Thursday, August 16, 2012

နိုင်ငံရေးမှာ အမှားအမှန်မရှိဘူးတဲ့လား (လင်းထင်)

0 comments

နိုင်ငံရေးမှာ အမှားအမှန်မရှိဘူးတဲ့လား
(လင်းထင်) 
ဗမာပြည်ဟာ စစ်မိစ္ဆာတရားရဲ့အမှောင်ရိပ်အောက် ကျနေသ၍တော့ နိုင်ငံရေးမှာ ကောင်းမြတ်ခြင်းနဲ့ ဆိုးယုတ်ခြင်းဟာ အလင်းနဲ့အမှောင်ကွဲပြားခြားနား ဘိသကဲ့ ထင်းထင်းကြီးကွဲတယ်။ ထွေပြားဖို့ရာ မီးခိုးရောင်နယ် မရှိ။ အာဏာ-၃ရပ်လုံးကို စစ်တပ်က လက်မလွှတ်သေးဘူးလား။ ဒါဆို ဘာမှ ယောင်အမနေနဲ့...နိုင်ငံရေးမှာ အမှားအမှန် ရှိတယ်။ နိုင်ငံရေးထဲ စစ်တပ်လက်ဝါးကြီးအုပ် ချယ်လှယ်မှု တရားဝင်ရယူထားတဲ့ဖွဲ့စည်းပုံကို ပြင်မယ်ဆိုပြီးကြွေးကျော်တာကိုက မှားတဲ့နိုင်ငံရေး ယုတ်ညံ့တဲ့နိုင်ငံရေးကိုတွန်းလှန်ဖို့မဟုတ်လား... မှန်တဲ့နိုင်ငံရေး စင်ကြယ်တဲ့နိုင်ငံရေးကိုထူထောင်ဖို့မဟုတ်လား။ နိုင်ငံရေးမှာ အမှားအမှန်မရှိဘူးလို့ ဘာပြောတာတုန်း.... စကားတွေ မညီမညွတ်ဖစ်ရတယ်။ စကားလုံးတွေဟာ အသံသက်သက်ကိုသာမက အဓိပ္ပါယ်ကိုပါ တပါတည်းဆောင်ကြဉ်းသမို့၊ စကားတွေ မညီမညွတ်ဖစ်ရပြီဆို အဓိပ္ပါယ်မညီမညွတ် ဖြစ်တဲ့သဘော၊ ကိုင်စွဲရာမူဝါဒ အဘိဓမ္မာ မညီမညွတ်ဖစ်တဲ့သဘော၊ 
ဖောက်လွဲဖောက်ပြန်ဖစ်တဲ့သဘော သက်ရောက်တယ်။ 
နိုင်ငံရေးဆိုတာ လောကီကြောင်းဖစ်သမို့ ဖောက်လွဲဖောက်ပြန်ကင်းကင်း နိစ္စထာဝရသဘောဆောင်တဲ့ ပရမတ္တသစ္စာသဖွယ် မမြဲနိုင်၊ စံတန်ဖိုးတို့ ရွေ့လျောပြောင်းလဲရမြဲဆိုပေဦး၊ နိုင်ငံရေးဆိုတာ လောကီကြောင်းဖစ်သမို့ပဲ နှိုင်းရသဘောနဲ့ ပိုမှန် ပိုကောင်း ပိုမြတ်တဲ့နှိုင်းရအမှန်တွေ တည်ရှိဖြစ်တည်တာကို ငြင်းပယ်လို့မရ။
နိုင်ငံရေးမှာ အမှားအမှန်ရှိတယ်။ 
လူတွေအချင်းချင်း တစ်စုတစ်ဖွဲ့က တစ်စုတစ်ဖွဲ့ကို သက်ဦးဆံပိုင် အအုပ်အချူပ်မခံတော့တာ ပိုမှန်တဲ့နိုင်ငံရေးဖြစ်တယ်။ 
လူတွေအချင်းချင်း တစ်စုတစ်ဖွဲ့က တစ်စုတစ်ဖွဲ့ကို ဆင်၊ မြင်း၊ ကျွဲ၊ နွားသဖွယ်ပိုင်ဆိုင်နိုင်တဲ့ကျွန်စံနစ် ပယ်ဖျက်ခဲ့ကြတာ ပိုမှန်တဲ့နိုင်ငံရေးဖြစ်တယ်။ 
