Tuesday, August 21, 2012

လွှတ်တော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးထိပ်တိုက်ပြဿနာအပေါ်သုံးသပ်ချက် (အောင်ထူး-ရှေ့နေ)

0 comments
အောင်ထူး (ရှေ့နေ) ၏၂၀၁၂ ခုနှစ် သြဂုတ်လ (၂၁) ရက် ရက်စွဲပါစာ။
လွှတ်တော်နှင့်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးထိပ်တိုက်ပြဿနာအပေါ် သုံးသပ်ချက်

(၁) ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့်ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရပင် ပြည်ထောင်စုအဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့

ရာတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီနှင့်ကော်မရှင်များဖြစ်လျှင်မူ ယင်းတို့ကို ပြည်ထောင်စုအဆင့်မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာဖြစ်သည်။

(၂) လွှတ်တော်သို့ပြန်ကြားသည့် သမတဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့ပါစာအရ ရှေ့နေချုပ်ရုံးကတင်သွင်းခဲ့၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့်
ပြန်လည်ရုပ်သိမ်းရန်မဖြစ်နိုင်တော့ဟူသောအချက်သည် သဘာဝကျသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးမှာ အမြင့်ဆုံးတရားရုံးဖြစ်နေသဖြင့် မိမိဆုံးဖြတ်ထားသည်ကို မိမိပြန်ပြင်ရမည်ဆိုလျှင် တရားရုံးဟူ၍ပင် ခေါ်၍မရနိုင်ပါ။ တချိန်တည်းတွင် ခွဲခွဲခြားခြားမစဉ်းစားပဲ လွှတ်တော်ကိုယ်စားလှယ်များသက်သက်ဖြင့်ဖွဲ့စည်းထားလျှင်ပင် ပြည်ထောင်စုအဆင့်မသတ်မှတ်နိုင်ဟု တရားရုံးကဆုံးဖြတ်ခဲ့ပါက ယင်းမှာလည်း လွဲချော်နေပြန်ပါသည်။

(၃) ယနေ့ သြဂုတ်လ (၂၁) ရက်နေ့နံက် ဘီဘီစီအင်တာဗျူးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် ဖြေကြားသွားသည်တို့အနက် အောက်ပါနှစ်ချက်မှာ လက်ခံနိုင်ဘွယ်မရှိပါ။

(က) သမတဦးသိန်းစိန်အဆိုပြုသည့် ဖွဲ့စည်းပုံပြင်ရေးကိုလက်မခံနိုင်ရခြင်းမှာ လွှတ်တော်ဘက်က အားနည်းချက်ဖြစ်သွားမည်ကို မလိုလား၊ ၄င်းတို့ဘက်က အမှန်ဟု ယူဆသည်။

(ခ) ဦးသိန်းစိန်ခန့်ထားသည့် အစိုးရ၀န်ကြီးအဖွဲ့ဝင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများမပါဝင်သော်လည်း လွှတ်တော်က ၄င်းတို့အား ပြည်ထောင်စုအဆင့်သတ်မှတ်သည်။

လွှတ်တော်ကဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများမပါဝင်သော်လည်း အစိုးရက ၄င်းတို့အား ပြည်ထောင်စုအဆင့်သတ်မှတ်လက်ခံရမည် ဖြစ်သည်။

ဦးဘုန်းမြင့်အောင်၏ အထက်ပါတင်ပြချက်နှစ်ချက်အပေါ် အောက်ပါအတိုင်းသုံးသပ်သည်။

(က) လွှတ်တော်ဘက်က အားနည်းချက်ဖြစ်ခြင်း မဖြစ်ခြင်းမှာ အဓိက မဟုတ်ပါ။ State Institutions ဟုခေါ်သည့် တိုင်းပြည်တည်ဆောက်မှု အဆောက်အအုံတစုံလုံး ပုံမှန်လည်ပတ်ရေးအခြေခံကသာ ကြည့်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသောကော်မတီနှင့်ကော်မရှင်များအား ပြည်ထောင်စုအဆင့်အဖြစ် အတင်းအကြပ်သတ်မှတ်ခိုင်းခြင်းမှ
ာ မမှန်ပါ။

သူရဦးရွှေမန်း၏သား တိုးနိုင်မန်းဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ်မဟုတ်ပါဘဲလျှက် လွှတ်တော်ကဖွဲ့ပေးသည့်ကော်မရှင်တခုထဲတွင်ပါနေသည်ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။ ယင်းကို ဟုတ်မဟုတ် စီစစ်သင့်ပါသည်။

(ခ) Presidential System ဟုခေါ်သည့် သမတစနစ်ကိုကျင့်သုံးသည့်နိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများအား အစိုးရအဖွဲ့ဝင်များအနေဖြင့် ခန့်ခွင့်ရှိသည်။ ယင်းကို တကမ္ဘာလုံးတွင် ကျင့်သုံးလျှက်ရှိသည်။ ဤစနစ်ကိုမကြိုက်လျှင် ၀န်ကြီးချုပ်ဦးဆောင်သည့်ပါလီမန်စနစ်ကို ပြောင်းရပါမည်။ ယင်းတွင်အစိုးရအဖွဲ့ဝင်များအားလုံးသည် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ရပါမည်။

သမတစံနစ်ကိုလက်ခံကျင့်သုံးလျှင်မူ လွှတ်တော်အား သမတဦးဆောင်သည့်အစိုးရဖွဲ့စည်းပုံနှင့် တထပ်တည်း စဉ်းစား၍မရပါ။ လွှတ်တော်က ဖွဲ့ပေးလိုက်သည့် ရိုးရိုးကော်မတီနှင့်ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများပါဝင်ခြင်းမှာ ပြသနာမဟုတ်ပါ။ သို့ရာတွင် လွှတ်တော်ကဖွဲ့စည်းပေးလိုက်ပြီး ပြည်ထောင်စုအဆင့်ရှိစေလိုသည့်ကော်မတီနှင့်ကော်မရှင်များတွင်
လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများအားပါဝင်စေလျှင်မူ ဖေါင်းပွပြီး တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားပါမည်။ မလိုလားအပ်သောပြဿနာများ တောက် လျှာက် ပေါ်နိုင်ပါသည်။

(၄) ဤ အကြပ်အတည်းကို ကျော်လွှားရန်မှာ တနည်းသာရှိသည်။ ယင်းမှာ သမတဦးသိန်းစိန် အကြံပေးသည့်အတိုင်း ဖွဲ့စည်းပုံကိုပြင်လိုက်ရန်ဖြစ်သည်။ စင်စစ်အားဖြင့်မူ ဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်ချင်လွန်းလှလို့တော့ ဟုတ်ပုံမရပါ။ အခြားထွက်ပေါက်ရှာ၍မတွေ့သဖြင့်သာ ဖြစ်ပုံရသည်။ အရင်းခံပြသနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးများအပေါ် အယုံအကြည် နည်းကြသည့်နောက်ခံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမတဦးသိန်းစိန်စိတ်ကြိုက် ခန့်ခဲ့သည့်ပုဂ္ဂိုလ်များဖြစ်နေသည်။ ၄င်းတို့အား ဦးသိန်းစိန်ကစဉ်းစားခဲ့ရာ၌ အဂတိတရားလေးပါးဖြစ်သော ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟကင်းစွာ လွတ်လပ်၊ ဘက်မလိုက်ဘဲ ထက်မြက်ရဲတင်းစွာ ဆုံးဖြတ်လုပ်ကိုင်မည့်ပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့ခြင်းမဟုတ်ကြောင်း ၄င်း၏စာအရ ထင်ရှားနေသည်။ အမျိုးသားညီလာခံတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်၍ ရွေးချယ်ခဲ့ခြင်းဟူသည်မှာ နိုင်ငံရေးအရစဉ်းစားခြင်း ဖြစ်သည်။ ခိုင်းတာလုပ်မည့်ပုဂ္ဂိုလ်များအဖြစ်ယုံကြည်၍ ခန့်ခဲ့ခြင်းဖြစ်သည်မှာ ထင်ရှားနေသည်။ ဤသည်ကို လုံးဝ လက်မခံသင့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြခြင်းမှာ ဤ အခြေခံကြောင့် ဖြစ်သည်။ ဤ အခြေခံကို အမြန်ဆုံးပြန်ပြင်ပြီးမှသာ အမြင့်ဆုံးတရားရုံးများ၏ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့်အစဉ်အလာကောင်းအား မြန်မာနိုင်ငံတွင် စတင်ထူထောင်နိုင်ပါမည်။

(၅) ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ဆင်ရန်မှာ ယခုအချိန်ကောင်းဖြစ်သည်။ အခန်း (၆) တရားစီရင်ရေးနှင့် စပ်လျှဉ်းသောကဏ္ဍတစုံလုံးကို ပြင်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာတရားရုံးကို သီးခြားခွဲထုတ်ထားသည့်အပြင် တရားသူကြီးများအား သမတလုပ်သူက စိတ်ကြိုက် ခန့်ခွင့် ဖြုတ်ခွင့်ရှိသော ပြဌာန်းချက်ပါရှိနေသမျှကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်ပါ။ စစ်ဘက်ဆိုင်ရာတရားရုံးများအား သီးခြားခွဲထုတ်ထားသည့်ပြဌာန်းချက်ကို ဖျက်သိမ်းလိုက်ရန်လိုပါမည်။ တည်ဆဲ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေကို အသက်သွင်းရန်လိုပါမည်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေးယန္တယားကြီးပေါ်ပေါက်လာအောင် တရားသူကြီးချုပ်များအား မည်သို့ခန့်သင့် ဖြုတ်သင့်သည်ကို လူထုထံမှသဘောထားတောင်းခံသည့်လှုပ်ရှားမှုကြီး စတင်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်စပ်လျှဉ်းသောကိစ္စများကို စစ်အစိုးရကဖွဲ့စည်းပေးထားသော လွှတ်တော်ကွက်ကွက်ကလေးအတွင်းမှာသာ စဉ်းစားခြင်းမျိုးမဖြစ်သင့်တော့
ပါ။ လူထုများပါ ပါဝင်ပတ်သက်ခွင့်ရအောင်၊ လူထု၏ သဘောဆန္ဒများကျယ်ကျယ်ပြန့်ပြန့်ထုတ်ဖေါ်ခွင့်ရအောင်
သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ လူထုအသင်းအဖွဲ့များ၊ သတင်းဌာနများက ကမကထပြုကြမည်ဆိုလျှင် စစ်မှန်သော ဥပဒေစိုးမိုးရေးအတွက် အထောက်အကူဖြစ်ပါမည်။

(၆) ဖွဲ့စည်းပုံကိုပြင်ပြီးနောက် တရားသူကြီးများအား အစမှအဆုံး အသစ်ပြန်ခန့်နိုင်သည်။ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကိစ္စအားလည်း အတိအကျထည့်သွင်းပြဌာန်းနိုင်သည်။ သို့မဟုတ်ပါက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ကော်မတီသည်ပင် ပြည်ထောင်စုအဆင့်မရှိတော့ပြီမှာ သေချာသည်။ ပြည်ထောင်စုအဆင့်မရှိလျှင် တိုင်းနှင့်ပြည်နယ်အဆင့်သာ ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ပင် နှိမ့်ချစွာခေါင်းငုံ့ဝင်ရောက်ပါလျှက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ လူထုခေါင်းဆောင်မျိုးကို တိုင်းနှင့်ပြည်နယ်အဆင့်လောက်မှာသာ အလုပ် ပေးထားခြင်းမျိုး မဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာလှည့်ကွက်များကိုဖေါ်ထုတ်ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။

အောင်ထူး (ရှေ့နေ)

၂၀၁၂ ခုနှစ် သြဂုတ်လ (၂၁) ရက်

0 comments:

Post a Comment