ငြိမ်းချမ်းရေးပဲ့တင်သံ -အပိုင်း ၁၇(မျိုးမြင့်ချို) သြဂုတ် ၃၀ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျာ…
နဝတ နအဖနဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်အထိ လုပ်ခဲ့တဲ့၊လုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကိုမတင်ပြခင်မှာ မတရားသင်းအက်ဥပဒေလို့ဆိုတဲ့ ဥပဒေဆိုးတစ်ခုအကြောင်း နည်းနည်းတင်ပြချင်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအကြောင်း ပြောကြမယ်ဆိုရင် ဒီကိစ္စကိုလည်းပြောရမှာဖြစ်ပါတယ်။ ဒီဥပဒေကြောင့် ပြည်တွင်းစစ်ဖြစ်ရတာမဟုတ်ပေမယ့် လက်နက်ကိုင်တော်လှန်အုံကြွမှုတွေကိုနှိပ်ကွပ်ဖို့ရာ အာဏာရအစိုးရတွေက လက်ကိုင်တုတ်သဖွယ်သုံးခဲ့တဲ့ဥပဒေလို့ ပြောရင်တော့ရပါတယ်။ ဒီဥပဒေကြောင့်ပဲ လူထုစိတ်ထဲမှာ အခြိမ်းခြောက်ခံနေရတဲ့စိတ်ခံစားမှုရှိနေပြီး၊ အကြောက်တရားနဲ့ နေထိုင်နေရတဲ့သဘောလည်းဖြစ်နေပါတယ်။
ဒီဥပဒေကိုအင်္ဂလိပ်လိုတော့ Unlawful Association Act လို့ ခေါ်ပါတယ်။ (၁၉ဝ၈) ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှာ အင်္ဂလိပ်ကိုလိုနီအစိုးရကပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ အဓိကဦးတည်ပစ်မှတ်က သူ့ကျွန်မခံချင်လို့ လက်နက်ကိုင်ပုန်ကန်နေကြတဲ့လူမျိုးစုံ ဗမာပြည်သူတွေဖြစ်ပါတယ်။ ပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်ကတော့ ပြည်သူတွေရဲ့တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ဓါတ်ကိုအညွန့်ချိုးပြီး နလံမထူအောင်နှိပ်ကွပ်ပစ်ရေးဖြစ်ပါတယ်။ ဗြိတိသျှနယ်ချဲ့သမားဟာ ဒီလိုဥပဒေမျိုးကို ဗမာပြည်လို သူ့ကိုလိုနီနိုင်ငံတစ်ခုမှာသာ ပြဋ္ဌာန်းရဲပေမယ့် သူတို့ဆီမှာတော့ မပြဋ္ဌာန်းဝံ့ပါဘူး။ ဒီမိုကရေစီစနစ်အောက်မှာ တရားမဝင်အသင်းအပင်းရှိဖို့ဆိုတာဟာ မဖြစ်နိုင်လို့ပါပဲ။ ဒါတောင် မတရားသင်းအက်ဥပဒေကို ဗမာပြည်မှာပြဋ္ဌာန်းခဲ့တာမှန်ပေမယ့် သူတို့လက်အောက်မှာ မတရားသင်းအဖြစ် အကြေငြာခံခဲ့ရတဲ့အဖွဲ့အစည်းရယ်လို့ တစ်ခုမှမရှိခဲ့ပါဘူး။ ဝိုင်အမ်ဘီအေကအစ တို့ဗမာအစည်းအရုံးကြီးအဆုံး ကျောင်းသားသမဂ္ဂတွေအပါအဝင် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးအသင်းအပင်း အဖွဲ့အစည်းတွေကိုလည်း အတိုင်းအတာတခုအထိ သူတို့လက်အောက်မှာ လွတ်လွတ်လပ်လပ်ရှင်သန် လှုပ်ရှားခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေနဲ့ အရေးယူခံခဲ့ရသူပမာဏဟာလည်း လွတ်လပ်ရေးရပြီးနောက် အမျိုးသားအစိုးရတွေအဆက်ဆက် အရေးယူခဲ့တာတွေနဲ့ယှဉ်လိုက်တော့ မပြောပလောက်ဘူးလို့တောင် ဆိုရမလိုဖြစ်နေပါတယ်။ ပြဋ္ဌာန်းခဲ့သူကကျင့်သုံးခဲ့တာထက် အပြဋ္ဌာန်းခံတွေအာဏာရခါမှ ဒီဥပဒေကိုင်ပြီး အချင်းချင်းပြန်နှိပ်ကွပ်တာက ပိုတောင်ကြီးတယ်လို့ပြောရတော့မလိုဖြစ်နေပါပြီ။
