Tuesday, August 21, 2012

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၂) အောင်ထူး(ရှေ့နေ)

0 comments

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၂)
အဓိကရုဏ်းနှင့်စပ်လျဉ်း၍ စစ်အစိုးရ၏မူဝါဒသည် အဘယ်နည်း။

သမတ ဦးသိန်းစိန်သည် ယခုအချိန်တွင် လူသားချင်းစာနာမှုနှင့်လူ့အခွင့်အရေး ဟူသော စကားလုံးများကိုသာ အကြိမ်များစွာ ထပ်ခါတလဲလဲသုံး၍ ပြောလာနေပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ မူလကထဲက ဦးသိန်းစိန်ခေါင်းဆောင်သည့်စစ်အစိုးရမှာ သဘောထား သို့မဟုတ် မူဝါဒ ရှိသလား။ လုံးဝမရှိခဲ့ဟု ပြောရပါမည်။

အဓိကရုဏ်းစဖြစ်သည့်အချိန်မှစ၍  သြဂုတ်လ (၁၅)ရက်နေ့ အင်တာဗျူးပေါ်ထွက်လာသည့်အချိန်အထိ နှစ်လကျော်မျှကာလအတွင်း အပြန်အလှန်သတ်ဖြတ်မှုကြီးများ ဖြစ်ပွားနေခဲ့သော်လည်း လူသားချင်းစာနာမှု နှင့်လူ့အခွင့်အရေးအခြေခံတို့မှ ချည်းကပ်သင့်ကြောင်း ဦးသိန်းစိန်က ရခိုင်ပြည်သူများအား ယခုကဲ့သို့ လေးလေးနက်နက် တိတိကျကျ ဖြောင့်ဖျခဲ့ခြင်း မရှိပါ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပြောင်းလဲ ပြောဆိုလာပါသနည်း။ အဓိကရုဏ်းတွင် စစ်အစိုးရ၏ပါဝင်ပတ်သက်မှုကို လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများက ရက်စွဲနှင့်တကွတိတိကျကျထောက်ပြလာပြီးနောက်ပိုင်း နိုင်ငံတကာ၏ ထိထိရောက်ရောက်အရေးယူမှုကို အမှန်တကယ် ခံလာရနိုင်ဘွယ်ရှိကြောင်း ယခုအချိန်တွင် ရိပ်စားမိလာသောကြောင့်သာ ပြောင်းလဲပြောဆိုလာခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သောအဓိကရုဏ်းသည် လူမျိုးရေး ဘာသာရေးပဋိပက္ခမဟုတ်ဟု ဦးသိန်းစိန်ကငြင်းသွားခဲ့သည် နှင့်ဆက်စပ်ကာ ဦးသန်းလွင်ထွန်းက အောက်ပါတိုင်းမေးမြန်းခဲ့သည်။

"လူမျိုးရေး ဘာသာရေး ပဋိပက္ခမဟုတ်ဘူးဆိုပေမယ့် တဘက်နဲ့တဘက် ရေရှည်မုန်းတီးမှုတွေရှိတာတော့ ငြင်းလို့မရတဲ့ကိစ္စပါ။ ဒေသထဲမှာ အတူနေထိုင်လာကြတဲ့အခါကျတော့ မုန်းတီးမှုတွေသည့်ထက်ပိုပြီး ပျံ့ပွားမလာအောင် နှစ်ဘက်အတူယှဉ်တွဲနေထိုင်နိုင်အောင် ဘယ်လို စီမံချက်တွေ ဖြေရှင်းမှုတွေ ရေရှည်လုပ်ဆောင်သွားဘို့ရှိပါသလဲ။

ဤမေးခွန်းအား မေးဖြစ် ဖြေဖြစ်သည့် အခြေအနေမည်သိ့ရောက်သွားကြောင်းတော့ မေးသူ ဖြေသူ နှစ်ဦးသာ သိပါမည်။ ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းအတွင်း နေစေပြီး တတိယနိုင်ငံသို့ ပို့ပေးမည်ဆိုပါက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးအား အစိုးရကကူညီသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်ကကမ္ဘာသိကြေငြာထားခဲ့ပြီး ဖြစ်သည်။ ယခု ဤသည်ကို အကောင်အထည် မဖေါ်တော့ဘူးလား။ စစ်အစိုးရ သဘောထားပြောင်းသွားပြီလား။ ပြောင်းသွားလျှင်လည်း ပြောင်းသွားပြီဖစ်ကြောင်း ကမ္ဘာသိကြေငြာရန်လိုပါသည်။ 

ရခိုင်လူထုထံမှ နိုင်ငံရေးအရထောက်ခံမှုရစေရန် ဦးသိန်းစိန်က အထက်ပါကဲ့သို့လုပ်ဆောင်ခဲ့ခြင်း၊ လုပ်ဆောင်ပြီးနောက် ကြေငြာခဲ့ခြင်းလည်း ဖြစ်သည်။ အစိုးရ၏ပါဝင်ပတ်သက်မှုရှိကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက အစောပိုင်းကထဲက ထောက်ပြချက်များနှင့် ဦးသိန်းစိန်၏ဤကြေငြာချက်ကိုဆက်စပ်ကြည့်လျှင် စစ်အစိုးရသည် ရိုဟင်ဂျာများ (ဦးသိန်းစိန်၏ စကားလုံးအရ ဘင်္ဂါလီများအား) လူ့အဖွဲ့အစည်းမှ ပြတ်ပြတ်သားသားမောင်းနှင်ထုတ်ရေးမူဝါဒ Exclusion Policy ကို အဓိကရုဏ်း၏အစကထဲကပင် ကျင့်သုံးဖေါ်ဆောင်ခဲ့ကြောင်းသုံးသပ်နိုင်သည်။  ယင်းအတွက် မကောင်းသည့်အကျိုးသက်ရောက်မှုများအနေဖြင့် လူမျိုးရေးအရ နှိမ့်ချတိုက်ခိုက်မှုများ၊  အပြန်အလှန် သတ်ဖြတ်မှုကြီးများ တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရတွင် လုံးဝပင်တာဝန်ရှိသည်။

ယခုမူ ဦးသိန်းစိန်၏ရုပ်သွင်ကို အင်တာဗျူးတွင်တွေ့မြင်လိုက်ရသောအခါ ၄င်း၏ စစ်အစိုးရအနေဖြင့် အုပ်စုကြီးနှစ်ခုအလယ်တွင်နေပြီး ငြိမ်သက်ငြိမ်းချမ်းမှုရှိအောင်ပင် တိုင်းပြည်ကိုထိမ်းသိမ်းနေသည့် သဘော မှင်သေသေ ရှင်းလင်းဆွေးနွေးသွားခဲ့သည်။

ယင်းသို့ဖြစ်ခြင်းမှန်ကန်လျှင် အမှန်တရားဖေါ်ထုတ်နိုင်ရေးအတွက် နိုင်ငံတကာက လာရောက်စစ်ဆေးမည်ဆိုသည်ကို ဦးသိန်းစိန် အဘယ်ကြောင့်လက်မခံနိုင်ပါသနည်း။ ဦးသိန်းစိန် ရည်ညွှန်းသည့်လူ့အခွင့်အရေးကော်မီရှင် လွတ်လပ်မှုရှိသည်ဆိုသည်မှာ လုံးဝပင်လွဲမှားနေသည်။ လူအခွင့်အရေးကော်မီရှင်ဟူသည်မှာ သမတရုံးအဖွဲ့ အစိပ်အပိုင်းတခုကဲ့သို့ဖြစ်နေသည်။ သူကြီးလုပ်သူကိုယ်တိုင်ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲခံရသည့်အမှုတွင် လူ့အခွင့်အရေးကော်မရှင်မှာ သူကြီးတူ အဆင့်လောက်သာရှိကြောင်းတင်ပြခဲ့ပါပြီ။ လူ့အခွင့်အရေးကော်မရှင်တွင် မည်သည့်အခွင့်အာဏာမျှမရှိသလို သမတကိုယ်တိုင်ကျူးလွန်သည့်ပြစ်မှုမှန်သမျှကိုလည်း မည်သည့်အခါမျှ ဖေါ်ထုတ်မည် မဟုတ်ပါ။

