ဒီဇင်ဘာနှင်းဆီနီတပွင့် ရဲရင့်ကြယ်နှင့်ညီမလေး မလှမြိုင်သို့ …(မောင်မောင်တိတ်)
၇၄ ဒီဇင်ဘာရဲ့ဂန္တဝင်သံမဏိသူရဲကောင်း ကျောင်းသားတယောက်အကြောင်းနဲ့ ဒီဇင်ဘာနဲ့ပတ်သက်တဲ့သူတွေကတော့ မေ့ကောင်းမည်မဟုတ်ကြ။ မေ့ကြမည်လည်းမထင်၊ မေ့နေကြပြီဟု ပြောရင်လည်းမယုံ။ ပုံပြင် မဟုတ်၊ ဒဏ္ဍာရီမဟုတ်၊ ရှိခဲ့သည်။ ရှိနေသည်။ရှိနေဦးမည်၊ ဒို့ ဒီ ဒီဇင်ဘာမှာ ဘာလုပ်ကြမလဲတဲ့၊ ပြောစရာမလို၊ ရင်ထဲကအလိုလိုသိ နေကြသည်၊ နှစ်ပေါင်း (၃၅) နှစ်၊ ဆုံကြတော့ အသစ်အသစ်တွေပဲ ဖြစ်နေသည်။ ဒီလိုပဲ ရောက်သည့်နေရာ ပြည်တွင်းပြည်ပမှာ ရတဲ့အချိန်လေးတွေနဲ့အချိန်အခါမှာ လုပ်ကြစမြဲ။ ပြောကြစမြဲ။
အသက်တွေလဲ (၆ဝ) ကျော်သူကကျော်သွားကြပြီ။ ရုပ်ပိုင်းကအိုပြီ။ စိတ်ပိုင်းကမအို။ ပြန်ပျိုမျစ်ပြီး ဒီဇင်ဘာလကထုဆစ်ခဲ့ကြတဲ့ အတွေ့အကြုံတွေက ခွန်အားသစ်တွေ တက်တက်လာတယ်။
အဲ့ဒီအထဲမှာ ကိုတင်မောင်ဦး။ ဆလိုင်းတင်မောင်ဦးအကြောင်းက ထိပ်ဆုံးကပါနေကြ။ ထောင်ထဲမှာ ပုံစံတွေကိုင်လို့ တကွဲတပြားဖြစ်ပြီး တိုက်ပိတ်ခံရလို့။ (၁) တိုက်။ (၂) တိုက်။ (၃) တိုက်။ (၄) တိုက်။ (၅) တိုက်။ (၆) တိုက်နဲ့ အဆောင် (၃) အခန်းလေးတွေထဲမှာ တသီးတခြားခွဲထားပြီး အတင်းနှိပ်စက်ပုံစံသွင်း ခံနေရတဲ့အဖြစ်လေးတွေ မျက်စိထဲကမထွက်။ ရက်စက်ယုတ်မာလွန်းလို့ ထပ်ပြီးမရေးတော့ပြီ။ တွေ့ရင်တော့ ပြောဖြစ်ကြသည်။
သခင်မြသန်းရဲ့ “သာယာဝတီထောင်တွင်းက ငရဲခန်း” က တမျိုး၊ (၇၄) အင်းစိန်ထောင်တွင်း ကျောင်းသား။ (၇၅) (၇၆) ကျောင်းသားလူငယ်လေးတွေရဲ့ “ယောရူဝ” ငရဲခန်းကတဖုံပါဘဲ။ ရေကြည်အိုင်၏အကြောင်းတော့ မရေးကြသေးပါ။ မိမိတို့မရောက်ခဲ့ပါ။ တချို့လည်း သည် လူ့ဘဝမှာ မရှိကြတော့ဘူးထင်ပါသည်။
“မလှမြိုင်” ဘလော့ဖွင့်ထားတယ်တဲ့။ ကြားရတဲ့သတင်းလေး။ အားရစရာ။ မိမိတို့ထောင်ထဲက မထွက်ရသေးခင်။ ကိုတင်မောင်ဦး ညီမလေး .. မလှမြိုင် GTI ဘက်မှာ တရားတက်ဟောသတဲ့။ မိမိအစ်ကို ကိုတင်မောင်ဦးအကြောင်းနဲ့ ကြိုးပေးခံခဲ့ရတဲ့အကြောင်းများ အစ်ကို့သွေးလို ညီမလေးသွေးကလည်း ရဲရဲနီသတဲ့။
ကိုတင်မောင်ဦးရဲ့ မိသားစုတွေအားလုံး အဖမ်းခံရပြီး။ နို့စို့အရွယ်ကလေးငယ်လေးတော့ကျန်ခဲ့သတဲ့၊ ထားခဲ့သတဲ့။ အဲဒီတုန်းကလည်း ဒီလိုပဲ ရက်စက်ယုတ်မာခဲ့ကြတာပဲ။ နောက်တော့။
ကျနော်တို့ ကိုတင်မောင်ဦး၊ ကိုညွန့်တင် (ဒလ)၊ စောလှဝင်း၊ ဗဆွေလေးတို့နဲ့ ကြိုးတိုက်တွင်းမှာ ဆုံလိုက်ကြသေးတယ်။ သူတို့ (၄) ဦးက ကြိုးကျခံထားရသူတွေ။ အယူခံတော့တင်ထားတဲ့သူက တင်ထားတယ်။ လည်းပင်းကိုတော့ ကြိုးနဲ့တိုင်းထားပြီးသားတဲ့၊ ကိုညွန့်တင်က (ဒလ) က။ ပြည်ချစ်အဖွဲ့ဝင်၊ ဆေးရုံမှာဗုံးခွဲလို့တဲ့။ စောလှဝင်းကလည်း အဲဒီတုန်းက အင်းစိန် (၈) လိုင်းကားတစီးကို ဗုံးခွဲလို့တဲ့ ဗဆွေလေးကတော့ စာရွက်စာတန်း၊ မိုင်းတချို့နဲ့တွေ့လိုဆိုလား စောလှဝင်းနဲ့အမှုတွဲထားတယ်။