ဒီဥဒေကို နိုင်ငံရေးအရပြောကြဆိုကြသလို တရားဥပဒေကြောင်းအရ ဝေဘန်ကြတာတွေလည်းရှိပါတယ်။ ဒီဥပဒေထွက်လာပြီးနှစ်ပေါင်း(၈ဝ) အကြာ (၁၉၈၈ ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ)ကို နဝတ စစ်အာဏာသိမ်းအစိုးရကပြဋ္ဌာန်းခဲ့တာရှိပါတယ်။ ဒီဥပဒေ(၂) ခုထဲက ပုဒ်မတွေကိုနှိုင်းယှဉ်ပြပြီး ဘယ်ဥပဒေက ပိုဆိုးသလဲဆိုတာ ဥပဒေပညာရှင်တွေက ထောက်ပြပြောဆိုနေကြတာဖြစ်ပါတယ်။ (၁၉ဝ၈) ခုနှစ်ဥပဒေရဲ့ မတရားသင်းအဓိပ္ပါယ်ဖွင့်ဆိုချက်က (မတရားအသင်းဆိုသည်မှာ အကြမ်းဖက်မှုများနှင့် ခြိမ်းခြောက်မှုများကိုကျူးလွန်ရန် ကူညီအားပေးသောအဖွဲ့အစည်း သို့တည်းမဟုတ် ထိုကဲ့သို့ပြုမူမှုများကို ကျူးလွန်လေ့ရှိသောအဖွဲ့ဝင်များပါဝင်သော အသင်းကိုဆိုလိုသည်) လို့ပြောထားပြီးတော့ (၁၉၈၈) ခုဥပဒေမှာတော့(နိုင်ငံတော်အုပ်ချုပ်ရေးယန္တယားရှိ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တယားလည်ပတ်မှုကိုထိခိုက်စေရန် သို့မဟုတ် ရပ်တန့်သွားစေရန် အားထုတ်သော၊ လှုံ့ဆော်သော၊ တိုက်တွန်းသော၊ အားပေးသော၊ ကူညီသော၊ ပြုလုပ်သောအသင်းအဖွဲ့ကို ဖွဲ့စည်းခြင်းမပြုလုပ်ရန်၊ ဖွဲ့စည်းထားပြီးဖြစ်လျှင်လည်း လှုပ်ရှားခြင်းမပြုလုပ်ရန်၊ ဆက်လက်တည်ရှိခွင့် မရှိစေရန်တားမြစ်သည်) လို့ အတိအလင်းဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီဥပဒေလိုပဲ တခြားမတရားတဲ့ဥပဒေအမြောက်အများကိုလည်း စစ်အာဏာရှင်အစိုးရတွေက ပြဋ္ဌာန်းထားတာရှိပေမယ့် အကြောင်းအရာခြင်းက သီးခြားဖြစ်နေလို့ ဒီနေရာမှာမတင်ပြတော့ပါဘူး။
မတရားသင်းဥပဒေနဲ့ငြိတယ်လို့စွပ်စွဲပြီး တရားစွဲထောင်ချရာမှာလည်း ကိုယ်တိုင်ကိုယ်ကျပါဝင်တာနဲ့ ဆက်သွယ်အားပေးတာရယ်ဆိုပြီး ခွဲခြားထားသလို၊ ထောင်ဒဏ် ပြစ်ဒဏ်တွေလည်းမတူကြပါဘူး။ အဲဒီ မတရားသင်းပုဒ်မတွေနဲ့စွဲဆိုပြီး သေဒဏ်၊ ထောင်ဒဏ်တွေနဲ့ မိသားစုဘဝပျက်ခဲ့ရသူတွေထဲမှာ နိုင်ငံရေးနဲ့လုံးဝမပတ်သက်တဲ့ သာမန်လက်လုပ်လက်စားတွေ၊ တောသူတောင်သား လယ်သမားကြီးတွေလည်း ပါဝင်ပါတယ်။ တကယ်ဆိုရင်သူတို့တွေဟာ လက်နက်ကိုင်အင်အားစုတွေ အခြေပြုရာအရပ်တွေမှာနေထိုင်ကြသူတွေဖြစ်လို့သာ ဘဝအရ မကင်းရာမကင်းကြောင်းသဘော၊ နီးရာဓါးကြောက်ရတဲ့သဘောတွေနဲ့ ဆက်ဆံနေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပုဒ်မနဲ့အဖမ်းအဆီးခံရပြီဆိုရင်တော့ သူပုန်အားပေး၊ သူပုန်ထောက်ခံဆိုပြီး မိတဲ့နေရာတင်ပစ်သတ်ခံရတာမျိုး၊ စစ်ကြောရေးစခန်းတွေမှာ အနှိပ်စက်ခံရပြီး အသက်ပျောက်သွားရတာမျိုး၊ ထောင်ထဲနှစ်ရှည်လများနေရပြီး မိသားစုဘဝပျက်ခဲ့ရတာမျိုးတွေလည်း အနမတဂ္ဂရှိနေပါတယ်။ အပြဋ္ဌာန်းခံအသင်းအပင်းဝင်တွေအပေါ်တင်မကတော့ပဲ မလွှဲသာလို့ဆက်ဆံရတဲ့ ပြည်သူတွေအပေါ်မှာပါ ထင်သလိုဆွဲဆန့်ကျင့်သုံးလို့ရအောင်ဆိုပြီး (နိုင်ငံတော်လုံခြုံရေး)ဆိုတဲ့စကားလုံးနဲ့ပါ ကပ်လိုက်ရင်တော့ ကြိုးစင်တက်ရင်တက်ရ၊ မတက်ရရင်တော့ တသက်တကျွန်းနဲ့လွတ်လမ်းမရှိတွေပါ ဖြစ်ကုန်တော့တာပါပဲ။
(၁၉ဝ၈) ခုနှစ်ဥပဒေနဲ့ ပထမဆုံးမတရားသင်း အကြေငြာခံရတဲ့အဖွဲ့အစည်းက အလံနီကွန်မြူနစ်ပါတီဖြစ်ပြီး (၁၉၄၇) ခုနှစ်မှာဖြစ်ပါတယ်။ BLC လို့ ခေါ်တဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီကိုတော့ (၂ဝဝ၉) ခုနှစ်မှာ နောက်ဆုံးကြေငြာခဲ့တာဖြစ်ပါတယ်။ ကိုလိုနီလက်အောက်မှာတုန်းက မတရားသင်းရယ်လို့ မရှိခဲ့တဲ့တိုင်းပြည်မှာ ခုဆိုရင် မတရားသင်းပေါင်း(၁ဝ) ခုကျော်ရှိနေပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေကို မြေအောက်အဖွဲ့အစည်းတွေ၊ ဥပဒေပြင်ပ တရားမဝင်အဖွဲ့အစည်းတွေဆိုပြီး တံဆိပ်ကပ်ပေးထားပါတယ်။ အဲဒီ အဖွဲ့အစည်းတွေရဲ့နံမည်တွေကို နိုင်ငံရေးနဲ့အလှမ်းဝေးတဲ့ သာမန်ပြည်သူတွေကြားမိတဲ့အခါမှာ စိတ်ထဲမသတီစရာလိုလိုတောင် ဖြစ်ဖြစ်သွားတတ်ကြပါတယ်။
ကျောင်းသားသမဂ္ဂလိုအဖွဲ့အစည်းမျိုးကိုတောင် မတရားသင်းထဲထည့်မထားပေမယ့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရာမှာ၊ ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်လာပြီဆိုရင်တော့(၁၉၈၈) ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တော့တာပါပဲ။
အမှန်က ဒီလို ဥပဒေဆိုးမျိုးတွေဟာ လွတ်လပ်တဲ့အမျိုးသားနိုင်ငံတစ်ခုမှာ မရှိသင့်တော့ပါဘူး။ အထူးသဖြင့် ဒီမိုကရေစီတို့၊ အပစ်အခတ်ရပ်စဲရေးတို့၊ ထာဝရငြိမ်းချမ်းရေးတို့ဆိုတဲ့စကားလုံးတွေ နားမဆန့်အောင်ကြားနေရပြီး အပြောင်းအလဲတွေလုပ်နေပါတယ်ဆိုတဲ့ ခုလိုကာလမျိုးမှာ ပိုလို့တောင် မရှိသင့်တော့ပါဘူး။ မဖြစ်မနေ ဖျက်ကိုဖျက်ပစ်ရမယ့် ဥပဒေတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အာဏာရအစိုးရအဆက်ဆက်ဟာ လူထုကိုနှိပ်ကွပ်ရာမှာ ဒီဥပဒေတွေကို အသုံးတည့်လှတဲ့ လိုတရဆေးကြီးသဖွယ် တွင်တွင်ကြီး ဆက်လက်သုံးစွဲနေရုံနဲ့တင်မကတော့ပဲ တချို့ပုဒ်မတွေမှာဆို မူလကသတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေထက်တောင် အဆပေါင်းများစွာထပ်တိုးပြီး အပြင်းအထန်နှိပ်ကွပ်နေတာတွေ့ရပါတယ်။
0 comments:
Post a Comment