Thursday, August 9, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၄ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၄ (မျိုးမြင့်ချို) သြဂုတ် ၉  ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..
ဗကပ ပဏာမကိုယ်စားလှယ်အဖွဲ့နဲ့အစိုးရရဲ့ 
(၆)ကြိမ်မြောက်ဆွေးနွေးပွဲမှာ ဗကပက သူတို့နဲ့တင် မပြီးပြတ်မယ့်ကိစ္စတွေကို မဒညတအနေနဲ့ဆက် ဆွေးနွေးချင်တယ်လို့ တင်ပြလာတဲ့အတွက် ဗကပနဲ့ဆွေးနွေးနေရင်းကနေ မဒညတနဲ့အစိုးရ ဆွေးနွေးပွဲတွေပါ ဆက်ဖြစ်လာပါတယ်။  ၆၃ ခု အောက်တိုဘာ ၄ ရက်နေ့မှာ မဒညတနဲ့ဗကပကို အတိုက်အခိုက်ရပ်စဲရေးဆွေးနွေးမယ်ဆိုပြီး အစိုးရဘက်က ဗိုလ်မှူးကြီးလှဟန် လက်မှတ်နဲ့ စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာ ၆ ရက်နေ့မှာ မဒညတကလည်း ငြိမ်းချမ်းရေးအကြိုကာလ အပစ်အခတ် ရပ်စဲရေးဆွေးနွေးဖို့ သဘောထားရှိကြောင်းနဲ့ ပြင်ဆင်ရေးအတွက် ဗဟိုအဆင့်ပဏာမကိုယ်စားလှယ် အဖွဲ့စေလွှတ်မယ့်အကြောင်း ရဲဘော်တင်ထွန်းလက်မှတ်နဲ့ထုတ်ပြန်ခဲ့တာရှိပါတယ်။ အဖွဲ့ခေါင်းဆောင်အဖြစ် မန်းဘဇန်ကတာဝန်ယူပြီး စကောလယ်တော၊ ဗိုလ်ကျင်ဖေ၊ နိုင်ဘလွင်၊ နိုင်ထင်၊ နိုင်တက်ထွန်း၊ ဗိုလ်သန်းအောင်၊ စောမော်ရယ်၊ ရဲဘော်အောင်ကြီး၊ ရဲဘော်တင်ထွန်း၊ ဗိုလ်ဇေယျ၊ ရဲဘော်ဋ္ဌေး၊ ဆလိုင်းသာဦး၊ ရဲဘော်ဇင်၊ ဆလိုင်းစံအောင်နဲ့ ဗိုလ်စံလင်းတို့ပါဝင်ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့မှာတွေ့ကြတော့ စစခြင်းမှာပဲ အစိုးရဘက်ကနေ..အခု ဆွေးနွေးကြမှာက အပစ်အခတ်ရပ်စဲရေးကိစ္စတခုထဲကိုပဲ ဆွေးနွေးမှာလား၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှ ဆွေးနွေးမှာလားဆိုတာရယ်၊  မဒညတနဲ့ဆွေးနွေးမှာလား တဖွဲ့ချင်းအလိုက်ဆွေးနွေးမှာလားဆိုတာကို မေးခွန်းထုတ်လိုက်ပြီးတော့ အစိုးရအနေနဲ့ကတော့ ပုံစံ ၂ မျိုးနဲ့ဆွေးနွေးမှာကို လက်မခံနိုင်ဘူးလို့ဆိုပါတယ်။ မဒညတဘက်ကတော့ ခုလာကြတာဟာ အပစ်အခတ်ရပ်စဲရေးကိစ္စအတွက်ဆွေးနွေးဖို့ဖြစ်ပြီး အစိုးရဘက်ကတင်ပြချက်ဟာ ပြဿနာသစ်ဖြစ်နေလို့ ချက်ချင်းမဖြေဆိုနိုင်ကြောင်း ပြန်ကြားခဲ့ပါတယ်။ ဒုတိယအကြိမ်တွေ့ကြတော့  တပ်ပေါင်းစုအနေနဲ့ရော တစ်ဖွဲ့ချင်းစီအနေနဲ့ပါဆွေးနွေးလိုကြောင်း မဒညတရဲ့အဆိုကို အစိုးရဘက်က အပြတ်ပယ်ချလိုက်ပါတယ်။ အစိုးရဘက်က ထိုးစစ်တွေကိုတော့ ရပ်စဲပေးမယ်၊ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကိုတော့ ငြင်းပယ်ခဲ့ပါတယ်။ မဒညတနဲ့အစိုးရဟာ ဒီကိစ္စတွေပေါ်မှာ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ဆုံးမှာဆွေးနွေးပွဲ ပျက်သွားခဲ့ရပါတယ်။