ပထမဆုံး နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ကြိုးစတင်အပေးခံရတာက။ ပြည်ချစ်အဖွဲ့က ကိုညွန့်တင်ပါ။ ကျနော်တို့ကျောင်းသား (၄ဝ) ကျော်ကို တွဲဘက်ထောင် ယခင်က နိုင်ငံရေးအကျဉ်းသားများထားတဲ့ သီးသန့်ထောင်က ပုံစံကိုင်ခိုင်းတာမရလို့ ထောင်မကြီးထဲပို့ပြီးပုံစံကိုင်မလို့ ဆိုတော့ လက်မခံလို့ ကျောင်းသားတယောက်ကို ဝါဒါ (၃) ယောက်နဲ့ (၂) ယောက်က လက်တဖက်စီချုပ်ပြီး၊ ခေါင်းငုံ၊ ခေါင်းပေါ်လက်တင်၊ နောက်တယောက်က နောက်ကရိုက်၊ ကန်၊ မအေနှမ၊ ငါနဲ့ဆဲဆိုပြီးနောက် ဗူးဝက အင်းစိန်ထောင်မကြီးမှာရှိတဲ့ ထ.လ.ရ တပ်ကြပ်ကြီး နာမည်ကြီးဆာဂျင်သိန်းမြိုင်အုပ်ချုပ်တဲ့ ကြိုးတိုက်ခေါ် ရင်ခွဲတိုက်။ တဖက်အခန်း (၃ဝ) စီရှိတဲ့နေရာကိုပို့လိုက်တာပါ။
ကြိုးတိုက်ရဲ့အစွန်ဆုံးအခန်းတွေမှာ ကြိုးသမားတွေထားပြီး လူသတ်မှုနဲ့သေဒဏ်ကြိုးဒဏ် အပေးခံရတဲ့သူတွေထားပါတယ်။ အဲဒီ (၄) ဦးကတော့ နိုင်ငံရေးပြစ်မှုဖောက်ခွဲမှုတွေနဲ့ ကြိုးဒဏ်အချခံထားရတဲ့သူတွေပါ။ ပုံစံကိုင်တာမခံရင် ကြိုးတိုက်ထဲမှာနေရမယ်။ လျော့ရက်မရဘူး။ ထောင်ဝင်စာမတွေ့ရဘူး။ တိုက်ခန်းထဲကဂန်ဖလား (သေးခွက်၊ ချေးခွက်) ထွက်သွန်တာကလွဲပြီး ပိတ်ထားမယ်ပေါ့ ဘယ်လောက်ထားထား ပုံစံကိုင်တာတော့မခံဘူး။ ဘာလျော့ရက်မှလည်းမလိုချင်ဘူး ဆိုပြီးနေကြတယ်။ အဝတ်တထည်ကိုယ်တခုနဲ့။ တ ခန်းကို (၈) ယောက် (၄) ယောက် (၆) ယောက်နဲ့ထားတယ်။ တွဲဘက်ထောင်ကလာခဲ့ရပြီး ဦးဆောင်ခဲ့တဲ့ ကိုကျော်စိုး (သကလ)၊ ဦးကျော်လင်း (ရှေ့နေကြီး အင်းစိန်) ကိုတော့ သီးခြားထားတယ်။ သူတို့နှစ်ဦးက အသက် (၃ဝ) နီးနီးရှိနေပြီး ဦးဆောင်ခဲ့လို့တဲ့။ ကိုကျော်စိုးကြီးက နားတဖက်ပင်းသွားတယ်။ ဦးကျော်လင်းက နံရိုးအက်သွားတယ်။
အဆောင် (၃) မှာလဲ ရာဇဝတ်မှုအကျဉ်းသားတွေနဲ့ရောထားပြီး ပုံစံကိုင်လို့ ကျောင်းသားတွေကပြန်ပြောလို့ ပြဿနာတက်ပြီးပြန်ရိုက်ကြတယ်။ သူတို့ကလူများတော့ ကျောင်းသားတွေ…မှောက်ကုန်တယ်။ ပြီးတော့တိုက် (၄) (၅) (၆) ထဲမှာ ထည့်ထားလိုက်ကြတယ်။ တပတ်နီးပါးကြာတော့ ကြိုးတိုက်ကို ယဉ်ပါးလာကြတယ်။ ကျနော်တို့ နေ့လည်တခါ ညနေတခါ ဂန်ဖလားချရတယ်။ ကျောင်းသား (၄ဝ) လောက်ဆိုတော့ တခန်းဖွင့်တခန်းချနဲ့ ဝါဒါတွေတော်တော်လေးစိတ်ညစ်သွားတယ်။ အခန်းတခန်းချရင် တခြားခန်းတွေက ထောင်ထဲကပေးတဲ့ တိုက်ထဲမှာရှိတဲ့နှီးကြောဖျာလေးတွေ ကာခိုင်းတယ်။ ငြိမ်နေရတယ်။ ကျောင်းသားဆိုတော့ သိတယ်မဟုတ်လား။ အကြီးဆုံးက (၂၄) နှစ်တောင် မပြည့်တတ်သေးဘူး။ ဇွန် (၆) နှစ်ပတ်လည် ရွှေတိဂုံအရေးအခင်းက ကျောင်းသားလေးတွေဆိုရင် တချို့ (၁၆) နှစ်တောင်မပြည့်သေးဘူး။ သူတို့လည်း ထိန်းရခက်နေတယ်။
ဖျာမရှိတဲ့အခန်းကများနေတော့ အပေါက်ဝကိုကျောလှည့်ပြီး ထိုင်နေရတယ်။ အကာလေးတွေပေးတယ် လစ်ရင်ခိုးပြီးလှည့်ကြည့်တယ်။ ဝါဒါကတယောက်တည်း။ တခါ (၂) ယောက်။ ကျန်တဲ့ သော့ဖွင့်တဲ့အကူက အပြာတွေ (နှစ်ကြီးသမားတွေ) ဆိုတော့ ကျနော်တို့က သိပ်ဂရုမစိုက်ဘူး။ ဝါဒါတွေကို မိုက်ကြည့်ကြည့်နေတဲ့သူတွေလည်း ရှိနေတော့ စိတ်ပေါက်ရင်အနာခံပြီး ပြဿနာရှာမယ့်သူတွေ ဖြစ်နေတယ်၊ ဒီလိုနဲ့ (၂) ပတ်ကုန်သွားတယ်။ ကြိုးတိုက်ထဲမှာ နည်းနည်းနေသားထိုင်သားကျလာပြီး ကျနော်တို့ နံနက်ပိုင်းတခါ ညနေပိုင်းတခါ အဲဒီ ဂန်ဖလားသွားချပြီးတော့ ခပ်တည်တည်ငြိမ်ငြိမ်လေးနဲ့ သူတို့စည်းကမ်းကိုလိုက်နာဟန်ပြပြီး ရသမျှသတင်းတွေစုတယ်။
ဂန်ဖလားကို အလှည့်ကျထွက်ချတယ်။ ကိုထွန်းထွန်း (ကိုဗကြည် တရုတ်နယ်စပ်သေဆုံး၊ တောင်တွင်း ဦးကိုကိုကြီး ဒုတိယသား) နဲ့ကျနော် ကိုမြင့်ဟန်၊ စောလှငွေ၊ ကိုသောင်းအေး၊ ကိုသက်လှိုင်၊ ဂိုရှယ် (ကိုလှအောင်) တို့လောက်ပဲ အသက် (၂၃) (၂၄) အရွယ်တွေ ရှိတယ်။ ထွန်းထွန်းကြီးကလဲလျှင်ပါပေ့၊ မျက်လုံးပြူးပြူးကြီးနဲ့ လူရိုးကြီးစတိုင်နဲ့ ဂန်ဖလားချပြီးဝါဒါအလစ်မှာကြိုးတိုက်ထဲက ကြိုးဒဏ်ပေးခံရသူတွေရဲ့ အခန်းနားကပ်ပြီး နာမည်မေးတယ်။ လူရှာတယ်။ ကိုညွန့်တင်၊ ကိုတင်မောင်ဦး၊ ဗဆွေလေး၊ စောလှဝင်းတို့ ရှိနေတာသိခဲ့ရတယ်။
အဝတ်တထည်ကိုယ်တခုနဲ့ တခန်း (၈) ယောက်လောက်နေရတယ်။ အခန်းထဲမှာအိပ်တော့ (၄) ယောက် ခေါင်းချင်းဆိုင်ပြီးအိပ်ရတယ်။ ရေမချိုးရ၊ မျက်နှာမသစ်ရဆိုတော့ အနံ့တွေနံလာတယ်။ နောက်ဖေးနံ့တွေလည်း နံနံလာတော့အပေါက်ဝမှာ လုပြီးထိုင်ကြတယ်၊ တလှည့်စီပေါ့။ သည်လိုနဲ့ ရွှေတိဂုံအရေးအခင်းက ကျောင်းသားလေးတယောက် ဖျားပါရော၊ ပုံစံထမင်းလုံးတီးနဲ့ နံနက်ပိုင်းက ပဲနိုင်လွန်ဟင်းချို၊ ညနေပိုင်းကြတော့လည်း ဟင်းနုနွယ်နိုင်လွန်ဟင်းချို၊ တခါတခါ တီကောင်ကြီးတွေတောင် ပါလာတတ်သေးတယ်။ ပေးတဲ့ ထောင်ငါးပိမဲမဲ၊ မန်ကျီးသီးအညံ့စားတွေနဲ့ ရောကြော်ထားတာဆိုပဲ စားလို့ကောင်းနေသေး။ နေမကောင်းတဲ့သူက အစာမဝင်ဘူး။ အလှည့်ကျဝါဒါလေးတယောက်ကို အကူညီတောင်းပြီးတော့ ကိုတင်မောင်ဦးဆီကို ကိုထွန်းထွန်းက ဆေးတောင်းတယ်။…ရှိရင်ပေါ့ ကိုတင်မောင်ဦးက ဆေးတော့မရှိဘူးဆိုပြီး သူရတဲ့ဆန်ဖြူထမင်းပုံစံကို ပေးလိုက်တယ်။ အဲဒီတုန်းက ကြိုးသမားတွေကပုံစံကို ဆန်ဖြူနဲ့ကြက်သားဟင်း အသားကျော်တခုခုရတယ်။ အဲဒါတွေကို ညီငယ်ကျောင်းသားလေး နေကောင်းတဲ့အထိပေးတယ်။ သူကတော့ ကျနော်တို့စားတဲ့ပုံစံကိုပဲ အပြာတွေဆီက တောင်းစားတယ်။ အပြာနှစ်ကြီးသမားတွေကို စည်းရုံးထားနိုင်ခဲ့တယ်။
“အဆောင်ပုံစံတိုက်ပွဲက…ပိုပြီးပြင်းထန်လာတယ်။ ကိုတင်မောင်ဦးဆီကသတင်းပဲ။သူကအပြင်ရေထွက်ချိုးရလို့ ရေဘုတ်ကိုင်တွေနဲ့လည်း နည်းနည်းရင်းနီးလို့ သတင်းစုံရတယ်။ ရိုက်လို့မှောက်သွားတဲ့သူတချို့ တချို့ကို တိုက်တွေထဲမှာထားတယ်တဲ့။ တချို့ကိုတော့ ပုံစံခန်းထဲမှာထားပြီး ဘာယာဘုတ်ကိုင်တွေနဲ့ ပုံစံသွင်းနေသတဲ့”
တခန်းစီ ဂန်ဖလားချရတာကြာတော့ နှစ်ခန်းတတွဲလွှတ်ပေးတယ်။ ခပ်မြန်မြန် ခပ်သုတ်သုတ်လေးနဲ့ပေါ့ အဲဒါအခွင့်အရေးပဲ။ ရအောင် ယူသွားကြတယ်။ (၄) ယောက်ခန်းနဲ့ (၈) ယောက်ခန်း တခန်းပြီးတခန်းဖွင့်တော့ ထွက်တဲ့လူက (၄) ယောက်လောက်ဖြစ်သွားတယ်။ တခန်း (၄) ထွက်တော့ အပြင်မှာ အလစ်စကားပြောလို့ရတယ်။ ရှုပ်သွားအောင်လုပ်ပြီး အခန်းချင်းလဲလိုက်ကြတယ်။ သူတို့မသိကြဘူး အဲဒီတော့ သတင်းအစုံရတယ်။
ကြိုးဒဏ်ပေးထားတဲ့သူတွေကို အဲဒီတုန်းက အခွင့်အရေးနည်းနည်းပေးတယ်။ တနေ့တနာရီ အချိန်ပိုင်းလေးပေးပြီး ကျန်းမာရေးလေ့ကျင့်ခွင့်ပေးတယ်၊ လမ်းလျှောက်ချင်လျှောက်၊ ပြေးချင်လျှင်ပြေးပေါ့။ ဒါပေမယ့် ကျနော်တို့ဘက်ကတော့မလာရဘူး။ စောင့်တဲ့ဝါဒါလေးက တခါတလေတယောက်ထဲ။ သူတို့လဲကြိုးသမားတွေနဲ့ တိုက်ထဲကကျနော်တို့အုပ်စုကို ကြောက်တယ်။ စိတ်ထဲမှာ ကျဉ်းကြပ်ပြီးစိတ်ညစ် နေတဲ့သူတွေ။ ပုံစံအကိုင်မခံဘဲ ကြိုးတိုက်ထဲရောက်လာကြတဲ့ ကျနော်တို့တတွေ အဆောင် (၃) မှာ ဝါဒါတွေကို ပြန်ရိုက်ရင်းမှောက်သွားတဲ့သူတွေ၊ ပြန်ဆော်လို့ခံသွားရတဲ့ ဝါဒါတွေလည်းရှိနေတော့။ သူတို့ကို အမှုပတ်မှာကြောက်လို့ ခပ်အေးအေးပဲနေကြတယ်။
ကိုတင်မောင်ဦးက အောက်ခံဘောင်းဘီလေးနဲ့ အပြေးလေ့ကျင့်တယ်။ သူက အပြေးဝါသနာပါပုံရတယ်။ ဝါဒါအလစ်မှာ ကျနော်တို့ဆီပြေး ပြေးလာတတ်ပြီး ပြေးရင်းနဲ့..ဆက်တိုက်မယ် ဒီလိုမနေကြနဲ့ မင်းတို့ကိုလည်း အဆောင်ပို့ပြီးကိုင်မယ် အခုထဲက အစာအငတ်ခံဆန္ဒပြပြီး တိုက်ကြပေတော့။ တခါတပတ်ပြေးရင် တခွန်းနှစ်ခွန်းပြောသွားတယ်၊ လေသံနဲ့ခပ်တိုးတိုး ခြေထောက်ကိုခပ်ပြင်းပြင်းချရင်း ပြောပြောသွားတယ်။
တခန်းကို အရှိန်လွန်ချင်ရောင်ဆောင်လိုက် အလစ်မှာအခန်းနားကပ်လိုက် ခပ်တိုးတိုးလေးပြောလိုက် ပြန်ပြေးသွားလိုက်နဲ့ တနေ့တာ ရသမျှအချိန်လေးတွေကို ကောင်းကောင်းအသုံးချနိုင်ခဲ့တယ်။
ကြိုးဒဏ်ကျတာတောင် မျက်နှာတချက်မပျက်ဘူး။ ခပ်တင်းတင်းဘဲ။ သူ့အသက်လဲ (၂၃) ထက်ပိုကြီးပုံမပေါ်။အားကစားသမားမို့ လူရည်သန့်တယ် အသားဖြူတယ်၊ တောင့်တယ်အချိုးအဆစ်ပြေတယ်။ ကျနော်တို့ပင် သူ့ဘော်ဒီကိုအားကျမိတယ်။ အို သူကလူချောပဲ။ အင်္ဂလိပ်တော့ ဟဲန်းဆန်းဘဲပေါ့။ မျက်လုံးမျက်ဖန်ကလည်း ညှို့အားသန်တဲ့ပုံဘဲ။ ထောင်ထဲက ပုံပြင်ထဲကမင်းသားလေးတပါးလိုပါပဲ။ အချက်အလက်တွေစုံရင်တော့ ကျနော်တို့စကြမယ်။ အစာအငတ်ခံဆန္ဒပြဖို့ သေချင်သေ။ မသေလျှင် ပုံစံပျက်ဖို့ပဲ။ ကိုကျော်စိုး သင်္ချာ သကလရွာ..အစ်ကိုကျွန်းပြန်..ကိုဗဖူးညွန့်ရဲ့ ကိုကိုးကျွန်းအစာငတ်ခံတိုက်ပွဲ (၆ဝ) ရက်အတွေ့အကြုံတွေ ရှိတယ်လို့သိထားရတော့ သူ့ ဆီတိုက်ပွဲဝင်တဲ့နည်းစနစ်တွေ လှမ်းအကူအညီတောင်းရတယ်။
သူနဲ့ ဦးကျော်လင်း (ရှေ့နေကြီး အင်းစိန်) ကတော့ တခန်းစီမို့ ဆက်သွယ်ရတာခက်တယ်။ ညနေဘက် ဝါဒါချင်းတာဝန်အချိန်းမှာ စကားခိုးခိုးပြောရတယ်။ ကိုကျော်စိုးကြီး တရားထိုင်နေတယ်တဲ့။ ဒီတိုက်ပွဲကိုအပြတ်တိုက်ဖို့ သေချင်သေ၊ သေလျှင်အရင်းတဲ့၊ နိုင်လျှင်အမြတ် တဲ့။ ဆက်တိုက်ဖို့ပဲစဉ်းစားတဲ့။ ငယ်တဲ့ကျောင်းသားလေးတွေကတော့ (၇) ရက် (၈) ရက်လောက်စတိတိုက်ပြီးရင် သပိတ်ရပ်လိုက်တဲ့။ သူတို့အတွက်ငယ်လွန်းတော့ အတွေ့အကြုံယူပြီး အပြင်ထွက်မှဆက်တိုက်ကြပါစေတဲ့။
ကျနော်တို့ (၂ဝ) ကျော်ပိုင်းက လက်ခံတယ်။ တွဲဘက်ထောင်က ထောင်မကြီးထဲပို့ပြီး ခေါင်းကွဲသွားပြီး ဆေးမထည့်ပေးဘဲ အစိမ်းချုပ် အပ်ချည်နဲ့ချုပ်ပေးခံခဲ့ရတဲ့ ကိုသက်လှိုင် (RIT) ကတော့ စကားလေးထစ်ထစ်နဲ့ ဆက်ချမယ်တဲ့။ သူ့လိုပဲ အသက်ငယ်ငယ် ခပ်ထွားထွား တောင်သာရွာသား အထက်တန်းကျောင်းသား အောင်ကိုကြီးကလည်း ကျနော်တို့လည်းပါမယ်တဲ့ သူ့ခေါင်းလည်းအစိမ်းချုပ် ချုပ်ထားတယ်။
ဇီးရိုးအာဝါလို့ ကျနော်တို့ခေါ်တဲ့ သတ်မှတ်ရက်ကို ကိုတင်မောင်ဦးရဲ့သတင်းအဆက်အသွယ်တွေနဲ့ စဖို့ပြင်ဆင်ထားကြတယ်။ ကိုတင်မောင်ဦး၊ စောလှဝင်း၊ ဗဆွေလေးတို့ကတော့ ရတဲ့အချိန်လေးမှာ စကားလှမ်းလှမ်းပြောသွားတယ်။ နောက်ကဝါဒါတွေဟောက်တာကို မကြားချင်ယောင်ဆောင်နေတယ်။ ဝါဒါတွေက သတိပေးတယ်။ ကျနော်တို့ဘက်ကို မပြေးရတော့ဘူးတဲ့။ ပြောမရရင်ရေချိုးခွင့် ကျန်းမာရေး လေ့ကျင့်ခွင့်ပိတ်မယ်တဲ့။ မရပါဘူး။ သူတို့လစ်တဲ့အချိန်လေးမှာ ခပ်သွက်သွက်လေးပြေးရင်းနဲ့ သတင်းဖလှယ်ပေးကြတယ်။
အဲဒီကြိုးတိုက်တွင်းက ဂန္တဝင်သံမဏိကျောင်းသားတယောက်လို့ပြောရင် မိမိတို့ အဲဒီတုန်းကဖတ်ခဲ့ရတဲ့ ကြိုးစင်ပေါ်ကမှတ်တမ်းများထဲက ဂျူလီယက်ဖူးချစ်၊ ငုရင်ဗန်ထွိုင်း၊ မျိုးချစ်ရီဇော်၊ တော်လှန်သော တိုးတက်တက်ကြွသည့် စိတ်နှလုံးသားပိုင်ရှင်များ၏ စွန့်လွှတ်အနစ်နာခံမှုများ ရင်ထဲကိန်းအောင်းပြီး သူတို့ရဲ့ထက်မြက်စူးရှတဲ့ တိုက်ပွဲဝင်ရင်ဆိုင်တဲ့စိတ်ဓာတ်နဲ့ စွန့်လွှတ်မြင့်မြတ်တဲ့ ဖြတ်သန်းခဲ့တဲ့ တော်လှန်ဂန္တဝင်သမိုင်းမှတ်တိုင်မှတ်တမ်းများက ပူနွေးရှတ ပေါက်ကွဲလုဆဲမှာ။
“တို့စ” တော့မယ်။ ဇီးရိုးအာဝါ ဒိတ်က (၂) ရက် (၃) ရက်တွင်းမှာဘဲ။ ထွန်းထွန်းကြီးက ကျနော်တို့ကိုပြော သည်။ ကျနော်တို့ အခန်းက (၈) ယောက်ရှိသည်။ (၂) ယောက်ပြန်လာမှ (၂) ယောက်တလှည့် ဂန်ဖလားချမည်။ ထွန်းထွန်းနဲ့မိမိတို့အတွက် သတင်းယူမည်။ အပြင်ကို သတင်းလွှင့်ဘို့ အချိတ်အဆက်ယူမည်၊ စသည့်ဖြင့် အကြမ်းဆွေးနွေးနေကြတုန်း။ မောင်အုန်းမြင့် (မ/ဥက္ကလာအလယ်တန်း ကျောင်းသား (၁၅) နှစ်က ဂန်ဖလားကိုလက်တဖက်နဲ့မြှောက်လာရင်း မိမိနဲ့ထွန်းထွန်းတို့ဆီကိုကြည့်ပြီး လက်တဖက်က ဂန်ဖလားအောက်ထဲကစာကို လှမ်းပေးလိုက်သည်။
ဟေ့…တင်မောင်ဦးဆီက ဒိတ်ရလာပြီ ဒို့စတော့မယ် ထွန်းထွန်းက အားရဝမ်းသာစာရွက်ကလေးကို သံတိုင်ကြားထဲက လှမ်းယူလိုက်သည်၊ အုန်းမြင့်လေးက မြန်မြန်ဖတ်ပြီးရင်ဖျက်စီးလိုက်တဲ့။ ထွန်းထွန်းက ခပ်မြန်မြန်လှမ်းယူလိုက်သည်။ စာဖတ်ဖို့စာခေါက်ကလေးကိုဖြေတုန်း ဗြုန်းကနဲ ဝါဒါလက်တဖက်က စာရွက်ကိုဆွဲလိုက်သည်။ အုန်းမြင့်လေးကိုလည်းကြည့်ပြီး ဘယ်သူပေးတာတုန်းဟုပြောပြီး ပါးတချက် လှမ်းရိုက်လိုက်သည်။ အုန်းမြင့်လေးခေါင်း လည်ထွက်သွားသည်။ ဂန်ဖလားကိုတော့မလွှတ် ကိုင်ထားသည်။ အခန်းထဲဝင်လာသည်။ ဝါဒါက စာဖတ်နေသည်။ ပြော ပြောစမ်း ဒါ မင်းကိုဘယ်သူပေးတာလည်းလို့ အသံကဟိန်းသွားသည်။ ကြိုးတိုက်တခုလုံး ငြိမ်သွားသည်။ ဝါဒါစာဖတ်နေတုန်း ဗြုန်းကနဲလက်တဖက်က စာရွက်ကိုဆွဲလုလိုက်သည်။ ပြီးတော့ ပါးစပ်ထဲဝါးစားလိုက်သည် ဝါဒါလည်းအံ့အားသင့်သွားသည်။ ဝါးစားပြီး ချက်ချင်းမျိုချလိုက်ပြီးမှ ကီးဆွဲထားပြီး အသင့်အနေအထားနဲ့ ကဲမင်းဘာလုပ်မတုန်း၊ ငါနဲ့ချမလား ငါ့ကိုသတ်ပစ်မလား၊ ကြိုက်သလိုလုပ်စမ်းတဲ့ သူ့မျက်နှာက စိမ်းစိမ်းဝါးဝါး ဝါဒါတချက်လှုပ်တာနဲ့ အပြတ်ချေမှုန်းမယ့်ပုံစံမျိုး ဝါဒါက သူထက်အရပ်မြင့်ပေမယ့် စလင်းဘော်ဒီ၊ သူက ကရာတေးသမားပုံမျိုး ဝါဒါတချက်လှုပ်တာနဲ့ ဖြုတ်တော့မယ့်ပုံမျိုး။
ကျနော်တို့လည်း သံတိုင်ကြားက ထရပ်လိုက်သည်။ ဝါဒါက ချာကနဲလှည့်ထွက်ပြီး ပြေးသွားသည်။ သိလိုက်ပြီ ထောင်မှုးနဲ့တပ်ကြပ်ကြီးသိန်းမြိုင်ကို သွားတိုင်တော့မည်။ နာရီဝက်လောက်အကြာမှာတော့ ကိုတင်မောင်ဦး အခန်းက တံခါးဖွင့်သံကြားရသည်။ စစ်ဖိနပ်သံက ခပ်များများ
“ရဲဘော်တို့ ငါသွားပြီ ဆက်တိုက်ကြ ငါ့ကိုခေါ်သွားပြီ ဆက်တိုက်ကြ”
ကြိုးတိုက်သံက ဟိန်းထွက်လာသည်။
နောက်တနေ့ ကျနော်တို့အားလုံးကို ကြိုးတိုက်ရှေ့ခန်း (၁ဝ) ခန်းချင်း မျက်နှာချင်းအကျယ်လို့ခေါ်တဲ့ တံခါးခြားထားတဲ့နေရာကို ပို့လိုက်ကြသည်။
နောက်တနေ့ နံနက်စောစောမှာ အင်းစိန်ထောင်အပြင်ဘက်ကရော ထောင်ဗူးဝအပေါ်ကပါ လော်စပီကာ (အသံချက်စက် ၄ လုံးလောက်နဲ့) တွံတေးသိန်းတန်သီချင်းတွေ အကျယ်ကြီးဖွင့်သည်။ ထူးခြားသည်ဟုထင်၍ နားစွင့်ကြသည်။ ကျနော်တို့အခန်းရဲ့နောက်ဖက်မှာ တိုက် (၁) အခန်း (၁) အခြားနဲ့ ကန့်ထားတဲ့အခန်းက သော့ခလောက်ဖွင့်သံ ကြားရသည်။ ဝါဒါတအုပ်ကြီးအသံက ဟေး ဟေး ဝေးဝေး ဟေး ဟေးနဲ့ ပြိုင်တူထွက်လာကြသည်။
အသံချဲ့စက်သံနဲ့ လုံးနေသည်။ ရဲဘော်တို့.. ဝေး ဟေး..ငါနှုတ်ဆက်ေ..ဝး ဟေး ဟေး.. ခဲ့တယ်။ ဝါး ဝါးဟား ဟား..ဆက်တိုက်..ငါသွား...ဝါး ဝေး ဟူး ဟေး အသံပျောက်သွားပါပြီ။ ကိုတင်မောင်ဦးရဲ့နှုတ်ဆက်သံလည်း ဝေး ဝေးသွားပါပြီ။ ဒီကောင်ဝါဒါတွေက ဝေး ဝေး ဟေး ဟေးနဲ့အော်တုန်းရှိပါသေးသည်။ ညစ်ပတ်မည်၊ ယုတ်မာသည်၊ ကောက်ကျစ်သည်၊ နောက်ဆုံး ဆိုက်ဝါးသုံးပြီး အသံကိုဖုန်းအောင် လုပ်သွားပါသည်။ ကိုတင်မောင်ဦးရဲ့အသံက စူးရှပေမယ့် ပျောက်သွားသည်။
နောက် “ဂျိုင်း” ဟူသော အသံကြီးကြားလိုက်ရသည်။ ထောင်ထဲရောက်ပြီး (၂) နှစ်ကျော် (၃) နှစ်နီးပါးမှာ သည်အသံကို ပထမဆုံးအကြိမ် ကြားရခြင်းပင်။ ဒီအသံကြီးသည် ကျနော်တို့နှလုံးသားကို စူးရှဖေါက်ထွက်သွားသလို ခံစားနာကျည်းသွားသည်။ တချို့ မျက်ရည်ကျသည်။ တချို့ အံကြိတ်သည်။ တချို့ တောက်ခေါက်ကြသည်။ တချို့ ငိုနေကြသည်။ ကျနော်ဘေးနားတွင်ရှိသော စောလှငွေ၊ ကိုလှအောင်၊ ကိုမြင့်ဟန်နဲ့ကိုဇော်ဝင်းလေးတို့က တောက်လည်းခေါက်သည် အံလည်းကြိတ်သည်။ အံကြိတ်ရင်း နဖူးကြောတင်းတင်းနှင့် စဉ်းစားမိသည်။
“ငါတို့အကြွေးဆပ်ရဦးတော့မည်ဟု ..”
သူအရင်ကတယေက် .. ပြီးတော့ .. နှစ်ယောက်။
“ကျောင်းသားတွေကိုပြောလိုက်ပါတဲ့ သူဘာကြောင့် ဆေးရုံကြီးမှာဗုံးခွဲရသလဲဆိုတာ တဲ့ ”
(၇၄) အဲဒီတုန်းက ဒီဇင်ဘာမတိုင်ခင် နိုဝင်ဘာလလောက်မှာထင်ပါရဲ့၊ ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဝင်း ဒဂုံဆောင်ရှေ့မြက်ခင်းပြင်မှာ ည ၁ နာရီကျော်လောက်မှာ ဗုံးတလုံးပေါက်တယ်။ ပေါက်ပြီးတာနဲ့ မကြာခင်ဘဲ မိမိအပါအဝင် ဒဂုံဆောင်ပေါ်ကကျောင်းသားတွေ ပြေးထွက်လာကြတယ်။ အသံကလည်းဝေး ဟေးလို့ ဆူညံနေတယ်။ ယမ်းငွေ့နဲ့ရောနေတဲ့ နှင်းနံ့လေးတချို့သတိရမိတယ်။ ပေါက်တဲ့နေရာလေးသွားပြီး ပြေးကြည့်ကြတယ်၊ ဒါ ဒါပြည်ပြေးတွေဖေါက်တာပဲ နောက်ကအသံတသံကြားရတယ်။ မိမိကတော့ မကြည့်မိပါ။ ဗုံးပေါက်တဲ့နေရာက စက်ဝိုင်းကလေးလို ဖြစ်နေတယ်။ တပေပတ်လည်လောက်ရှိမည်ဟု ခန့်မှန်းရသည်။ ကျနော်တို့တွေးမိကြသည်။ ဒီနေရာမှာလာဖေါက်တာထက် ဟိုဘက်နားက ကမာရွတ်ဂါတ်တဲကိုပဲ သွားဖေါက်လိုက်ပါလားလို့။ ၇၃ က မာရွတ်ဂါတ်တဲမီးရှို့မှုနဲ့ ကျောင်းထုပ်ခံရတဲ့ သူငယ်ချင်းတွေကိုတွေးမိပြီး စိတ်ထဲကပြောခြင်းဖြစ်ပါသည်။ ကျနော်တို့တက္ကသိုလ်ထဲကို ဗုံးလာဖေါက်တာ စော်ကားတာပဲလို့။
သံတိုင်ကြားထဲက ကိုညွန့်တင် (ဒလ ပြည်ချစ်အဖွဲ့ဝင်က) ကင်းတကောင်ကျ ပေးပြီး အလှည့်ကျဝါဒါလေးနဲ့ ကျားထိုးနေသတဲ့ ည (၁၀) နာရီလောက် ရှိနေပါပြီ။ နံနက် (၄) နာရီဆို သူ့ကိုလာထုပ်ပြီး ကြိုးပေးတော့မယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အပြုံးမပျက်။ သူက ရန်ကုန်ဆေးရုံကြီးမှာ လူနာသွားကြည့်တုန်း သူ့နောက်ကရဲတွေလိုက်လာလို့ နောက်ဆုံးမလွတ်တော့လို့ ဆေးရုံကြီးအောက်ထပ် လှေကားရင်းမှာပဲ ဗုံးခွဲလိုက်သတဲ့။ တယောက်သေတယ်လို့ကြားရသတဲ့။ သူကိုဖမ်းပြီးတော့ ကြိုးပေးလိုက်တာပဲ။
ဗုံးခွဲတယ်ဆိုတာ နိုင်ငံရေးအရခြိမ်းခြောက်မှုတဲ့။ သူကပြောသွားတယ် ကျောင်းသားတွေမကြိုက်ဘူးဆိုတာ သိပါတယ်တဲ့။ နောက် ကျောင်းသားတွေ နိုင်ငံရေးတွေ တော်လှန်ရေးတွေလုပ်တဲ့အခါ သိလာကြလိမ့်မယ်တဲ့။ ပြည်သူကိုဘယ်တော့မှ ထိခိုက်အောင်မလုပ်ဘူး၊ မဆလ အစိုးရက သိပ်ညစ်ပတ်ပြီး သူတို့စစ်အာဏာနဲ့အုပ်ချုပ်လို့ရအောင် ပြည်ချစ်တွေအယောင်ဆောင်ပြီး ဗုံးခွဲတတ်ကြတယ်တဲ့။ လူထုတွေထိတ်လန့်အောင် သူတို့ပဲလူထုကြားထဲဗုံးခွဲပြီး သူတို့ပြည်ချစ်တွေဆီပဲ လွှဲချတတ်သတဲ့။ ပြောဖြစ်အောင်ပြောပေးပါတဲ့။ အဲဒီ ဝါဒါလေးကို သူကကျားထိုးရင်းနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ ပြောခဲ့တယ်။
ကိုညွန့်တင် (ဒလ) က အဲဒီအမှုနဲ့ဘဲ ကြိုးပေးခံရတယ်။ ပြည်ပြေးထွေးမြင့် (ဦးထွေးမြင့်) ကလည်း အဆောင် (၃) အခန်း (၂) မှာ သူလည်း သေဒါဏ်ကျခံရတယ်။ သူကတော့ကံကောင်းပြီး ၂/၈ဝ မှာ လွတ်ငြိမ်းချမ်းသာခွင့် ရခဲ့တာပါ။ သူတို့ (၂) ယောက်ကတော့ စောလှဝင်းနဲ့ ဗဆွေလေး ပါပဲ။ စောလှဝင်းကလည်း အခွင့်ရတုန်း အပြေးလေ့ကျင့်ရင်း ကျနော်တို့အခန်းဘက်ရောက်လာတယ်။ ဝါဒါလေးတွေနဲ့ခင်တော့ သူကျန်းမာရေးလေ့ကျင့်တုန်း အပြေးအလွှားအချိန်ယူပြီး ပြောခဲ့တာ။ မြေနီကုန်းနဲ့ အင်းစိန်ဘတ်စ်ကားလိုင်း အမှတ် (၈) ကို စီးပြီး မှတ်တိုင်တခုမှာ ဆင်းတယ်။ သူနောက်ဆုံးဆင်းပြီးတော့ ဘတ်စ်ကားထဲမှာလူမရှိတော့မှ ဗုံးကိုနောက်ပြန်ပစ်ခဲ့တာတဲ့။ ကံအားလျော်စွာ ဗုံးက ကားပြတင်းပေါက်က အပြင်ထွက်သွားပြီး လမ်းကူးနေတဲ့လူတယောက်ကို အစလေးသွားမှန်သတဲ့။
အဲဒီလူရဲ့ ခြေသလုံးကသွေးထွက်လွန်နေလို့ သူကိုယ်တိုင်ဆေးရုံကြီးကိုလိုက်ပို့တယ်တဲ့။ သူခြေသလုံးလဲ အစလေးတွေမှန်သွားလို့ ဆေးရုံကြီးရောက်မှ သိရသတဲ့။ ဆေးထည့်နေတုန်း သူအသိတယောက်ကတွေ့ပြီး ရဲကိုဖုန်းဆက်တာနဲ့ သူလည်းကြိုးတိုက်ထဲရောက်တာတဲ့။ သူ့အမှုတွဲက ဗဆွေလေး ဖြစ်သွားတယ်။ ပြည်ပြေးဗဆွေလေးကို စာရွက်စာတန်းဖေါက်ခွဲရေးပစ္စည်းတွေနဲ့မိ ဆိုတဲ့သတင်းက မြန်မာအလင်းသတင်းစာမှာ ပါလာတယ်။
ခင်ဗျားတို့ ဒီအထဲမှာ ငြိမ်ငြိမ်လေးနေကြပြီးတော့မှ အပြင်ရောက်မှ လုပ်ချင်ရာလုပ်ဗျာ။ ခင်များတို့ မြန်မြန်ထွက်မှ ကျနော်တို့ လွတ်မယ်တဲ့။ ပြုံးပြုံးလေးနဲ့ပြောသွားတဲ့စကားကို ထွန်းထွန်း (ဗကြည် တရုတ်နယ်စပ်တနေရာဆုံး) က ထုံးစံအတိုင်းပြုံးပြဲပြဲ ရီကျဲကျဲနဲ့ကြည့်နေတာ မှတ်မိသေးတယ်။ သူတို့နှစ်ယောက်ကိုတော့ တပြိုင်နက်ထဲကြိုးပေးတယ်လို့ သိရတယ်။ ကိုတင်မောင်ဦးကို ကြိုးပေးပြီးနောက်။ ကျနော်တို့ကိုပုံစံကိုင်ဖို့ စစ်ခွေးတိုက်ထံမှာထည့်ပြီး ညှဉ်းပမ်းနေတုန်းကပေါ့။
မဆလ စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးမှုနဲ့ပတ်သက်ပြီး ကြိုးပေးသတ်ခံခဲ့ရသူ (၄) ဦးအကြောင်းပါဘဲ။ နောက်သိရင်လည်းထပ်ပြီး ဖြည့်ရေးပေးကြပေါ့ဗျာ။ ညီမလေးမလှမြိုင်ရေ အစ်ကိုကမှတ်မိသလောက် အာရုံထဲစွဲနေတဲ့အဖြစ်ပျက်လေးတွေ ပြန်ရေးပြတာပါ။ ကိုတင်မောင်ဦးသာ ကြိုးပေးမခံရဘဲ။ ၂/၈ဝ နဲ့လွတ်ခဲ့ရင် ရှစ်လေးလုံးအရေးတော်ပုံမှာလည်း မီခဲ့ရင် ခြေမှုန်းမခံရလို့ လွတ်မြောက်ခဲ့ရင်လည်း သူက တိုက်ရဲသူတွေကို အနိုင်ယူဖို့ဗျူဟာတွေကို ဘဝတူသွေးချင်းတွေနဲ့ပေါင်းပြီး စစ်ကြောင်းကြီးတခုဖြစ်အောင် လုပ်နိုင်မှာ သေချာပါတယ်။
ညီမလေး မလှမြိုင်နဲ့မိသားစုများ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ။
လူ့အခွင့်အရေး၊ ကျောင်းသားအရေး၊
မျိုးဆက်သစ်ဟောင်း/ခေတ်အဆက်ဆက် ဒီမိုကရေစီနှင့် (၇၄) တိုက်ပွဲဝင်ရဲဘော်များနဲ့ ပြည်သူများကို ဦးညွှတ်လျှက် …
မောင်မောင်တိတ်
ABSDF
(ယူတာကဒီနေရာကပါ) http://www.naytthit.net/?p=2941
0 comments:
Post a Comment