နားမကြားသူများနှင့် သုံးစွဲသောဘာသာစကား (မောင်လူငယ်)
မြန်မာနိုင်ငံလူဦးရေ၏ ၅% မှာ မသန်စွမ်းသူများဖြစ် ကြပါသည်။ မသန်စွမ်းသူများဟုဆိုရာတွင် မည်သို့သောအမျိုးအစားသည် မသန်စွမ်းဖြစ်ကြောင်းကို သိရှိသူနည်းပါးလှသည်။ မသန်စွမ်းအမျိုးအစား ၄ မျိုးရှိပါသည်။
၁) ကိုယ်အဂါင်္ မသန်စွမ်းသူ
၂) အမြင်အာရုံ မသန်စွမ်းသူ
၃) အကြားအာရုံ မသန်စွမ်းသူ
၎) ညဏ်ရည် မသန်စွမ်းသူတို့ ဖြစ်ကြပါသည်။
အကြားအာရုံမသန်စွမ်းသူများဆိုသည်မှာ နားမကြားသူများ၊ စကားမပြောတတ် နားလုံဝမကြားသူများကို ဆိုလိုသည်။ တချို့သောသူများသည် အမြင်ဟောင်းများဖြင့် (ထိုသူများအား)ဆွံ့အနားမကြားသူများ၊ အနေသူများ၊ နားပင်းနေသူများဟု ခေါ်ဝေါ်သုံးစွဲကြသည်မှာ အလွန်မှားသောအခေါ်အဝေါ်များ ပင်ဖြစ်ကြသည်။ ရိုင်းစိုင်းသော လေးစားမှုမရှိသောသူများက ကျီးကန်တွေဟု လှောင်ပြောင် ခေါ်ဝေါ်ကြလေသည်။ လူလူချင်း လေးစားတန်ဖိုးထားမှုအရ နားမကြားသူများသည်လည်း လူသားများပင်ဖြစ်သည်။ နှိမ့်ချခေါ်ဝေါ်ခြင်းသည် မရှိသင့်တော့ပါ။ နားမကြားသူများသုံးစွဲပြောဆိုနေသော ဘာသာစကားကိုလည်း အရူးစကား သို့မဟုတ် ကိုယ်အမူအရာစကား (Body Language) ဟု လွဲမှားစွာ ထင်မြင်နေကြသည်မှာ ကျနော်တို့နေထိုင်သော မြန်မာလူအဖွဲ့အစည်းတွင် နေ့စဉ်တွေ့မြင်နေရပါသည်။ သည်အချက်ကို ရှင်းလင်းတင်ပြလိုပါသည်။
ကမ္ဘာတွင် လူအဖွဲ့အစည်းဆိုလျှင် ၂ မျိုးသား တွေ့မြင်ရလေသည်။ အကြားအာရုံသန်စွမ်းသော လူအဖွဲ့အစည်းနှင့် အကြားအာရုံမသန်စွမ်းသောလူ့အဖွဲ့အစည်းပင် ဖြစ်သည်။ နားကြားသူများ၏ အဓိကပြောဆိုသုံးစွဲနေသောဘာသာစကားမှာ အသံထွက်ဘာသာစကား (Spoken Language) ပင်ဖြစ်သည်။ နားမကြားသူများ၏နေ့စဉ်သုံးစွဲနေသောဘာသာစကားမှာ လက်ဟန်သင်္ကေတပြ ဘာသာစကား (Sign Language) ပင်ဖြစ်သည်။ နားကြားသောလူ့အဖွဲ့အစည်းမှာလူများစုဖြစ်ကာ နားမကြားလူ့အဖွဲ့အစည်းမှာ လူနည်းစုဖြစ်လေသည်။ ထို့တို့သော လူ ၂ဦး တွေ့ဆုံရာတွင် ကြီးမားသောအတားအဆီးမှာ ဘာသာစကားဆက်သွယ်မှု ( Barrier Communicate) ပင်ဖြစ်သည်။ ထိုသို့သောအတားအဆီးများကြောင့် လူနည်းစုဖြစ်သောနားမကြားများမှာ အစစအရာရာ ကဏ္ဍအသီးသီးတွင် ခေတ်နောက်ကျကျန်ရစ်ခဲ့ရသည်မှာ အကြောင်းရင်းပင်ဖြစ်သည်။
နားမကြားသူများသုံးစွဲနေသော လက်ဟန်သင်္ကေတပြဘာသာစကားသည်။ အသံထွက်ဘာသာစကားမဟုတ်၊ အသံမဲ့ဘာသာစကားနှင့်အမြင်ဆိုင်ရာ (Visual Language) ဘာသာစကားဖြစ်ပါသည်။ အသံထွက်ဘာသာစကား၏ သဒ္ဒါ၊ ၀ါကျနှင့် ဖွဲ့စည်းတည်ဆောက်ပုံများစွာ ကွဲပြားလေသည်။ မြန်မာ Sign Language ဘာသာစကားသည် မြန်မာအသံထွက်ဘာသာစကားနှင့် လုံးဝကွဲပြားခြားနားလေသည်။ ဥပမာဆိုရသော - အသံထွက်ဘာသာစကားတွင် အင်္ဂလိပ်ဘာသာစကားတွင် နာမ်စားအသုံးများသလောက် မြန်မာစာတွင်အသုံးနည်းသည်နှင့် အတူတူပင်ဖြစ်သည်။ မြန်မာအသံထွက်ဘာသာစကားတွင် နာမ်စားအသုံးနည်းသလောက် မြန်မာလက်ဟန်သင်္ကေတပြဘာသာစကားတွင် နာမ်စားအသုံးများလေသည်။ မြန်မာလက်ဟန်သင်္ကေတပြဘာသာစကားသည် စကားလုံးကြွယ်ဝသလို၊ ဗန်းစကားနှင့် ခေတ်အလိုက်ပြောင်းလဲလာသော စကားလုံးပေါင်းမြောက်များစွာရှိကြသည်ကို သိရှိသူ နည်းပါးလှသည်။ ဒေသန္ဒာရလက်ဟန်သင်္ကေတပြဘာသာစကားလုံးများလည်ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာ့လူအဖွဲ့အစည်းတွင် မသန်စွမ်းသူကို နေရာပေးအသိအမှတ်ပြုမှု မရှိသောကြောင့်ဖြစ်လေသည်။
ကမ္ဘာပေါ်တွင် Sign Language ဘာသာစကား ၁၂၀ ကျော်ရှိလေသည်။ အသုံးအများဆုံး Sign Language ဘာသာစကားမှာ အမေရိကန် Sign Language နှင့် ဗြိတိသျှ Sign Language ဘာသာစကားပင် ဖြစ်သည်။ သို့သော် ကွဲပြားမှုရှိသည်။ အသံထွက်ဘာသာစကားချင်းတူသလောက် Sign Language ဘာသာစကားတွင် လုံးဝမတူခြင်းကို အံ့သြစွာတွေ့မြင်ရလေသည်။ အမေရိကန် Sign Language တွင် အင်္ဂလိပ် အက္ခရာ (၂၆) လုံးကို လက်တဖက်ဖြင့်သာအသုံးပြုပြီး ဗြိတိသျှ Sign Language တွင် အင်္ဂလိပ်အက္ခရာ (၂၆) လုံးကိ လက် နှစ်ဖက်ဖြင့်အသုံးပြုသောကြောင့် ကွဲပြားခြားနားလေသည်။
အမေရိကန် Sign Language ကို ကိုယ်ပိုင် Sign Language ဘာသာစကားမရှိသော တိုင်းပြည်များတွင် သင်ရိုးညွန်တမ်းဆွဲကာ စာအုပ်ပြုစုပြီး သုံးစွဲကြပြီး ဗြိတိသျှ Sign Language ကို ဗြိတိသျှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဓနသဟာယနိုင်ငံများတွင် အထူးအသုံးပြုသုံးစွဲကြသည်။ နားမကြားအဖွဲ့အစည်းများ၏ နိုင်ငံတကာအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲနှင့် United Nations ကွန့်ဖရင့်များတွင် အမေရိကန်နှင့် ဗြိတိသျှ Sign Language ဘာသာစကား မသုံးစွဲပါ။ အပြည်ပြည်ဆိုင်ရာ လက်ဟန်သင်္ကေတပြဘာသာစကား (International Sign Language) ကို အဓိက သုံးစွဲကြသည်။
အာဆီယံနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကိုယ်ပိုင်လက်ဟန်သင်္ကေတပြဘာသာစကားကို ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သော်လည်း နှစ်ပေါင်း ၅၀ ကျော် ခေတ်နောက်ကျခဲ့ရသောကြောင့် မြန်မာလက်ဟန်သင်္ကေတပြဘာသာစကားကို အသိအမှတ်မပြုသောကြောင့် တိမ်မြှုပ်နေခဲ့ရသလို မျက်နှာငယ်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေမှာ ၃ သန်းခန့်ရှိကာ မသန်စွမ်းကျောင်းများမှာ အလွန်နည်းပါးလှသည်ကို ၀မ်းနည်းဖွယ်ရာတွေ့မြင်ရလေသည်။ နားမကြားသူဦးရေ သိန်းဂဏန်းရှိသော်လည်း အကြားအာရုံမသန်စွမ်းသူများ၏ ကျောင်း ၂ ကျောင်းသာ ရှိလေသည်။ ရန်ကုန်နှင့်မန္တလေးတွင်သာ ရှိလေသည်။ ကျောင်းသားလက်ခံနိုင်မှုမှာ ၃၀၀ ခန့်သာရှိလေသည်။ ကျန်သူများမှာ မည်ကဲ့သို့ ဖြစ်နေကြသည်ကိုတွေးကြည့်လျင် အလွန်မှပင် ရင်လေးမိပါသည်။ ဒေသတွင်းနိုင်ငံများနှင့်ယှဉ်ကြည်လျှင် အဘက်ဘက်မှာ ခေတ်နောက်ကျကျန်ရစ်ခဲ့ရသည်။ ကျနော်သည် မွေးစဉ်က အကြားအာရုံသန်စွမ်းသော်လည်း ၁၅ နှစ်သားအရွယ်တွင် ထိခိုက်မှုဖြစ်ကာ အကြားအာရုံမသန်စွမ်းသူတယောက်ဖြစ်ခဲ့ရသလို မိဘများမှာစကားမပြောတတ်နားမကြားသူများပင် ဖြစ်ပါသည်။ နှစ်ပေါင်း ၂၀ ကျော် နားမကြားအသိုင်းအ၀ိုင်းတွင်နေလာခဲ့သဖြင့် သူတို့၏အခက်အခဲနှင့် ဘာသာစကားကို နားလည်သဘောပေါက်လာခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း အကြားအာရုံမသန်စွမ်းသူများအတွက် လက်ဟန်သင်္ကေတသတင်း အစီအစဉ်ပြသမှုလည်းမရှိချေ။ ကျနော်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မြန်မာစာအထူးပြု (အဝေးသင်) ဖြင့် ဘွဲ့ရရှိခဲ့သော်လည်း အကြားအာရုံမသန်စွမ်းသူမျာကိုလည်းမြန်မာနိုင်ငံတွင် နေရာပေးအလုပ်ပေးနိုင်ခြင်းမရှိခဲ့ပါ။ ကျနော်သည် နားမကြားသူများ၏ သတင်းငတ်နေသောဆန္ဒနှင့် မြန်မာလက်ဟန်သင်္ကေတပြဘာသာစကားကို မြန်မာလူအဖွဲ့အစည်းကသိစေချင်လိုသောကြောင့် ဒီမိုကရက်တစ်မြန်မာ့အသံတွင်လုပ်ကိုင်ကာ လက်သင်္ကေတသတင်းများကို ကြေငြာလျှက်ရှိပါသည်။
မောင်လူငယ်
(ယူတာကဒီနေရာကပါ) http://www.facebook.com/notes/maung-luu-nge/နားမကြားသူများနှင့်-သုံးစွဲနေသော-ဘာသာစကား-မောင်လူငယ်/479843365361862
0 comments:
Post a Comment