ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း (၁၆) (မျိုးမြင့်ချို )သြဂုတ် ၂၃ ရက် ၂၀၁၂ နေ့ကအာရ်အက်ဖ်အေမှထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..(၆၂) ခုနှစ်မှာအာဏာသိမ်း၊ အစိုးရအဖွဲ့ဝင်တွေကိုဖမ်း၊ ပါလီမန်ကိုဖျက်ခဲ့ပေမယ့် ဖဆပလအပါအဝင် ပါတီအဖွဲ့အစည်းတွေကိုတော့ (၁၉၆၄) ခု ကျမှ တရားဝင်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေစဉ်ကာလတွေက ဖဆပလနဲ့ ပမညတတို့လိုအဖွဲ့အစည်းတွေ တည်ရှိနေပါသေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပျက်မှာ ဖဆပလ က ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ဟာ ထူးခြားတယ်လို့ထင်ရတဲ့အတွက် အဲဒီကြေညာချက်ကို နည်းနည်းတင်ပြပေးချင်ပါတယ်။ ဒီကြေညာချက်ကို (၁၆) ရက် (၁၁) လ (၆၃) နေ့စွဲနဲ့ ဖဆပလ ယာယီအလုပ်အမှုဆောင်အဖွဲ့အမည်နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကြေညာချက်ထဲမှာပါတာကတော့ နယ်မြေကိစ္စနဲ့ပတ်သက်လို့ရော၊ အပစ်ရပ်ထားချိန်တပ်တွေကိစ္စနဲ့ပတ်သက်လို့ရော၊ မဒညတဘက်ကတင်ပြတာတွေကို အစိုးရဘက်ကမလိုက်လျောခဲ့တာဟာ မှန်တဲ့သဘောမျိုးဖော်ပြထားတာတွေ့ရပါတယ်။ ဘဏ္ဏာရေးကိစ္စမှာလည်း အပစ်ရပ်ထားချိန်မှာ တဘက်အဖွဲ့အစည်းတွေကို ရံပုံငွေကောက်ခံဖို့ အစိုးရဘက်ကမလိုက်လျောခဲ့တာလည်း မှန်ကြောင်းဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေးကြီးဆွေးနွေးပွဲကြီးလိုအဆင့်မပြောနဲ့ ခုလို ပဏာမအပစ်ရပ်ရေးကိစ္စပြောဆိုနေတာမှာတောင် တဘက်အဖွဲ့အစည်းတွေက မြေပေါ်မြေအောက်ပေါင်းပြီး စစ်ရေးနိုင်ငံရေးစည်းရုံးရေးတိုက်ပွဲတွေနဲ့အတူ အစိုးရကိုအကြပ်ကိုင်နေတာဖြစ်လို့ မရိုးသားမမှန်ကန်လို့မြင်ပြီး အစိုးရရဲ့အချိန်မီတားဆီးတဲ့လုပ်ရပ်ကိုထောက်ခံကြောင်းဖော်ပြပြီး လက်နက်ကိုင်တပ်တွေဆိုတာ အစိုးရမှာပဲရှိရထားရမယ့်အကြောင်းနဲ့ အခြားအင်အားစုတွေရဲ့လက်နက်ကိုင်တပ်တွေပပျောက်ရေးအတွက် သူတို့အနေနဲ့ပါ ကြိုးပမ်းလုပ်ဆောင်လုပ်ဆောင်သွားမယ်ဆိုတဲ့ကြောင်း ကြေညာချက်မှာအတိအလင်းဖော်ပြထားတာတွေ့ရပါတယ်။ တကယ်လို့များနောင်ကို ဆွေးနွေးပွဲတွေပြန်လုပ်ဖြစ်ခဲ့မယ်ဆိုလည်း မဒညတအနေနဲ့ တောတွင်းကတရားမဝင်ရပ်တည်မှုကို အရေးမဆိုဖို့၊ မြေပေါ်ဥပဒေဘောင်အတွင်း တရားဝင်ရပ်တည်ဖို့ကိစ္စပဲပြောဖို့၊ အဲသလိုရပ်တည်ခွင့်ရတာနဲ့ ရံပုံငွေကောက်ခံတာတွေရပ်ပြီး လက်နက်ကိုင်တိုက်နေတာတွေကိုလည်း အမြန်စွန့်လွှတ်ဖို့နဲ့ အာဏာရရေး/မရရေးတွေးမနေပဲ အခြားမြေပေါ်ပါတီတွေနဲ့ယှဉ်ပြိုင်ဖို့ ဥပဒေဘောင်တွင်းသာဝင်ခဲ့ပါဆိုပြီး ဖဆပလက တိုက်တွန်းထားတာတွေ့ရပါတယ်။