ဆွေးနွေးပွဲတိုင်းရဲ့ အဓိကသော့ချက်လည်းဖြစ်၊ ပျက်သွားရတဲ့အရင်းခံလည်းဖြစ်ခဲ့တဲ့ကိစ္စတွေမှာ အစိုးရဘက်က လိုက်လျောမှုထက် တောင်းဆိုမှုပိုများနေတာကြောင့်လို့ သုံးသပ်ရင်မှားမယ်မထင်ပါဘူး။ မဒညတဟာ ဆွေးနွေးပွဲတွေကနေ နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ အစိုးရဘက်ကသံသယဝင်နေပြီးတော့  မဒညတဘက်ကလည်း အစိုးရရဲ့တဘက်သတ်ဆန်လွန်းတဲ့တောင်းဆိုချက်တွေကို မလိုက်လျောနိုင်တာတွေဟာ အဓိကကိစ္စတွေပါပဲ။ ဆွေးနွေးပွဲပျက်ရတာနဲ့ပတ်သက်လို့ ၂ ဘက်စလုံးက ကိုယ်စီထုတ်ပြန် ကြေညာတာတွေရှိပါတယ်။

၆၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့ နေ့စွဲနဲ့ ပြည်သူလူထုသို့တင်ပြချက်ဆိုတဲ့ မဒညတရဲ့ထုတ်ပြန်ချက်မှာ.. အစိုးရနဲ့ ၆ ကြိမ်တိုင်ဆွေးနွေးခဲ့ကြောင်း၊ အပစ်ရပ်ထားတဲ့ကာလမှာ နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာငွေကောက်ခံမှုတွေမလုပ်ရဆိုတဲ့အချက်နဲ့ မဒညတရဲ့တပ်တွေအားလုံးကို အစိုးရသတ်မှတ်ပေးမယ့်နေရာမှာ စုထားပေးဖို့ဆိုတဲ့အချက်တွေကို မလိုက်လျောနိုင်ရင် အပစ်အခတ်ရပ်စဲရေးသာမက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုပါ ရပ်စဲပစ်ရလိမ့်မယ်ဆိုပြီး အစိုးရဘက်ကတောင်းဆိုခဲ့တာကို ဖော်ပြထားပါတယ်။ ဥပဒေတွင်းအဖွဲ့အစည်းဖြစ်တဲ့  ပြည်သူ့ကော်မတီကဦးဆောင်ခဲ့တဲ့ ၆ ခရိုင်ငြိမ်းချမ်းရေးဆန္ဒပြပွဲဟာလည်း မဒညတနဲ့မသက်ဆိုင်တဲ့ အကြောင်း၊ အစိုးရကိုလည်း နိုင်ငံရေးအကျပ်ကိုင်တာ၊ တိုက်ကွက်ဆင်တာတွေ မရှိခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီဆန္ဒပြပွဲကြီးအပြီးမှာ အစိုးရဘက်က စင်ပြိုင်အစိုးရဖွဲ့ဖို့ကြိုးစားတာဆိုတဲ့ သံသယတွေပိုကြီးလာပြီးတော့ တင်းကျပ်တဲ့စည်းမျဉ်းတွေသတ်မှတ်ပြီး ဖိအားပေးလာတဲ့အကြောင်း၊ ငြိမ်းချမ်းရေးရောင်နီသန်းလာပြီးခါမှ ခုလိုဖြစ်ခဲ့ရပေမယ်လို့ သူတို့အနေနဲ့ ကြိုးပမ်းမှုတွေကိုတော့ အားလျှော့လိုက်မှာမဟုတ်တဲ့အကြောင်း၊ အစိုးရနဲ့တစ်ဖွဲ့ချင်းအလိုက်ရော တပ်ပေါင်းစုအနေနဲ့ပါရထားတဲ့ သဘောတူညီချက်တွေကို ထိန်းသိမ်းထားစေလိုကြောင်းနဲ့ ဆွေးနွေးပွဲတွေဆက်ခေါ်သွားစေလိုကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

