Thursday, August 16, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၅ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၅ (မျိုးမြင့်ချို) သြဂုတ် ၁၆ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..(၆၃) ခု ဇွန် (၁၁) ရက် အစိုးရရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ထွက်လာပြီး ဇွန် (၁၄) ရက်နေ့မှာ သခင်စိုးဦးဆောင်တဲ့အလံနီကွန်မြူနစ်ပါတီရဲ့ ပြန်ကြားချက်မှာ အစိုးရရဲ့ကမ်းလှမ်းချက်ကိုကြိုဆိုကြောင်းဖော်ပြပြီး အစိုးရဟာ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့ထောင်ချောက်နဲ့ တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်လက်နက်ချခိုင်းနေတာဖြစ်လို့ ဒါဟာ ငြိမ်းချမ်းရေးလက်သီးပုန်းဝါဒဖြစ်တယ်လို့ အတိအလင်းဆိုကာ အစိုးရထိုးစစ်တွေအားလုံးရပ်ဖို့နဲ့ နေရာအနှံ့အပြားမှာတပ်စွဲထားတဲ့ အစိုးရတပ်တွေပြန်ရုပ်ပါလို့ တောင်းဆိုလိုက်ပါတယ်။

အချိန်သတ်မှတ်ချက်နဲ့ပတ်သက်လို့တော့ အလံနီပါတီဟာ ပါတီကွန်ဂရက်စ်တခုလုပ်ဖို့လိုမယ်၊၊ ဥပဒေတွင်း ဥပဒေပ ပါတီအဖွဲ့အစည်းတွေအားလုံးပါဝင်မယ့် နှီးနှောဖလှယ်ပွဲတစ်ရပ်လုပ်ဖို့လိုမယ်၊ အစိုးရနဲ့ဆွေးနွေးကြမယ့် ကိစ္စတွေဟာ ကျယ်ဝန်းနက်နဲမယ်၊ လာမယ့်ကိုယ်စားလှယ်တွေနဲ့ တောတွင်းနဲ့အပြန်အလှန်ဆက်သွယ်ဖို့ လိုမယ် စတာတွေကြောင့် အနည်းဆုံးအတိုက်ရပ်ချိန်ကို တစ်နှစ်အချိန်ပေးဖို့လိုမယ်လို့ တောင်းဆိုလိုက် ပါတယ်။ တခါ ဆွေးနွေးပွဲပျက်လို့ ကိုယ်စားလှယ်တွေ တောတွင်းပြန်ရင် (၃) ရက်အတွင်း လိုက်မတိုက်ဘူး ဆိုတာကလည်း အချိန်မလုံလောက်တဲ့အတွက် (၃) ရက်အစား (၃) လ အထိတိုးပေးဖို့နဲ့ ဒါတွေကို လိုက်လျောရင်လာဆွေးနွေးမယ်၊ ခုတော့ ဒီတောင်းဆိုချက်နဲ့အတူ လိုအပ်မယ့်ရှင်းလင်းချက်တွေကိုလုပ်ဖို့ အတွက်ပဲ ကိုယ်စားလှယ်တွေလွှတ်လိုက်မယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ (၂၆) ရက်နေ့မှာတော့ ရဲနီမယ်ဒေါ်ငွေစံဦးဆောင်တဲ့ ရဲနီဗိုလ်ချုပ်ကျော်ဝင်းနဲ့အဖွဲ့ဟာ စစ်တွေကနေ တဆင့် ရန်ကုန်ကိုရောက်လာကြပြီး နောက်တစ်နေ့ အသံလွှင့်ရုံခန်းမမှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ရဲနီမယ်ဒေါ်ငွေစံက သူတို့လာခဲ့ကြတာဟာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မဟုတ်တဲ့အကြောင်း၊  လွတ်ငြိမ်းချမ်းသာခွင့်ပေးရအောင်လည်း သူတို့ဟာအပြစ်ရှိသူတွေမဟုတ်တဲ့ အကြောင်း၊ လက်နက်ချမှာလည်း မဟုတ်ကြောင်း၊ လက်နက်ချရုံနဲ့လည်း ငြိမ်းချမ်းရေးမရနိုင်တဲ့အကြောင်း၊ လက်နက်ကိုင်တိုက်ပွဲဟာ ရာထူးတောင်းအခွင့်အရေးတောင်းဖို့ မဟုတ်တဲ့အကြောင်း၊ 
ပါတီတရားဝင်ရှိခွင့်ပေးဖို့ တောင်းမှာလည်းမဟုတ်ကြောင်း၊ ပါတီတည်ထောင်တည်ခွင့်ရှိမှုဟာ တောင်းမှ၊ ပေးမှရတာမဟုတ်တဲ့အကြောင်း စတာတွေပြောကြားခဲ့ပါတယ်။ နောက်တော့ ရဲနီကျော်ဝင်းက နိုင်ငံရေး သဘောတရားရေး အခြေခံတချို့ကိုပြောခဲ့တာလည်းရှိပါတယ်။

ဇွန်လ (၃ဝ) ရက်နေ့မှာ အစိုးရကိုယ်စား ဗိုလ်မှူးချုပ်စိန်ဝင်း၊ ဗိုလ်မှူးကြီးစောမြင့်တို့နဲ့တွေ့တော့ ”တပြည်လုံးအပစ်ရပ်ဖို့နဲ့ အစိုးရတပ်တွေပြန်ရုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်”တဲ့အကြောင်းပြောပြီး အပြတ်ပယ်ချလိုက်ပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ အပစ်ရပ်တစ်နှစ်အချိန်ပေးဖို့ကိစ္စကိုလည်း ”ဒါကိုပြောမနေပါနဲ့ ပါတီကွန်ဂရက်စ်ခေါ်ချင်ခေါ်ပါ လိုတာကူညီပေးမယ်”ဆိုပြီး ထပ်ပယ်ချလိုက်ပြန်ပါတယ်။ တတိယအချက်ဖြစ်တဲ့ မြေပေါ်မြေအောက်ပါတီစုံနှီးနှောဖလှယ်ပွဲကြီးဆိုတာကိုလည်း ”လုပ်ချင်ရင် ကိုယ့်ဘာသာကိုယ်လုပ်ကြပါ၊ လတ်တလောမှာတော့ အစိုးရနဲ့အလံနီဖြစ်နေတဲ့စစ်ကို ရပ်ဖို့သာအရေးကြီးပါတယ်” လို့တုန့်ပြန်ခဲ့ပါတယ်။ အစိုးရဘက်ကပြန်ကြားချက်တွေရပြီမို့ အလံနီကိုယ်စားလှယ်တွေ ဇူလိုင် (၁) ရက်နေ့မှာ တောတွင်းပြန်ကြဖို့ဖြစ်လာပါတယ်။ 

မပြန်ခင်မှာဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ကန်တော့ဖို့သွားခဲ့ကြပါတယ်။ ဆရာကြီးက နှစ်ဘက်အပေးအယူလုပ်ကြဖို့၊ တင်းမာနေရင် ငြိမ်းချမ်းရေးမရနိုင်တဲ့အကြောင်း၊ သူနဲ့အတူပြည်သူတွေလည်းငြိမ်းချမ်းရေးကို မျှော်လင့်နေကြတဲ့အကြောင်း၊ နိုင်ငံရေးလုပ်တာဟာ ဥပုသ်စောင့်တာမဟုတ်တဲ့အကြောင်း ဆုံးမသြဝါဒပေးတာကိုခံယူကြပြီးတဲ့နောက် ကိုယ်စားလှယ်တွေဟာ ရန်ကုန်ကနေစစ်တွေကို လေယဉ်နဲ့ပြန်ခဲ့ကြပါတယ်။

သြဂုတ်လ (၁ဝ) ရက်နေ့မှာ သခင်စိုးဦးဆောင်တဲ့ အဖွဲ့ဝင် (၁၇) ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကို ထပ်ရောက်လာကြပါတယ်။ သြဂုတ်လ (၁၃)ရက်နေ့မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို သွားပြီးဂါရဝပြုကြတော့ ဆရာကြီးက ”တတိုင်းပြည်နဲ့တတိုင်းပြည် လူမျိုးတမျိုးနဲ့တမျိုးမို့ အကြာကြီး ကွဲနေရတယ်ဆိုတော်သေးတာပေါ့ကွာ၊ ခုဟာက တမျိုးသားထဲ တနိုင်ငံထဲမှာကွဲနေရတာဖြစ်လို့ ပိုပြီးစိတ်မကောင်းစရာဖြစ်ရတဲ့အကြောင်း၊ ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင်လုပ်ကြပါကွာ” လို့မှာကြားခဲ့ပါတယ်။ 

