Thursday, August 2, 2012

ခေတ်မောင်း အတွဲ ၁၊ အမှတ် ၃ အယ်ဒီတာ့အာဘော်(အပြည့်အစုံ)

0 comments

ခတ်မောင်း အတွဲ ၁၊ အမှတ် အယ်ဒီတာ့အာဘော်
ဗမာပြည်တွင်းက နိုင်ငံရေးနိုးကြားတက်ကြွ ကြသူတွေကြားထဲမှာ civil society ဆိုတဲ့ စကားလုံး ရင်းနှီးသုံးစွဲလာတဲ့ပမာဏ များလာတာကို ဒီဘက်နှစ်ပိုင်းကာလများမှာ အထူးသတိထားမိတယ်။ civil society ကို လူမှုအခြေပြု လူထုအဖွဲ့အစည်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းစသဖြင့် အလျဉ်းသင့်သလို ဘာသာပြန်သုံးစွဲနေကြတယ်။ စစ်အာဏာရှင် အရိပ်မည်းအောက် စစ်အလိုကျ နိုင်ငံရေးသာ ခပ်ယဲ့ယဲ့တည်ရှိရတဲ့ဝန်းကျင်မျိုးဖြစ်လို့ နိုင်ငံရေးဆိုတဲ့ဝေါဟာရကို အနှစ်အသား အဓိပ္ပာယ်အပြည့်အ၀ပေါ်လွင်အောင် ကိုယ်ရောင်ထင်ရှားမပြနိုင်ရတဲ့ကာလမှာ နိုင်ငံရေး ရည်မှန်းချက်ရှိသူတွေကိုယ်တိုင် လူမှုရေး အရပ်ဘက်စတဲ့ ဗမာစကားလုံးများရဲ့အကာအကွယ်နဲ့ လူ့အဖွဲ့အစည်းအခြေပြောင်းရေး တက်ကြွလှုပ်ရှားမှုတွေဟာ ကြက်ခြေနီသဖွယ် ရေဘေးမီးဘေး ကယ်ဆယ်ရေး ပရဟိတ လူမှုရေးအလုပ်များအသွင် ယူနေကြရတယ်။

Civil society ကို လူမှုတွေ အရပ်ဘက်တွေဆိုပြီး တိုက်ရိုက်ဖလှယ်ရင်းသားက နိုင်ငံရေးကင်းရှင်း ပါတယ်ဆိုတဲ့ စစ်ခေါက်ရိုးကျ အဖိနှိပ်ခံရှင်သန်ရပ်တည်နိုင်မှုနဲ့သာ တကယ့်ကို လူမှုရေးအလုပ် ပရဟိတအလုပ်များလှုပ်ရှားလည်ပတ်နေတဲ့အ၀န်းအ၀ိုင်းကို civil society လို့ အနက်ပေး စွဲထင်မှတ်ယူ ကြမှာကိုစိုးရိမ်တယ်။ ဒီတော့ civil society ကို နိုင်ငံရေးအဓိပ္ပာယ်နည်းပြီး လူမှုရေးအဓိပ္ပာယ် ပိုများစေနိုင်တဲ့ ဘာသာပြန်ဖလှယ်မှုမျိုးတွမလုပ်ပဲ ဒီမိုကရေစီ၊ ဆိုရှယ်လစ်၊ လစ်ဘရယ် စတဲ့ ဝေါဟာရများလိုပဲ တိုက်ရိုက်ခေါ်ဝေါ်သုံးနှုံးမယ်၊ ဘာ့ကြောင့်လဲဆို လူ့အဖွဲ့အစည်း အခြေတင့်အနေမြင့် တိုးတက်ထွန်းကားပြောင်းလဲဖို့ဆိုတာ လူမှုရေးပြဿနာမဟုတ်ပဲ နိုင်ငံရေးပြဿနာသာ ဖြစ်နေတာကြောင့် civil society ဆိုတာကို စီးပွား လူမှု ဒဿနတို့အားလုံးပေါင်းစုစည်းရာ နိုင်ငံရေးဝေါဟာရအဖြစ် ရဲရဲကိုင်တွယ် သဘောထားသင့်တယ်လို့ ယူဆပါတယ်။

Civil society အပေါ် အဓိပ္ပာယ်ဖွင့် ချည်းကပ်မှု ရှူ့ထောင့်တချို့အကြောင်းမသွားခင် ဒီမိုကရေစီနဲ့ထိုက်တန်တဲ့လူထုကြီးဖြစ်လာဖို့ ပျိုးထောင်လေ့ကျင့်ရမယ်ဆိုတဲ့ ဖောက်ပြန်တဲ့အယူကို အရင်စမ်းစစ်ကည့်ကြရအောင်။ စည်းကမ်းရှိတဲ့သူတွေ ပညာရည်ပြည့်ဝနေတဲ့သူတွေဖစ်လာမှ ဒီမိုကရေစီနဲ့ထိုက်တန်လာမယ်၊ ဒီမိုကရေစီကိုကျင့်သုံးလာနိုင်မယ်ဆိုတဲ့အတွေးအမြင်ဟာ အရင်းရှင်စံနစ်အဆင့်တောင်မရှိတဲ့ စောင့်ရှောက်သူနဲ့အစောင့်ရှောက်ခံရှိမှု(ဆိုတဲ့)ပဒေသရာဇ်အယူကို နားလှည့်ပါးရိုက်လုပ်သွပ်သွင်းမှု အဓိပ္ပာယ်ဖွင့်မှုမျိုးပဲ။ ဘာလို့ နားလှည့်ပါးရိုက်လုပ်ဆိုပြီး သုံးစွဲရသလဲဆို စည်းကမ်းရှိဖို့ ပညာရည်ပြည့်ဝဖို့ဆိုတာလိုလားအပ်ကြောင်း အငြင်းပွားဖွယ် မရှိ၊ သို့ပေသိ ဒီမိုကရေစီဆိုတာ စည်းကမ်းရှိလာတဲ့လူသူတွေ ပညာရည်ပြည့်ဝလာတဲ့သူတွေကို စည်းကမ်းရှိနှင့်ပြီး ပညာရည်ပြည့်နှင့်ပြီးလူတစ်စုက အကဲဖြတ်သုံးသပ်အမှတ်ပေးပြီး အပိုဆုကြေးသဘောမျိုးချီးမြှင့်ရတာမျိုးမဟုတ်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံး တစ်ယောက်အခွင့်အရေး တစ်ယောက်အသိမှတ်ပြုလို့ တပြေးညီ အတူတကွကျင့်ကြံကြရမယ့် အကျင့်တရားကြီး မဟုတ်လား။

အခုဖြစ်နေပုံက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နိုင်ငံတော်ကဖော်ဆောင်နေရာမှာ ဒီမိုကရေစီဖြစ်ထွန်းမှုခိုင်မာဖို့အလို့ငှာ လူထုကြီးကို civil society ဂုဏ်အင်များနဲ့ညီလာအောင်ပညာပေးကြလို့အနက်ပေးချင်တဲ့ လူတန်းစားပျက်အတွေးအခေါ်က ထိပ်ရောက်နေတယ်။ ဖောက်ပြန်မှုဒီဂရီ နည်းနည်းလျော့တဲ့အမြင်ကတော့ civil society အဖြစ် ဖြစ်ထွန်းခိုင်မာလာတာနဲ့အမျှ ဒီမိုကရေစီဖြစ်ထွန်းမှုနောက်ကြောင်းပြန်လှည့်ဖို့ ခဲယဉ်းပေလိမ့်မယ်ဆိုတဲ့ အမြင်ပဲ။

ဒီအမြင်နှစ်မျိုးလုံး တူညီတဲ့အခြေခံကစ ဖောက်ပြန်မှုကတော့ State ဆိုတဲ့ နိုင်ငံတော်ဆိုတာနဲ့အာဏာပိုင်တွေနဲ့ကိုညီမျှခြင်းချခြင်း စစ်အမွေဆိုးကို လက်သင့်ခံခြင်းပဲ။ အာဏာပိုင်ခွင့်ပြုသလောက် လှုပ်သာရှားသာ နိုင်ငံရေးအခင်းအကျင်းနယ်ပယ်ကို ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းအဖြစ် အတိုင်းအတာတစ်ခုထိလက်သင့်ခံခြင်းပဲ။ နိုင်ငံတော်နဲ့ နိုင်ငံရေးအနှစ်သာရအဓိပ္ပါယ်ကို ဒီလို တလွဲလက်ခံတဲ့သူတွေဖွင့်တဲ့ civil society ရဲ့ အဓိပ္ပါယ်ကရော အသင်ကြားခံ အပြုစုအပျိုးထောင်ခံနလဗိန်းတုံးလူစုကြီးအဖြစ်မှသည် အသွင်ကူးပြောင်းရေးဆိုတဲ့အပေါက်အပြင် ဘာရှိမှာလဲ။ ဒါ့ကြောင့် ဗမာ့နည်းဗမာ့ဟန် civil society အပေါ်ချည်းကပ်မှုဟာ တိုးတက်အသွင်ဆောင်ဖို့နေနေ(သာသာ)အရင်းရှင်စံနစ် ထွန်းကားဖြစ်ထွန်းမှုအဆင့်မျှပင် မမှီ၊ ပဒေသရာဇ် စိတ္တဇနာမျိုးပဲ။

ဒီလို စိတ္တဇနာကိုဖျောက်ဖို့ စလုပ်သင့်တာကတော့ နိုင်ငံတော်သညာတွင်တဲ့ State ကို ဖျက်ဖို့ပဲ။ မရှိရာကို အရှိလုပ် စိတ္တဇအသွင်တည်ဆောက်ထားတဲ့ State ဆိုတာ ပျက်သုန်းပြိုကွဲပါမှ State က မွေးဖွားပေးတဲ့ မိုးကျရွှေကိုယ်နိုင်ငံရေးပါ ကွယ်ပျောက်သွားမယ်။ နိုင်ငံတော်ကိုဖျက်ရမယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ နိုင်ငံတော်ဆိုတာ တစ်ဦးချင်းစီနိုင်ငံသား citizen တို့ အခြေတူ မျှခြေရယူရာအဖွဲ့အစည်းအဖြစ်သတ်မှတ်ခြင်း စိတ္တဇပဲ။ နိုင်ငံသားတို့တစ်ဦးချင်းစီအနေနဲ့ တစ်ဦးချင်းစီအကျိုးအတွက်ရည်မှန်းကာ ကုန်ထုတ်ကုန်သွယ်ကြ ယှဉ်ပြိုင်ကြ ထိတွေ့ဆက်ဆံကြ စသဖြင့် ပြုမူနေကြတာကို civil society လို့ ပိုင်းခြားပြီး၊ ဒီလို လူတစ်ဦးချင်းစီ ထိတွေ့ဆက်ဆံတဲ့အပြုအမူတွေ ထင်တိုင်းမကြဲနိုင်ပဲ အခွင့်တူညီမျှမှုရှိရေးအတွက် လူတစ်ဦးချင်းစီကနေ ထိန်းချူပ်မှုအပေါ် သဘောတူပဋိဥာဉ်ခံရာ ဘုံအဖွဲ့အစည်းကြီးကို နိုင်ငံတော် State ရယ်လို့ ယူဆ ပိုင်းခြားထားတာပဲ။

နိုင်ငံတော်က အခွင့်တူမှုကိုအာမခံဖို့ရာ အုပ်ချူပ်ရေး ဥပဒေပြုရေး တရားစီရင်ရေးအာဏာတွေဖန်တီးရတယ်လို့ သတ်မှတ်ပြန်တယ်။ ဒီတော့ နိုင်ငံရေး၊ ဥပဒေနဲ့ တရားစီရင်ရေးတို့ဟာ နိုင်ငံတော်အဆင့်အ၀န်းအ၀ိုင်းအဖြစ်နဲ့ civil society ရဲ့ အပေါ်ဘက်မှာ ကွဲပြားတည်ရှိကြောင်း အာရုံအမှား ရလာကြတာပဲ။ civil society အတွင်းမှာ လူတစ်ဦးချင်းစီဟာ တစ်ကိုယ်ရည်အကျိုးကိုဖွေရှာပြီး၊ ဒီလို တစ်ကိုယ်ရည်အကျိုးဖွေရှာမှုမှာ အခြားသောသူရဲ့ တစ်ကိုယ်ရည်အကျိုးကို မထိခိုက်ရလေအောင်ဆိုပြီး State ရယ်လို့ သီးခြား ပိုင်းခြားသတ်မှတ်ခြင်းဟာ ပုဂ္ဂလိကအကျိုးစီးပွားများကို ထိန်းချူပ်ခြင်းနဲ့ အာမခံခြင်းဆိုတဲ့ အတွင်းဝိရောဓိအပြစ်ကြီး တပါတည်းတွဲပါလာတယ်။ နောက်ကြောင်းပန်မလှည့်အောင် နိုင်ငံရေးကို လမ်းပေါ်အရောက်မခံနိုင်ပဲ စစ်လွှတ်တော်အတွင်းမှာပဲ ပိုးမွေးသလိုမွေးရမယ်ဆိုတဲ့အမြင်နဲ့ ဒီမိုကရေစီထွန်းကားမှုတွေ အထောက်အပံ့အင်အားဖစ်လာအောင် ကိုယ့်အခွင့်အရေးကိုသိ ကိုယ့်အခွင့်အရေးကိုတောင်းဆို ကိုယ့်အခွင့်အရေးကိုကာကွယ်နိုင်တဲ့ civil society ဖြစ်ထွန်းရေးဆိုတဲ့အမြင်ဟာ ၀ိရေဓိဖြစ်နေတာဟာ ဥပမာကောင်းပဲ။

လက်သည်ကတော့ ဒီ နိုင်ငံတော်ဆိုတဲ့ စိတ်ကူးယဉ်သတ်မှတ်မှုကြောင့်ပဲ။ နိုင်ငံရေးဟာလည်း citizen ဆိုတဲ့ နိုင်ငံသားများအ၀န်းအ၀ိုင်းမှာမရှိတော့ပဲ စိတ်ကူးယဉ်နိုင်ငံတော်အတွင်းက အာဏာအသွင် ထင်မြင်စေတော့တယ်။

ပုဂ္ဂလိကအခွင့်အရေးကိုကာကွယ်ဖို့အကြောင်းပြချက်နဲ့ နိုင်ငံရေးကို နိုင်ငံသားထံကခွဲထုတ်ပြစ်တဲ့နိုင်ငံတော်ကို ချေမှုန်းပြီးတဲ့အခါ civil society ဆိုတာ တမင်ဖန်တီးယူရမယ့် စိတ်ကူးစံတန်ဖိုးများနဲ့ ရည်ညွှန်းအပ်ရာ အိုင်ဒီး(လ်)အဖွဲ့အစည်းကြီးမဟုတ်ကြောင်း သိမြင်လာနိုင်မယ်။ နိုင်ငံသားအစုအဝေးကြီးဟာ အပြုခံ အစောင့်ရှောက်ခံ တစ်ဆင့်နိမ့် သီးခြားအတန်းအစားမဟုတ်ပဲ၊ လူ့အဖွဲ့အစည်းမှာ အဟုတ်ရှိ တကယ်ရှိနေတဲ့ တစ်ခုတည်းသော အဆောက်အဦပဲ၊ နိုင်ငံရေးတည်ရှိရာ အရပ်ပဲ။ နိုင်ငံရေးဟာ နိုင်ငံသားတွေအချင်းချင်းကြားက ထိတွေ့ဆက်ဆံမှု၊ နိုင်ငံသားများရဲ့ပြုမူမှု၊ နိုင်ငံသားများရဲ့လိုအင်ကိုပဲရည်ညွှန်းခြင်းကလွဲပြီး တခြားမဟုတ်၊ နိုင်ငံရေးကို ကောင်းကင်ဘုံမပို့ပဲ နိုင်ငံသားအချင်းချင်းကြား တိုက်ရိုက်ဆက်ဆံမှုကိုသာ နိုင်ငံရေးအစစ်လို့ သတ်မှတ်ရမယ်။
အခွင့်တူညီမျှမှုကို လူအချင်းချင်း တိက်ရိုက်ဆက်ဆံခြင်းအကြားမှာသာ ဖြစ်ထွန်းအောင် လုပ်ဖို့ပဲ။

နိုင်ငံတော်နဲ့ နိုင်ငံသားခွဲခြားမှုအမြင် civil society အစား လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတဲ့ တကယ့်အနှစ်သာရရှိတဲ့ဝေါဟာရကိုအသားပေးဖို့ရာ ထိုက်တယ်။ လွှတ်တော်ပြင်ပနိုင်ငံရေးလို့တော့ ကြွေးကြော်ပါရဲ့၊ တကယ်လုပ်တော့ အပြောင်းအလဲဖြစ်ထွန်းမှုဆိုတာ လွှတ်တော်ကိုဗဟိုပြုကြောင်းရယ်လို့ လွှတ်တော်နိုင်ငံရေးကို လွှတ်တော်အပြင်မှာပါလိုက်အကာအကွယ်ပေးတဲ့ စစ်ကျွန်ဝါဒဖြန့် ဖြစ်မနေဖို့လည်းလိုတယ်။ ရှစ်လေးလုံးဟာ နိုင်ငံသားများ နိုင်ငံရေးနဲ့အခွဲခြားခံရမှုကို ဖြိုဖျက်ခဲ့တဲ့၊ နိုင်ငံရေးကို နိုင်ငံသားများကပန်လည်သိမ်းပိုက်ဖို့အားထုတ်ခဲ့ခြင်းရဲ့ အထင်ရှားဆုံးသာဓကပဲမို့ ရှစ်လေးလုံးနှစ်ပတ်လည် သမယမှာ ရှစ်လေးလုံးစိတ်ဓာတ်ကို နှလုံးသွင်းကြခြင်းအားဖြင့် နိုင်ငံတော် နိုင်ငံသား အလွှာခွဲခြားခြင်းလမ်းမှားကို သတိမူကြပါလို့ ခေတ်မောင်းက တိုက်တွန်းလိုက်ပါတယ်။

0 comments:

Post a Comment