ပို၍ဆိုးသည်မှာ ဦးသိန်းစိန်၏ကြေငြာချက်ထွက်လာခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း အတွင်း၌ လုံးဝပင် နှစ်ခြမ်းကွဲသွားခဲ့သည်။ ရိုဟင်ဂျာဆိုသူ (သို့မဟုတ်) ဘင်္ဂါလီမွတ်ဆလင်ဆိုသူများကို ရခိုင်ပြည်နယ်မှအပြီးအပိုင် မောင်းထုတ်လိုက်ခြင်းသည် ပြသနာ၏အဖြေဖြစ်သည်ဟူ၍ ရခိုင်လူထုအများစုကြီး၏စိတ်တွင် စွဲထင်သွားစေသည်။ ယင်းသိ့မောင်းထုတ်ခြင်းမှာ တရားသောလုပ်ဆောင်ချက်ဖြစ်သည်ဟု ထင်မြင်လာစေခဲ့သည်။ ယင်းအတွက်တာဝန်ရှိသူမှာ ဦးသိန်းစိန် ဦးဆောင်သည့်စစ်အစိုးရ တဖွဲ့လုံးဖြစ်သည်။ ယင်းကို ပထမရှင်းပြသင့်သည်။ ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဦးသိန်းစိန်သည် ဤသည်နှင့်စပ်လျဉ်း၍ မည်သို့မျှရှင်းလင်းဖြေကြားခဲ့ခြင်းမရှိပါ။

သာဓကအားဖြင့် လူတဦးက အခြားတဦးအား "ထမင်းစားပြီးပြီလားဟု ပထမ မေးပြီးမှဘာဟင်းနဲ့ စားခဲ့လဲ" ဟုမေးလေ့ရှိပါသည်။ ပထမမေးခွန်းကိုမမေးဘဲ ဒုတိယမေးခွန်းကို တန်းပြီးမေးပါက မေးမြန်းခံရသူ သည် ထမင်းစားပြီးဖြစ်ကြောင်း မေးမြန်းသူကကြိုတင်သိထားနှင့်သည့်သဘော သက်ရောက်သည်။ ပထမမေးခွန်းကိုကျော်ပြီး ဒုတိယမေးခွန်းကိုမေးခြင်းအားဖြင့် ဦးသိန်းစိန်၏အစိုးရတွင် နှစ်ဘက်အတူယှဉ်တွဲနေထိုင်ရေးမူဝါဒရှိနေပြီဟု မေးသူဦးသန်းလွင်ထွန်းက ကြိုတင်သိနေ ဖြစ်ကောင်းဖြစ်ပါမည်။ ထူးခြားသည်မှာ ဖြေကြားသည့် ဦးသိန်းစိန်ကိုယ်တိုင်ကလည်း မိမိတို့နိုင်ငံတွင်းသိုတရားမ၀င်ခိုးဝင်နေသည့်ဘင်္ဂါလီများအား မူရင်းနိုင်ငံသို့ပြန်ပို့မည်ဟူ၍လည်းကောင်း၊ လက်ခံမည့် တတိယနိုင်ငံများသိုသွားနိုင်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအား ကူညီသွားမည်ဖြစ်ကြောင်း တခွန်းမျှ မဟတော့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းအား သမတဦးသိန်းစိန်က "ရေရှည် ဖြေရှင်းသွားရမှာပါ။ ရခိုင်တိုင်းရင်းသားပါတီအကြီးအကဲ တွေနဲ့တွေ့ပါတယ်။ ကမ္ဘာကြီးက ကျဉ်းမြောင်းသွားပီ။ ရွာကြီးတရွာလို ဖြစ်နေတယ်။ ကျွန်တော်တိုက သူ့လူမျိုး ကိုယ့်လူမျိုး သူ့ဘာသာ ကိုယ့်ဘာသာ ခွဲခြားလိုမရဘူး။ လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူသားဆိုတဲ့ အမြင်နဲ့မြင်ရမယ်။ ကမ္ဘာမှာလဲ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး ပြောလာကြတယ်။ လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူ့အခွင့်အရေးကိုမထိခိုက်အောင်လုပ်ဘို့ လိုပါတယ်ဟု ဖြေသွားခဲ့သည်။

စာရေးသူတိုကလေးဘ၀က တခုခုကို နှစ်ခြိုက်သဘောကျမိလျှင် နောက်ပြောင်ပြောကြသည့်စကားလုံး တခုရှိသည်။ "ဒီထက်ကောင်းတာတောင် ဒီလောက် မကောင်းဘူးကွ" ဟူ၍ ဖြစ်သည်။ ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်များအား ဦးသိန်းစိန်ထက်ကောင်းအောင် မည်သူမျှရှင်းပြနိုင်မည်မဟုတ်ပါ။ ဦးသိန်းစိန်ထက်ကောင်းအောင်ရှင်းပြဦးတော့ ဦးသိန်းစိန်လောက် မကောင်းမှာ သေချာပါသည်။ မှန်ပါသလား။ စဉ်းစားကြည့်ကြရအောင်ပါ။

(အပိုင်း ကို ဆက်လက် ဖတ်ရှုပါရန်)

အောင်ထူး (ရှေ့နေ)

0 comments:

Post a Comment