ဖတ်သမျှ၊ မြင်သမျှ၊ ကြားသမျှ၊ တွေးမိသမျှ (ဇီဇဝါ)
(ခေတ်မောင်း အတွဲ ၁၊ အမှတ် ၃)
အင်္ဂလိပ်လို Depoliticization ဆိုတဲ့စကားလုံးကို ဗမာလို ဘယ်လိုပြန်ရင်ကောင်းမလဲစဉ်းစားကြည့်တော့ ”နိုင်ငံရေးသားကြောဖြတ်ခြင်း”ဆိုပြီးသုံးရင်ကောင်းမလား စဉ်စားမိသေးတယ်။ ကဗျာဆန်ဆန် နိုင်ငံရေးဝိညာဉ်အထုတ်ခံရခြင်း ဆိုရင်ရောမကောင်းဘူးလားလို့ တွေးမိပြန်တယ်။ နောက်ဆုံး ရိုးရိုးရှင်းရှင်း ”နိုင်ငံရေးသေခြင်း”ပဲ သုံးလိုက်မယ်လို့ဆုံးဖြတ်ဖြစ်ပါတယ်။ အင်္ဂလိပ် အဘိဓာန်တွေကလဲ ”လူတွေ၊ အကြောင်းအရာတွေ၊ ဖြစ်ရပ်တွေကို နိုင်ငံရေး အသွင်သဏ္ဍာန်မဆောင်အောင်လုပ်တာကို” depoliticize လုပ်တယ်လို့အဓိပ္ပာယ်ဖွင့်ကြတော့ ”နိုင်ငံရေးသေခြင်း”ဆိုတဲ့စကားလုံးကိုပဲ သုံးပါ့မယ်။
ဒီတခေါက် မြန်မာပြည်ပြန်တာ လူတော်တော်များများနဲ့တွေ့ဖြစ်တယ်။ ဘဘဦးဝင်းတင်တို့လို နိုင်ငံရေးသမားတွေက အစ၊ မြောင်းတကာဆန္ဒပြအလုပ်သမားတွေအလယ်၊ လိင်အလုပ်သမတွေအဆုံး စကားပြောခဲ့ရတယ်။ အဓိကကတော့ မြန်မာပြည်အပြင်ကနေ နားမဆန့်အာင်ကြားရတဲ့ ”ပြောင်းလဲနေပါပြီ”ဆိုတာ တကယ်လားဆိုတာ သိချင်လို့ပါ။
တွေ့တာတွေ၊ ကြားခဲ့ရတာတွေအပေါ်အခြေခံပြီး တွေးမိတဲ့အကြောင်းတခုရှိတယ်။ အဲဒါကတော့ မြန်မာပြည်မှာ အစိုးရရော နိုင်ငံရေးသမားတွေကပါ နိုင်ငံရေးကိုသတ်နေကြသလား။ ဒါမှမဟုတ် အစိုးရနဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့နယ်ပယ်တွေမှာ ထိပ်တန်းနေရာရထားတဲ့လူတွေက နိုင်ငံရေးသားကြောဖြတ်နေကြသလား။ အဲဒီထဲမှာ အတိုက်အခံနိုင်ငံရေးသမားတွေရော ကျန်တဲ့ သာမန်လူတန်းစားတွေကရော မသိလိုက်မသိဘာသာ မျောနေကြသလားဆိုတာကို ဆက်စပ်စဉ်းစားဖြစ်ပါတယ်။
အဲဒီလို စဉ်းစားဖြစ်စေတဲ့အဓိကဖြစ်ရပ်ကတော့ မြောင်းတကာဆန္ဒပြမှုပါပဲ။ ဆန္ဒပြအလုပ်သမားတွေကို ကျွန်မ ၂ ရက်တိတိ စကား သွားပြောကြည့်တယ်။ သူတို့တွေ ဘာ့ကြောင့်ဆန္ဒပြတယ်။ သူတို့ရဲ့ နိုင်ငံရေးအမြင်တွေ ဘယ်လိုရှိတယ်။ တခါ နိုင်ငံရေးသမားတွေအပေါ်မှာ ဘယ်လိုမြင်ကြသလဲဆိုတာကို သိချင်လို့ပါ။
ကိုမင်းကိုနိုင်တို့ ဒညင်းကုန်းဆန္ဒပြသမားတွေကို သွားအားပေးတယ်။ မြောင်းတကာကို မလာဘူး။ အဲဒါဘယ်လို နေသလဲလို့မေးကြည့်တော့ မြောင်းတကာအလုပ်သမားတယောက်က ”ကျွန်တော်တို့ဆန္ဒပြတာ အလုပ်သမားဝန်ကြီးဌာနက ကျွန်တော်တို့ဘက်ကရပ်ပြီး အလုပ်ရှင်နဲ့ ပြေလည်အောင်ညှိပေးဖို့ပါ။ နိုင်ငံရေးသမားတွေပါလာရင် ကျွန်တော်တို့ပြဿနာဟာ ရှုပ်သွားမယ်”တဲ့။
အဲဒီအဖြေဟာ ကျွန်မထင်ထား၊ တွေးထားတာတွေကို ပြန်သုံးသပ်ဖို့လှုံ့ဆော်လိုက်တဲ့ အဖြေပါ။ ကျွန်မထင်တာက ”ကိုမင်းကိုနိုင်တို့လိုနာမည်ကြီးတဲ့ နိုင်ငံရေးသမားတွေက ကိုယ်တိုင်လာအားပေးရင်၊ အနည်းဆုံး မီဒီယာထဲမှာပါအောင် သူတို့နဲ့လာရပ်ပြရင် သူတို့ဆန္ဒပြတဲ့အကြောင်းအရာကို လူတွေပိုအာရုံစိုက်မယ်။ တောင်းဆိုချက်တွေ မြန်မြန်ရနိုင်တယ်။ ဆန္ဒပြတဲ့အလုပ်သမားတွေ ကိုယ်တိုင်ကလဲ ဒါကိုအလိုရှိမယ်ဓထင်တားတာကိုး။
”အလုပ်ရှင်နဲ့အလုပ်သမားပြဿနာကို တာဝန်ရှိတဲ့အစိုးရကလူတွေဝိုင်းဖြေရှင်းတာကိုပဲ”လိုချင်ပါတယ်လို့ အလုပ်သမားတွေပြောတာကို ကျွန်မအံ့သြသွားပါတယ်။ ကျွန်မသွားတဲ့ (၂) ရက်မှာ (၁) ရက်က အစိုးရက ဝိုင်းညှိပေးနေတုန်း၊ နောက်တရက်ကျတော့ လိုတာရသွားပြီလို့အလုပ်သမားတွေက ပြောပြပါတယ်။ သွားတဲ့ (၂) ရက်မှာ ဒုတိယရက်မှာ အလုပ်သမားတွေ စကားကိုထိန်းပြောတာ ကျွန်မသတိထားမိပါတယ်။ ”အမ ကျွန်တော်တို့ဓါတ်ပုံတွေဘာတွေ လျှောက်မတင်ပါနဲ့။ ပြေလည်သွားပြီဆိုတော့ ရှုပ်ကုန်မှာစိုးလို့ပါ” လို့လဲ ပြောလိုက်ပါတယ်။ ကျွန်မကို သူတို့ရဲ့အလုပ်ရှင်နဲ့သူတို့ တွဲရိုက်ထားတဲ့ဓါတ်ပုံလေးလဲ ပြလိုက်ပါသေးတယ်။ အတွေးတွေအများကြီးနဲ့ ကျွန်မအိမ်ပြန်လာပါတယ်။
ရက်အနည်းငယ်ကြာတော့ ဟိုတယ်တခုမှာလုပ်တဲ့အလုပ်သမားတွေအတွက် အခွင့်အရေးတွေ တိုးတက်အောင်လုပ်ပေးဖို့ဆွေးနွေးပွဲအကြောင်း ဂျာနယ်တစောင်မှာ ဖတ်လိုက်ရပါတယ်။ မှတ်ထားလိုက်တဲ့ စကားအသုံးအနှုန်းတချို့ရှိပါတယ်။ အဲဒါကတော့ အလုပ်သမားဝန်ကြီးဌာနက အရာရှိက အလုပ်သမားအရေးတွေအတွက်ဖြေရှင်းပေးမယ့်ကော်မရှင် ဖွဲ့ဖို့နဲ့ အလုပ်ခွင်မှာအန္တရာယ်ကင်းအောင် စီးရမယ့်ဖိနပ် စတာတွေကို စီစဉ်ပေးဖို့တဲ့။
လုပ်ခလစာနည်းလို့ ဆန္ဒပြတာ လက်ရှိအစိုးရအတွက် နိုင်ငံရေးအကျပ်အတည်းပါ။ နိုင်ငံတိုင်းက အစိုးရတွေ ဒီကိစ္စတွေကို ကြောက်ကြပါတယ်။ အခုတော့ ဒီကိစ္စတွေကိုကြောက်ကြတာက ဆန္ဒပြတဲ့ အလုပ်သမားတွေကိုယ်တိုင်နဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဖြစ်နေတာ အင်မတန်ထူးဆန်းပါတယ်။
(၈၈ေ) ညကျာင်းသားခေါင်းဆောင် လေးယောက်နဲ့ ကျွန်မတယောက်ချင်း စကားပြောခွင့်ရပါတယ်။ ကျွန်မသိချင်တဲ့ အလုပ်သမားတွေဆန္ဒပြတဲ့အကြောင်းကိုမေးကြည့်တော့ တယောက်က ”ဒီကိစ္စတွေကို တခြားလူတွေက ဆွဲတင်ချင်နေကြတယ်။ ဒါပေမယ့် လူတွေအများကြီး ဆန္ဒပြလာပြီတဲ့ နောက်တဆင့် ဘာလုပ်ကြမလဲ”ဘ တဲ့။ ကျွန်မတွေသွားပါတယ်။ ဒီခေါင်းဆောင်တွေမှာ လောလောဆယ် အလုပ်သမားတွေဆန္ဒပြတာကိုဦးဆောင်ပေးလိုတဲ့ဆန္ဒ ရှိခဲ့ရင်တောင် အဲဒီဆန္ဒပြမှုရဲ့ အန္တိမရည်မှန်းချက်က ဘာဖြစ်သင့်သလဲဆိုတာ ပြတ်ပြတ်သားသား သိပုံ မရကြပါဘူး။ ဒါ့ကြောင့် အလုပ်သမားတွေကို ပြတ်ပြတ်သားသား ခေါင်းဆောင်မှုပေးတာမျိုးမလုပ်ဘူးလို့ ကျွန်မထင်ပါတယ်။ ကျွန်မကောက်ချက်ချ မှားကောင်းမှားနိုင်တယ်။ ဒါပေမယ့် သူတို့တွေဝေနေတာ အချက်(၂) ချက်ကြောင့်ဖြစ်နိုင်ပါတယ်။
ပထမတချက်က သူတို့ဟာ နိုင်ငံရေးပါတီအဖြစ်နဲ့ရပ်တည်နေတာမဟုတ်ဘူး။ နိုင်ငံရေးပါတီအဖြစ်နဲ့ရပ်တည်ပြီး နိုင်ငံရေးကိုပြတ်ပြတ်သားသားလုပ်ဖို့ ထောက်ထားနေရတဲ့အချက်တွေရှိတယ်။ အဓိကကတော့ ဒေါ်စုနဲ့အန်အယ်ဒီကို စင်ပြိုင်ထောင်မိမှာကို စိုးရိမ်နေပုံရတယ်။ ”ဒီအချိန်မှာဒါမျိုးလုပ်လို့မရသေးဘူး”ဆိုတဲ့ ထုတ်မပြောကြတဲ့ စိုးရိမ်မှုအကြီးကြီးတွေ ရှိပါတယ်။ ဒုတိယအချက်က အစိုးရရဲ့ပြောင်းလဲရေးတွေကို တကယ်တမ်းယုံကြည်နေသလားဆိုတာပါ။ ”သူတို့ရဲ့လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်၊ တခါ သူများတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုပါ နောက်ကြောင်းပြန်လှည့်မလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ သူတို့ကထိန်းချုပ်နေတဲ့ပုံစံတွေ”တွေ့ရပါတယ်။
