Wednesday, August 1, 2012

ကိုကိုကြီးသို့ အိပ်ဖွင့်ပေးစာကောက်နှုတ်ချက် (မလှမြိုင် (ခေါ်) မိုင်ပိုပို)

0 comments

မလှမြိုင် (ခေါ်) မိုင်ပိုပို (ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦး၏မိသားစုတစုလုံးကိုယ်စား)
-----------------------------------------------------------------------------
အခုလူတွေအတော်များများပြောနေကြတဲ့ အပြောင်းအလဲဆိုတာကို ကျမတို့ မိသားစုတစုလုံး မျက်ခြေမပြတ်ကြည့်ပါတယ်။ ကျမတို့ကတော့ လုံးဝမယုံဘူး။ ဘာကြောင့်လဲဆိုတော့ အသွင်သဏ္ဍာန်အရသာ အရေခွံဟောင်းကိုခွာ၊ အရေခွံအသစ်ကို ထပ်တင်လိုက်တာကလွဲလို့ အနှစ်သာရအရ ဘာမှမပြောင်းဘူး။ ၁၉၆၂ ခုနှစ်တုံးက ကျောင်းသားသမဂ္ဂကိုဖြို၊ သားသမီးတွေလို သဘောထားရမယ့်ကျောင်းသားတွေကိုသတ်ပြီး ဗိုလ်ချုပ်နေ၀င်းက ဓါးဓါးခြင်းလှံလှံခြင်းစိမ်ခေါ်ခဲ့တာ ကိုကိုကြီးမေ့သွားပြီလား။ ကိုကိုကြီးအမွှမ်းတင်ဘို့အစချီလာတဲ့ တပ်မတော်ဆိုတာဟာ သည်အတွေးအခေါ်နဲ့သည်အနှစ်သာရကို ဆက်လက်ကိုင်စွဲထားတာကို သတိမပြုမိဘူးလားရှင့်။
အခု ခဏကလေးဖုံးထားတဲ့အချိန်မှာတောင် မအောင့်နိုင်ဘဲ ပြီးခဲ့တဲ့ဆဲဗင်းဇူလိုင် နှစ်ငါးဆယ်ပြည့်နေ့မှာ ကျောင်းသားတွေကို ကြက်ကလေးငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့တယ် မဟုတ်လား။ ဒါက စစ်အာဏာရှင်စနစ်ရဲ့အစွယ်ကို တချက်လောက်ဘဲလှစ်ပြလိုက်တာ မဟုတ်ပါလားရှင်။
အပေါ်ယံအပြောင်းအလဲတွေ၊ လိုက်လျောမှုတွေလုပ်ပြနေပေမယ့် စစ်အာဏာရှင်စနစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်တက်နင်းရပ်ပြီး အခုအချိန်မှာ ခိုင်ခိုင်မာမာဆက်တည်ရှိနေတယ်ဆိုတာ ကိုကိုကြီးသိမှာ မလွဲပါဘူး။

အထူးသဖြင့် ကိုကိုကြီးရဲ့အောက်ပါစကားလုံးတွေဟာ ကျမတို့မိသားစုကို အံ့သြတုန်လှုပ်သွားစေပါတယ်။
"နိုင်ငံကြီးတွေကဖိအားပေးလာရင် ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။ ဆက်ပြီးဖိအားပေးလာရင် ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ်သတ်မှတ်ပြီး
မြန်မာ့တပ်မတော်နဲ့လက်တွဲဖြေရှင်းသွားမယ်..ကိုကိုကြီးရဲ့အဲသည်စကားကို နားထောင်ပြီးတဲ့အခါမှာ
ကိုကိုကြီးဟာ စစ်အာဏာရှင်စနစ်ကို တကယ်ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသားခေါင်းဆောင်တဦးမှဟုတ်ပါရဲ့လားရယ်လို့ ကျမတို့ သံသယ၀င်သွားခဲ့တယ်ရှင့်။ ကိုကိုကြီး လေမျိုးကို ကျန်တဲ့ကျောင်းသားတွေအတုယူလာရင် စစ်အာဏာရှင်စနစ်ကိုတော်လှန်တဲ့ကျောင်းသားတွေ ဖြစ်မလာဘဲ စစ်အာဏာရှင်စနစ်ကိုအကျိုးပြုတဲ့ကျောင်းသားတွေဖြစ်သွားမှာ စိုးရိမ်မိတယ်။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့တိုက်ပွဲတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့ဆက်ပြီး ဆင်နွှဲသွားအောင်
ရှင်းလင်းတဲ့အမြင်တွေတင်ပေးရမယ့်အစား စစ်အာဏာရှင်စနစ်ကို ဒူးထောက်တဲ့လမ်းကြောင်းကို ဦးတည်မယ့်စကားလုံးတွေကို ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့မသုံးသင့်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပါရစေရှင်။

ဒါပေမယ့် တချိန်ထဲမှာ လူထုတွေကျောင်းသားတွေကို အခြေအနေမှန်ကို အမှန်အတိုင်းအသိပေးဘို့၊ မြှော်လင့်ချက်အမှားတွေရှိမလာစေဘို့၊ နိုင်ငံရေးအရ လမ်းကြောင်းချော်သွားစေမယ့် အပြောအဆိုမျိုးတွေ မပြောမိစေဘို့ ရိုးရိုးသားသားအကြံပေးချင်တာကြောင့် သည်စာကိုရေးလိုက်တာပါဘဲရှင်။
"ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေအားလုံးက အမျိုးသားရေးကိစ္စအဖြစ်သတ်မှတ်ပြီး မြန်မာ့တပ်မတော်နှင့်လက်တွဲဖြေရှင်းသွားမယ်..” လို့ကိုကိုကြီးပြောသွားခဲ့တယ်။ "ဒီမိုကရေစီ အင်အားစုတွေအားလုံးကလို့ကိုကိုကြီး ဘာကြောင့်သုံးသွားတာလဲ။ ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်အစိုးရသစ်နဲ့ သဘောထားခြင်းတူရုံနဲ့ အမျိုးသားရေးကိစ္စလို့သတ်မှတ်လို့ရပါ့မလားရှင့်။

လက်ရှိတက်နေတဲ့ သမတဦးသိန်းစိန်နဲ့ သူ့အောက်က ပြည်နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေဘဲ။ တိုင်းပြည်အုပ်ချုပ်နေရင်ကိုယ့်လူထုအကြောင်းကို ကိုယ်သိရမှာပေါ့။ ရိုးရိုးသားသားဖြစ်ဦးတော့ ရခိုင်ပြည်နယ်မှာ ဒါမျိုးဖြစ်လာရင် လူမျိုးရေးပဋိပက္ခဖြစ်သွားနိုင်တယ်ဆိုတာ ကလေးကအစ သိတယ်။ ဖြစ်ဖြစ်ခြင်း ဘယ်ဘက်ကဘဲ ကျူးလွန်ပါစေ၊ ပြစ်မှုကျူးလွန်သူနှစ်ဖက်လုံးကို ချက်ခြင်းအရေးယူ၊ လုံခြုံရေးတပ်ဖွဲ့တွေ ချက်ခြင်းချ၊ လူထုအတွင်းရှင်းလင်းမှုတွေ ချက်ခြင်းလုပ်။ အဓိကရုဏ်းမဖြစ်အောင်
တားဆီးနိုင်ရမှာပေါ့။ သည်လို ဘာကြောင့်မလုပ်ခဲ့သလဲ။ သမိုင်းအတွေ့အကြုံတွေအရ စဖြစ်ကထဲက ကျမတို့မှာ သံသယရှိခဲ့တာ။

စစ်အာဏာရှင်စနစ်ကိုအသက်သွင်းတဲ့ စစ်ခေါင်းဆောင်အဆက်ဆက်အောက်မှာ ကိုကိုကြီးပြောတဲ့ တပ်မတော်ဆိုတာဟာ လူထုကိုကာကွယ်တဲ့အနှစ်သာရ ပျက်ယွင်းနေတဲ့ အဖွဲ့အစည်းဖြစ်တာကြာနေပြီ။
ဗိုလ်ချုပ်အောင်ဆန်း စတင်တည်ထောင်ခါစက လူထုချစ်တဲ့တပ်မတော်ဆိုတာ သမိုင်းထဲမှာဘဲကျန်သွားပြီ။ တိုင်းရင်းသားပေါင်းစုံ လူထုတွေကိုသာမက သံဃာတော်တွေကိုပါ ပစ်သတ်တဲ့ "သတ်မတော်ဖြစ်သွားပြီ။ စစ်အာဏာရှင်စနစ်အောက်မှာ စစ်ခေါင်းဆောင်အဆက်ဆက်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု ရက်စက်မှုတွေကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေးပြိုကွဲခဲ့တာဘဲရှင့်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို စစ်အာဏာရှင်စနစ်ရှိနေသမျှ ကိုကိုကြီး စိတ်ကူးမယဉ်စေချင်ဘူး။ ရဲရင့်တဲ့ကျောင်းသားခေါင်းဆောင်တဦးအနေနဲ့ (ခင်ဗျားတို့စစ်ခေါင်းဆောင်တွေ စစ်အာဏာရှင်စနစ်ကို အရင်ဖြုတ်ပါ)လို့ ဘာကြောင့်မပြောသလဲရှင့်။

ရိုဟင်ဂျာကို လက်ညှိုးထိုးပြီး အဲဒီစစ်တပ်ကို သူရဲကောင်းလို လူထုတွေကထင်ယောင်ထင်မှား ဖြစ်လာစေမယ့်စကားမျိုးတွေကို ကျောင်းသားခေါင်းဆောင်တဦးနေရာကနေမသုံးဘို့ မေတ္တာရပ်ခံပါရစေရှင်။
မတရားမှုကိုဆန့်ကျင်၊ တရားမျှတမှုအတွက်တိုက်ပွဲဝင်တဲ့ ကျောင်းသားတို့ရဲ့ခွပ်ဒေါင်းစိတ်ဓါတ်ကို ပြန်လည်တည်ဆောက်ရင်း စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်သွားမယ့် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ကိုကိုကြီးကို မြင်တွေ့လိုပါကြောင်း...

(ရှစ်လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးသို့ အိတ်ဖွင့်
ပေးစာမှ ထုတ်နုတ်ဖော်ပြပါတယ်) (အပြည့်အစုံကိုတော့ ဒီမှာဝင်ဖတ်ပါ) http://www.scribd.com/doc/101753001/Open-Letter-to-Student-Leader-Ko-Ko-Gyi


(ဒီနေရာကနေ ဘာမှခွင့်မတောင်းပဲ အဆင်သင့်လေးကောက်ယူလိုက်တာအတွက်တော့ ကိုအောင်မျိုးထွန်းရေ ခွင့်လွှတ်ပါဗျ) http://www.facebook.com/aungmyo.tun.52

0 comments:

Post a Comment