သြဂုတ်လ (၁၄) ရက်နေ့မှာ သခင်စိုးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး အလံနီရဲ့မူတွေကိုရှင်းပြခဲ့ပါတယ်။  သြဂုတ်လ (၁၈) ရက်နေ့မှာ ”အစိုးရနဲ့အလံနီကိုယ်စားလှယ်တွေဆွေးနွေးကြတာ အခြေအနေကောင်းတယ်”ဆိုတဲ့ အသံတွေထွက်လာပါတယ်။ လူတွေလည်းမျှော်လင့်ချက်တွေနဲ့ ပီတိတွေဖြစ်နေတုန်း သြဂုတ်လ (၂ဝ) ရက် နေ့မှာတော့ ”အစိုးရက သခင်စိုးနဲ့အဖွဲ့ကို ပြန်ပို့လိုက်ပြီ”ဆိုတဲ့ သတင်းထွက်လာပါတယ်။ အဲဒီည (၇) နာရီ (၄၅) မိနစ်မှာတော့ မြန်မာ့အသံကနေ ”အလံနီကွန်မြူနစ်ပါတီနှင့် ဆွေးနွေးပွဲရပ်ဆိုင်းလိုက်ပြီ”ဆိုတဲ့အကြောင်းကြေညာခဲ့ပါတယ်။

ကြေညာချက်မှာ..အစိုးရကဖိတ်ခေါ်လို့ အလံနီကွန်မြူနစ်ပါတီလာရောက်ဆွေးနွေးတဲ့အကြောင်း။ သခင်စိုးနဲ့အဖွဲ့ကို (၁၅/၁၆ နဲ့ ၁၇)ရက်နေ့တွေမှာ (၃)ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စမှာ အလံနီရဲ့ပြုမူပြောဆို ဆောင်ရွက်ချက်တွေမှာ တကယ့်ရိုးသားမှုကို မတွေ့ရတဲ့အကြောင်း၊ ဒါ့ကြောင့် ရှေ့ဆက်ဆွေးနွေးဖို့မဖြစ်နိုင်တော့လို့ ဆွေးနွေးပွဲတွေကို  
သြဂုတ်လ (၁၉)ရက်နေ့မှာ ရပ်ဆိုင်းလိုက်ရကြောင်း စတာတွေပါဝင်ပါတယ်။ နောက်တော့ ”တောတွင်းပြန်မယ့်အလံနီကိုယ်စားလှယ်တွေကို ကြေညာချက်တစောင်တော့ ထုတ်ခွင့်ပေးမယ်၊ ဒါပေမယ့် သတင်းစာရှင်းလင်းတာနဲ့ လူထုနဲ့တွေ့တာမျိုးမပြောနဲ့ လူတယောက်ယောက်နဲ့တွေ့တာတောင်
ခွင့်မပြုနိုင်”တဲ့အကြောင်း ဖော်ပြတဲ့စာတစောင်ကိုလည်း ဗိုလ်ချုပ်နေဝင်းလက်မှတ်နဲ့ထုတ်ပြန်ခဲ့ပါတယ်။

သောတရှင်များခင်ဗျား..
ဒီလိုနဲ့ အလံနီကွန်မြူနစ်ပါတီနဲ့ဆွေးနွေးပွဲကို အစိုးရဘက်က တဘက်သတ်ဖျက်သိမ်းလိုက်ခဲ့ပေမယ့် အခြားအင်အားစုတွေနဲ့ ဆက်နွေးနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့(၃) ပါတီနဲ့၊ ဗကပနဲ့၊ မဒညတနဲ့၊ ရခိုင်ပြည်ကွန်မြူနစ်ပါတီနဲ့၊ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစရှိတဲ့ဆွေးနွေးပွဲတွေအားလုံးကိုလည်း တစ်ခုပြီးတစ်ခု အစိုးရဘက်က ဖျက်သိမ်းကြောင်းကြေညာခဲ့တာတွေ ရှေ့မှာတင်ပြခဲ့ပါတယ်။ အပြည့်အစုံ မှတ်တမ်းမှတ်ရာနဲ့အချက်အလက်တွေကို ထပ်ပြီးလေ့လာနိုင်ကြမယ်ဆိုရင်တော့ အလွန်အကျိုးရှိ ကောင်းမွန်မှာဖြစ်ပါတယ်။

အခုထိ ကျနော်တင်ပြခဲ့ရာမှာ ဆွေးနွေးပွဲတွေဖြစ်ခဲ့တာနဲ့ ပျက်ခဲ့ရတာတွေအကြောင်းဖြစ်ပါတယ်။ နောက်တပတ်မှာတော့ (၆၃)ဆွေးနွေးပွဲအကြောင်းနိဂုံးချုပ်အနေနဲ့ ဆွေးနွေးပွဲတွေပျက်အပြီး ဖြစ်ခဲ့ရတဲ့ဖြစ်ရပ်တွေကို အကျဉ်းရုံးတင်ပြပေးပါ့မယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment