“လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံ ဘုရားပေါင်း”
“ညိုးညိုးညံ၊ ပုဂံဆော်သည့်မောင်း”“ကိုးကိုးတန်၊ ပုဂံအိမ်ခြေပေါင်း”“ရွှေလသာဝါ၀ါဝင်း၊ပုဂံဘုရား ရေချိုးဆင်း”အထက်ပါ စာလင်္ကာများကို မည်သည့်စာအုပ်၊ စာပေ၊ ပုရပိုက်၊ ကျောက်ပြား(ကျောက်စာ)တွင်မျှ မတွေ့ဖူးပါ။ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”ဆိုသည်မှာ လေးသန်း၊ လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူ(၄၄၄၆၇၃၃)သော ဘုရားများသည် ပုဂံမြေပေါ်ရှိ ဘုရားအရေအတွက်ဖြစ်သည်ဟု ဆိုလိုကြောင်း ပြောကြသည်။ ကျန်သည့် စာလင်္ကာများသည်လည်း ထိုသို့ပင် အဓိပ္ပာယ်ဆောင်သည်ဟု ပြောကြပါသည်။ “ပုဂံရာဇ၀င်ကို၊ တုတ်ထမ်း၊ ဓားထမ်း၍ ပြောကြသည်”ဟု ဆိုသည့် အတိုင်း ပုဂံဘုရားများ အရေအတွက်၊ ပုဂံမြေနှင့်ပတ်သက်၍လည်း တုတ်ထမ်း၊ ဓားထမ်း၍ငြင်းရမည်ကဲ့သို့ ဖြစ်နေပါတော့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြခဲ့သူတစ်ဦး ရှိပါသည်။ သူကား ပုဂံ သခင်ရဲညွန့် ဆိုသူဖြစ်သည်။ ယခုအခါ သခင်ရဲညွန့် ရှိတော့မည်မထင်ပါ။ သူက ခရစ်နှစ် ၁၈၉၉ ခု ဖွားဟုဆို၍ ယခုသက်ရှိထင်ရှားရှိခဲ့လျှင် အသက် ၁၁၃ နှစ်ပင်ရှိရော့မည်။ သူနှင့်တွေ့ကြုံရပုံ၊ သူရှင်းပြခဲ့သည့် ပုဂံဘုရားများအရေအတွက်နှင့် ပုဂံမြေ အကြောင်းအရာများကို ရှင်းပြပါမည်။ သူနှင့် စာရေးသူတို့ ပုဂံမြေပေါ်တွင်ဆုံရသည်မှာ၊ ပုဂံငလျင်ကြီးမလှုပ်မီ တစ်နှစ်က ဖြစ်၏။ စာရေးသူဖခင်၏ ညီဝမ်းကွဲ ဒေါက်တာလျန်း ဆိုသူမှာ မန္တလေးမှဆရာဝန်ကြီး ဖြစ်သည်။ အစိုးရမှ အငြိမ်းစားယူပြီးနောက် ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး မန္တလေးတွင်ပင် အခြေချနေထိုင်ခဲ့ပါသည်။ တာရဲတန်း၊ လမ်း ၈၀ ပေါ်မှ လျမ်းကလဲနစ်ခေါ်သည့် ဆေးခန်း၊ ဆေးတိုက်၊ သားဖွားဆောင်ကိုဖွင့်ပြီး ဆေးကုသနေသည်။ သူ၏ဇနီးမှာ ဒေါ်နှင်းမြဟုခေါ်သည်။ မန္တလေးတစ်မြို့လုံးက မာမီလျမ်းဟု ခေါ်ကြ၏။ သူတို့ဇနီးမောင်နှံတွင် သမီးသာရှိသည်။ သား မရှိပါ။ စာရေးသူအား စာရေးသူမိခင်က ဗိုက်ခွဲ၍မွေးဖွားရာတွင် အင်္ဂလိပ်ဆရာဝန်ကြီးနှင့်အတူ အန်ကယ်လျန်းလည်း ရှိနေပါသည်။ ထို့ကြောင့် စာရေးသူအား မွေးပေးခဲ့သူလည်း ဖြစ်သည်။ သူတို့ဇနီးမောင်နှံသည် စာရေးသူကို သားအရင်းတမျှချစ်ခင်ကြပါသည်။ ထို့ကြောင့် အောက်တိုဘာ ကျောင်းပိတ်ရက်များတွင် မန္တလေးမှ သူတို့ထံသွားနေရလေ့ ရှိသည်။ အန်ကယ် ဆုံးသွားပြီးနောက် အန်တီဒေါ်နှင်းမြသည် ဘုရားတည်၊ ကျောင်းဆောက် အလှူ အတန်းများ လုပ်ပြီး ခရီး ထွက်နေသည်က များသည်။ ထိုသို့ ခရီးထွက်လျှင် ကျောင်းပိတ်ရက် နှင့်ဆုံက စာရေးသူ လိုက်ပါ သွားရတတ်သည်။အန်တီ ဒေါ်နှင်းမြသည် ပုဂံမှ ဂေါတော့ပလ္လင်စေတီကို လုံးတော်ပြည့်ရွှေချသည်။ ကုလားကျောင်းကိုမူ ထုံးသင်္ကန်းကပ်သည်။ ထိုနှစ်က ထုံးသင်္ကန်းအစား ခေတ်ပေါ်ရေဆေးအဖြူ သုတ်လှူ၍ ပုဂံသို့သွားခြင်းဖြစ်သည်။ ဂေါတော့ပလ္လင်ဘုရားသို့ ရောက်သောအခါ ဂေါပကများနှင့်အတူ သခင်ရဲညွန့်လည်း ရှိနေပါသည်။ သူသည် အန်တီဒေါ်နှင်းမြနှင့် နဂိုကတည်းကသိကျွမ်းနေပုံရသည်။ ထိုနေ့က နံနက်စာ အတူသွားစားကြရာ သူနှင့် အန်တီဒေါ်နှင်းမြတို့ ပုဂံဘုရားများအရေအတွက်နှင့်ပတ်သက်ပြီး စကားလက်ဆုံကျကြသည်။ သူ့စကားများမှာ တန်ဖိုးရှိလှ၍ စာရေးသူလိုက်မှတ်ထားသဖြင့် ယခုကဲ့သို့ ရေးနိုင်ခြင်းဖြစ်ပါသည်။ “လှည်းဝင်းရိုးသံ တညံညံ ပုဂံဘုရားပေါင်းဆိုတော့ ပုဂံမှာ ဘုရား စေတီအရေအတွက်ပေါင်း လေးသန်း လေးသိန်းလေးသောင်း ခြောက်ထောင့်ခုနစ်ရာသုံးဆယ့်သုံးဆူ ရှိတယ်လို့ထင်ရမှာပေါ့ ဒေါ်နှင်းမြရယ်။ ဒါဟာ လုံးဝ မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပုဂံက ရွှေကျောင်းဆရာတော်ဦးစန္ဒကို ကျွန်တော် မေးလျှောက်ခဲ့ဖူးတယ်။ ဒီဆရာတော်ကြီးက ပုဂံမြို့တိုက်စုရပ်မှာ ဖွားမြင်တော်မူခဲ့တဲ့ ပုဂံမြို့သားစစ်စစ် ဆရာတော်ကြီြးုဖစ်တယ်။ မန္တလေးနေပြည်တော် မင်းတုန်းမင်းတရားကြီး နှင့် သီပေါမင်းတရားတို့ မင်းနှစ်ပါးလက်ထက်တော်များမှာ ကင်းဝန်မင်းကြီးကျောင်းတိုက်က စာချဆရာတော်ဖြစ်ပါတယ်။ ပါတော်မူတဲ့အခါ ဆရာတော်ဟာ သူ့ဇာတိပုဂံမြို့ကိုပြန်လာပြီး မြို့အရှေ့ဘက်မှာရှိတဲ့ ရွှေကျောင်းကြီးမှာပဲ ကျောင်းထိုင်ဆရာတော်အဖြစ်နဲ့ သီတင်းသုံးခဲ့တယ်။ ဆရာတော်ကြီးဟာ အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့နာယကဆရာတော်ဖြစ်သလို နတ်ထောင့်ဂိုဏ်းကြီးရဲ့ဂိုဏ်းချုပ်ဆရာတော်ကြီးလည်း ဖြစ်တယ်။ စာပေပိဋကတ်ကျမ်းဂန်များ နှံ့စပ်တတ်ကျွမ်းရုံသာမက ရှေးဟောင်းကျောက်စာများကိုလည်း လေ့လာဆည်းပူးထားလေတော့ ဒီဆရာတော်ကြီးကို ကျွန်တော်က ပုဂံဘုရားများ အရေအတွက်လင်္ကာများနဲ့ပတ်သက်ပြီး ဘ၀င်မကျလို့ မေးမြန်းလျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ပါတယ်။ ဆရာတော်ကြီးက ဒီလင်္ကာများဟာ ဘယ်စာထုပ်၊ ပေပုရပိုက်၊ ကျောက်စာတွေမှာမှ ရေးထားတာမဟုတ်ဘူးတဲ့။ ပုဂံမြို့အရှေ့တောင်ဘက် တစ်တိုင်ရွာက ဖွားစောရွာသူကြီး ဦးထွန်းဦးဆိုသူက ကြံဖန်ရေးစပ်ထားခဲ့ခြင်းသာ ဖြစ်တယ်လို့မိန့်ကြားတော်မူပါတယ်။ “မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ်လောက်မှာ ကျောက်စာဌာန(ယခု ရှေးဟောင်းသုတေသနဌာန)က ပုဂံမြို့မှာရှိတဲ့ စေတီပုထိုး၊ ဂူကျောင်းများရဲ့ဘွဲ့တော်များကို ရေတွက်ရေးမှတ်ပြီး ဘုရားစာရင်းပြုလုပ်ပါသတဲ့။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဦးထွန်းဦးကို သိတယ်လို့ယုံကြည်ပြီး ကျောက်စာဝန်က သူ့ကို ခရီးညွှန်လမ်းပြအဖြစ်နဲ့ခေါ်ယူသွားပြီး ဘုရားပုထိုးများရဲ့ဘွဲ့နာမည်များကို ပြောပြစေခဲ့ပါတယ်။ ပုဂံ ၀န်ထောက်ဦးတင်ကိုယ်တိုင်က သူ့ကို ယုံနေတာကလား။ “နောက်မကြာမီပဲ ဦးထွန်းဦးက ရှေးပေပုရပိုက်တွေမှာတွေ့သယောင်ယောင်နဲ့ ပုဂံဘုရားများနဲ့ပတ်သက်တဲ့ လင်္ကာများကိုရေးစပ်ပါတော့တယ်။ လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း ဆိုတော့ ပုဂံမြေပေါ်မှာ ဘုရားစေတီပေါင်း လေးသန်းလေးသိန်း လေးသောင်းခြောက်ထောင့်ခုနစ်ရာ သုံးဆယ့်သုံးဆူရှိတယ်လို့ အဓိပ္ပာယ်ဆောင်နေတာပေါ့။ “ဒေါ်နှင်းမြ စဉ်းစားကြည့်ပါ။ ဒီဘုရားတွေ ပုဂံမြေပေါ်မှာ တည်ထားရင် မဆံ့နိုင်ပါဘူး။ ဒီလောက်လည်း ပုဂံမြေမရှိပါဘူး။ ဒီဘုရားတွေတည်ထားဖို့ မြန်မာနိုင်ငံတစ်ဝက်လောက် နေရာလိုလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု သခင်ရဲညွန့်က ရှည်လျားစွာ ပြောပြသောအခါ အန်တီဒေါ်နှင်းမြက-“ဒါဖြင့်ရင် ရွှေလသာဝါ၀ါဝင်း၊ ပုဂံဘုရားရေချိုးဆင်း ဆိုတာကကော”“ရွှေလသာဝါ၀ါဝင်း၊ ပုဂံဘုရား ရေချိုးဆင်းဆိုတာက ဧရာဝတီမြစ်ရေတိုက်စားသွားလို့ ဘုရားပေါင်း လေးသိန်းလေးသောင်းခြောက်ထောင့် လေးရာလေးဆယ့်လေးဆူ ရေထဲပါသွားတယ်လို့ ဆိုလိုတာပါ။ အဲဒီ အရေအတွက် ဘုရားစေတီပေါင်းသာ မြစ်ရေတိုက်စားခံရရင် ပုဂံမြို့လူနေအိမ်တွေလည်း အခုလို ကျန်နေတော့မှာ မဟုတ် ပါဘူး။ ဘုရားများနှင့်အတူ ဘုန်းတော်ကြီးကျောင်းများ၊ ဇရပ်များပါ မျောပါသွားနိုင်ပါတယ်။ ဘယ်လိုမှ အကျိုးအကြောင်း ဆီလျော်ဆက်စပ်မှု မရှိပါဘူး။ ဦးထွန်းဦးက သူရွတ်ဆိုလို့ကောင်းသမျှကို လက်တန်းရေးစပ်သွားဟန်ရှိတယ်လို့ ဆရာတော်ကြီးက မိန့်တော်မူပါတယ်။ မြစ်ရေတိုက်စားလို့ ရေထဲမျောပါသွားတဲ့ ဘုရားစာရင်းကို ဘယ်သူကမှ ရေတွက်ရေးမှတ်ထားခဲ့ဟန်လည်း မတူပါဘူး။ “ကိုးကိုးတန် ပုဂံအိမ်ခြေပေါင်း ဆုတဲ့ ကိုးဆယ့် ကိုးကုဋေကျော်မျှရှိတဲ့ နေအိမ်များလည်း ပုဂံမြေမှာ ဆံ့မှာမဟုတ်ပါဘူး။ ဦးထွန်းဦးရဲ့လက်တန်း စကားများသာဖြစ်ပါတယ်။ “ဆရာတော်ကြီးက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ရဲ့နာယကဆရာတော်ကြီးဖြစ်တာကြောင့် အာနန္ဒာဘုရားကြီးနဲ့ပတ်သက်ပြီးလည်း မေးလျှောက်ခဲ့ပါတယ်။ ဆရာတော်ကြီးက စေတီရံ တစ်သောင်း၊ မုခ်ပေါင်းတစ်ထောင်၊ လမ်းသုံးမြှောင်လို့လည်း ဦးထွန်းဦးက ရေးစပ်ခဲ့ပါသေးတယ်။ ဘုရားကြီးမှာ စေတီရံတစ်သောင်းလည်း မရှိပါဘူး။ မဟာရံတံတိုင်းအပြင်ဘက် တစ်ဖက်ကို စေတီငယ် နှစ်ရာ့ငါးဆယ်စီ ရှိပါတယ်။ လေးဖက်ပေါင်းမှ တစ်ထောင်ရှိတာပါ။ စေတီကြီးပေါ်မှာရှိတဲ့စေတီများ မဟာရံတံတိုင်း မုခ်လေးမုခ်ရဲ့စေတီလေးဆူနဲ့တကွ အားလုံးပေါင်းမှ စေတီငယ်ပေါင်းတစ်ထောင်နဲ့ နှစ်ဆယ့်ကိုးဆူပဲ ရှိပါတယ်။ မုခ်ပေါင်းတစ်ထောင်ဆိုတာကလည်း မဟုတ်ပါဘူး။ တိုးလျှိုပေါက် ထုတ်ချင်းခတ်လိုက်မှ မုခ်အကြီးအငယ် တစ်ရာ့ခြောက်ဆယ်၊ မုခ်ကပ်လိုဏ်ဝင် အကြီးအငယ် တစ်ထောင့်ငါးရာနှစ်ဆယ့်လေးဖြစ်လို့ မုခ်ပေါင်းတစ်ထောင့်ခြောက်ရာ ရှစ်ဆယ့်လေးမုခ်ရှိတယ်လို့ ဆိုပါတယ်။ “လမ်းသုံးမြှောင်လည်း မရှိပါဘူး။ လိုဏ်ဂူတော်အတွင်းမှာ လိုဏ် နှစ်ထပ်ဖြစ်လို့ လမ်းနှစ်မြှောင်ပဲ ရှိတဲ့အကြောင်း ဆရာတော်ကြီးက သေသေချာချာရှင်းပြတော်မူခဲ့ပါတယ်” ယခုကဲ့သို့ သခင်ရဲညွန့်က ပုဂံမြို့ရွှေကျောင်းဆရာတော်ကြီး၏မိန့်ကြားချက်များအရ သူသိခဲ့ရသည့် ပုဂံဘုရားများ အရေအတွက်နှင့်ပတ်သက်၍ ပုဂံဖွားစောရွာသူကြီး ဦးထွန်းဦး၏လုပ်ကြံမှု ယုံတမ်းစကားများကို ရှင်းလင်းပြောကြားခဲ့သည့်အတွက် အထူးပင် ကျေးဇူးကြီးလှပါသည်။ ဖွားစောရွာသူကြီး ဦးထွန်းဦးနှင့်ပတ်သက်သည့် ပါးစပ်ရာဇ၀င်များကိုလည်း စာရေးသူ၏ဆရာ ဗိုလ်မှူးဘရှင်ပြောပြခဲ့၍ သိရသည့်အကြောင်းများ ရှိပါသေးသည်။ ဖွားစောရွာ၏အနောက်ဘက်ရှိ ရေကန်ငယ်ကို ဦးထွန်းဦးက “မင်းတိမ်းကန်”၊ စုက္ကတေးနှင့်အနော်ရထာ စီးချင်းထိုးကြရာ စုက္ကတေး ကြောက်ရွံပြီး တိမ်းသွားသောနေရာကို အနော်ရထာ တူးဖော်ခဲ့သဖြင့် “မင်းတိမ်းကန်” ခေါ်တွင်သည်ဟုလည်းကောင်း၊ ဖွားစောရွာ၏အနောက်ဘက် မိဖုရားစော အုတ်ကျောင်းတောင်ဘက်၌ ညာဏ်တော် ၁၅ တောင်၊ အတောင် ၂၀ ခန့်ရှိဘုရားကိုလည်း “မင်းမရဲဘုရား”၊ စီးချင်းထိုးပွဲမှာ စုက္ကတေးကြောက်ရွံ့၍ မြင်းပေါ် မှာတင် တုန်လှုပ်သောနေရာ၌ အနော်ရထာ တည်ထားခဲ့သောကြောင့် “မင်း မရဲဘုရား”ဘွဲ့တွင်ကြောင်း၊ ထိုဘုရား၏အနောက်ဘက်တွင်ရှိသော လှံဘုရားကို ဦးထွန်းဦးက “လှံကျဘုရား”ဟု ဘွဲ့ပေးပါသည်။ စုက္ကတေး၊ အနော်ရထာ စီးချင်းထိုးပွဲမှာ စုက္ကတေး၏လှံသည် မြင်းပေါ်ကကျသွားသဖြင့် အနော်ရထာက အမှတ်တရတည်ထားခဲ့သောကြောင့် “လှံကျဘုရား”ဘွဲ့တွင်ကြောင်းလည်း ဦးထွန်းဦးကဆိုခဲ့သည် ဆိုပါသည်။ အနော်ရထာနှင့်စုက္ကတေး စီးချင်းထိုးကြသည်မှာ ဦးထွန်းဦးဇာတိ ဖွားစောရွာအနီးတွင် မဟုတ်ပါ။ သဗ္ဗညုဘုရားကြီး၏ တောင်ဘက် ပုဂံမြို့ရိုးအပြင်ဘက်ရှိ “သစ်မထီး” ချောင်းငယ်တွင် တိုက်ကြခြင်း ဖြစ်ပါသည်။ ထိုနေရာ၌ စုက္ကတေးသည် အနော်ရထာ၏လှံချက်ဖြင့် မြင်းပေါ်မှ လိမ့်ကျသွားခဲ့ပါသည်။ မြင်းပေါ်တွင် စုက္ကတေးမပါရှိတော့ဘဲ “မြင်းက”(ကုန်းနှီး)သာ ပါရှိပြီး မြင်းသည် အနုရာဓမြို့ (ယခု မြင်းကပါရွာ) ဆီသို့ ပြေးသွားခဲ့သည်။ အနုရာဓမြို့၏ မြောက်ဘက်၌လည်း အနော်ရထာ၊ စုက္ကတေး စီးချင်းထိုးပွဲ၏ရလဒ်ကို နားထောင်ကြည့်ရှုရန် လူစုလူဝေးကြီး စုရုံးရောက်ရှိနေပါသည်။ မြင်းပေါ်၌လူ (စုက္ကတေး) မပါရှိဘဲ “မြင်းက” သာပါရှိသည်ကို မြင်ကြရ၍ “မြင်းကသာပါသည်၊ မြင်းကသာပါသည်”ဟု ပြောဆိုကြသဖြင့် “အနုရာဓ” မှာ “မြင်းကပါ” အမည်တွင်လာခဲ့ သည်။ မြင်းကပါရွာ၏မြောက်ဘက် အတောင် ၁၀၀ ကွာလောက်တွင် မြင်းကသာပါကြောင်း တွေ့ရှိရာ၌ အနော်ရထာတည်ထားခဲ့သောဘုရားကို “မြင်းကပါ ဘုရား”ဟု ဘွဲ့တော်သတ်မှတ်လျက် ယနေ့တိုင် အထင်အရှား ဖူးတွေ့နိုင်ပါသည်ဟု ဆရာဗိုလ်မှူးကြီးဘရှင်ပြောပြခဲ့၍ သိခဲ့ရပါသည်။ ရှေးဟောင်းသုတေသနဌာနက ပုဂံမြို့နှင့်အနီးတစ်ဝိုက်တွင် စေတီပုထိုးပေါင်း ၅၀၀၀ ကျော်ရှိသည်ဟု ဆိုပါသည်။ (ယဉ်ကျေးမှုဌာန၀န်ကြီး ဦးချစ်သောင်း၏ ပုဂံရက်သတ္တပတ်ဖွင့်ပွဲမိန့်ခွန်းတွင် ဤကဲ့သို့ ပါသည်)။ အင်္ဂလိပ်ခေတ် ကျောက်စာဌာနမှ ပုဂံမြို့နှင့်ဝန်းကျင်ရှိ ဘုရားပုထိုးစေတီများကို ရေတွက်စာရင်း ပြုလုပ်ခဲ့ဖူး ပါသည်။ ဘုရားတစ်ဆူလျှင် သစ်ဆေးဖြင့်နံပါတ်ရေးထိုး၍ ရေတွက်စာရင်းပြုလုပ်ရာ အရေအတွက် သုံးထောင်ကျော်သာရှိကြောင်း မှတ်သားရပါသည်။ ပုဂံဝန်ထောက်ဦးတင်သည် ပုဂံတွင် (အင်္ဂလိပ်ခေတ်က) နှစ်ပေါင်း ၃၀ ကျော်မျှ နေထိုင်သွားခဲ့သည်။ သူ့ကို ကျောက်စာများနှင့် ပုဂံဘုရားများသမိုင်းကို ကောင်းစွာလေ့လာခဲ့သူဖြစ် ၍ နိုင်ငံခြားမှ ထင်ရှားသောပုဂ္ဂိုလ်များ ပုဂံဘုရားဖူးရာတွင် ရှင်းလင်းဖော်ပြစေရန် အငြိမ်းစားယူသည်အထိ မရွှေ့ပြောင်းစေဘဲ ပုဂံနယ်မှာပင် ခန့်ထားအမှုထမ်းစေခဲ့သည်ဟု မှတ်သားရဖူးပါသည်။ အဆိုပါ ပုဂံဝန်ထောက်မင်းဦးတင်၏ ပုဂံဘုရားများသမိုင်း လက်ရေးစာမူစာအုပ်ကို စာရေးသူ ဖတ်ရှုလေ့လာခဲ့ဖူးရာ ထိုလက်ရေးစာမူတွင် ပုဂံဘုရားများအရေအတွက်ကို လေးသန်းကျော်ရှိသည်ဟု ရေးသားမထားပါ။ ထို့ကြောင့် နောင်လာနောက်သားများ အမှတ်အသားမမှားစေရန် တစ်ဆင့်ပြော ပါးစပ်ပြောရာဇ၀င်များကို အမှန်ဟုမယူမှတ်ကြဘဲ အမှန်ကိုသာ သိရှိမှတ်သားနိုင်စေရန် ရေးသားရှင်းပြလိုက်ရခြင်း ဖြစ်ပါသည်။

မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၂)
http://shweamyutay.com/index.php?option=com_content&view=article&id=4349%3A2012-08-30-04-32-13&catid=90%3A2008-06-08-19-55-01&Itemid=682