Wednesday, August 8, 2012

မြန်မာ့နိုင်ငံရေးနဲ့ဒီမိုကရေစီပါတီများ (အောင်သာ-ပီသုံးလုံး)

0 comments

မြန်မာ့နိုင်ငံရေးနဲ့ဒီမိုကရေစီပါတီများ (အောင်သာ-ပီသုံးလုံး) ကမ္ဘာ့ကုလသမဂ္ဂအတွင်းဝန်ချုပ်ဟောင်း ဘူးထရို့စ်ဘူးထရို့စ်ဂါလီက Globalisation ဆိုတဲ့ စကားလုံးကို ၁၉၉၂ ခုနှစ်မှာ စတင်သုံးစွဲခဲ့ တာဖြစ်ကြောင်း ပုံနှိပ်မီဒီယာများပေါ်မှာ တွေ့သိခဲ့ ပါတယ်။ ၂ဝ ရာစုနှစ်နှောင်းပိုင်းမှာ ကမ္ဘာ့ထူးခြားဖြစ် စဉ်ကြီး ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ပထမဖြစ်စဉ်ကတော့ ကမ္ဘာ့အရင်းရှင်စနစ်ဟာ Traditional Capitalism (အဖြစ်ကနေ) Modern Capitalism အဖြစ်သို့ကူးပြောင်းဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ဒုတိယဖြစ်စဉ် ကတော့ ကမ္ဘာ့ဆိုရှယ်လစ်စနစ်ရဲ့မဏ္ဍိုင်ဖြစ်တဲ့ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပဆိုရှယ်လစ်စနစ်နိုင်ငံ များ ပြိုကွဲသွားခြင်းဖြစ်ပါတယ်။ ကမ္ဘာ့လစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ ဆိုရှယ်လစ်စနစ်အပေါ်အနိုင်ရခဲ့ပြီလို့ ရေးလာပြောလာခဲ့ပါတယ်။ အမေရိကန် ဂျပန်ကပြား၊ ဖူကူယားမားက သမိုင်းနိဂုံးချုပ်ခဲ့ပြီလို့ ကျယ်ကျယ်လောင်လောင် ထွက်ပြောလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ငြင်းခုန်ဆွေးနွေးမှုများဟာလည်း ပွက်လောရိုက်နေပါတယ်။ နီယိုကွန်တစ်ဦးဖြစ်တဲ့ သောမစ်ဖရိုက်မင်းကတော့ Globalisation= Capitalisation =Marketi sation=Democratisan = Americanisation ပါပဲလို့ ပြောင်ပြောင်ပဲပြောပါ တယ်။ အမေရိကန်ပုံစံအရင်းရှင်လမ်းကြောင်းကိုလိုက်ကြလို့ ဆော်သြခဲ့တာပါ။ဒီ Americanisation ဆိုတာကို အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ နောက်ထပ်အရေးကြီးတဲ့ Global Agitation ကတော့ ယဉ်ကျေးမှုများတိုးတိုက်ခြင်း ဆိုတာပါပဲ။ ဒီ အယူအဆရဲ့ကိုယ်စားလှယ်ကတော့ ဟန်တင်တန်ပါ။ Globalisation ခေတ်မှာ လူများ၊ ကုန်စည်များ၊ ယဉ်ကျေးမှုများ၊ အရင်းများ ကမ္ဘာပတ်နေကြတာကြောင့် ယဉ်ကျေးမှုချင်း ထိစပ်ခြင်း၊ လူမျိုးများအကြား ထိစပ်ခြင်းများဟာ အကြောင်းအချက်၊ အခြေအနေအမျိုးမျိုး ကြောင့် မိတ်ဖက်ဆက်ဆံရေးများဖြစ်ထွန်းလာသလို ရန်ဘက်ဆက်ဆံရေးများလည်း ဖြစ်ထွန်းလာခဲ့ပါတယ်။ ဒီဖြစ်ထွန်းမှုများ (နောက်မှာ) စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး ပြဿနာများအကျုံးဝင်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်ကမိစ္ဆာဝင်ရိုးတန်းနိုင်ငံများဆိုတာကို အကြီးအကျယ်လှုံ့ဆော်ပြီး အီရတ်စစ်ပွဲ၊ အာဖဂန်စစ်ပွဲများကို တိုက်ခိုက်ခဲ့ပါတယ်။ (အခုတလော) အီရန်စစ်ပွဲ၊ မြောက်ကိုရီးယားစစ်ပွဲ များဆင်နွှဲဖို့၊ အကြောင်းပြချက်ကောင်းကောင်းများရဖို့ ကြံဖန်နေပါတယ်။ အာဘော် ဖန်တီးနေပါတယ်။ အာရပ်နွေဦးမှာ၊ ဒီမိုကရေစီလှိုင်းလုံးများဖန်တီးပြီး အစောင့်အရှောက်ခံနိုင်ငံများ (Protectorate State) ဖော်ထုတ်ပေးနေပါတယ်။ Failed State နိုင်ငံအစိုးရများလို့ အာဘော်ဖန်တီးပြီး Protectorate State  နိုင်ငံများ ဖော်ထုတ်နေခဲ့ပါတယ်။ ဒါကို ဟန်တင်တန်က အင်အားကြီးနိုင်ငံများက သဏ္ဌာန်စုံနဲ့ဗိုလ်ကျလွှမ်း မိုးတာ၊ အစောင့်အရှောက်ခံနိုင်ငံအဖြစ်ပုံသဏ္ဌာန်ပြောင်းတာကို ယဉ်ကျေးမှုများတိုးတိုက်မိခြင်းလို့ ကြော်ငြာမောင်းခတ်ပေးခဲ့တာ ဖြစ်ပါတယ်။ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ယဉ်ကျေးမှုများတိုးတိုက်မိခြင်း၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ သမိုင်းနိဂုံးချုပ်ခြင်းစတာတွေနဲ့ပတ်သက်ပြီး ဆယ်စုနှစ်တစ်ခုလောက်နီးပါး ဆူဆူညံညံ ဖြစ်လိုက်ပါသေးတယ်။ အထူးသဖြင့် ပညာတတ်အထက်လွှာ လူမှုအစုလေးတစ်ခုအတွင်းမှာ ဒီလိုဖြစ်ခဲ့တာပါ။ မြန်မာ့လူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းလောက်ရှိတဲ့ မြန်မာအမျိုးသားလူထုကြီးကတော့ ၁၉၉ဝ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ် အထိ နှစ်ပေါင်း ၂ဝ ကျော်ကျော်အတွင်းမှာ မနက်တစ်နပ်၊ ညတစ်နပ်အတွက်ရုန်း ကန်ရတဲ့ လူမှုဘဝကတော့ နေမြဲပါပဲ။  ရုန်းကန်နေကြရဆဲပါပဲ။ ယဉ်ကျေးမှုချင်း တိုးတိုက်နေမိသလား။ သမိုင်းနိဂုံးချုပ်သွားပြီလား။ မချုပ်သေးဘူးလား။ အမေရိကန် နေဗီဆီးလ်က ဘင်လာဒင်ကို ဘယ်လိုခြေရာခံ မိသွားတာလဲဆိုတာမျိုးတွေကို တစ်နေ့တာလုပ်ခအနည်းအများလောက် စိတ်ဝင်စားကြမှာ မဟုတ်တာသေချာပါတယ်။ ဒေါ်စုရဲ့ ဇွန်လ ဥရောပအလည်အပတ်ခရီးစဉ်မှာ ဆိုင်ရာနိုင်ငံများက ကဲကဲလှုပ် ကြိုဆိုကြတာနဲ့ပတ်သက်ပြီး ကမ္ဘာ့အာဘော်ပိုင်းက ဘာများမှတ်ချက်ပေးခဲ့ကြပါသလဲဆိုတာထက် ရန်ကုန်ဆင်ခြေဖုံးမှာ ဘာကြောင့်များ ဘတ်စ်ကားပိုကျပ်လာသလဲဆိုတာကိုသာ စိတ်ဝင်စားကြမှာဖြစ်ပါ တယ်။ မြန်မာလူထုကြီးထဲမှာ ၂ဝ ရာခိုင်နှုန်းကတော့ အာဏာနဲ့ဥစ္စာရှိသူများဖြစ်မှာပါ။ နောက် ၂ဝ ရာခိုင်နှုန်း ကတော့ မရှိမရှားသူများ ဖြစ်ပါမယ်။ လက်လှုပ်မှပါးစပ်လှုပ်ရမယ့်သူများက လူဦးရေရဲ့ ၆ဝ ရာခိုင်နှုန်း အသာလေးဖြစ်မှာပါ။ 
ဒီကနေ့ ထွက်ပေါ်နေတဲ့ ဒိမိုကရေစီပါတီဆိုတာများဟာ ဘယ်လူတန်းစားများနဲ့လူမှုအစုများကို ကိုယ်စားပြု ထားကြတာပါလဲ။ ပြည်တွင်းစစ်ပြဿနာချုပ်ငြိမ်းရေးအတွက် ဘယ်လိုသဘောထားပေါ်လစီမျိုးများ ချမှတ်ထားကြပါသလဲ။ ချမှတ်ထားတာရော ရှိပါသလား။ လူမျိုးစုတိုင်းရင်းသားအမျိုးသားများက တောင်းဆိုတင်ပြထားတဲ့ အမျိုးသားတန်းတူရေးပြဿနာဆိုတာကိုရော လက်ခံထားကြပါသလား။ "မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပြဿနာ"ရဲ့ ရှေးရှုချက်ကဘာပါလဲ။ စာရေးစာချီများအပါအဝင် အလုပ်သမားများ၊ လယ်သမားများ၊ အမျိုးသမီးများနဲ့ လူငယ်များ၊ ကျောင်းသားများနဲ့ အသိပညာရှင်၊ အတတ်ပညာရှင်၊ စာပေနဲ့အနုပညာသည်အမျိုးမျိုးတို့နဲ့ပတ်သက်တဲ့ ဘဝလုံခြုံမှုရှိရေး၊ စာပေနဲ့အနုပညာ မျိုးစုံ ခေတ်မီရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားချမှတ်ထားတဲ့ပေါ် လစီသဘောထားများ ချမှတ်ရေးဆွဲ ထားကြပါသလား။ ဒီ လူထုလူတန်းစားရေးရာနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများကို (လွှတ်တော် တွင်း) မှာ ချပြအကောင်အထည်ဖော်မယ့် လွှတ်တော်ကိုယ်စားလှယ်များ ရှိကြပါသလား။ (မရှိရင်) ဘယ်လိုနည်းနဲ့များ အကောင်အထည်ဖော်ကြမှာပါလဲ။
 
ကမ္ဘာပေါ်မှာရှိရှိသမျှ နိုင်ငံရေးပါတီများရဲ့ Social Basis များကို စစ်ဆေးကြည့်လိုက်ရင် လူမှုအခြေခံ () မျိုးရှိကြောင်း တွေ့ရပါမယ်။ 
(ပထမ) ပါတီအမျိုးအစားကလူဆိုတာကိုအခြေခံတဲ့ပါတီများ ဖြစ်ပါတယ်။ ဒီလို အမျိုးအစားပါတီများကို လစ်ဘရယ်ဒီမိုကရေစီပါတီများလို့ မှတ်ယူကြပါတယ်။ ဒီအမျိုးအစားပါတီများဟာ ကမ္ဘာပေါ်က အာဏာရ ပါတီကြီးများ ဖြစ်ပါတယ်။ 
(ဒုတိယ) အမျိုးအစားပါတီများကတော့ လူတန်းစားကိုအခြေခံတဲ့ပါတီများ ဖြစ်ပါတယ်။ ဒီပါတီတွေက မာ့က်စ်ဝါဒကိုယုံကြည်ကိုင်စွဲတဲ့ တရုတ်၊ အင်ဒိုချိုင်းနားနိုင်ငံများနဲ့ ကျူးဘား၊ ဗင်နီဇွဲလားစတဲ့နိုင်ငံများက ကွန်မြူနစ်ပါတီများဖြစ်ပါတယ်။ 
(တတိယ) အမျိုးအစားပါတီများကလူမျိုးကို အခြေခံထားတဲ့ပါတီများ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ မွန်၊ ကရင်၊ ကယား၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်စတဲ့ပါတီများဟာ လူမျိုးရေးကိုအခြေခံထားတဲ့ပါတီများ ဖြစ်ပါတယ်။ ၁၉၆၂/၈၈ က (မဆလ ပါတီ) ၁၉၈၈/၂ဝ၁၂ (တစည ပါတီ) အခု-ပြည်ခိုင်ဖြိုးပါတီ စတဲ့ပါတီများဟာ စစ်တပ်နဲ့စစ်ပြန်စစ်မှုထမ်းများ၊ စစ်တပ်နဲ့ပတ်သက်တဲ့အသိုင်းအဝိုင်းများကို အခြေပြုထားတဲ့ပါတီများ ဖြစ်ပါတယ်။၁၉၄၈/၆၂ ခုနှစ် အတွင်းမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတည်ရှိနေတဲ့ကာလလို့ ဆိုနိုင်ပါတယ်။ အဲဒီစဉ်က (၄၈/၅၈) အတွင်းမှာ ဖဆပလအဖွဲ့ချုပ် (အာဏာရပါတီ) ရှိပါတယ်။ (၅၈) နောက်မှာ ဖဆပလ (သန့်ရှင်း) နဲ့ (တည်မြဲ) ရှိပါတယ်။
 အတိုက်အခံပါတီအဖြစ် (၁၉၅၈/၆ဝ) မှာ အလုပ်သမားပါတီ (ဝိဓူရ) သခင်ချစ်မောင်ရှိပါတယ်။ (၁၉၆ဝ/၆၄) မှာ မြန်မာနိုင်ငံအလုပ်သမားညီညွတ်ရေးပါတီတို့ ရှိခဲ့ပါတယ်။ အခြားဒီမိုကရေစီပါတီငယ်များနဲ့ လူထုလူတန်းစားအဖွဲ့အစည်းများ၊ အမျိုးသမီးနဲ့လူငယ်၊ ကျောင်းသား အဖွဲ့အစည်းများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့များ ရှိခဲ့ကြပါတယ်။ ၁၉၆၂ နဲ့ ၁၉၈၈ ခုနှစ်ကာလဟာ လမ်းစဉ်ပါတီစနစ်နဲ့ စစ်အာဏာရှင်စနစ်ကာလပါပဲ။
လစ်ဘရယ်ဒီမိုကရေစီစနစ်ရဲ့အခြေခံက 
() အသင်းအပင်း လွတ်လွတ် လပ်လပ်ဖွဲ့စည်းခွင့်ရှိရပါမယ်။
() သဘောထားအမြင်များ လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်ရှိရပါမယ်။
() လွတ်လပ်စွာဆန္ဒပြခွင့်၊ သပိတ်မှောက်ခွင့်၊ သပိတ်တားခွင့်များရှိရပါမယ်။
 ဈေးကွက်စီးပွားရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ်များဟာ လစ်ဘရယ်ဒီမိုကရေစီစနစ်ရဲ့အရင်းခံမူကြီးများဖြစ်ပါတယ်။ လစ်ဘရယ် ဒီမိုကရေစီရဲ့သက်တမ်းဟာ ၁၈၄၈ ခုနှစ်က စရင် နှစ်ပေါင်း ၁၆၄ နှစ်ရှိပါပြီ။ အင်္ဂလန်၊ အမေရိကန်နဲ့ ပြင်သစ်ကို တည်ရင်၊ လစ်ဘရယ်ဒီမိုကရေစီစနစ်ဟာ နှစ် ပေါင်း-၃၂ဝ ကျော်ပါပြီ။ မြန်မာ့လစ်ဘရယ် ဒီမိုကရေစီသက်တမ်းဟာ အင်မတန်နုပါတယ်။ လွတ်လပ်ရေးခေတ်မှာ ပါတီစုံစနစ်ကိုယ်စားပြုတဲ့ဖွဲ့စည်းပုံ ဥပဒေက ၁၄ နှစ်၊ တစ်ပါတီစနစ်ဖွဲ့စည်းပုံက ၂၆ နှစ် ကြာပါတယ်။ အဲဒါ ၇၄ ဖွဲ့စည်းပုံကာလပါ။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံကလည်း မေးခွန်းများထွက်နေတဲ့ဖွဲ့စည်းပုံပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံရဲ့အာမခံချက်ရှိတဲ့ ရွေးကောက်ပွဲ () ကြိမ် (၁၉၄၇၊ ၅၆၊ ၆ဝ) ပဲရှိခဲ့ပါတယ်။ ၁၉၉ဝ ခုနှစ်မှာကျင်းပတဲ့ ရွေးကောက်ပွဲကတော့ အာဏာလွှဲဖို့ ပျက်ကွက်တာကြောင့် လူထုဆန္ဒကိုငြင်းပယ်ရာရောက်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အညီကျင်းပတဲ့ ရွေးကောက်ပွဲကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့အစိုးရကို နိုင်ငံရေးအရသိဒ္ဓိတင်တဲ့ပွဲလို့ မှတ်ယူရမှာဖြစ်ပါတယ်။ ၂ဝ၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နဲ့ ဒီ/ချုပ်ကိုယ်စားလှယ် ၄၃ ယောက်ကို လွှတ်တော်တွင်း အရောက်ဆောင်ကြဉ်းပေးနိုင်ခဲ့ပါတယ်။ (ဒီဖြစ်ရပ်ဟာ) ပြည်ခိုင်ဖြိုးပါတီနဲ့ အစိုးရကို နိုင်ငံရေးအရ ဒုတိယအကြိမ်သိဒ္ဓိတင်ခွင့်ရခဲ့တာလို့ ဒီမိုကရေစီအင်အားစုများက မှတ်ယူကြပါ တယ်။
 မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုတာဟာ တကယ်က နယ်အကျယ်ကြီးပါ။ (ပထမပြဿနာက) ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးပြဿနာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာပါ။ ပြည်သူ့ရဲဘော်တပ်ဖွဲ့နဲ့ ပြည်သူ့ရဲဘော်ပါတီ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်မျိုးထွတ်က ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာကို ဖြေရှင်းရာမှာ ဗမာပြည်ကွန်မြူနစ်ပါတီကိုပါ ပါဝင်စေသင့်တယ်။ (ဗကပ) ဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲ၊ အင်္ဂလိပ်-ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲများမှာ အရေးကြီးတဲ့နိုင်ငံရေးအဖွဲ့အစည်းနဲ့ခေါင်းဆောင်မှုအင်အားစုကြီးတစ်ခုအဖြစ်ပါဝင်ခဲ့တယ်လို့ ဗိုလ်မျိုးထွတ်ကဖော်ပြခဲ့ပါတယ်။ 
(ဒုတိယကတော့) လူမျိုးစုအမျိုးသားပြည်သူများရဲ့ စစ်မှန်ပြီးလက်တွေ့ကျတဲ့ အမျိုးသားတန်းတူရေးပြဿနာ ကို ဖြေရှင်းရပါမယ်။ နယ်မြေတည်ရှိခွင့်၊ လက်နက်ကိုင်တပ်များတည်ရှိခွင့်နဲ့ (သူတို့ရဲ့) အမျိုးသားအဖွဲ့အစည်း များတည်ရှိခွင့်ဆိုတာဟာ တိုင်းရင်းသားအမျိုးသားပြည်သူများအတွက် စစ်မှန်တဲ့အမျိုးသားတန်းတူရေးပြဿနာ၊ ဒီမိုကရေစီပြဿနာ ဖြစ်ပါတယ်။ (ဒီနေရာမှာ) လူတစ်မျိုးတစ်နိုင်ငံဝါဒ (Tribal Nationalism) နဲ့ (Big Burman Chauvinism) ဗမာဓနရှင် လူမျိုးကြီးဝါဒ (အစွန်းတရား နှစ်ပါး)ကို ဖယ်ရှားရပါမယ်။ ဒီ အတွေးအခေါ် ရပ်ဟာ အမျိုးသားတန်းတူရေးပြဿနာ အခိုင်အမာဖြစ်ထွန်းရေးကို(တစ်သက်လုံးတားဆီးနေတဲ့ အစွန်းတရား (နှစ်ပါး) ဖြစ်ပါတယ်) ဒီ အစွန်းတရား နှစ်ပါးကို မုချဖယ်ရှားပစ်ရပါမယ်။ ဒါမှသာ ပြည်တွင်းစစ်ကို အမှန်တကယ်ချုပ်ငြိမ်းစေမှာ ဖြစ်ပါတယ်။
(တတိယအချက်) ကတော့ အဝေးရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ အကျိုးအကြောင်းရှိရှိဖြင့် အမိမြေပြန်လာခွင့်ရရေး ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအစိုးရအနေနဲ့ ပျော့ပျောင်းပြီး လက်တွေ့ကျတဲ့ အမိမြေပြန်လည်ဝင်ရောက်ရေးလုပ်ငန်းပေါ်လစီတစ်ရပ် ချမှတ်ထုတ်ပြန်သင့်တယ်လို့ ယူဆကြည့်ချင်ပါတယ်။ (ဒီကိစ္စဟာ) အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။ မူလက (ဖတပလ) (၁၉၄၄) ဖဆပလ (၁၉၄၆)ဟာ သူ့သမိုင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ လွတ်လပ်ရေးခေတ်မှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတာဝန်များကို မထမ်းဆောင်နိုင်တာကြောင့် ၁၉၅၈ မှာ အာဏာရ ဖဆပလ ပြိုကွဲသွားခဲ့ရပါတယ်။ ၆၂ မှာ စစ်တပ်က အာဏာသမ်းတာခံလိုက်ရပြီး သန့်ရှင်း/တည်မြဲ ဖဆပလများရဲ့နိုင်ငံရေးသက်တမ်း ကုန်ဆုံးသွားခဲ့ရပါတယ်။ လမ်းစဉ်ပါတီဟာလည်း ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံအတွင်းပြိုကျသွားပြီး အခု တစညပါတီအဖြစ် ရပ်တည်နေပါတယ်။ ဥပဒေတွင်း မာ့က်စ်ဝါဒပါတီ ဖြစ်တဲ့ မလညပနဲ့ပမညတဟာလည်း နိဋ္ဌိတံသွားပါတယ်။ သမိုင်းခေတ်ရဲ့တာဝန်ကိုကျေပွန်စွာမထမ်း ဆောင်နိုင်ရင် ပြည်ခိုင်ဖြိုးပါတီဖြစ်ဖြစ်၊ ဒီ/ချုပ်ပဲ ဖြစ်ဖြစ်၊ (ဖဆပလနဲ့ မဆလပဲ ဖြစ်ဖြစ်) သမိုင်းရဲ့ငြင်းပယ်မှုကို မုချရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ၁၉၈၉ မှာ ပါတီ ၂ဝဝ ကျော် ပေါ်ထွက်လာခဲ့ပါတယ်။ အကြောင်းမျိုးစုံနဲ့ ပျောက်ကွယ်သွားခဲ့ရပါတယ်။ အခုလည်း ဓနရှင်ပေါက်စ ပညာတတ်များကိုယ်စားပြုတဲ့ပါတီမျိုးစုံပေါ် ထွက်လာကြပြန်ပါပြီ။ အားလုံးကတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကြွေးကြော်သံ များကိုတော့ ကိုင်စွဲထားကြတာချည်းပါပဲ။ (ထူးခြားတဲ့နိုင်ငံရေးဖြစ်စဉ်ကြီးများ ပေါ်ပေါက်မလာဘူး) ဆိုရင် ဒီ ဒီမိုကရေစီပါတီများဟာ ရင့်ကျက်ဖို့၊ လူထုများကို (အမှန်တကယ်) ကိုယ်စားပြုနိုင်ဖို့ (အနည်းဆုံး) ဆယ်စုနှစ်နှစ်ခုလောက် (မုချ) ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်မှာ 
() အမာခံခေါင်းဆောင်မှု အဖွဲ့အစည်းမရှိရင်(Hard-core leadership-body မရှိရင် 
() ခေတ်အခြေအနေနဲ့ကိုက်ညီတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာများမရှိရင် 
() ဘုံတူညီမှုများရှိတဲ့ပါတီများကိုယ်စားပြုတဲ့ Basic-and Popular Front တစ်ခု မရှိ ရင် 
() လူထုလူတန်းစားအဖွဲ့အစည်းများ (အလုပ်သမား/လယ်သမား/ အမျိုးသမီး/ လူငယ်နဲ့ကျောင်းသား အဖွဲ့အစည်းများ/သမဂ္ဂများ) မရှိဘူးဆိုရင် ရေရှည်ရပ်တည်နိုင်ဖို့အခက်အခဲများရှိနေမှာ ဖြစ်ကြောင်း နှိုးဆော်ချင်ပါတယ်။ ဖဆပလအဖွဲ့ချုပ်နဲ့လမ်းစဉ်ပါတီကြီးများပြိုကွဲသွားခဲ့ရတာဟာ အကောင်းဆုံးသမိုင်းသင်ခန်းစာဖြစ်ပါတယ်။ 
အောင်သာ (ပီသုံးလုံး) ဇူလိုင် ၇၊ ၂ဝ၁၂    
(ယူတာကဒီနေရာကပါ)http://popularmyanmar.com/mpaper/?p=47457

0 comments:

Post a Comment