မိမိကိုယ်မိမိပိုင်စိုးမှုနှင့်နိုင်ငံရေး
(ကိုဝတုတ်)ခေတ်မောင်း အတွဲ ၁၊ အမှတ် ၃
လူဟာ နိုင်ငံရေးသတ္တ၀ါလို့ ခေါမ အတွေးအခေါ် ပညာရှင် အရစ္စတိုတယ်က ဆိုတယ်။ လူ့သဘာဝက နိုင်ငံရေးနဲ့ကင်းလို့မရတဲ့ သဘောကို ဆိုလိုချင်ပုံ ရတယ်။ လူရဲ့သဘာဝလို့ဆိုတဲ့အတွက် နိုင်ငံရေး နဲ့ကင်းလို့မရတဲ့ ဒီသဘောသဘာဝဟာ ဟိုး နှစ် နှစ်ထောင်ကျော်ကလူသားရဲ့သဘာဝဖြစ်သလို ကနေ့ခေတ် နှစ်ဆယ့်တစ်ရာစုလူသားရဲ့ သဘာဝလည်းဖြစ်တယ်။ အခု ဆောင်းပါးမှာ လူဟာ နိုင်ငံရေးသတ္တ၀ါ၊ တနည်း လူဟာ နိုင်ငံရေးနဲ့ကင်းလို့မရဘူးဆိုတဲ့အပြောကို နည်းနည်းလောက် ဋီကာချဲ့ကြည့်ချင်တယ်။
သက်ရှိသတ္တ၀ါတိုင်းဟာ၊ အရာတိုင်းဟာ သူ့ရဲ့ unique essence တနည်း တခြား သတ္တ၀ါတွေမှာ၊ တခြားအရာတွေမှာမရှိတဲ့၊ သူ့မှာသာရှိတဲ့အနှစ်သာရကို အကောင်းဆုံးဖော်ပြခြင်းဖြင့်သာ ဒီသတ္တ၀ါရဲ့ ပုဂ္ဂလဘဝ၊ ဒီအရာနဲ့သာဆိုင်တဲ့သတ္တိကို အပီပြင်ဆုံးဖော်ပြနိုင်တယ်။ ဥပမာ မျက်စိရဲ့ essence အနှစ်သာရဟာ မြင်ခြင်းဖြစ်တယ်။ နားနဲ့မြင်လို့မရ၊ နှာခေါင်းနဲ့မြင်လို့မရ၊ မျက်စိနဲ့သာ မြင်လို့ရတယ်။ မျက်စိဟာ မြင်ခြင်းဆိုတဲ့ သူ့ရဲ့ essence အရည်အသွေးကို ဖော်ပြခြင်းဖြင့်သာ မျက်စိ ပီသမယ်၊ မျက်စိစစ်မယ်။ အလွယ်ပြောရရင် မျက်စိလို့ခေါ်လို့ရမယ်။ အလားတူပဲ။ ကျားတွေ၊ ခြင်္သေ့တွေဟာ အသားစားသတ္တ၀ါ၊ တကောင်တည်းသာနေတဲ့သတ္တ၀ါလို့ပြောတဲ့အခါ အသားစားခြင်း၊ တကောင်တည်းသာနေခြင်း စတဲ့ essence အနှစ်သာရတွေကိုဖော်ပြခြင်းဖြင့်သာ ကျားဘဝ၊ ခြင်္သေ့ဘဝကို အပီအပြင်ဖော်ပြနိုင်တယ်။ အရွယ်ရောက်ပြီး တကောင်တည်းမနေဘဲ အစုလိုက်နေပြီး သက်သတ်လွတ်စားနေတဲ့ကျားဟာ ကျားမပီသတဲ့ ကျား။
အလားတူပဲ လူဟာ နိုင်ငံရေးသတ္တ၀ါလို့ပြောတာဟာ လူဟာ သူ့ရဲ့သဘာဝကို တနည်း သူ့ရဲ့ essence ကို နိုင်ငံရေးမှာပါဝင်ဆောင်ရွက်ခြင်းဖြင့်သာ အကောင်းဆုံးဖော်ပြနိုင်မှာ၊ အပြည့်အဝဖော်ပြနိုင် မှာဖြစ်တယ်လို့ ပြောတာပဲဖြစ်တယ်။ ဒါဖြင့်ရင် လူ့ရဲ့သဘာဝ၊ လူမှာသာရှိတဲ့ အရည်အသွေးခေါ် အနှစ်သာရ အင်္ဂလိပ်လိုဆို essence က ဘာလဲ။ ဒီအနှစ်သာရတွေကို နိုင်ငံရေးမှာပါဝင်ဆောင်ရွက်မှ အပြည့်အဝဖော်ပြနိုင်ရတာဟာ ဘာ့ကြောင့်လဲ။ ဒီမေးခွန်းနှစ်ခုမှာ ပထမမေးခွန်းကို တိုတိုတုတ်တုတ်နဲ့ဖြေ ရရင် လူ့ရဲ့သဘာဝ၊ လူမှသာရှိနိုင်တဲ့ အနှစ်သာရဟာ အင်္ဂလိပ်လို freedom ခေါ်ခေါ်၊ ပါဠိလို ၀ိမုတ္တိ ခေါ်ခေါ် ဗမာလိုတော့ လွတ်မြောက်ခြင်း ဒါမှမဟုတ် အနှောင်အဖွဲ့ကနေ ကင်းလွတ်ခြင်းပဲ။ ဆိုတော့ လူဟာ နိုင်ငံရေးသတ္တ၀ါလို့ပြောတာဟာ လူဟာ နိုင်ငံရေးမှာပတ်သက်ခြင်းဖြင့်သာ သူ့ရဲ့သဘာဝဖြစ်တဲ့ လွတ်မြောက်ခြင်းကိုဖော်ပြနိုင်မယ်၊ လူပီသမှုကိုပြနိုင်မယ်လို့ပြောချင်တာ ဖြစ်တယ်။ ကဲ ဒီအဆို မှန်မမှန် ဆန်းစစ်ကြည့်ရအောင်။
အရင်ဆုံး လူ့ရဲ့ essence တနည်း အနှစ်သာရလို့ဆိုတဲ့ လွတ်မြောက်မှုကို ကြည့်ရအောင်။ လွတ်မြောက်မှု တနည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှုဟာ လူ့ရဲ့ အနှစ်သာရလို့ပြောရတာ ဘာ့ကြောင့်လဲ။ တချို့ တိရိစ္ဆာန်တွေဟာ လွတ်လပ်မှုကို လူထက်တောင်ဖော်ပြနိုင်ပုံရတာ သတိပြုမိကြမယ်။ ငှက်တွေဟာ တနေရာကတနေရာကို အတားအဆီးမရှိ သွားနိုင်တယ်။ သားရဲတိရိစ္ဆာန်တွေဟာလည်း အစာကို ကိုယ်စိတ်ဆန္ဒရှိတဲ့အချိန်မှာ သင့်မသင့်စဉ်းစားနေစရာမလိုဘဲ၊ တနည်း ကျင့်ဝတ်ဆိုင်ရာစဉ်းစားချက်တွေရဲ့ ကန့်သတ်မှုကိုမခံဘဲ စိတ်လာတဲ့အချိန်မှာ စားသောက်၊ အိပ်စက်၊ မိတ်လိုက်နိုင်ကြတယ်။ တဘက်မှာ လူမှာ ငှက်တွေ၊ သားရဲတိရိစ္ဆာန်တွေလို ကိုယ်လုပ်ချင်တာကို ကောက်လုပ်နိုင်တဲ့အနေအထား မရှိတတ်ဘူး။ ဒီတော့ လူဟာ တိရိစ္ဆာန်လောက်တောင် မလွတ်လပ်ဘူးလို့ ထင်စရာရှိတယ်။
ဒါပေမယ့် တကယ်မှာ တိရိစ္ဆာန်တွေရဲ့ပြုမူပုံဟာ သူတို့ရဲ့ အဟိတ်တိရိစ္ဆာန်ဗီဇစိတ် impulse ကို၊ သူတို့ရဲ့ တိရိစ္ဆာန်သဘာဝကို ဖော်ပြခြင်းသာဖြစ်ပြီး reasoning စဉ်းစားဆင်ခြင်မှုကနေပေါက်ပွားလာတဲ့ လုပ်ရပ်မဟုတ်ပေဘူး။ တိရိစ္ဆာန်တွေဟာ တခုခုမလုပ်ခင် ကောင်းမကောင်း၊ သင့်မသင့်ခွဲခြားပြီး ကောင်းတာသင့်တာကို လုပ်နိုင်စွမ်းမရှိဘဲ ဆန္ဒရဲ့ညွှန်ကြားစေခိုင်းတာကို မစဉ်းစားမဆင်ခြင်ဘဲ ကာယရဲ့ တဒင်္ဂလိုအပ်ချက်ကိုဖြည့်ဆည်းဖို့လုပ်ကြတာမျိုးသာ ဖြစ်တယ်။ တဘက်မှာ လူကတော့ လုပ်ရပ်တခု မလုပ်ခင် သင့်မသင့်ကောင်းမကောင်း စဉ်းစားနိုင်စွမ်းရှိတယ်။
လွတ်လပ်မှုဟာ ရွေးချယ်ပိုင်ခွင့်ရှိခြင်းဆိုရင် လုပ်ရပ်တခုကို လုပ်သင့်မလုပ်သင့် ရွေးချယ်နိုင်စွမ်းရှိတာဟာ လွတ်လပ်မှုရှိမရှိကိုဖော်ပြခြင်းလို့ ပြောရတော့မယ်။ လုပ်ရပ်တခုကို လုပ်သင့်မသင့် ရွေးချယ်နိုင်စွမ်းဟာ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိမှသာ ဖြစ်နိုင်မယ်။ တိရိစ္ဆာန်တွေမှာ ကောင်း မကောင်း သင့်မသင့် ဆင်ခြင်စဉ်းစားနိုင်စွမ်း မရှိကြဘူး။ လူမှာသာ ရှိတယ်။ ဆင်ခြင်စဉ်းစားနိုင်စွမ်းဟာ လူနဲ့သာဆိုင်တယ်။ ဒီတော့ လွတ်လပ်မှုရှိမရှိဆိုတာ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိမရှိနဲ့ဆိုင်တယ်လို့ပြဆိုပြီးသကာလ ဆင်ခြင်စဉ်းစားနိုင်စွမ်းရှိတဲ့လူမှာသာ လွတ်လပ်မှုရှိနိုင်တယ်ဆိုတာကို လက်ခံရပေလိမ့်မယ်။ တနည်း လွတ်လပ်မှု၊ လွတ်မြောက်မှုဟာ လူ့ရဲ့အနှစ်သာရ ဖြစ်ပေတယ်။
တခါ လွတ်လပ်မှုရှိမှသာ ကိုယ့်လုပ်ရပ်အတွက်တာဝန်ယူမှုဆိုတဲ့သဘောတရားဟာ အဓိပ္ပါယ်ရှိနိုင်မယ်။ ကိုယ်ဘာလုပ်မယ်ဆိုတာကို မမြင်ရတဲ့အရာတခုက ကြိုတင်သတ်မှတ်ဆုံးဖြတ်ထားပြီးသားဆိုရင် ဒီလုပ်ရပ်အတွက် ကိုယ်ကတာဝန်ယူရတာ အဓိပ္ပါယ်မရှိတော့ဘူး။ ဥပမာ အခြေအနေတခုမှာ လူတယောက်ဟာ မကောင်းတဲ့လုပ်ရပ်တခုကိုလုပ်ဖို့ ဘုရားသခင်က၊ ဒါမှမဟုတ် fate ရှောင်လွှဲလို့မရတဲ့ကံတရားက သတ်မှတ်ဆုံးဖြတ်ထားပြီးသားဆိုရင် ဒီမကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်မှုအတွက်အပြစ်ကို ကျူးလွန်သူထက် ဘုရားသခင် ဒါမှမဟုတ် ကံတရားမှာ ပိုတောင် တာဝန်မရှိပေဘူးလား။ ဒီစဉ်းစားချက်ကိုကြည့်မယ်ဆိုရင် လွတ်လပ်မှုရဲ့ပြယုဂ်ဖြစ်တဲ့ self-autonomy မိမိကိုယ်မိမိပိုင်စိုးမှုရှိမှုဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ သတိပြုမိနိုင်မယ်။
အခုအမြင်ကိုအားကောင်းစေတဲ့ နောက်စဉ်းစားချက်တခုကို တင်ပြပါရစေ။ မကောင်းတာကိုမလုပ်တဲ့လူနဲ့ မကောင်းတာကိုရှောင်ကြဉ်တဲ့လူ နှစ်ယောက်မှာ ဒုတိယလူက ပိုပြီး အထင်ကြီးလေးစားစရာကောင်းတယ် လို့ ယူဆမိတယ်။ မကောင်းတာကိုမလုပ်တဲ့လူဟာ မကောင်းတဲ့အလုပ်ကို မကောင်းမှန်းသိလို့လုပ်တာ ဟုတ်ချင်မှ ဟုတ်မယ်။ တချို့လူတွေဟာ အတိတ်ဘဝရဲ့ကံကြောင့်၊ ဒါမှမဟုတ် ဘုရားသခင်ရဲ့ မျက်နှာသာပေးမှု ခံရလို့၊ ၊ ဒါမှမဟုတ် သဘာဝတရားရဲ့ဖေးမစီရင်မှုကြောင့် သူတို့ သဘာဝမှာ မကောင်းမှုလုပ်ဖို့အာသီသနည်းကြတယ်၊ ဒါမှမဟုတ် ပါမလာ တတ်ကြဘူး။ ဒီလိုလူတွေအတွက်က မကောင်းတာ မလုပ်တာဟာ မကောင်းမှုကို အာသီသနည်းခြင်း၊ မရှိခြင်းဆိုတဲ့ သူတို့ရဲ့သဘာဝကို ဖော်ပြမှုသက်သက်သာ ဖြစ်တယ်။
တဘက်မှာ မကောင်းတာကိုရှောင်ကြဉ်တဲ့လူက မကောင်းမှုရဲ့သဘာဝကိုသိပြီး မကောင်းမှုကို မလုပ်သင့်ဘူးလို့ဆုံးဖြတ်ပြီး ရှောင်ကြဉ်တာဖြစ်တယ်။ self-autonomy ဟာ ပထမလူထက် ဒုတိယလူမှာ ပိုအားကောင်းတယ်။ အသက်သတ်စားတာ ကျင့်ဝတ်နဲ့မညီမှန်းသိလို့ သက်သတ်လွတ်စားသူကို သာဓုခေါ်ပြီး၊ ဆိတ်တွေ၊ နွားတွေ သတ်သတ်လွတ်စားတာကို ဘယ်သူများ သာဓုခေါ်တာကြားဘူးလဲ။ ဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းသိပြီး မလုပ်ဖို့ဆုံးဖြတ်နိုင်စွမ်းရှိမှ၊ ပြင်ပအကြောင်းတရားတွေရဲ့ စီရင်မှုထက် self-autonomy ရှိမှ လုပ်ရပ်တခု ကောင်းမကောင်း၊ သာဓု ခေါ်ထိုက် မခေါ်ထိုက် ဆုံးဖြတ်နိုင်စရာ ရှိတယ်။ ဒီတော့ လွတ်လပ်မှု ဒါမှမဟုတ် မိမိကိုယ်မိမိပိုင်စိုးမှုဟာ ကျင့်ဝတ်ဆိုင်ရာ ကိစ္စရပ်တွေအတွက်ပါ အရေးကြီးတာထင်ရှားတယ်။
လူ့ရဲ့ အနှစ်သာရဟာ လွတ်လပ်မှုလို့ပြဆိုပြီးသကာလ ခုတခါ နိုင်ငံရေးဆိုတာဘာလဲဆိုတဲ့မေးခွန်းကို မေးကြည့်ရအောင်။ ကျနော့ အတွေ့အကြုံနဲ့ယှဉ်ပြီးပြောရရင် ဒီမေးခွန်းကို ပထမဆုံးမေးဖူးတာ မှတ်မှတ် ရရ၊ တိုက်တိုက်ဆိုင်ဆိုင် ၈၈ အရေးအခင်းဖြစ်ပြီးချိန်မှာ ဖြစ်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေးကို လုပ်တာပေါ့ဆိုပြီး အမေးခံရသူကပြန်ဖြေတယ်။ ရုတ်တရက်ကြည့်ရင် ဒီအဖြေဟာ ကျေနပ်စရာကောင်းတဲ့ အဖြေမဟုတ်ဘူးလို့ ထင်စရာရှိတယ်။
ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်ရင် ဒီအဖြေ ကျေနပ်စရာကောင်းမကောင်းဆိုတာ နိုင်ငံ့အရေးဆိုတာကို ကျနော်တို့ဘယ်လို နားလည်သလဲ၊ ဘယ်လောက်အတိုင်းအတာထိ နားလည်သဘောပေါက်လဲဆိုတဲ့ အချက်ပေါ်မူတည်တာတွေ့ရလိမ့်မယ်။ ခေါမခေတ်ကနိုင်ငံဆိုတာ အလွယ်ပြောရရင် မြို့ပြနိုင်ငံလေးတွေကိုပဲ ရည်ညွှန်းကြတာဖြစ်တယ်။ ဒီမြို့ပြနိုင်ငံလေးတွေ (ခေါမလိုတော့ polis လို့ခေါ်တာပေါ့) ကို အုပ်ချူပ်စီမံခန့်ခွဲတဲအလုပ်ကို နိုင်ငံရေး politics လို့ခေါ်တယ်။ နှစ်ပေါင်း နှစ်ထောင်ကျော်ကြာလာချိန်မှာ မြို့ပြနိုင်ငံလေးတွေကနေ မြို့ကြီးပြကြီးတွေ၊ တိုင်းနိုင်ငံတွေ၊ ပြည်ထောင်စုတွေဖြစ်လာတယ်။ ဒါပေမယ့် နိုင်ငံရေးဆိုတဲ့ဝေါဟာရရဲ့ အနှစ်သာရကတော့ ပြောင်းမသွားဘူး။
အဲဒီအနှစ်သာရကတော့ မြို့ပြနိုင်ငံလေးတွေကိုအုပ်ချူပ်တာဖြစ်ဖြစ်၊ ပြည်ထောင်စုကြီးကိုအုပ်ချူပ်တာဖြစ်ဖြစ် အုပ်ချူပ်ခံရသူတွေနဲ့ဆိုင်တဲ့အရေးကိစ္စတွေကို အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲတာပဲဖြစ်တယ်။ ဒါဟာ နိုင်ငံရေးပဲ။ နိုင်ငံရဲ့အရေးကိစ္စတွေဟာ ခေတ်ကာလ ရွေ့လျောလာတာနဲ့အမျှ ပြောင်းလဲလာနိုင်ပေမယ့် နိုင်ငံရေးဆိုတာ အုပ်ချူပ်ခံတွေ၊ တနည်း နိုင်ငံသားတွေရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် စီမံလုပ်ဆောင်ခြင်းဆိုတဲ့ နိုင်ငံရေးရဲ့သဏ္ဍာန်ကတော့ ပြောင်းမသွားဘူး။
ဒီတော့ နိုင်ငံသားတွေရဲ့ဘဝကို အကောင်းဆုံးဘယ်လိုစီမံလုပ်ဆောင်မလဲ။ ဒီနေရာမှာ အကောင်းဆုံးဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီး အယူအဆ၊ အမြင် အမျိုးမျိုးကွဲနိုင်တယ်။ လူတွေကို ရုပ်ပိုင်းဆိုင်ရာ အတိုင်းအတာတခုထိပြည့်စုံအောင်ဖန်တီးပေးထားပြီး တဘက်မှာ တခြားအရေးကြီးတဲ့ လွတ်လပ်ခွင့်တွေ၊ ဥပမာ သူများမထိခိုက်တဲ့ လွတ်လပ်စွာကိုးကွယ်မှုမျိုးတွေ၊ ကိုယ်နှစ်သက်သူ ဘယ်သူနဲ့မဆို ယောင်္ကျားချင်း၊ ဒါမှမဟုတ် မိန်မချင်း လွတ်လွတ်လပ်လပ်ပေါင်းသင်းနေထိုင်ခွင့်တွေကို ပိတ်ပင်ထားတာမျိုးကို အကောင်းဆုံးစီမံလုပ်ဆောင်ပုံလို့ ပြောကြမယ်မထင်ဘူး။ ဒါပေမယ့် လူ့သဘာဝ၊ လူဖြစ်ရခြင်းရဲ့အနှစ်သာရဟာ လွတ်လပ်မှုဆိုတာကိုလက်ခံရင် နိုင်ငံရေးစနစ်တခု၊ အုပ်ချူပ်မှုပုံစံတခုဟာ လူသားရဲ့အနှစ်သာရဖြစ်တဲ့လွတ်လပ်မှုကို ဘယ်လောက်အတိုင်းအတာထိ အာမခံချက်ပေးနိုင်သလဲ ဆိုတာကိုကြည့်ပြီး နိုင်ငံရေးစနစ်၊ အုပ်ချုပ်မှုပုံစံကောင်းမွန်မှုအတိုင်းအတာကို ဆုံးဖြတ်မယ်ဆိုရင်တော့ သင့်မယ် ထင်မိတယ်။ ဆင်ခြင်စဉ်းစားတတ်သူအဖို့ "လွတ်လပ်မှုကိုအာမခံချက်ပေးတဲ့အုပ်ချုပ်မှု" နဲ့ "လွတ်လပ်မှုကိုအာမခံချက်မပေးတဲ့အုပ်ချုပ်မှု"နှစ်ခုမှာ ပထမအုပ်ချုပ်မှုကို အလိုရှိမှာဘဲ။
တကယ်တော့ အစိုးရဆိုပြီးပေါ်လာတာကိုက လူတွေရဲ့လွတ်လပ်ခွင့်ကို လိုလားတာကိုပြနေတယ်။ အုပ်ချုပ်မှု၊ ဒါမှမဟုတ် စည်းစနစ်တခုခု လုံးလုံးမရှိတဲ့အဖွဲ့အစည်းတခုမှာ လူတယောက်ရဲ့လွတ်လပ်ခွင့်ကို ဘယ်သူက အာမခံချက်ပေးမလဲ။ တယောက်နဲ့တယောက် အပြန်အလှန်နားလည်မှု၊ သဘောတူညီမှုပေါ် အခြေခံတည်ဆောက်ထားတဲ့စနစ်တခုထဲမှာသာ လွတ်လပ်မှုကိုခံစားဖို့ဖြစ်နိုင်မယ်။ လူတိုင်းက လွတ်လပ်မှုကိုတန်ဖိုးထားတယ်ဆိုရင် ကိုယ်က "သူများလွတ်လပ်မှုကိုမထိခိုက်ဖို့ ကတိကဝတ်ပြုတဲ့အခါ" တခြားလူတယောက်ဟာ ကိုယ့်ရဲ့ကတိကဝတ်ကျေးဇူးနဲ့ သူ့လွတ်လပ်ခွင့်ကို ခံစားနိုင်မယ်။ အလားတူပဲ။ သူ့ရဲ့ "ကိုယ့်လွတ်လပ်မှုကိုမထိခိုက်ဖို့ ကတိကဝတ်"ကြောင့် ကိုယ်ဟာ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကိုခံစားနိုင်မယ်။ အစိုးရဆိုတာ လူသားတွေအချင်းချင်းကြားပြောခဲ့တဲ့ အပြန်အလှန်နားလည်မှု၊ သဘောတူညီမှုပေါ် အခြေခံတည်ဆောက်ထားတာ ဖြစ်တယ်။ အစိုးရဆိုတာ မရှိရင်တောင် ကိုယ့်လွတ်လပ်မှုအတွက် အာမခံချက်ကို လူ့အဖွဲ့အစည်းထဲက တခြားလူတွေဆီကတောင်းခံရမှာ ဖြစ်တယ်။ ကနေ့ထိတော့ အစိုးရမရှိတဲ့လူ့အဖွဲ့အစည်းရယ်လို့ ကျနော်သိသလောက် မရှိသေးဘူး။ အစိုးရရဲ့တာဝန်ဟာ အခြေခံအားဖြင့် လူသားရဲ့လွတ်လပ်မှုကို အာမခံချက်ပေးမှုဖြစ်တယ်။ ဒါ့ကြောင့် အပေါ်စာပိုဒ်မှာပြောခဲ့သလို လွတ်လပ်မှု အာမခံချက်မရှိတဲ့အစိုးရအောက်မှာ၊ တနည်း အုပ်ချုပ်မှုအောက်မှာ ဆင်ခြင်စဉ်းစားနိုင်သူဟာ နေချင်ကြမှာမဟုတ်ဘူး။
ကဲ..ဒီတော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ တိုင်းသူပြည်သားတွေရဲ့အရေးကို ဆောင်ရွက်ခြင်းလို့ ပြောပြီးသကာလ နိုင်ငံသားတွေဟာ ကိုယ်နေနေတဲ့အဖွဲ့အစည်းကို အုပ်ချုပ်မောင်းနှင်နေသူတွေဟာ ကိုယ့်အရေးကိစ္စ၊ ကိုယ့်လွတ်လပ်မှုတွေကို ကာကွယ်စောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်ပေးမပေးကို အမြဲတစေ စောင့်ကြည့်နေသင့်တယ်။ နိုင်ငံသားတွေကို သူတို့ရဲ့ကံကြမ္မာကို သူတို့ဘာသာ ဖန်တီးနိုင်ခွင့်ပေးနိုင်တဲ့အုပ်ချုပ်မှုမျိုးရှိနေ၊ မနေ သတိထားစောင့်ကြည့်နေသင့်တယ်။ ဒီလို စောင့်ကြည့်ဝေဖန်တာကိုက နိုင်ငံရေးနဲ့ပတ်သက်မှုကိုပြသတာ ဖြစ်တယ်။ ကိုယ့်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်ဆုံးဖြတ်ချက်တွေကို အုပ်ချုပ်သူလက်ထဲ ဝ ကွက် အပ်ထားတာ မဖြစ်သင့်ဘူး။ အဲဒီလို မျက်နှာလွှဲခဲပစ် အပ်ထားမယ်ဆိုရင် အုပ်ချုပ်သူတွေက ကိုယ့်ရဲ့တာဝန်အပ်နှင်းမှုကို သူတို့အကျိုးစီးပွားကွက်ကွက်လေးအတွက် အသုံးချသွားနိုင်တယ်။ အသုံးချသွားတဲ့သာဓကတွေလည်း တွေ့ခဲ့ကြပြီးပြီ။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ရွေးကောက်ပွဲဝင်ပါတယ်ဆိုပြီး ကိုယ်လုပ်ချင်တာ ကိုယ်လုပ်၊ ပြီးရင် "ပြည်သူ့ဆန္ဒ" လုပ်ပစ်လိုက်တာမျိုးတွေကို လက်မခံသင့်ဘူး။
သူများရဲ့ရွေးချယ်ဆုံးဖြတ်မှုအတွက် တာဝန်ယူရတာမျိုးဟာ သူများရဲ့အချုပ်အနှောင်ဖွဲ့ခံထားရမှုအောက်မှာ နေနေရခြင်းလို့ ပြောနိုင်တယ်။ ကိုယ်ဟာ နိုင်ငံရေးမှာစိတ်ဝင်စားမှုပတ်သက်မှုမရှိရင် သူများတကာရဲ့ရွေးချယ်ဆုံးဖြတ်မှုတွေအတွက် ဘုမသိဘမသိ တာဝန်ယူသွားရလိမ့်မယ်။ ဒီတော့ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိတာ၊ မပတ်သက်ဘူးလို့ပြောတာဟာ ကိုယ့်အနှောင်အဖွဲ့ကို ကိုယ့်ဘာသာဖန်တီးခြင်းသာ ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံရေးမှာပါဝင်ပတ်သက်ခြင်းဟာ မိမိကိုယ်ကို လွတ်မြောက်အောင်ကြိုးပမ်းမှုလို့ ဆိုနိုင်တယ်။ လူ့သဘာဝဖြစ်တဲ့ လူ့ရဲအနှစ်သာရ essence ဖြစ်တဲ့ လွတ်မြောက်မှုကို နိုင်ငံရေးနဲ့မပတ်သက်ပဲ ရရှိနိုင်မှာမဟုတ်ပေဘူး။ ပြည်သူတွေရဲ့နိုင်ငံရေး စိတ်ဝင်စားမှုကို အညွန့်ချိုးတာ၊ နိုင်ငံရေးနဲ့မပတ်သက်အောင်၊ နိုင်ငံရေးသေအောင်လုပ်နေတာတွေကို ကိုယ့်ကို အချုပ်အနှောင်ချဖို့ကြိုးစားမှုတွေပဲဖြစ်တယ်။
(ယူတာက) http://www.facebook.com/notes/lin-htin/မိမိကိုယ်မိမိပိုင်စိုးမှုနှင့်-နိုင်ငံရေး-ကိုဝတုတ်-ခေတ်မောင်း-အတွဲ-၁-အမှတ်-၃/3374659616023
0 comments:
Post a Comment