ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၃ (မျိုးမြင့်ချို) သြဂုတ် ၂ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့် ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..
ဗကပကရဲ့တောင်းဆိုချက်တွေကို အစိုးရက အကြောင်းပြန်ကြားခဲ့ရာမှာ လွတ်ငြိမ်းချမ်းသာခွင့် ထားရတာဟာ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုတင်စည်းကမ်းသတ်မှတ်ချက်မဟုတ်တဲ့ အကြောင်း၊ လက်နက်ကိုင်အင်အားစုတွေ အားလုံးနဲ့တပြိုင်တည်းဆွေးနွေးဖို့မဖြစ်နိုင်တဲ့ အကြောင်း၊ ဗကပ အနေနဲ့ မိမိတို့ပါတီအနေနဲ့သာ လာဆွေးနွေးစေလိုတဲ့အကြောင်း၊ အတိတ်ကကိစ္စတွေအငြင်းပွားနေရင် ဆွေးနွေးရေးအတွက်အတား အဆီးဖြစ်မှာစိုးလို့ မပြောကြဖို့ဆိုလိုတာဖြစ်တဲ့အကြောင်း၊ ဆွေးနွေးရေးအခြေခံမူတွေနဲ့ပတ်သက်လို့ သူတို့မှာ ဘာမှမရှိသေးတဲ့အကြောင်း၊ ပဏာမပြင်ဆင်ရေးကိစ္စတင်ပြတာကို သဘောတူတဲ့အကြောင်း၊ အဲဒီကျရင် အပစ်အခတ်ရပ်စဲရေးကိစ္စအပါအဝင် အခြားမရှင်းလင်းတာတွေကို ဆက်ဆွေးနွေးလို့ရကြောင်း စတာတွေကို ဗိုလ်နေဝင်းလက်မှတ်နဲ့ ၁၉၆၃ ခု ဇူလိုင်လ ၈ ရက်နေ့မှာ အကြောင်းပြန်ကြားခဲ့ပါတယ်။
ဒီလိုနဲ့ ၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ရဲဘော်ဋ္ဌေးဦးဆောင်ပြီး ရဲဘော်အောင်ကြီး၊ ရဲဘော်ဗိုလ်ဇေယျ၊ ရဲဘော်သက်တင်၊ ရဲဘော်ဗိုလ်စိုးမောင်နဲ့ ရဲဘော်ဗိုလ်ပုတို့ပါဝင်တဲ့ ပဏာမကိုယ်စားလှယ်အဖွဲ့ ရန်ကုန်ကိုရောက်လာပြီးတဲ့နောက် ၆၃ ခု စက်တင်ဘာ ၂ ရက်နေ့မှာအင်းယားလမ်း အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ပါတယ်။ အစိုးရဘက်ကတော့ ဗိုလ်မှူးကြီးစောမြင့်ခေါင်းဆောင်ပြီး ဗိုလ်မှူးကြီးလှဟန်၊ ဒုဗိုလ်မှူးကြီးသောင်းဒန်၊ ဒုဗိုလ်မှူးကြီးချစ်ခင်နဲ့ သခင်တင်မြတို့ဖြစ်ပါတယ်။ တွေ့ကြတော့ အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ရကြောင်းကိုပြောပြီး တင်ပြစရာရှိတာတွေ တင်ပြပါဆိုတော့မှ ဗကပဘက်က ဗဟိုကော်မတီအစည်းအဝေးလုပ်နိုင်ဖို့၊ မဒညတသဘာပတိအဖွဲ့ အစည်းအဝေးလုပ်နိုင်ဖို့၊ အတိုက်အခိုက်ရပ် ငြိမ်းချမ်းရေးအကြိုကာလဖန်တီးနိုင်ဖို့၊ အတွင်းပိုင်းတပ်စခန်းတွေ ရွှေ့ပြောင်းပေးဖို့ စတာတွေအပြင် ဆွေးနွေးပွဲအောင်မြင်၍ သဘောတူညီမှုများရရှိခဲ့လျှင် ၂ ဦး ၂ ဘက် တိုင်းပြည်သို့ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ဆိုပြီး တင်ပြပါတယ်။ ဆွေးနွေးမယ့်အခြေခံတွေကိုလည်း တင်ပြခဲ့တာတွေ့ရပါတယ်။ အစိုးရဘက်ကတော့ ဒီတင်ပြချက်တွေကို နောက်ဆက်လုပ်ကြမယ့်ဆွေးနွေးပွဲတွေကျမှပဲ အသေးစိတ်ပြန်ဖြေမယ်ဆိုပြီး အစည်းအဝေးကိုနားလိုက်ပါတယ်။
ဒီ့နောက် စက်တင်ဘာလ ၈ ရက်နေ့မှာ ၂ ဘက်ကိုယ်စားလှယ်တွေ ဒုတိယအကြိမ်ထပ်ဆွေးနွေးတော့ ဗကပဘက်ကတင်ပြခဲ့တဲ့ အစည်းအဝေးတွေလုပ်ဖို့ကိုတော့ ဖြစ်နိုင်ကြောင်းပြောပြီး တပြည်လုံးအပစ်အခတ် ရပ်စဲရေးလုပ်ဖို့တော့မဖြစ်နိုင်ဘူးဆိုပြီး အပြတ်ပယ်ချခဲ့ပါတယ်။ အစိုးရတပ်စခန်းတွေရွှေ့ပြောင်းပေးဖို့ ကိစ္စကိုလည်း သဘောမတူနိုင်တဲ့ကြောင်းငြင်းဆန်ခဲ့တာတွေ့ရပါတယ်။
ပဏာမပြင်ဆင်ရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဟာ စုစုပေါင်း (၈)ကြိမ်အထိရှိပြီး အဓိကကျတဲ့အသေးစိတ်ကိစ္စတွေကလည်း အလွန်ပဲများပြားပါတယ်။ တတိုင်းပြည်လုံးအရေးမို့ နိုင်ငံရေးနဲ့စစ်ရေးအရ နှစ်ဘက်စလုံးမှာ တိကျသေချာမှုတွေကို လုပ်နေရတဲ့သဘောလည်းရှိပါတယ်။
(၇) ကြိမ်မြောက်တွေ့ဆုံကြတော့ အစိုးရဘက်က (ဗကပတပ်တွေကို(Grid Line)ဆွဲပြီး သတ်မှတ်နယ်မြေ တစ်ခုအတွင်းမှာ စုထားရမယ်)ဆိုတဲ့ တောင်းဆိုချက်ကို တင်လာတာကိုတွေ့ရပါတယ်။ (Grid Line) ဆိုတဲ့ သဘောက တဘက်ရန်သူ့တပ်ကို မိမိတပ်နဲ့လေးဘက်လေးတန်က ပိတ်ဆို့ပြီး မလှုပ်နိုင်အောင်ဂွင်ထဲသွင်း ဝိုင်းထားတဲ့သဘောမျိုးဖြစ်ပါတယ်။ ဒါကို နှစ်ဘက်စလုံးက အထောက်အထားအကျိုးအကြောင်းတွေနဲ့ အခြေအတင်ဆွေးနွေးခဲ့ကြပေမယ့် နှစ်ဘက်လက်ခံနိုင်မယ့်အဖြေမျိုးထွတ်တဲ့အထိတော့ မရောက်ခဲ့ကြပါဘူး။ နောက်ဆုံးလို့ဆိုရမယ့် (၈)ကြိမ်မြောက်ဆွေးနွေးပွဲမှာလည်း ဒီ (Grid Line) ထားရေး ကိစ္စကပဲ အဓိကဆွေးနွေးစရာအချက် ဖြစ်လာပြန်ပါတယ်။
နောက်ဆုံးမှာ ဗကပဘက်က Grid Line ဆွဲမှာကို မူအားဖြင့်လက်မခံနိုင်ပေမယ့် နှစ်ဘက်နားလည်မှုရပြီး လုပ်ငန်းချောမောပြေပြစ်ရေးကို ရှေ့ရှူပြီးတော့ Grid Line ကို လေးဘက်ပိတ်မဟုတ်ပဲနဲ့ သုံးဘက်ပိတ် တဘက်ဖွင့် အနေအထားမျိုးထားဖို့ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ လေးဘက်ပိတ်လို့သာ ဆိုနေတဲ့အတွက် နှစ်ဘက်ကိုယ်စားလှယ်တွေ မြေပုံရှေ့ချပြီး အကြိမ်ကြိမ်ပြောဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာ နှစ်ဘက်သဘောတူမယ့် သတ်မှတ်ချက်တချို့ရခဲ့ပေမယ့်လို့ ပဏာမကိုယ်စားလှယ်တွေဖြစ်နေတာကြောင့် ယတိပြတ်မဆုံးဖြတ်နိုင်ခဲ့ကြပါဘူး။ ဒီ့နောက်တော့ ၆၃ ခု နိုဝင်ဘာ (၁၄) ရက်နေ့မှာ ဗကပက အစိုးရကို ပေးစာတစ်စောင်ပေးပို့ခဲ့တာရှိပါတယ်။