တော်လှန်ရေးကောင်စီဘက်ကတော့..ပထမတော့ ဗကပ၊ မွန်ပြည်သစ်၊ ကေအင်န်ယူနဲ့ ကေအင်န်ပီပီတို့ လာဆွေးနွေးပြီး၊ နောက်ပိုင်း ချင်းဦးစီးအဖွဲ့ကိုပါထည့်ပြီးတော့ မဒညတအနေနဲ့အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးခဲ့တဲ့အကြောင်း၊ မဒညတ ဘက်ကတောင်းဆိုချက်တွေမှာ အပစ်အခတ်ရပ်ထားမယ့်အချိန်မှာ မဒညတရဲ့လုပ်ရိုးလုပ်စဉ်လုပ်ငန်းတွေ လုပ်ခွင့်ပေးရမယ်ဆိုတာဟာ သွယ်ဝိုက်တဲ့သဘောနဲ့ စင်ပြိုင်အစိုးရတည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း။၊ ဒါကိုလက်ခံလိုက်ရင် တိုင်းပြည်နှစ်ခြမ်းကွဲပြီး အန္တရာယ်တွေကျရောက်လာတော့မယ်လို့မြင်ပြီး ဆွေးနွေးပွဲတွေကိုရပ်ပစ် လိုက်ရတာလို့ ဖော်ပြထားပါတယ်။

နောက်တော့ဆက်တိုက်ဆိုသလိုပဲ ကချင်လွတ်လပ်ရေးကောင်စီနဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး ဆွေးနွေးခဲ့ပေမယ့် အပစ်အခတ်ရပ်စဲရေးကိစ္စမှာ သဘောတူညီမှုမရတာကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့ အစည်းအဝေးမှာ ဆွေးနွေးခြင်းကိုအပြီးသတ် ရပ်ဆိုင်းလိုက်ပြီဆိုတဲ့အကြောင်း ၆၃ ခု နိုဝင်ဘာ ၂၃ ရက်နေ့မှာထုတ်ပြန်ခဲ့သလို၊ ရဲနီကျော်ဇံရွှီးဦးဆောင်တဲ့ ရခိုင်ပြည်ကွန်မြူနစ်ပါတီနဲ့ ၆၃ ခု ဇူလိုင် ၁၈ ရက်နေ့ ကစပြီးဆွေးနွေးခဲ့ပေမယ့် (နိုင်ငံရေးအရလွတ်လပ်စွာခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ရှိရမည့်ရခိုင်အမျိုးသား သမ္မတနိုင်ငံတော်ထူထောင်ရန်) ဟူသည့် တင်ပြတောင်းဆိုချက်နဲ့ပတ်သက်လို့ သဘောတူညီချက်မရတာနဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ဆွေးနွေးပွဲကို အပြီးသတ်ရပ်ဆိုင်းလိုက်ရကြောင်း နိုဝင်ဘာ ၂၃ မှာ ကြေညာချက်တွေ ထွက်ချလာပါတော့တယ်။ 
ဒီ့မတိုင်မီ သြဂုတ်လ ၂၀၊ ၂၃ နဲ့ ၂၅ ရက်နေ့တွေမှာ ရှမ်းပြည်နယ် လက်နက်ကိုင်တော်လှန်ရေးအင်အားစု ကိုယ်စားလှယ်တွေ အစိုးရနဲ့လာပြီဆွေးနွေးခဲ့ရာမှာလည်း သူတို့ဘက်က လူမျိုးစုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေးအသိမှတ်ပြုရေးနဲ့ လူထုကလိုလားရင် ခွဲထွက်ခွင့်၊ ဗဟိုနဲ့ပြည်နယ်အစိုးရများကြား အာဏာခွဲဝေသတ်မှတ်ရေး စတာတွေ တောင်းဆိုခဲ့တာကို အစိုးရဘက်က ဘာမှတိတိကျကျပြန်မဖြေခဲ့ပဲ ပြည်ထောင်စုအပြိုပြိုအကွဲကွဲဖြစ်စေမယ့်မူတွေကိုလက်မခံနိုင်ကြောင်းပြောပြီး ဖြတ်ချလိုက်လို့ ပွဲပြတ်သွားခဲ့တာလည်းရှိပါတယ်။ ခြုံပြောရရင်တော့ စောဟန်တာသာမွှေးဦးဆောင်တဲ့ ကရင့်တော်လှန်ရေးကောင်စီ (KRC) တခုနဲ့ကလွဲလို့ ကျန်တဲ့အင်အားစုတွေအားလုံးနဲ့ ဆွေးနွေးပွဲတွေပျက်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ပဲ တတိုင်းပြည်လုံးကတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေဟာ ဘာမှအရာထင်မလာဘဲ ဖြစ်သွားခဲ့ရပါတယ်။

သောတရှင်များခင်ဗျား..နောက်အပတ်မှာ အလံနီကွန်မြူနစ်ပါတီနဲ့ပျက်ခဲ့တဲ့ဆွေးနွေးပွဲအကြောင်း အကျဉ်းချုပ်နဲ့ ဆွေးနွေးပွဲတွေပျက်အပြီး ဖြစ်ခဲ့ရတဲ့အခြေအနေတွေကို ဆက်လက်တင်ပြပါ့မယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment