Tuesday, August 21, 2012

ပထမဆုံးသားကောင်ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့နောက်ထပ်ခြေလှမ်းများ အပိုင်း (၁) ထိန်လင်း

0 comments

ပထမဆုံးသားကောင်ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့နောက်ထပ်ခြေလှမ်းများ အပိုင်း ()
အခု ရွေးချယ်လိုက်တဲ့သားကောင်က ခုံရုံးဖြစ်နေတာကိုက အရေးကြီးတဲ့အချက်လို့မြင်တယ်။ မြန်မာနိုင်ငံ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေ ဖြစ်နေတာလဲ။ အာဏာလုပွဲ၊ ခွက်စောင်းခုတ်ပွဲတွေက ပါလီမန်ခေတ်ကအတိုင်း တစ်ထေရာထဲဖြစ်နေပြီ။ ကြည့်လို့ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပြီးတော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုလည်း စောင့်ကြည့်ဖို့ကောင်းတယ်။

ချွတ်ချော်တဲ့လွှတ်တော်က သမတကို စိန်ခေါ်ပွဲ စလိုက်တာ တွေ့ရတယ်။ ခုံရုံးကို ဖြုတ်ပစ်- ငါတို့က ပြည်ထောင်စုအဆင့်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရဲရဲတောက်နေလိုက်ကြတာ။ Lawmaker တွေလည်း လက်သီးလက်မောင်းတန်းလို့။ အမှန်တော့ lawmaker တွေ အကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲရောက်သွားကြပြီ။ ဒါကို အမတ်တွေ နားမလည်ဘူး။ သူတို့ခမျာလည်း အရှေ့တောင်အာရှမှာ အကြီးကျယ်ဆုံးလွှတ်တော်ကြီးထဲကိုရောက်ပြီး သွေးတွေနထင်ရောက်နေလိုက်ကြတာ။ NLD အမတ် ဗိုလ်(ပြုတ်)၀င်းထိန် (မိထ္ထီလာ) ပြောတဲ့စကားလေး ရှိတယ်။ ”လွှတ်တော်က အရမ်းလွတ်လပ်တယ်။ အတားအဆီးမရှိဘူး။ အစိုးရကို မကောင်းဘူးပြော- တရားသူကြီးတွေ မမှန်ဘူးပြော- ကြိုက်သလောက်ပြော-ရတယ်။ ဒါပေမယ့် လွှတ်တော်ကိုတော့ လာမပြောနဲ့ မီးပွင့်သွားမယ်-မီးဟုန်းဟုန်းတောက်သွားမယ်ဆိုတဲ့ စကားလေးပါ။ ဗိုလ်ဝင်းထိန်က အမှန်တော့ လူတော်။ အခြေအနေကြောင့် ဗိုလ်ပြုတ်ဖြစ်ခဲ့ပေမယ့် သူက ပင်ကိုတော်တဲ့သူ။

လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်း ထင်တိုင်းကြဲနေတာက ထိန်းမယ့်သူ-ထိန်းနိုင်တဲ့သူမရှိဘူး ဖြစ်နေတယ်။ ကြံ့ဖွံ့ EC တွေကလည်း တစ်သားတည်းဖြစ်နေတာ။ ဒါက ဗိုလ်အောင်သိန်းလင်းကို ထိလိုက်တဲ့အချက်လည်း ကျိန်းသေပါနေတယ်။ အမှန်တော့ ဗိုလ်အောင်သိန်းလင်းအင်တာဗျူးက အမှန်။ အဲဒီစကားတွေက ဗိုလ်ရွှေမန်းနဲ့ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့သဘောထားပဲ။ နိုင်ငံရေးဆိုတာ ဒီလိုပဲ။ ကံမကောင်းချင်တော့ ဗိုလ်အောင်သိန်းလင်းက အရမ်း စကားကျွံသွားတယ်။ ဒီတော့ အရေးမယူရင် ပါတီလည်း ဖွဲ့စည်းပုံပျက်ဖို့ပဲရှိတော့ လူသိထင်ရှား အရေးယူပစ်ရတယ်။ ဒီတစ်ကွက်ဟာ ဗိုလ်ရွှေမန်းခေါင်းဆောင်တဲ့ ကြံ့ဖွံ့ထိပ်ပိုင်းကလူတွေအတွက် မနှစ်မျို့စရာဖြစ်ခဲ့ရတယ်။

ဗိုလ်ရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ်ကိုင်တွယ်တတ်တယ်။ စနစ်တကျ အကွက်ချတတ်တယ်။ ဆိုလိုတာက နိုင်ငံရေးဆိုတာ ညစ်ပတ်၊ ကလိမ်ကကျစ် လုပ်တတ်ရတယ်။ မလုပ်ရင်တော့ သေဖို့သာပြင်ပေတော့။ အခုဆို ဗိုလ်သိန်းစိန်အစိုးရ အကျပ်ရိုက်နေပြီ။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာဒေါက်တိုင်ကြီးသုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာ။ ဒီအညှာကိုချိုးနိုင်မှတော့ ကျန်တဲ့ဒေါက်တိုင်တွေ အချိန်မရွေးဖိုပစ်လို့ရပြီ။ ဦးချိုးတယ်လို့ခေါ်တယ်။ အခု ဖြစ်နေတဲ့ပြဿနာကို ဘယ်ဘက်ကမှ မလိုက်စတမ်းပြောရရင် ပြည်သူ့လွှတ်တော်က အာဏာရှင်ဒီမိုကရေစီကိုစပြီး ခြေလှမ်းလိုက်တာပဲ။ နောက်ကြောင်းပြန်ဖို့ စပြီး အကွက်ရွှေ့တာက ဗိုလ်ရွှေမန်းပဲ။ သူ့နောက်ကြောင်းက သမ္မတ ပြန်ရွေးတဲ့၊ မကျေနပ်ရင် တစ်ကပြန်စ ဆိုတဲ့ နည်းလမ်းပဲ။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရက်တွေ ဒီထဲမှာ ရောယောင်ပါလာတာပဲ။ တစ်ဖက်ကကြည့်ရင် ဒီအင်အားတွေကို ရအောင်စုစည်းနိုင်တာ ဗိုလ်ရွှေမန်းရဲ့နိုင်ငံရေးပရိယာယ် သိပ်ကောင်းလို့ပဲ။ ဒါကိုတော့ ချီးကျူးရမှာပဲ။

ဒါပေမယ့် သိသာထင်ရှားတဲ့အမြင်ကတော့ ဒါက ကြံ့ဖွံ့အတွင်းစည်းပြဿနာပဲ။ ဒါကို လူသိထင်ရှား တိုက်ကွက်ဖော်လာတဲ့နောက်ကွယ်မှာ ဘာတွေ ရှိမလဲ။ စဉ်းစားကြည့်ရင် သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဗိုလ်ရွှေမန်းဟာ ဒီလောက် ဦးနှောက်ကောင်းပါ့မလား။ ဒါမှမဟုတ် မတော်တဆ ကံကောင်းသွားသည်လား။ ဒါကိုတော့ ဗိုလ်ရွှေမန်းသာ သိပါလိမ့်မယ်။ တစ်ခုရှိတာက ဗိုလ်ရွှေမန်းမှာ နိုင်ငံရေးရူး ရူးနေတဲ့ တိုးနိုင်မန်းဆိုတဲ့ သားတစ်ယောက် ရှိတယ်။ ဒီသားကို ဗိုလ်ရွှေမန်းက လွှတ်တော်ကော်မရှင်တစ်ခုတည်းမှာ ထည့်ထားတယ်။ ရည်ရွယ်တာက ပြည်ထောင်စုအဆင့်ရရင် သူ့သားကလည်း ပြည်ထောင်စုအဆင့် ဖြစ်လာမယ်။ နိုင်ငံခြားခရီးတွေသွားရင် သူ့သားကို ပွဲထုတ်လာတဲ့အချက်ဟာ ဗိုလ်ရွှေမန်းရဲ့မန်းမျိုးဆက်ထူထောင်လိုတဲ့ တခြားရည်ရွယ်ချက် ရှိနေမှာသေချာတယ်။ ဒီနေရာမှာ သူ့သားအရင်းကို ဘာအရည်အချင်းနဲ့ကော်မရှင်ဝင် ခန့်ထားတာလဲဆိုတာ စဉ်းစားကြည့်ရင် သိသာတယ်။ ဗိုလ်ပြုတ် တိုးနိုင်မန်းဟာ ခရိုနီခင်ရွှေရဲ့သမီးကို စုလျားရစ်ပတ်ပြီး စီးပွားရေးအင်ပါယာထောင်နေတယ်။ ခရိုနီတွေက lawmaker ဖြစ်နေတော့ ဒီလွှတ်တော်တွေက ဘယ်လိုလုပ် သန့်စင်နိုင်တော့မလဲ။ တိုးနိုင်မန်းကို မျက်နှာပြောင်တိုက်ပြီး ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခြင်းဟာ ဗိုလ်ရွှေမန်းရဲ့မျက်နှာပြောင်တိုက်ရဲတဲ့သတ္တိကို ဖော်ပြနေတာဖြစ်တယ်။

ပြည်ထောင်စုအဆင့်ကိုစပြီးတောင်းတာက ကြံ့ဖွံ့ထိပ်ပိုင်းကခေါင်းဆောင်တွေပဲ ဖြစ်တယ်။ အခုနောက်ပိုင်း ကြံ့ဖွံ့ထဲက ဗိုလ်အောင်ကို၊ ဗိုလ်သူရိန်ဇော်၊ ဗိုလ်မောင်တိုး၊ ဗိုလ်အေးမောက်တို့က ဗိုလ်ရွှေမန်းရဲ့ အနီးကပ်အမာခံ ညာလက်ရုံးတွေအဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာတာတွေ့ရတယ်။ သူတို့လို လူသိထင်ရှားမပြသော်လည်း ပညာသားပါပါ နိုင်ငံရေးကစားနေကြတာက ဗိုလ်အောင်သောင်း၊ ဗိုလ်သိန်းဇော်၊ ဗိုလ်မောင်မောင်သိမ်းစတဲ့ နအဖ၀န်ကြီးအဟောင်းတွေ ဖြစ်တယ်။ သူတို့ရဲ့ကစားကွက်မှာ တိုက်ရိုက်ပါဝင်သွားတာက ကျားဖြူက ဦးရဲထွန်းပဲ ဖြစ်တယ်။ သူက လက်မှတ်တွေ လိုက်စုတယ်။ အမှန်က ကျားဖြူဦးရဲထွန်းဟာ အခွင့်အရေးသမား ဖြစ်တယ်။ ကျားဖြူရဲထွန်းဟာ ပါတီရဲ့မူဝါဒနဲ့မဆိုင်တဲ့ လွှတ်တော်တွင်းလှုပ်ရှားမှုတွေကိုဆောင်ရွက်နေတာကို ကျားဖြူပါတီကလည်း မထိန်းနိုင်တော့ဘူး။ ပြီးတော့ ဦးရဲထွန်းဟာ အသုံးချခံ နယ်ရုပ်လေးတစ်ရုပ်ဖြစ်သွားတာဖြစ်ပြီး ဒါကို ဦးရဲထွန်းကိုယ်တိုင်တောင် မသိလောက်ဘူး။ ဗိုလ်ရွှေမန်းရဲ့ဥာဏ်များပုံက ကျားဖြူက နန်းဝါနုကိုအသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်သာအောင်ချုပ်တယ်။ ပြီးတော့ ကော်မတီအသစ်ဖွဲ့ ဥက္ကဌခန့်တယ်။ လွှတ်တော်ထဲမှာ ဦးနန္ဒကျော်စွာ ပြောသွားတဲ့ ”ဗိုလ်ရွှေမန်းက တားထားလို့”ဆိုတာ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည် ကော်မတီဥက္ကဌဖြစ်လာတဲ့အချိန်ကို စောင့်နေတာ။ ဒါမှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေ သူ့နောက်ပါလာမယ်။

ကဲ ထားတော့။ ခုံရုံးကို ဖြုတ်ချနိုင်ပြီဆိုရင် သူက ဘာမဆို လုပ်လို့ရသွားပြီ။ သူ့ကို ထိန်းနိုင်တာ ခုံရုံးပဲရှိတယ်။ ခုံရုံးကို ဦးချိုးနိုင်ပြီဆိုရင် အစိုးရကိုရော၊ တရားလွှတ်တော်ကိုပါ ထင်ရာစိုင်းလို့ရသွားပြီ။ အခုရွေးချယ်လိုက်တဲ့သားကောင်က ခုံရုံးဖြစ်နေတာကိုက အရေးကြီးတဲ့အချက်လို့မြင်တယ်။

မြင်ရသလောက်ကတော့ တိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့တပည့်၊ Eleven, The Voice, Street View နဲ့အခြား ဂျာနယ်အတော်များများကို ကိုင်ထားတယ်။ Max ဇော်ဇော်၊ ထူး-တေဇတို့နဲ့ပေါင်းပြီး မီဒီယာတွေကို နောက်ကွယ်က ထောက်ပံ့ပေးထားတယ်။ တိုးနိုင်မန်းရဲ့ကော်မရှင်ဟာ အမှန်တော့ အစိုးရကို ရှဲဒိုးလုပ်ဖွှိုဖွဲ့ထားတာ ဖြစ်တယ်။ ဗိုလ်ရွှေမန်း မှားသွားတဲ့အချက်က တိုးနိုင်မန်းကို တည့်တိုးကြီး အဖွဲ့ဝင်ပေးလိုက်တာ ဖြစ်တယ်။ ပြီးတော့ ဗိုလ်ရွှေမန်းရဲ့ချမ်းသာကြွယ်ဝမှုက တေဇနဲ့ထွန်းမြင့်နိုင်တို့ထက် မသာရင်သာနေမယ်။ လျော့တော့ မလျော့ဘူး။ လုပ်ငန်းအားလုံးကို ပတ်လည်ရိုက်ပြီး သပွတ်အူ ပါအောင် လုပ်ထားတာ ဖြစ်တယ်။ ခင်ရွှေပိုင်တာလည်း ဗိုလ်ရွှေမန်းရဲ့ပိုင်ဆိုင်မှုတွေပဲ။ အောင်သက်မန်းဆိုရင် ဧရာဝတီတိုင်းမှာ ဓါတ်မြေသြဇာအညံ့စားတွေကို မယူမနေရ နှစ်ဆိုင်းနဲ့ရောင်းချပြီး သူဌေးဖြစ်လာတာ။ ဦးပိုင်လိမိတက်နဲ့ပေါင်းပြီး သိန်းထောင်ချီ အပြောက်ရိုက်ထဲ့တာကို ဦးပိုင်ကလူတွေအာချောင်လို့ ဗိုလ်တင်အေးက ဖုံးဖိထားခဲ့ရတယ်လို့ဆိုတယ်။ E-Lite, Red Link, ထူး၊ Max အကုန်လုံးဟာ တိုးနိုင်မန်း ပါဝင်လုပ်ဆောင်နေတာဖြစ်တယ်။ တိုးနိုင်မန်းဟာ ဘ၀င်မြင့်ရောဂါ ရနေတယ်လို့သတင်းတွေထွက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လက်သိပ်မွေးဖို့ကြံစည်နေတယ်လို့ ဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည်အနားက ဒေါ်ဥမ္မာ၊ ဒေါ်စုစုလွင်တို့ကို တစ်ဆင့်ခံ ထောက်ပံ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ဗိုလ်ရွှေမန်း မဟာမိတ်ဝန်ရိုးတန်းဖြစ်အောင် လုပ်နေတာက တိုးနိုင်မန်းပဲ။ ခက်တာက ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ရွှေမန်းကို မယုံဘူး။ ဗိုလ်သိန်းစိန်အပေါ်မှာတော့ အတော်ကလေး ယုံကြည်မှုရှိတယ်။ ဒါကို တိုးနိုင်မန်းက မခံချိမခံသာဖြစ်ပြီး သူ့အဖေဗိုလ်ရွှေမန်း နာမည်ရဖို့ ရှာဖွေဖော်ထုတ်လာနေတာ ဖြစ်တယ်။ တိုးနိုင်မန်းရဲ့ဂျာနယ်မှာဖော်ပြနေတာက တိုးနိုင်မန်းရဲ့အာဘော်တွေပဲ။ တိုးနိုင်မန်းဟာ သန်းထွတ်အောင်နဲ့ပေါင်းပြီး ပြည်သူတွေကို အဆိပ်ကျွေးနေတာ ဖြစ်တယ်။ လယ်သမား မြေသိမ်းခံရတဲ့ကိစ္စ သူ့လွှတ်တော်က ဘာဖြစ်လို့မကိုင်ရဲတာလဲ။ ခရိုနီတွေကြီးစိုးနေတာကို သူ့လွှတ်တော်က ဘာဖြစ်လို့အသံမထွက်ရဲတာလဲ။ တစ်လောက ပိုင်ဆိုင်မှုကြေညာဖို့ငြင်းကြတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ကြေညာသင့်တယ်ဆိုတော့ လွှတ်တော်အသံတိတ်သွားတာ မျက်နှာပြောင်နဲ့နေရဲတယ်။ ဗိုလ်ရွှေမန်းနဲ့မိသားစုဝင်တွေရဲ့ချမ်းသာမှုဟာ အာရှထိပ်တန်း (၅၀) ထဲမှာ ၀င်နေတယ်လို့စင်င်္ကာပူက ဓါတ်သိတွေက ပြောတယ်။ အစိုးရ၀န်ကြီးဌာနတွေထဲမှာ တိုးနိုင်မန်း၊ အောင်သက်မန်းတို့ဝင်ပြီးကိုင်ထားတာ အတော်များနေပြီ။ ၀န်ကြီးတွေက တိုးနိုင်မန်းကို မလှန်ရဲဘူး။ အဆိုးဆုံး ဗိုလ်သိန်းထွန်းကိုင်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်တယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနတစ်ခုလုံးဟာ ဗိုလ်ရွှေမန်းရဲ့သူလျှိုတွေချည်းပဲပြည့်နှက်နေတာ ဖြစ်တယ်။ အလားတူ ပိ့ဆောင်ရေး၊ သတ္တုတွင်း၊ လယ်ဆည်၊ စီးပွား/ကူးသန်း၊ ဟိုတယ်/ခရီး ဒီဝန်ကြီးဌာနတွေဟာ အောင်သက်မန်းနဲ့တိုးနိုင်မန်းတို့ရဲ့ လက်ခုပ်ထဲကရေသာသာအဆင့်တွေပဲ ဖြစ်တယ်။ ဒါကို ဗိုလ်သိန်းစိန်က ရှင်းပစ်တော့မှာသိတော့ ဗိုလ်ရွှေမန်းဟာ တိုက်ကွက်တစ်ခုပြီးတစ်ခုဖော်လာတာ ဖြစ်တယ်။

အမှန်တော့ လွှတ်တော်အမတ်တွေက ဘာမှသိကြတာ မဟုတ်ဘူး။ တစ်လောက ဗိုလ်မြင့်လှိုင်ပြောတာ လွှတ်တော်ရဲ့အနေအထားမှန်ပဲ။ ထိုင်ဆိုထိုင်- ထဆိုထ အများယောင်ရင် လိုက်ယောင်နေတာ။ တစ်ပါတ်က Hot News ဂျာနယ်မှာ အမတ်တွေအိပ်မနေကြဖို့ ဗိုလ်ခင်အောင်မြင့်က သတိပေးလိုက်တယ်ဆိုတာ တွေ့ရတယ်။ သတင်းစာထဲမှာလည်း ဥပဒေစည်းမျဉ်းတွေနဲ့ပြည့်စုံအောင် အင်င်္ဂါရပ်နဲ့ညီအောင် လုပ်သင့်တယ်လို့ရှေ့နေချုပ်ရုံးကပြောတော့ ဗိုလ်ရွှေမန်း အနာပေါ်ထုတ်ကျပြီးပြန်ပြောလိုက်တာ တွေ့ရတယ်။ ပြောစရာ မလိုဘူး၊ လွှတ်တော်က ဘာလုပ်လုပ်ဆိုတဲ့သဘောမျိုး ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက်ဆိုပြီးလုပ်နေတာ ဖြစ်တယ်။

ဗကပဘက်က ကြားရတဲ့သတင်းတွေအရ ဗိုလ်မင်းအောင်လှိုင်က ဗိုလ်ရွှေမန်းကိုဖြုတ်ဖို့ ခွင့်တောင်းထားပီးပြီ လို့သိရတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်ရုံးအင်အားစုတွေရှိတဲ့ ဇေယျာသီရိမြို့နယ်က ဗိုလ်ရွှေမန်းကို တင်မြှောက်ထားတာဖြစ်လို့ Right to recall အရ (%) လက်မှတ်ရေးထိုးရင် ဗိုလ်ရွှေမန်း ပြုတ်သွားပီ ဖြစ်တယ်။ ဗိုလ်မြင့်လှိုင်နဲ့ပြဿနာမှာ ဗိုလ်ရွှေမန်းကို ဗိုလ်မောင်အေး၊ ဗိုလ်သန်းရွှေတို့က အတော်လေး မကျေမနပ်ဖြစ်တယ်လို့ဆိုတယ်။ အခုလည်း တပ်ကိုဖြိုခွဲတဲ့သဘောမျိုးလုပ်လာလို့ ဗိုလ်မင်းအောင်လှိုင်က လွှတ်တော်ကိုယ်စားလှယ်တွေ လဲလိုက်တာဖြစ်တယ်။ ဗိုလ်ရွှေမန်းကိုနိုင်တာက ဗိုလ်မင်းအောင်လှိုင်ပဲ။ သူက အချိန်မရွေး ဗိုလ်ရွှေမန်းကိုဖြုတ်ပစ်နိုင်တဲ့အာဏာ ရှိတယ်။ အခု ကြားရတာကတော့ ဗိုလ်သိန်းစိန်က စိတ်ရင်းကောင်းနဲ့ ဗိုလ်မင်းအောင်လှိုင်ကို တားထားတယ်လို့ဆိုတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့စစ်ရုံးဘက်ကသတင်းတွေအရ စစ်ရုံးမှာ ကာကွယ်ရေးဘတ်ဂျက်ဖြတ်ဖို့ လူတွင်ကျယ်လုပ်ခဲ့တဲ့တိုးနိုင်မန်းကို အတော်ကလေး မကျေမနပ်ဖြစ်နေတယ်လို့ဆိုတယ်။

အခု နောက်ဆုံးခုံရုံးနဲ့ဖြစ်တဲ့ပြဿနာမှာ ဗိုလ်မင်းအောင်လှိုင်ဘက်က ကိုယ်စားလှယ်တွေက လုံးဝမထောက်ခံဘူးလို့သိရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကျားဖြူဦးရဲထွန်းဟာ တပ်ကိုယ်စားလှယ်တွေကို လက်မှတ်ထိုးဖို့သွားစည်းရုံးတော့ ခပ်မာမာပဲ မထိုးနိုင်ဘူးလို့ပြောလွှတ်လိုက်တယ်။ ပြီးတော့ စနေနေ့ မြ၀တီသတင်းစာနဲ့ရတနာပုံသတင်းစာတွေမှာ မောင်အေးချမ်း(ဟားဗတ်)ရဲ့ ဆောင်းပါးတွေ ထည့်သွင်းဖော်ပြထားတာတွေ့ရတယ်။ ဒီသတင်းစာတွေဟာ တပ်သတင်းစာတွေဖြစ်တဲ့အတွက် တပ်ရဲ့အာဘော်ကို ဖော်ပြလိုက်တာဖြစ်တယ်။ ဗိုလ်မင်းအောင်လှိုင်ဆိုလိုချင်တာက တပ်မတော်ကတော့ ဒီလို ဖြစ်စေချင်တယ်၊ ဒီလိုလုပ်ပါ။ မလုပ်ရင်တော့ ဖြုတ်ပစ်ရမယ်ဆိုပြီး ဗိုလ်ရွှေမန်းကိုပြောလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းအနေနဲ့လည်း နောက်ဆုတ်လို့မရအောင် ဘုရင့်နောင်ဖောင်ဖျက်ပြီး လူသိထင်ရှားလုပ်ထားတာဖြစ်တဲ့အတွက် နောက်ဆုတ်ဖို့ခက်နေပြီ။ မဆုတ်ရင်လည်း ဗိုလ်မင်းအောင်လှိုင်က ဖြုတ်ပစ်တော့မယ့် အနေအထားမှာရှိနေတယ်။ ဗိုလ်ရွှေမန်းကတော့ တိုးနိုင်မန်းရဲ့ နိုင်ငံရေးသီအိုရီအရူးအနှမ်းတွေကို ဆက်ပြီးလက်ခံနေရင်တော့ ဒုက္ခ တွေ့တော့မယ်။ ပြီးရင် ကြံ့ဖွံ့ပြိုကွဲမယ်။ တပ်နဲ့ကျောခိုင်းလိုက်ပြီဆိုရင်တော့ ဒီတိုင်းပြည်ဘယ်ကိန်းဆိုက်မလဲ မေးစရာ မလိုတော့ဘူး။

(ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ရန်တင်ပြခြင်းဖြစ်ပါသည်)

(ရေးသူ - ထိန်လင်း)

အပိုင်း() ဆက်လက် ဖော်ပြပါမည်။
http://www.facebook.com/notes/myat-thi-ha/ပထမဆုံး-သားကောင်-ဖြစ်သွားသော-အခြေခံဥပဒေခုံရုံးနှင့်-ဗိုလ်ရွှေမန်းရဲ့-နောက်ထပ်-ခြေ/401006986625697

သတင်းအကျဉ်းချုပ် ..

0 comments:

Post a Comment