဝါရီ ၁၉ ၊ ၂၀၁၂
ဒီဆောင်းပါးကို ဒီနေရာတွေမှာလည်းဖတ်လို့ရပါတယ်
http://burmatoday.net/articles.php?articles_ID=8&authors_ID=3
http://www.naytthit.net/?p=24379

ဗန်းမော်တင်အောင်ကွယ်လွန်ခြင်း ၃၃ နှစ်ပြည့် (ချမ်းငြိမ်း)

0 comments

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည် လွတ်မြောက်လာသောအကျဉ်းသားများ၏ သတင်းများကို သတင်းမီဒီယာများတွင် မြင်တွေ့ဖတ်ရှုရပါသည်။ နိုင်ငံရေး ယုံကြည်ချက်တစုံတရာကြောင့် ပြစ်ဒဏ်ကျခံနေရသောပုဂ္ဂိုလ် တချို့ လွတ်မြောက်လာသောအခါဝမ်းသာရမလို မလွတ်မြောက်သေးသူတချို့ အတွက်လည်းတစ်နေ့လွှတ်ပေးနိုးနိုး မျှော်လင့်နေဆဲမှာပင် အောက်တိုဘာနောက်ဆုံးအပတ်ရောက်လာသည်။
ထိုအောက်တိုဘာနောက်ဆုံးအပတ်မှ နေ့ရက်တစ်ရက်သည် အမှတ်ရစရာလူပုဂ္ဂိုလ်တစ်ဦး၊ ဆိုရလျှင် ကိုယ်ကျိုးမဖက် ယုံကြည်ချက်ကြောင့် အစိုးရမင်းအဆက်ဆက်တွင် မကြာခဏ ထောင်တွင်းပြစ်ဒဏ်ကျခံခဲ့ရသော သတင်းစာဆရာ၊ စာရေးဆရာဗန်းမော်တင်အောင် ကွယ်လွန်သောနေ့ဖြစ်ပါသည်။ တိတိကျကျဆိုရပါလျှင် ၁၉၇၈ အောက်တိုဘာ ၂၃ သည် ဗန်းမော်တင်အောင်ကွယ်လွန်သောနေ့ဖြစ်ပြီး အောက်တိုဘာ ၂၇ သည် ဗန်းမော်တင်အောင်အား မီးသဂြိုဟ်၍ ဂူသွင်းမြှုပ်နှံသောနေ့ရက်ဖြစ်ခဲ့သည်။

ထို့ကြောင့် ယခု အောက်တိုဘာ ၂၃ သည် ဗန်းမော်တင်အောင်ကွယ်လွန်သော (၃၃) နှစ်တင်းတင်းပြည့်သောနှစ်ဟု လည်းဆိုနိုင်သည်။ မိမိယုံကြည်ရာကို တစ်သက်လုံးဆုပ်ကိုင်၍ စာပေရေးသားမှုဖြင့် လူထုအကျိုးပြုခဲ့သော၊ ယုံကြည်ချက်ကြောင့် ထောင်နှင့်တစ်ကျွန်းပို့ခံရပြီးနောက် လွတ်မြောက်လာသောအခါ လုံးပါးပါးခဲ့ရသည့် ဗန်းမော်တင်အောင်၏ ပုံရိပ်ကိုရေးချယ်သွားပါမည်။
**ဗန်းမော်တင်အောင်ဆိုတာ **
စစ်ပြီးခေတ်နှင့် ဖဆပလအစိုးရခေတ်တွင် လူငယ်ထုကိုအလွှမ်းမိုးနိုင်ဆုံး စာရေးဆရာတစ်ဦးမှာ ဗန်းမော်တင်အောင် ဖြစ်သည်။
"ဘုန်းမောင့်တစ်ယောက်တည်းရယ်" နှင့် "လွမ်းရစ်တော့သက်လှယ်ရယ်" ၀တ္ထုတို့ဖြင့် လူငယ်ထုကိုဖမ်းစားနိုင်ခဲ့သော ဗန်းမော်တင်အောင်သည် အချိန်တိုတိုနှင့်နိုင်ငံကျော်စာရေးဆရာတစ်ဦးဖြစ်လာသည်။ ပဲခူးမြို့သားဖြစ်သော်လည်း ငယ်စဉ်ကနေထိုင်ဖူးသောဗန်းမော်မြို့ကိုစွဲနေ၍ စာရေးသောအခါဗန်းမော်တင်အောင်ဟု အမည်ပေးခဲ့သည်ဆို၏။
ဗန်မော်တင်အောင်သည် ထိုခေတ်ကတိုးတက်သောအမြင်ရှိသူ ပုဂ္ဂိုလ်များအတိုင်း မက့်စ်ဝါဒအပေါ်ညွှတ်နူးစိတ်ရှိခဲ့သော်လည်း စင်စစ်တွင်မူ မည်သည့်ပါတီ ဂိုဏ်းဂနအစွဲမထား ပြည်သူလူထုနှင့်တစ်သားတည်းကျကျနေထိုင်၍ ပြည်သူ့အရေးအရာများကိုသာ ရည်ညွှန်းဖော်ဆောင်ရေးသားခဲ့သဖြင့် လူထုကနှစ်ခြိုက်သောစာရေးဆရာဖြစ်လာသည်။
ဝတ္ထုရေးစက အဖွဲ့အနွဲ့အလွမ်းအဆွေးများပါသော ဇာတ်အိမ်ဇာတ်ကွက်များစီခြယ်ရေးခဲ့သော်လည်း တဖြည်းဖြည်း သူ့စာများသည် ခေတ်နှင့်လျော်ညီမှုရှိသော၊ ခေတ်ကိုထင်ဟပ်စေသော၊ ဖြတ်သန်းနေသောခေတ်၏အကြောင်းအရာများကို တစ်စိုက်မတ်မတ်ရေးလာ၍ ဖဆပလ အစိုးရကအာရုံစိုက်လာသည်။ ဗန်းမော်တင်အောင်သည် မဂ္ဂဇင်းများတွင်ရေးသားယုံ(ရုံ)မက လုံးချင်းဝတ္ထုများပါရေးသားနေရာမှအားမရသေး၍ တစ်ပတ်တကြိမ်ထုတ် လင်းယုန်ဂျာနယ်ကိုထုတ်၏။ ထို့နောက် နေ့စဉ်ထုတ်သတင်းစာကြီးတစ်စောင်ဖြစ်လေအောင် ကြံဆောင်လုပ်ကိုင်လေသည်။
ဗန်မော်တင်အောင်ထုတ်ဝေသော လင်းယုန်ဂျာနယ်နှင့်လင်းယုန်သတင်းစာတို့မှာ အရေးအသားထူးခြား တောက်ပြောင်လွန်း၍ စာပေလွတ်လပ်ခွင့်ပေးသည်ဆိုသော ဖဆပလအစိုးရ၏ မျက်မုန်းကျိုးမှုကိုပင်ခံရသည်။
၁၉၅၂ ခုနှစ်သည်ကား ဗန်းမော်တင်အောင် စန်းအပွင့်ဆုံးနှစ်ဖြစ်သည်။ "သူပုန်ကြီး" "ပြည်တော်သာခင်ခင်ဦး" နှင့် "အမေ" စသည့်ဝတ္ထုကြီးသုံးအုပ်က အစိုးရကိုဝေဖန်ထိုးနှက်သည်ဆိုကာ ဗန်းမော်တင်အောင်သည် ထောင်ဒဏ် ခုနှစ်နှစ်ချမှတ်ခံရလေသည်။
ဗန်းမော်တင်အောင်မှာ လွတ်လပ်ပြီးမြန်မာနိုင်ငံ၌ ဖဆပလအစိုးရလက်ထက် ပထမဦးဆုံးထောင်ဒဏ်ချမှတ်ခံရသော စာရေးဆရာ ဖြစ်ခဲ့သည်။
ဗန်းမော်တင်အောင်သည်လူပုဂ္ဂိုလ်အားဖြင်မူ အရပ်ခြောက်ပေခန့်၊ အသားလတ်လတ်၊မျက်ခုံးမျက်လုံးကောင်းကောင်း၊ ငယ်စဉ်ကအားကစားလိုက်စား၍ တောင့်တင်းကျစ်လျစ်သောခန္ဓာကိုယ်ကအရပ်အမောင်းနှင့် ကိုက်ညီလှသည်။
တစုံတရာကိုသဘောကျ၍ ရယ်လိုက်သောအခါ ဖြူဖွေးညီညာသောသွားများစီတန်းပေါ်လာသည်။
သူ့စာများကမာသလောက် လူကသိမ်မွေ့နူးညံ့သည်။
တဖတ်သားကိုသိသိမသိသိ မည်သည့်အခါတွင်မဆို အကူအညီပေးရန်အသင့်။
စကားပြောလျှင် မျက်လုံးချင်းဆိုင်၍ မေတ္တာစွက်သောမျက်နှာဖြင့် သိမ်သိမ်မွေ့မွေ့ပြောတတ်ရာ လူချစ်လူခင်ပေါလှသည်။
ဗန်းမော်တင်အောင်နှင့် အတူယှဉ်တွဲလျှောက်ရသူသည် စိတ်မရှည်တတ်။
ဗန်းမော်တင်အောင်မှာ ရောက်လေရာရာ၌ တွေ့ဆုံနှုတ်ဆက်သူမနည်း၍ သူနှင့်လိုက်ပါရသူမှာ စောင့်စောင့်နေရသည်ဆို၏။
အရက်သေစာသောက်စားခြင်းအလျဉ်းမရှိ ။ သူကြည်ညိုလေးစားသော ဂျာနယ်ကျော်ဦးချစ်မောင်လို လက်ဖက်ရည်ကိုသာ မပြတ်သောက်တတ်သည်။
တစ်ရက်လျှင် လက်ဖက်ရည် ခုနှစ်ခွက်၊ ရှစ်ခွက်လောက်သောက်တတ်သည်။
သူသောက်သလို တဖတ်လူကိုတိုက်ဖို့ရာလည်း ဘယ်တော့မှဝန်မလေး။
တစ်ခါတစ်ခါ သုံးလေးရက်ဆက် ပျောက်သွားတတ်သည်။ တစ်နေရာရာမှာ ပုန်းလျှိုးကွယ်လျှိုး စာသွားရေးနေခြင်းဖြစ်သည်။
**ပထမအကြိမ် ထောင်ကလွတ်စဉ်က **
ဖဆပလအစိုးရ၏ ပုဒ်မ-၅ဖြင့်ထောင်ခုနစ်နှစ်ကျခံရသော ဗန်းမော်တင်အောင်သည် ပဉ္စမသင်္ဂါယနာတင် အထိမ်းအမှတ်အဖြစ် အကျဉ်းသားများအားလွှတ်ပေးရာတွင်ပါဝင်ခဲ့ပြီး ငါးနှစ်ခန့်သာထိန်းသိမ်းခံခဲ့ရသည်။
ထောင်တွင်းအကျဉ်းကျစဉ်က ဗန်းမော်တင်အောင်သည် လူထုဦးလှနှင့်အတူ သက်ဆိုင်ရာအားခွင့်တောင်း၍ ထောင်တွင်းစာဆိုတော်နေ့ကိုကျင်းပခဲ့သည်။
ထိုစာဆိုတော်နေ့အထိမ်းအမှတ်ပွဲသို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ပင့်ဖိတ်ကာ ကန်တော့ခဲ့ကြသည်။
ပထမအကြိမ် ထောင်မှလွတ်လာသာလင်းယုန်သည်ပို၍ မြင့်မြင့်ပျံတက်ရန် လုပ်ကိုင်လေသည်။
ဗန်းမော်တင်အောင်သည် ၃၇နှစ်ရှိပြီဖြစ်ရာ အတွေ့အကြုံလည်းအတော်စုံ၍ အင်တိုက်အားတိုက် ကိုယ်ရောစိတ်ပါလုပ်ကိုင်နိုင်တုန်းဖြစ်သည်။
ပထမဦးဆုံး လင်းယုန်ဂျာနယ်ကို ပြန်လည်အသက်သွင်းသည်။ အရှိန်ရလာသောအခါ လင်းယုန်သတင်းစာကို ပြန်လည်ထုတ်ဝေသည်။ လင်းယုန်သတင်းစာသည် ဗန်းမော်တင်အောင်၏ကြိုးပမ်းမှုဖြင့် ထောင်မကျခင်ကလို ပြန်လည်ထွက်ရှိလာသည်။ သတင်းစာဆရာကြီး ဦးညိုမြ(အိုးဝေ)ကိုချစ်သလို ဗန်းမော်တင်အောင်သည် သူ၏ (လင်းယုန်) ကို တစ်သွေးတစ်မွေးဖြစ်အောင်လုပ်ကိုင်လေသည်။
လင်းယုန်သတင်းစာမှနေ၍ လူထုအတွင်းဖြစ်ပျက်နေသောအခက်အခဲများ၊ ထူးခြားသည့်သတင်းဖြစ်ရပ်များ၊ အရေးကြီးသည့်အယ်ဒီတာ့အာဘော်ရေးသားဖော်ပြရုံမျှမက ကိုရီးယားပြည်တွင်းစစ် စသည့် နိုင်ငံတကာရေးရာအခြေအနေတို့ကိုပါ လူထုသိစေရန်ထုတ်ဝေဖြန့်ချီခဲ့သည်။
သတင်းစာ၊ ဂျာနယ်ထုတ်သလို တစ်ဖက်ကလည်း ပြောင်မြောက်သောဝတ္ထုကြီးများကို ရေးခဲ့ရာ -
မုန်တိုင်းကထန် (၁၉၅၇)၊
ငသြ (၁၉၅၇)၊
ချောကလက်ဗိုလ်ကြီး (၁၉၅၈)၊
မြိုင် (၁၉၅၈) တို့မှာထင်ရှားခဲ့သည်။
သို့ရာတွင် ....ဗန်းမော်တင်အောင်သည် ထောင်နှင့်ရေစက်ပါလာသည်လား မပြောတတ်။
တော်လှန်ရေးအစိုးရ(အိမ်စောင့်အစိုးရဖြစ်သည်)တက်ပြီးမကြာ ၁၉၅၈ တွင် ဒုတိယအကြိမ် ထိန်းသိမ်းခံရလေသည်။
လင်ယုန်သတင်းစာသည် ဒုတိယအကြိမ်ထုတ်ဝေမှုတွင် တစ်နှစ်နှင့်ရပ်ဆိုင်းခဲ့ရသော်လည်း လင်းယုန်ဂျာနယ်သည်ကား ဗန်းမော်တင်အောင် ဒုတိယအကြိမ်ထောင်ကျစဉ်အတွင်း ဆက်လက်ထုတ်ဝေနေပြီး သုံးနှစ်အကြာ ၁၉၅၉ ခုနှစ်တွင်မှ ရပ်နားခဲ့ပါသည်။
**ဒုတိယအကြိမ် ထောင်မှလွတ်စဉ်က**
၁၉၆၀ အောက်တိုဘာလတွင် ဗန်းမော်တင်အောင် ဒုတိယအကြိမ် ထောင်မှလွတ်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ဗန်းမော်တင်အောင်သည် အနည်းငယ်ကျသွားပြီ။
ပထမအကြိမ်လွတ်စဉ်က အလုပ်များတရပ်စပ်လုပ်ကိုင်ခြင်းနှင့် ဒုတိယအကြိမ်ထောင်ကျစဉ်အတွင်း စစ်ဆေးမေးမြန်းခံရခြင်း(စစ်ကြောရေးကိုဆို) အာဟာရမပြည့်ဝသောအစားအစာများကိုသာစားသုံးခဲ့ရ၍ ကျန်းမာရေးသည် ယခင်ကလိုဒေါင်ဒေါင်မြည် မဟုတ်တော့။
ရုပ်ရည်ကျဆင်းမှု သိသိသာသာမရှိသော်လည်း ယခင်ကလို ကြံ့ခိုင်မှုမရှိတော့။
ဗန်းမော်တင်အောင်သည် ထောင်အတွင်းကျန်းမာရေးကို အထူးဂရုတစိုက်နေခဲ့သူဖြစ်ပါသည်။
အုန်းပင်စိုက်ခြင်းဟုခေါ်သော နံရံကိုမှီ၍ကင်းမြီးကောက်ထောင်လေ့ကျင့်ခန်းကို မှန်မှန်လုပ်ခဲ့သည်။
သို့ပါသော်လည်း စိတ်ပင်ပန်းခြင်း၊ လူပင်ပန်းခြင်းဒဏ်က ရုပ်ကိုလောင်ဟပ်စပြုနေပြီ။
ဒုတိယအကြိမ်ထောင်မှလွတ်သောအခါ ဗန်းမော်တင်အောင်သည် သတင်းစာ၊ ဂျာနယ်များထုတ်ဝေခွင့်မသာတော့၍ လုံးချင်းစာအုပ်များကိုသာ ဖိရေးလေသည်။
ထိုကာလက ဗန်းမော်တင်အောင်ရေးခဲ့သော စာအုပ်များအနက် -
ဘာလင်ပြသနာ (၁၉၆၁)၊
ရဲဘော်အောင်ဒင် (၁၉၆၂)၊
ရိုးမတိုက်ပွဲ (၁၉၆၂)၊
မြန်မာနိုင်ငံတော်သမိုင်း (၁၉၆၂)၊
ဆိုရှယ်လစ်ဋီကာ (၁၉၆၃)၊
ဆိုရှယ်လစ်အဘိဓာန် (၁၉၆၃)၊
ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း(၁၉၆၄)၊
အညတြကြက်တော (၁၉၆၅) တို့မှာထင်ရှားသည်။
"မမကြီး"၀တ္ထုသည် ဖဆပလအစိုးရအရာရှိကတော်တစ်ဦး၏ ဖောက်ပြန်မှုကြောင့် ဖြစ်ပေါ်ခဲ့ရသည့် အဖြစ်အပျက်အမှန်ကို ဇာတ်အိမ်တည်ရေးသားခဲ့ရာ ၁၉၆၀ စာပေဗိမာန်ဝတ္ထုရှည်ဆုချီးမြှင့်ခံရသောလည်း ဗန်းမော်တင်အောင်သည် ဆုကိုလက်မခံခဲ့။
ယင်းသို့စာအုပ်တွေဆက်တိုက်ရေးရင်း တစ်ဖက်၌လည်း အစည်းပြေသွားသော အမျိုးသားညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်။
၁၉၆၃ နိုဝင်ဘာတွင်ကျင်းပသည့် တော်လှန်ရေးကောင်စီနှင့်တောတွင်းလက်နက်ကိုင်အင်အားစုများ၏ ဆွေးနွေးပွဲအပျက်တွင်ဗန်းမော်တင်အောင် အဖမ်းခံရပြန်သည်။
ထောင်ခဏခဏကျနေ၍လားမသိ၊ ဗန်းမော်တင်အောင်အား ထောင်တွင်းခဏသာထား၍ မရောက်ဖူးသေးသော ကိုကိုးကျွန်းကျခံရန်ပို့ဆောင်လိုက်လေသည်။
*တတိယအကြိမ် ထောင်နှင့်တကျွန်းကျခံရပြီးနောက် **
ပျိုနုသောအချိန်များ တိုက်စားခံရလေပြီ၊ ပျိုမျစ်နုနယ်မှုနှင့်တက်ကြွလုပ်ကိုင်နိုင်သော အရည်အသွေးများကို ထောင်က စုပ်ယူဝါးမျိုခဲ့ချေပြီ။
ပျိုရွယ်ချိန်လုပ်နိုင်ကိုင်နိုင်သော နေ့ရက်တစ်ရက်သည် မကျန်းမာဖြစ်၍ အိပ်ရာထက်လဲနေရသော တစ်လနှင့် လဲနိုင်မည်မဟုတ်ပါ။
ထောင်နှင့်တစ်ကျွန်းသို့ သုံးကြိမ်မြောက်အလည်ရောက်ပြီးပြန်လွတ်လာသော ဗန်းမော်တင်အောင်သည် ရုတ်တရက်မှတ်မိဖွယ်ရာမရှိတော့၊ သွားတွေမရှိတော့၍ အံကပ်ထည့်ထားရသည်။
ယခင်က ထောင်ထောင်မောင်းမောင်းခန္ဓာကိုယ်သည် ညှိုးချုံးကျဆင်းကာ အာဟာရမပြည့်ဝ၍ မေးရိုးနှင့် မျက်တွင်းများ ဟောက်ပက် ငေါထွက်နေသည်။
တစ်ချိန်က ဒါရိုက်တာဦးသုခ မင်းသားတင်ရိုက်ချင်သော ရုပ်ရည်မျိုးမဟုတ်တော့။
လမ်းလျှောက်သောအခါ မြင့်မားသောအရပ်အမောင်းနှင့်ကိုက်ညီသည့်ခန္ဓာကိုယ်မရှိတော့၍ ကိုင်းကိုင်းကြီး ဖြစ်နေတတ်သည်။
သို့ရာတွင် ဗန်းမော်တင်အောင်၏ မျက်လုံးများကားအရောင်မပြောင်း၊ ယခင်ကအတိုင် ဖော်ဖော်ရွေရွေ ရွှန်းရွှန်းတောက်တောက် ရှိသေးသည်။
ဗန်းမော်တင်အောင်သည် စာရေးဆရာသက်တမ်းတလျှောက် ထောင်နှင့်ကျွန်း၌သာ အနေများခဲ့သူဖြစ်သည်။
သူ့ကို အပြင်မှာမြင်တွေ့ရသည်ထက် အထဲရောက်နေ၍မမြင်ရတာများသည်ဟု ခေတ်ပြိုင်စာရေးဆရာအချို့က ဆိုကြသည်။
သည်ကြားထဲထောင်မှလွတ်သည်နှင့် စူးရှတောက်ပြောင်သောစာများ၊ ဆောင်းပါးများမပြတ်ရေးနိုင်၍ လုပ်ဖော်ကိုင်ဘက်အချို့က သူ့စွမ်းဆောင်ရည်ကို သြချကြသည်။
တတိယအကြိမ်ကျွန်းမှပြန်လာသော ဗန်းမော်တင်အောင်သည် ၄င်းရေးချင်သည့် လုံးချင်းများရေးခွင့်မသာတော့။ ထိုအခါ အတ္ထုပ္ပတ္တိများ၊ သိပံ္ပကျမ်းများနှင့်လူမှုသိပံ္ပပညာနှင့်စပ်လျဉ်းသော စာအုပ်များဘက်ဦးလှည့်ရတော့သည်။
အဏုစကြာဝဋ္ဌာ(၁၉၇၄)၊
အိန်စတိန်းနှင့်သူ၏ဓမ္မတရား(၁၉၇၅)၊
သဘာဝတ္တ (၁၉၇၆)၊
ရုပ်ကမ္ဘာ (၁၉၇၈) တို့သည် ထင်ရှားသောစာအုပ်များဖြစ်ကြသည်။
ထို့အပြင် "လူ" အမည်ရှိလူမှုသိပံ္ပကျမ်းနှင့် ဂျက်လန်ဒန်၏ဘ၀နှင့်စာပေတို့မှာ နောက်ဆုံးရေးသားခဲ့သော စာအုပ်များ ဖြစ်လေသည်။
ကျွန်းမှပြန်လာသော ဗန်းမော်တင်အောင်ကို မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ရှိ ပင်းယစာအုပ်တိုက်၌ ထိုင်ကာစာရေးနေသည်ကို မြင်ရလေ့ရှိသည်။
စာရေးရင်း မိတ်ဆွေတစ်ဦးဦးရောက်လာပါက လက်ဖက်ရည်မှာတိုက်ပြီး စကားစမြည်ပြောဆိုလေ့ရှိသည်။
စာမရေးဖြစ်သောအခါ ဗန်မော်တင်အောင်သည် ညှိုးချုံးသောမျက်နှာဖြင့် တစ်နေရာရာကို တွေတွေကြီးငေးနေတတ်သည်ကို မိတ်ဆွေစာရေးဆရာများက ဂရုဏာသက်ကြသည်။
ထိုအတောအတွင်း ကျန်းမာရေးအလွန်ချို့ယွင်းလာ၍ ဆေးရုံတက်လိုက်၊ ပြန်ဆင်းလိုက်၊ ပြန်တက်လိုက်နှင့်လုံးလည်လိုက်နေ၏။
အဆုတ်ကင်ဆာဆိုသောရောဂါဆိုးကြီးက ဗန်းမော်တင်အောင်အားချွတ်ခြုံကျသွားအောင် အပြီးတိုင်ဆွဲခေါ်ရန် ကြိုးစား၏။ ထောင်ထဲတွင်နှစ်ရှည်လများနေခဲ့ရသောကိုယ်ခန္ဓာက ကင်ဆာဆဲလ်တို့ကို မတုံ့ပြန်နိုင်တော့ပြီ။
၅၈ နှစ်အရွယ် ၁၉၇၈ အောက်တိုဘာ ၂၃ရက် ည ၇ နာရီ ၁၀မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ သွေး ၂ ကြိမ်အံစဉ် ဒုတိယအကြိမ်အံသောအခါ အသက်ပါသွားလေသည်။
တန်ဖိုးရှိသော ကြယ်တစ်စင်း မြေခရခြင်း.....။
**ကြေကွဲသောပုံရိပ် **
"ကျွန်တော့်မှာ မခင်ဦးသာကိုချစ်ရတဲ့အတ္တတစ်ခုတည်းသာ ရှိပါတယ်ဗျာ" ဟု ဗန်းမော်တင်အောင်မကြာမကြာ ပြောတတ်သောဇနီးဖြစ်သူသည် ဗန်းမော်အောင်၏ အကောင်းဆုံးသောပါရမီဖြည့်ဖက်လည်းဖြစ်ခဲ့သည်။
မူလက သားဖွားဆရာမလုပ်ကိုင်ခဲ့သော ဗန်းမော်တင်အောင်၏ဇနီးသည် ဗန်းမော်တင်အောင်ဆုံးသောအခါ သားသမီးခြောက်ယောက်နှင့်အတူ ဘ၀ကိုရုန်းကန်ရရှာလေသည်။
လမ်းစဉ်ပါတီခေတ်တွင် သားသမီးခြောက်ယောက်နှင့် ကျိုက္ကဆံစေတီတော်အနီးရပ်ကွက်ဈေးလေး၌ ကြက်ဥများရောင်းချ၍ စားဝတ်နေရေးဖြေရှင်းရသည့် ကာလတစ်ခုရှိခဲ့သည်။
ထိုအတောအတွင်း ကြေးမုံသတင်းစာတိုက်မှ လူလတ်ပိုင်းသတင်းစာဆရာ၊ စာရေးဆရာတစ်ဦးသည် ဗန်းမော်တင်အောင်၏ဇနီးမှန်းသိ၍ ကြက်ဥမှန်မှန်ဝယ်ယူအားပေးခြင်းပြု၏ ။
ဗန်းမော်တင်အောင်၏ဇနီးကား ထိုလူငယ် မည်သည့်အသက်မွေးမှုပြုသည်မသိ၊ ၄င်းတို့ကြားရင်းနှီးလာသောတစ်နေ့ စကားစပ်မိကြသည်။
"သားက ဘယ်မှာ အလုပ်လုပ်သလဲ"
"ကျွန်တော် သတင်းစာတိုက်မှာ လုပ်တာပါ "
"စာတွေဘာတွေ ရေးသေးလား"
"နည်းနည်းပါးပါး ရေးပါတယ်"
ဤတွင် ထိတ်လန့်တုန်လှုပ်သောအကြည့်ဖြင့် မော်ကြည့်ရင်းပြောလိုက်သောစကားမှာ ဤသို့ဖြစ်သည်။
"စာရေးတယ် ဟုတ်လား၊ စာရေးဆရာ မလုပ်ပါနဲ့သား၊ စာရေးဆရာ မလုပ်ချင်ပါနဲ့" မည်သို့သောစိတ်ကူးဖြင့် ပြောသည်မသိ။ ထိုအဖြစ်အပျက်လေးသည် ဗန်းမော်တင်အောင်နှင့်ပတ်သတ်၍ ယနေ့တိုင် ကြေကွဲရသော အဖြစ်အပျက်လေးဖြစ်ပါသည်။
(ကွယ်လွန်ခြင်း ၃၃ နှစ်ပြည့် အမှတ်တရ)
**ချမ်းငြိမ်း **
(အောက်တိုဘာ ၂၇ ရက်နေ့ထုတ် 7 DAY NEWS ဂျာနယ်မှ)
(ဆရာက ဆရာကတော်နဲ့ပတ်သက်လို့ ဒီလိုပြောခဲ့တာလို့ မိမိမှတ်သားမိဖူးပါတယ်.. ကျနော့်ဘဝမှာအတ္တဆိုလို့ မခင်ဦးကိုချစ်ခဲ့တာ တစ်ခုပဲရှိပါတယ်ဗျာ...)