အန်အယ်ဒီအပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေအားလုံးဖြစ်နေတဲ့ပုံစံတခုက သူတို့ဟာ ”ပြည်သူကို နိုင်ငံရေးလမ်းကြောင်းတခုပေါ် ဒါမှမဟုတ် နိုင်ငံရေးအတွေးအခေါ်တခု၊ အသိတခုပေးဖို့ထက် အစိုးရက သူတို့ကိုယုံကြည်အောင်လုပ်ပြနေတဲ့ အနေအထားဖြစ်”နေပါတယ်။ ပြည်သူကိုနိုင်ငံရေးဦးဆောင်မှုပေးနိုင်ဖို့ အရေးကြီးပါတယ်။ သာမန်ပြဿနာတွေကို နိုင်ငံရေးအဓိပ္ပါယ်ဖော်ဆောင်ပေးရမှာ၊ အင်္ဂလိပ်လိုဆိုရင်တော့ political meaning ပေးရမှာ၊ ပေးနိုင်ရမှာ နိုင်ငံရေးသမားရဲ့တာဝန်ပါ။
အစိုးရရဲ့ ယုံကြည်မှုရဖို့လဲ အရေးကြီးသင့်သလောက်ကြီးပါတယ်။ ဒါပေမယ့် ”တကယ် ပြောင်းလဲနေပြီလား။ ပြောင်းလဲနေတာတွေဟာ တိုင်းရင်းသားအားလုံး၊ လူတန်းစားအားလုံး၊ ဒေသအားလုံး အကောင်းဘက်ကို ပြောင်းလဲဖို့ဘက်ကို ဦးတည်နေသလား”ဆိုတဲ့ မေးခွန်းကြီးကို တိတိကျကျမဖြေနိုင်ခင်မှာ ပြည်သူကို စိုးရိမ်စိတ်နဲ့ဦးဆောင်ဖို့ပြင်နေကြတဲ့အတိုက်အခံတွေကိုတွေ့လိုက်ရတာ ကျွန်မတော်တော် တွေဝေသွားပါတယ်။ ဒီလိုဖြစ်နေတာဟာ နိုင်ငံရေးသားကြောဖြတ်ခံရခြင်းထဲရောက်နေတာလားလို့လဲ တွေးမိပါတယ်။ ”ဒေါ်စုကိုယ်တိုင်က အတိုက်အခံဆိုတဲ့စကားလုံးကို အဆိုးမြင်တဲ့သဘောနဲ့ ဖြေရှင်းချက်ထုတ်”နေတာဖတ်လိုက်ရတော့ ”မြန်မာ့နိုင်ငံရေးမှာအကြောက်တရားတွေ ဘယ်လောက်များ”နေပြီလဲလို့တွေးမိပါတယ်။
တခါ ”နိုင်ငံရေးပြဿနာတွေလို့ပြောလို့ရတဲ့ လယ်ယာမြေသိမ်းတဲ့ကိစ္စ၊ လုပ်ခလစာနည်းတဲ့ကိစ္စ ၊ မြစ်တွေချောင်းတွေ ညစ်ညမ်းတဲ့ကိစ္စ၊ အဆိုးဆုံးက ပြည်တွင်းစစ်ဆက်ဖြစ်နေတဲ့ကိစ္စ တွေကို နိုင်ငံရေးပြဿနာအစား နည်းပညာပိုင်းဆိုင်ရာပြဿနာ၊ အထူးသဖြင့် နိုင်ငံရေးပါစရာမလိုဘဲ ဖြေရှင်းနိုင်တဲ့ပြဿနာတွေအဖြစ်”ပုံဖော်နေကြခြင်းပါ။ ဒီထဲမှာ မီဒီယာတွေလဲ ပါပါတယ်။
”လယ်ယာမြေသိမ်းတဲ့ကိစ္စလိုကိစ္စမျိုးအတွက် ဆန်စက်လုပ်ငန်းရှင်ကြီးတွေလိုလူကြီးတွေကခေါင်းဆောင်ပြီး ညီလာခံတွေခေါ်ပြီး ဖြေရှင်းမယ်။ လယ်သမားတွေရဲ့အခက်အခဲတွေကိုဖြေရှင်းမယ်လို့”ဖတ်ရပါတယ်။ မကျေနပ်တဲ့လယ်သမားတွေကို စီတန်းလမ်းလျှောက်ခွင့်ပေးထားပြန်ပါတယ်။ ဆန္ဒပြတဲ့နည်းဥပဒေလဲ ထုတ်ပေးထားပါတယ်။ ”စနစ်ကျတဲ့ ဆန္ဒပြနည်း၊ ဆန္ဒဖော်ထုတ်လို့ရတဲ့ညီလာခံလုပ်နည်းတွေရှိရင် ဒီပြဿာနာတွေပြေလည်သွားမယ်”လို့ အစိုးရက ထင်ပုံရပါတယ်။ လယ်သမားတွေ၊ အလုပ်သမားတွေ ဆန္ဒပြတဲ့နေရာမှာ ထိပ်တန်းလို့ပြောနိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဦးဆောင်မှုမပေးကြသေးပါဘူး။
ငြိမ်းချမ်းရေးအတွက်ဆိုပြီး ပညာရှင်တွေအပါအဝင် ငြိမ်းချမ်းရေးတမန်တော်တွေကို လက်နက်ကိုင်အဖွဲ့တွေဆီ အကြိမ်ကြိမ်လွှတ်ပါတယ်။ ယေဘုယျပြောရရင် ”ငြိမ်းချမ်းအောင် မငြိမ်းချမ်းစေမယ့်လက်နက်တွေအားလုံးစွန့်” ဆိုတဲ့နိုင်ငံရေးမပါတဲ့ဖြေရှင်းနည်းတွေကြောင့် ပြည်တွင်းစစ်ဟာဘယ်တော့မှ မငြိမ်းသေးတာပါ။ အလုပ်သမားတွေကိုလဲ အလုပ်ခွင်လုံခြုံရေး ပိုကောင်းအောင် ဖိနပ်ကအစ ဝိုင်းစဉ်းစားပေးကြတဲ့လုပ်ထုံးလုပ်နည်းဆိုင်ရာအဖြေတွေ technical solution တွေလောက်ပေးပြီး ချွေးသိပ်ထားပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့အလုပ်သမားအရေးတွေအတွက် ရေရှည်တည်တံ့မယ့်အဖြေတွေ ထုတ်ပေးနိုင်တာ မတွေ့ပါဘူး။
”နိုင်ငံရေးပြဿနာဖြစ်မှာကို အစိုးရရော၊ အတိုက်အခံတွေရော၊ နိုင်ငံရေးသမားအားလုံး ကြောက်နေကြ”တဲ့ပုံတွေ့ရတာ အားငယ်စရာပါ။ လမ်းပေါ်ထွက်ဆန္ဒပြတာ၊ စက်ရုံရှေ့ထိုင် ဆန္ဒပြတာကိုလဲ နိုင်ငံရေးမဆန်အောင် ဆန္ဒပြတဲ့လူတွေကိုယ်တိုင်ကအလိုရှိတာကလဲ နိုင်ငံတကာနဲ့နှိုင်းယှဉ်ကြည့်ရင် တော်တော်ထူးဆန်းပါတယ်။ ”နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးခေါင်းဆောင်တွေ ရဲရဲရင့်ရင့် ဖြေရှင်းနိုင်မယ့်အချိန်ဟာ ဝေးနေသေးသလား” ဆိုတာကိုလဲတွေးမိပါတယ်။
(ယူတာကဒီကပါ)http://www.facebook.com/notes/lin-htin/ဖတ်သမျှ-မြင်သမျှ-ကြားသမျှ-တွေးမိသမျှ-ဇီဇဝါ-ခေတ်မောင်း-အတွဲ-၁-အမှတ်-၃/3374580774052
0 comments:
Post a Comment