သောတရှင်များခင်ဗျား..ဒီနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့အနေအထားကိုလည်း နည်းနည်းလောက်တင်ပြပါရစေ။ (၁၉၄၈) ပြည်တွင်းစစ်ကြီးစချိန်ကတည်းက ဆရာကြီးဟာ ရန်ကုန်နဲ့မန္တလေးကဆရာတော်သံဃာတော်တွေကို လျှောက်ထားပြီး တယောက်ထဲလိုလိုပဲ ငြိမ်းချမ်းရေးကိစ္စကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ (၁၉၅၆)ခုနှစ်အရောက်မှာအဖွဲ့ဝင်ရှစ်ဦးပါတဲ့ ပထမပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကိုဖွဲ့စည်းပြီး တိုင်းပြည်အနှံ့ ငြိမ်းချမ်းရေးတရားတွေဟောကြားခဲ့ကြပေမယ့် ၁၉၅၇ ရောက်တော့မှသာ တရားဝင်(ပြည်တွင်းငြိမ်းချမ်းရေးရှစ်ဦးကော်မတီ) ဆိုတာကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ (၁၉၅၈) ခု ရောက်တော့ ပြည်တွင်းစစ် (၁၀) နှစ်ပြည့်ချိန်နဲ့အတူ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကြီးလည်း အဆမတန်ကြီးထွားလာသလို အိမ်စောင့်အစိုးရလည်း ပေါ်လာပါတယ်။ အိမ်စောင့်အစိုးရအောက်မှာ အခက်အခဲအကန့်အသတ်တွေကြီးလာသလို လှုပ်ရှားမှုတွေဟာလည်းချိနည့်သွားခဲ့ရတာနဲ့ (၁၉၅၉) မှာ အဖွဲ့အစည်းကြီးကိုဖျက်ပစ်ခဲ့ရပါတယ်။ တခါ (၁၉၆၁) ရောက်တော့ ဆယ်ဦးပါ ဒုတိယပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့ခဲ့ကြပြန်ပါတယ်။ ဦးဆောင်သူတွေထဲမှာ တဦးတည်းသောအမျိုးသမီးအဖြစ် ဆရာတော်ဦးဥတ္တမရဲ့နှမတော် ဒေါ်အိမ်စိုး ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။ အဖွဲ့ကြီးဟာလည်း အင်အားပြန်လည်တောင့်တင်းလာပြီး လှုပ်ရှားမှုအရှိန်အဟုန်ဟာလည်း (၅၈) ခုတုန်းကလို ပြန်ဖြစ်လာချိန်မှာပဲ ဗိုလ်နေဝင်းဦးဆောင်တဲ့ (၆၂) အာဏာသိမ်းမှုအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ တခါ ရပ်သွားကြရပြန်ပါတယ်။ နောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေးခေါ်ချိန်ရောက်တော့လည်း အဖွဲ့ကြီးဟာသတိကြီးကြီးနဲ့ရပ်တည် ထောက်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲတွေပျက်ပြီးနောက်ပိုင်းမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေအကန့်သတ်ခံရသလို နောက်ပိုင်းမှာ အသင်းအပင်းအဖွဲ့အစည်းတွေ အဖျက်ခံရတဲ့အထဲပါသွားပြီး အဖွဲ့ကြီးလည်းပျက်စီးခဲ့ရပြီးတဲ့နောက် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရည်မှန်းခဲ့တဲ့ သူမနာကိုယ်မနာနည်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ပန်းတိုင်လည်း ပျောက်ကွယ်ခဲ့ရပါတယ်။
သောတရှင်များခင်ဗျား..၆၃ ခုနှစ် ဆွေးနွေးပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးတဲ့အဆင့်မရောက်ခင်မှာတင်ပျက်သွားခဲ့တာကို မြင်ကြရမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေပျက်ရတာဟာ အစိုးရရဲ့ငြိမ်းချမ်းရေးထောင်ချောက်နဲ့ လက်နက်ချခိုင်းရေးကိစ္စဖြစ်တယ်၊ ဒါကိုသိနေတဲ့ တောတွင်းအင်အားစုတွေကရှောင်ရှားပြီး မိမိတို့တောင်းဆိုချက်တွေနဲ့ ညှိနှိုင်းဖို့အာဘော်တင်ပြကြတယ်၊ ဒီတင် အစိုးရဘက်က သူလိုချင်တဲ့ပုံစံကို စိတ်တိုင်းကျမရနိုင်တော့တဲ့အဆုံး ဆွေးနွေးပွဲတွေကို တဘက်သတ်လက်ဦးမှုယူပြီးဖျက်သိမ်းခဲ့တာလို့ ကျောင်းသားသမဂ္ဂတွေအပါအဝင် လူထုလူတန်းစားအဖွဲ့အစည်းအများစုကရှူမြင်ခဲ့ပေမယ့် ဖဆပလမြင်သလိုရှူမြင်ခဲ့တဲ့ အဖွဲ့အစည်းတွေလည်းရှိခဲ့ပါတယ်။
ဆွေးနွေးပွဲတွေပျက်ပြီးပြီးချင်း တော်လှန်ရေးကောင်စီဘက်က စလုပ်တဲ့အလုပ်ကတော့ တတိုင်းပြည်လုံး လူဖမ်းပွဲကြီးကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေ၊ ပါတီအဖွဲ့အစည်းခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေနဲ့အတူ လူတွေ ထောင်ချီပြီးအဖမ်းခံ အနှိပ်စက်ခံ အသတ်အဖြတ်ရရုံတင်မကတော့ပဲ ခေါင်းဆောင်တွေအပါအဝင်တချို့ကို တကျွန်းပို့ပြီး ပြန်လမ်းမရှိနည်းနဲ့ အပြီးသတ်နှိပ်ကွပ်ခဲ့တာတောင် ရှိပါတယ်။ အဲသလိုမျိုး ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို ရပ်ပစ်ဖို့ကြိုးစားခဲ့တာ၊ ပြည်တွင်းစစ်အပြုတ်တိုက်ရေးလမ်းစဉ်တွေချမှတ်ခဲ့တာမှန်ပေမယ့် လက်တွေ့မှာတော့ ပြည်တွင်းစစ်မီးဟာ ငြိမ်းမသွားတဲ့အပြင်ပိုလို့တောင် အရှိန်ပြင်းပြင်းနဲ့တောက်လောင်နေခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဖဆပလလက်ထက်ကလည်း (၆) လအတွင်း ပြည်တွင်းစစ်အပြုတ်တိုက်ရေးမူ ရှိခဲ့သလို နောက်ပိုင်းအစိုးရတွေမှာလည်းရှိခဲ့ပါတယ်။ အဲသလိုပါပဲ တောတွင်းအင်အားစုတွေမှာလည်း ပြည်တွင်းစစ်ကိုအပြတ်ချဖို့ အားထုတ်ခဲ့တာတွေရှိခဲ့ပါတယ်။ ဗကပက ကိုရီးယားစစ်ဖြစ်ချိန်နဲ့တိုက်ပြီး (၂) နှစ်အတွင်းစစ်နိင်ရေးလုပ်ခဲ့ဖူးတာရှိသလိုပဲ ကိုယ့်ရည်မှန်းချက်အသီးသီးနဲ့လက်နက်ကိုင်ခဲ့ကြရတဲ့ လူမျိုးစုတွေမှာလည်းရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်ဘက်ကမှအပြတ်မဖြတ်နိုင်ခဲ့ပဲ ပြည်တွင်းစစ်ကြီး ခုလောက်သက်ဇိုးရှည်နေရတာကို ယေဘုယျကောက်ချက်ဆွဲကြည့်မယ်ဆိုရင်.. တောတွင်းအင်အားစုတွေမှာ ဘုံရန်သူသာရှိပြီး ဘုံလုပ်ငန်းလမ်းစဉ်မရှိတာကြောင့်လည်းဖြစ်နိုင်သလို စစ်အာဏာရှင်စနစ်ဟာ ကိုယ်ကျိုးစီးပွားတွေပေါ်မှာ စနစ်တကျအမြစ်တွယ်ပြီး တဘက်အင်အားစုတွေနဲ့တိုင်းပြည်ကို ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွဲထားနိုင်တာကြောင့်လည်း ဖြစ်မယ်လို့တွက်လို့ပါတယ်။
သောတရှင်များခင်ဗျား..နောက်အပတ်တွေမှာတော့ နဝတ၊ နအဖနဲ့ လက်ရှိသမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအထိလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးတွေအကြောင်း ပျက်ခဲ့တာတွေအကြောင်း အကျဉ်းချုပ်တင်ပြပေးသွားပါမယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
0 comments:
Post a Comment