ဒီလိုပဲ ဗမာပြည်နိုင်ငံရေးမှာ စစ်ဗီဇကို အမြစ်ကလှန်သုတ်သင်ရမှာ ပိုမှန်တဲ့နိုင်ငံရေး။ 
ကိုယ်ဝန်ဖျက်ခွင့်ကို တရားဝင်ပြုဖို့၊ လိင်တူလက်ထပ်ခွင့်ပေးဖို့၊ အရှေ့တောင်အာရှမှာ 
တစ်ခုတည်းသောငွေကြေးထားရှိဖို့ အစရှိတဲ့ ကိစ္စခြင်းရာမျိုးများမှသာ ငြင်းခုံဆွေးနွေး ကြားကျအလုပ်ဖြစ်မယ့် မ်းကိုရွေး၊ အဖြူအမည်းရောထွေးမယ့် မီးခိုးရောင်နိုင်ငံရေး.... 
အမှန်လားအမှားလား တစ်ဘက်တည်းကိုပြောလို့မရတဲ့ နိုင်ငံရေး။ 
စစ်အာဏာရှင်ကိုလက်သင့်မခံ၊ လက်ဝေခံမလုပ်ရမှာကတော့ အမှားအမှန်ကွဲပြားထင်ရှားလေတဲ့ ကောင်းမြတ်လေသောနိုင်ငံရေး။

ဘာလဲဟဲ့ ရင်ကြားစေ့ရေး.....အိုင်ဒယော်လော်ဂျီဆိုကတည်းက ရုပ်သဘောမဆောင် ဒြပ်မဲ့လေတဲ့ စိတ္တဇ။ အိုင်ဒီယာတွေ၊ အမှန်အမှားခွဲခြား စံနှုန်းသတ်မှတ်လေတဲ့ကျင့်ဝတ်တွေ၊ ဥပဒေတွေ၊ ဘာသာရေးတွေအကုန် စိတ္တဇချည်းပဲ။ ဘယ်သူ့စိတ္တဇလည်းဆို မညီမျှတဲ့လူ့အဖွဲ့အစည်းအတွင်းက အုပ်စိုးသူလူတန်းစားရဲ့စိတ္တဇ။ ဒီစိတ္တဇထဲ သင်ပုန်းချေရေးဟာလည်း အဓိပ္ပါယ်ယောင်ဝါးစွာ ဖွင့်ဆိုခြင်းလွဲမှားစွာနဲ့ ပုံအပျက်ဆုံးစိတ္တဇပဲ။ ကိုယ့်နွားကိုယ် န(နွား)ခိုးဂိုဏ်းဆီကပန်ရွေးရတဲ့ပွဲ နယ်ခံပုလိပ်ဌာနာမှာကျင်းပပြီး 
ဂါတ်ပိုင်ကြီးကနှစ်သီးစားကာ အမှုရယ်လို့မရှိစေတဲ့ပုံမျိုး၊ အာဏာရှင်စံနစ်မှသည် ဒီမိုကရေစီအသွင်ကူးပြောင်းရမယ်လို့ အမှတ်မှားကြပုံရတယ်။ Reconciliation ဆိုကြတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ အဆင့်ဆင့်လုပ်ငန်းစဉ် process ဖြစ်တယ်။ ဘာ လုပ်ငန်းစဉ်လဲဆို အမှန်သစ္စာကိုဖော်ထုတ်ပြီး တရားဖြင့် ညီညွတ်ခြင်းအဖြစ်သို့ ဆောင်ကြဉ်းရတဲ့လုပ်ငန်းစဉ်။ သိန်းစိန်ကလည်း သိန်းစိန်ယုံကြည်ရာတန်ဖိုးကိုင်စွဲလို့၊ ဒေါ်စုကလည်း ဒေါ်စုယုံကြည်ရာတန်ဖိုးကိုင်စွဲလို့ မတူတာတွေ ဘေးဖယ်၊ အတူတွဲအလုပ်လုပ်ကြမယ်ဆိုတဲ့ စိတ္တဇအိုင်ဒီယော်လော်ဂျီကို reconciliation ခေါ်တာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်း မညီမမျှဖြစ်စေ လူနဲ့လူအချင်းချင်းကြား ကွဲပြားစေ ခွဲခြားနေတဲ့အရင်းခံပြဿနာကို အမြစ်လှန် ခုတ်ထွင် သုတ်သင်ဖယ်ရှားခြင်းကသာ reconciliation ပေါ့။ လူမည်းကိုနှိမ်တာလည်း မှန်တယ်၊ မနှိမ်တာလည်း မှန်တယ်ဆိုပြီး အစားထိုးစဉ်းစားကြည့်ပါ့လား... အဲ့လိုပြောတဲ့သူ အရူးပေါ့။ ဒီအ၀ိုင်းအ၀န်း အဖွဲ့အစည်းမှာ လူမည်းအခွဲခြားခံနေရတယ်ဟေ့... မကွဲပြားအောင်လုပ်မှဆိုကာ တရားကိုယ်တရား ထင်ရှားအောင်ပုမူဆောင်ကြဉ်းမှသာ reconciliation လို့ ခေါ်တာပေါ့။ အမှန်သစ္စာကိုဖော်ဆောင်ပြီး (ဒီနေရာမှာ အမှန်သစ္စာ Truth ဆိုတာ Metaphysical ကိစ္စချင်းရာများကို မဆိုလို၊ တကသအဆောက်အဦး ဗုံးခွဲခံရတယ်..၈၈-မှာ လူသတ်ခံရတယ်.... ဒီပဲယင်းအကြမ်းဖက်မှုဆိုတာ ဖြစ်ခဲ့တယ်ဆိုတဲ့ truth ကို ဆိုလိုတယ်) စကားပြန်ကောက်ရရင် အမှန်သစ္စာကိုဖော်ဆောင်ပြီး တရားမျှတခြင်း Justice ဆီသို့အရောက်လှမ်းမှသာ ကွဲနေတဲ့ ဟနေတဲ့လူ့အဖွဲ့အစည်းဟာ ရင်ကြားစေ့နိုင်တော့မပေါ့။ ဗမာပြည်မှာ လူတွေအကြား ဘယ်အရာက ခွဲခြားကွဲပြားနေစေတာလဲ... မြေကြီးရှင် အရင်းရှင် ပဒေသရာဇ်နယ်ချဲ့စစ်အာဏာရှင်... ဒီစရိုက်အကုန်ထင်ရှားတဲ့ စစ်အုပ်စုပေါ့။ ရင်ကြားစေ့ချင်သလား... ဒီစံနစ်နဲ့ ဒီစံနစ်ကို ကိုယ်စားပြုနေတဲ့အုပ်စုကို လူ့အသိုင်းအ၀ိုင်းထဲက ပယ်နှုတ်ဆွဲထုတ်ရုံမှအပ ဒီ့ပြင့်နည်းမရှိ။

ဘာလဲဟဲ့ တစ်မတ်သား...... တင်းပြည့်စစ်စံနစ်ကို တစ်မတ်သား တစ်မတ်သားနဲ့အဟုတ်မှတ်ပြီး ယောင်တိယောင်တောင် ပါးစပ်အရသာခံလိုက်ပြောမိရင် တော်ရုံပေါ့လျော့မှု မဟုတ်ဘူး။ ဖျင်းတဲ့အဆင့်ထိရောက်တယ်။ စစ်အရင်းရှင် ဗျူရိုကရေစီကျောရိုးအပေါ် မဆလနဲ့ ၇၄-ဖွဲ့စည်းပုံဟာ မြွေရေခွံလောက် အဆင်တန်ဆာသဖွယ် စွပ်ထားခဲ့ပြီး... စစ်စံနစ် စစ်သနစ် တင်ကျန်ရှင်သန်ဖို့ရာမှာတော့ မနေ့က လမ်းစဉ်ပါတီဦးဆောင်နေပါသည်လို့အော်ရင်းသားက ဒီကနေ့ စစ်တပ်နဲ့မဆလ ဘာမှမဆိုင်ရယ်လို့ လုပ်ခဲ့တယ်။ အခု လွှတ်တော်များနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကရော စစ်မြွေဆိုးရဲ့အရေခွံအသစ် မဟုတ်လား... အနှစ်အသားက ရာနှုန်းပြည့် စစ်ယန္တယား။ စစ်ဝတ်စစ်စားနဲ့ကို လွှတ်တော်ထဲအစိတ်သားထိုင်မကွာ... ကျန်တာ စစ်တပ်ပါတီရဲ့ဘောင်းဘီချွတ်တွေများများ၊ အိမ်ဖြည့် hand-picked နည်းနည်းပါးပါးဆိုတာကို ဖွဲ့စည်းပုံလေးဘာလေးနဲ့ ကြီးကြီးကျယ်ကျယ် ၁၅-နှစ်ဆွဲထားတာရှိလာခြင်းက မဆလဗဟိုကော်မတီထဲမှာမှ ကာချူပ် ဒုချူပ်လောက်ကလွဲ အားလုံးနီးပါး တောင်ရှည်လဲထားတာနဲ့ယှဉ်ရင် ဘာတွေများ ထူးကဲကောင်းမွန်သွားတာလဲ... ပြဿနာအရင်းခံက ဒီအရေခွံဖွဲ့စည်းပုံ ဒီအရေခွံလွှတ်တော် မဟုတ်ဘူး။ hand-picked ဘ၀ အနစ်ခံအရောက်ခံလို့ စစ်အရင်းရှင်အင်စတီကျူးရှင်းကြီးနဲ့ ကမ္ဘာ့အရင်းရှင်အင်စတီကျူးရှင်းတွေအကြား ရွှေလမ်းငွေလမ်းဖောက်ပေးခြင်းကို စစ်အာဏာရှင်စံနစ် အမြစ်ထွင်ပယ်ရှားခြင်းလုပ်ရပ်အဖြစ် ဘယ်လို လက်ခံရမလဲ။
လူတွေ ငတ်နေ မွဲနေ ပညာမဲ့ အကျင့်မဲ့ တိုင်းပြည်မဲ့ ငြိမ်းချမ်းမှု လုံခြုံမှု ၁၀-စုနှစ်များစွာမဲ့ ဖြစ်နေရတဲ့ ဗမာပြည်ရဲ့ပြဿနာဟာ စစ်အာဏာရှင်စံနစ်အမြစ်တွယ်သွေးစုပ် ဂုတ်ကိုခွတုတ်ထားတဲ့ပဿနာဖြစ်တယ်။ ဒီတော့ အန္တိမပန်းတိုင်ဟာ လွှတ်တော်ထဲက တစ်မတ်သား မောင်းထုတ်ရမှာတို့... ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်နိုင်ရမှာတို့လို အရေခွံအပေါ်ပဿနာလုပ်နေရမှာ လုံးလုံးမဟုတ်။
လာမှန်တဲ့ခဲအပေါ် ခွီးခွီခွားခွား မလုပ်ပဲ... မြားလာရာနောက်သာ ခြေရာကောက်တတ်သော ပညာကြီးရဲရင့်သူများ အလိုရှိပါတယ်။

ကျွဲနှစ်ကောင်အကြားက မြေဇာပင်အယူအဆ.....ဘုရင် မြို့တည်ရင်၊ ဘုရားတည်ရင်၊ စစ်တိုက်ရင်အဆင့်ခံရတဲ့ ပဒေသရာဇ်ကျွန်ဘ၀ကမှ မြေဇာပင်။ အရင်းရှင်တိုင်းပြည်အချင်းချင်း တိုက်ရိုက်စစ်၊ ပရောက်ဇီစစ်(Proxy War)ခင်းကြတဲ့အခါ ကြားထဲက ခါးတင်မက တစ်ကိုယ်လုံး... နှစ်ခါမက အကြိမ်ကြိမ်နာရတဲ့ငထွားနဲ့မိအေးလို တတိယလူများကမှ မြေဇာပင်။ 
အဲ့သည်လို တတိယလူမြေဇာပင်ဘ၀မျိုးက လွတ်ချင်ကျွတ်ချင်သမို့ လူတွေ အစဉ်တစိုက် ရုန်းကန်လှုပ်ရှား ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိလာအောင် လုပ်လာခဲ့ကြတာ။ လူတွေ နိုင်ငံရေးထဲတိုက်ရိုက်စွက်ဖက် ပါဝင်ပတ်သက်လာခဲ့ကြတာ။ ၈၈မှာ လူတွေအုံကြွ မဆလကိုဖုတ်ချခဲ့တာ လူတွေအားလုံးရဲ့နိုင်ငံရေးပေါ့။
အာဏာကိုဖတ်လမ်းနည်းနဲ့လိုချင်တဲ့ ပြည်တွင်းပြည်ပ လက်ဝဲ-လင်္ကျာအင်အားစုများရဲ့ သွေးထိုးမှုများကြောင့် တိုင်းပြည်ပျက်လုခမန်းမငြိမ်မသက်ဖြစ်ပြီး လူအများမြေဇာပင်ဘ၀ရောက်ရတယ်ဆိုတာ ဘယ်သူကဖွင့်ဆိုတဲ့သမိုင်းအဓိပ္ပာယ်လဲ။ 
၅၈၊ ၆၂မှာ အာဏာသိမ်းကတည်းက စစ်တပ်ရဲ့အခြေခံအကြောင်းပြချက် ကယ်တင်ရှင်မိုးကျရွှေကိုယ်ဝါဒ မဟုတ်လား။ ဗမာနိုင်ငံရေးဟာ စစ်တပ်က စွက်ဖက်ထိန်းကျောင်းပေးရမယ့် အဆင့်အတန်းအခြေအနေပဲရှိသေးတယ်ဆိုတာ အခုချိန်ထိအောင် စစ်တပ်ကကိုင်ဆွဲတဲ့ အခြေခံဝါဒမဟုတ်လား။ ဗမာပြည်ရဲ့နိုင်ငံရေးဆိုတာ ဖိနှိပ်မှုအပေါ် ပုံသဏ္ဍာန်ပေါင်းစုံနဲ့ ခုခံစစ်ဆင်နွှဲနေတဲ့လူအများရဲ့လှုပ်ရှားရုန်းကန်မှုကအပ အခြားအရာ မဟုတ်ဘူး။ စစ်တပ်နဲ့အဲန်အယ်လ်ဒီ အဆင်မပြေမှုကို နိုင်ငံရေးခေါ်တာမဟုတ်ဘူး။ လူအများဟာ ကြားထဲကမြေဇာပင် တတိယလူတွေမဟုတ်ဘူး။ ကြားထဲကမြေဇာပင်စိတ်ထားမဖျောက်နိုင်ပဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေး လှုပ်ရှားရုန်းကန်မှုမှာ တိုက်ရိုက်ပါဝင်မစွက်ဖက်ရင်ဖြင့် စစ်လက်ဝါးကြီးအုပ်ဝါဒရဲ့ဖိနှိပ်မှုအောက် ပြားပြားဝပ်နေရဦးမှာပဲ။
(ယူတာကဒီနေရာက) http://www.facebook.com/linayehtin/posts/3415835445393

0 comments:

Post a Comment