စာထဲမှာ..အစိုးရဘက်ကတင်ပြတဲ့ အချက်တွေဟာ ပဏာမကိုယ်စားလှယ်တွေ မဆုံးဖြတ်နိုင်တဲ့ကိစ္စဖြစ်တဲ့ အကြောင်း၊ သူတို့အနေနဲ့တွေ့ဆုံဆွေးနွေးရေးပျက်သွားမှာကို မလိုလားတဲ့အကြောင်း၊ ငြိမ်းချမ်းရေးအတွက်ေ စ့စပ်မှုတံခါးတွေ ပိတ်မသွားရေးအတွက် အစိုးရဘက်ကလည်းစဉ်းစားစေလိုကြောင်း၊ ဆက်သွယ်ရေးအတွက် ရန်ကုန်မှာကိုယ်စားလှယ်တဦးချန်ခဲ့ပြီး ကျန်သူတွေကတော့ ဗဟိုပြန်တင်ပြ၊ ဗဟိုအာဏာပိုင်ကိုယ်စားလှယ်တွေနဲ့ဆက်ပြီး ဆွေးနွေးဖို့လိုမယ့်အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ပြီးတော့လည်း ဆွေးနွေးပွဲကိုအပြီးအပြတ် ပိတ်ပစ်တဲ့သဘောမဟုတ်ပဲ ဗဟိုကော်မတီကိုတင်ပြခွင့်ပေးဖို့နဲ့၊ အခုရခဲ့တဲ့ သဘောတူညီချက်တွေကို အစိုးရဘက်ကဆက်ပြီးထိန်းသိမ်းထားစေချင်ပါတယ်လို့ ဆိုထားပါတယ်။ သဘောကတော့ ပဏာမကိုယ်စားလှယ်တွေရဲ့ဆွေးနွေးပွဲဟာ ဆုံးခန်းတိုင်သွားခဲ့ပြီလို့ ယူဆရမှာ ဖြစ်ပါတယ်။
အလားတူ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဗကပက ကြေညာချက်တစောင်ထုတ်ပြန်ပြီး ဖြစ်နေတဲ့အခြေအနေကို တိုင်းပြည်ကိုအသိပေးခဲ့ပါတယ်။ ကြေညာချက်မှာတော့ ဆွေးနွေးပွဲဖြစ်စဉ်နဲ့ ရခဲ့တဲ့သဘောတူချက်တွေ ကိုဖော်ပြပြီး အပစ်ရပ်ငြိမ်းချမ်းရေးအကြိုကာလဖန်တီးနိုင်ဖို့ လက်တစ်ကမ်းအလိုရောက်ခါမှ အစိုးရဘက်က မဒညတ၊ ဗကပနဲ့ကေအင်န်ယူတို့ကို နိုင်ငံရေးစည်းရုံးရေးအမြတ်ထုတ်တယ်လို့ သံသယဝင်ရာကနေ စင်ပြိုင်အစိုးရတောင်းဆိုတယ်လို့မှတ်ယူပြီး ပြဿနာတွေစတင်ကြီးထွားလာခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် နိုင်ငံရေး၊ စည်းရုံးရေးနဲ့စစ်ရေးလှုပ်ရှားမှုတွေမလုပ်ဖို့ အစိုးရကတောင်းဆိုတဲ့အပြင် တပ်တွေကိုလည်း ဂွင်ထဲမှာ အဝိုင်းခံပေးရမယ်ဆိုတဲ့အထိ ပြောလာတာလို့ဆိုပါတယ်။ ပဏာမကိုယ်စားလှယ်တွေဟာ အခွင့်အာဏာပိုင်ပြီးဆုံးဖြတ်နိုင်တဲ့အနေအထားမရှိကြောင်း ပြန်တင်ပြတာကို အစိုးရကလက်မခံတဲ့အကြောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ အစိုးရဘက်က သူ့တောင်းဆိုချက်တွေကို မိမိတို့ကလက်မခံဘူးဆိုရင် ဗကပအနေနဲ့ရော (၃)ပါတီအနေနဲ့ပါ ဆက်ပြီးဆွေးနွေးဖို့မဖြစ်နိုင်တော့ဘူးဆိုပြီး ယတိပြတ်ပြောလာခဲ့တဲ့အတွက် ငြိမ်းချမ်းရေးအတွက် ပဏာမအဆင့်ဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
သောတရှင်များခင်ဗျာ..ဗကပနဲ့ပဏာမအဆင့်ဆွေးနွေးပွဲကတော့ ပျက်ပြားသွားခဲ့ပါပြီ။
(၃)ပါတီကတောင်းဆိုထားတဲ့ မဒညတနဲ့ ဆွေးနွေးခဲ့တာတာ၊ ပျက်ပြားသွားခဲ့ရတာတွေကိုလည်း တတ်နိုင်သမျှစုစည်းခြုံငုံပြီး အဆက်အစပ်ကလေးနဲ့အကျဉ်းချုပ်တင်ပြသွားပါ့မယ်။
(၃)ပါတီကတောင်းဆိုထားတဲ့ မဒညတနဲ့ ဆွေးနွေးခဲ့တာတာ၊ ပျက်ပြားသွားခဲ့ရတာတွေကိုလည်း တတ်နိုင်သမျှစုစည်းခြုံငုံပြီး အဆက်အစပ်ကလေးနဲ့အကျဉ်းချုပ်တင်ပြသွားပါ့မယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment