Saturday, August 18, 2012

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း(၁) အောင်ထူး(ရှေ့နေ)

0 comments

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ် သုံးသပ်ချက် အပိုင်း(
အောင်ထူး(ရှေ့နေ) (ယူတာကဒီနေရာက) http://www.facebook.com/notes/aung-htoo/ရခိုင်ပြည်နယ်အဓိကရုဏ်း-ဦးသိန်းစိန်-အင်တာဗျူးအပေါ်သုံးသပ်ချက်-အပိုင်း-၃/498894480140609

၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏မေးခွန်းများအား ဖြေကြားသွားခဲ့သည်။ စစ်အစိုးရ၏သမတပင်ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကို တလေးတစားဖြေကြားသွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည်ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နှုတ်ဖျားမှနေ၍ "လူသားအမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးကိုရှေ့တန်းကနေတင်ပြီး စဉ်းစားတတ်လာအောင် အချိန်ယူပြီးလုပ်သွားရမယ်ဟု ထုတ်ဖေါ်ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ်က နှစ်ပေါင်းငါးဆယ်ကျော်လွှမ်းမိုးခဲ့သည့် ကာလအတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှုအယူအဆ၊ human rights ဟုခေါ်သည့် လူ့အခွင့်အရေးအတွေးအခေါ် စသည့်စကားလုံးများအား တန်ဘိုးထားကြောင်းပြသသည့်အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏နှုတ်ဖျားမှရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့်ဖြစ်သည်။

ဖြစ်ပွားခဲ့သောအဓိကရုဏ်းနှင့်စပ်လျှဉ်း၍ ဦးသိန်းစိန်က "တိုင်းပြည်ရဲ့ထူးခြားတဲ့အနေအထားအရ ကြည့်ရမယ်။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုထိပါးတာ လက်မခံနိုင်ဘူး။ ဒါဟာ အမျိုးသားရေးပြဿနာဖြစ်တယ်။ အမျိုးသားလုံခြုံရေးရှုဒေါင့်ကနေကြည့်ရမယ်စသည်တို့ကို တလုံးမှ သုံးပြီး ခုခံချေပနှိုင်ခဲ့ခြင်းမရှိပါ။

ယခု ဦးသိန်းစိန်ကိုယ်တိုင်၏အတိအလင်းထုတ်ဖေါ်ချက်အရ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်စပ်လျှဉ်း၍ လူသားချင်းစာနာမှုအယူအဆနှင့် လူ့အခွင့်အရေးအတွေးအခေါ်တို့အား ရှေ့တန်းကနေတင်ပြီး စဉ်းစားရမည်ဆိုသည့်အချက်မှာ အငြင်းမပွားတော့ဟုဆိုနိုင်သည်။ အင်တာဗျူးအသေးစိပ်ကိုကို ဤလင့်ခ်တွင် နားဆင်ပါ။ http://www.youtube.com/watch?v=2L2-QRCs5s0

ယခုကဲ့သို့စစ်အစိုးရ၏ထိပ်သီးကြီးကိုယ်တိုင်က ၀န်ခံပြောဆိုလာပြီဖြစ်သဖြင့် စစ်အစိုးရ၏လွှတ်တော်အတွင်းမှနေ၍ စစ်အစိုးရလေသံအတိုင်းပြောဆိုနေကြသော အချို့လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအာဏာပိုင်ပုဂ္ဂိုလ်များသည် "လူ့အခွင့်အရေးချည်းဘဲ ပြောနေလို့မရဘူး။ ကိုယ့်နိုင်ငံရဲ့ထူးခြားတဲ့အခြေအနေကိုလည်းကြည့်ရမယ်ဟူသော မရေရာသည့်ဆင်ခြေမျိုးမပေးသင့်တော့။ လူ့အခွင့်အရေးချိုးဖေါက်မှုများအား အားပေးသည့်သဘောဆောင်သည့် ပြောဆိုမှု၊ ပြုမူမှုများအား အမြန်ဆုံးရပ်တန်းကရပ်သင့်ပြီဖြစ်သည်။

စာရေးသူသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ရိုဟင်ဂျာပြသနာ၊ လူ့အခွင့်အရေးနှင့် အမျိုးသားဂုဏ်သိက္ခာဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင်ရေးသားတင်ပြခဲ့ပြီး အဓိကရုဏ်းအား ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုသည့်အနေဖြင့် နိဂုံးချုပ်တင်ပြချက် စုစုပေါင်းရှစ်ချက်ကိုတင်သွင်းခဲ့သည်။ ပထမဆုံးအချက်မှာ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးတို့နှင့် စပ်လျှဉ်း၍ဖြစ်သည်။ ယင်းကို အောက်တွင် ရှုစေလိုပါသည်။

(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ် အသက်ရှင်ခွင့်ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင်မရရှိဟူသောသတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာ လုံးဝမဖြစ်သင့်ပါ။ လူ့အခွင့်အရေးရှုဒေါင့်မှကြည့်လျှင်မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟုဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာသာဝင်များအနေဖြင့် အမြန်ဆုံးကူညီစောင့်ရှောက်နိုင်ရန် စဉ်းစားဆောင်ရွက်သင့်ပါသည်။

တင်ပြချက်ကိုထောက်ကာ စာရေးသူအား ရိုဟင်ဂျာများဘက်ကလိုက်ပြီးရေးသည်ဟု ထိုစဉ်ကဝေဘန်သူ တချို့ရှိခဲ့သည်။ ဖြေရှင်းခွင့် မကြုံခဲ့ပါ။ ရင်းနှီးသောမိတ်ဆွေတချို့တလေကလည်း စာရေးသူအားခင်ဗျား ဒီကိစ္စကြီး သွားပြီး မရေးနဲ့ဗျ၊ သိတ်ရှုပ်တယ်”ဟု သဘောရိုးဖြင့် သတိပေးကြပါသည်။ ဝေဘန်သူတချို့ကို မည်သို့မျှ အာဃာတမရှိသလို၊ စေတနာရိုးဖြင့်သတိပေးသော မိတ်ဆွေများကိုလည်း ကျေးဇူးတင်ရပါမည်။ သို့ရာတွင် ကမ္ဘာလောကကြီးတွင် တရားမျှတမှုဖုံးလွှမ်းစေလိုပါက အမှန်တရားကိုထုတ်ဖေါ်ရမည်ဟု ယုံကြည်သောကြောင့် ယခု နောက်ထပ်ဆောင်းပါးတစောင် ထပ်ရေးခြင်းဖြစ်သည်။

ရိုဟင်ဂျာလည်း လူဖြစ်ပါသည်။ ကုလားဟု အလွယ်တကူခေါ်နေကြသူများလည်း လူဖြစ်ပါသည်။ တရုတ်လည်း လူဖြစ်ပါသည်။ ဤပုဂ္ဂိုလ်များ အားလုံးကို လူ ဟူ၍ အရှိအတိုင်းမြင်စေလိုသောစေတနာဖြင့် စာရေးသူက အထက်တွင်ဖေါ်ပြခဲ့သည့်ဆောင်းပါးကို ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုမျှသာမက ထိုပုဂ္ဂိုလ်များအပေါ် လူ့ဂုဏ်သိက္ခာနှင့်အညီ သဘောထားစေချင်၊ ဆက်ဆံစေချင်၍လည်းဖြစ်သည်။ လူ့အခွင့်အရေးကိုလက်ခံလျှင် ဤသည်ကို ငြင်းဆန်ရန် မသင့်ပါ။

လူ့အခွင့်အရေးကို အမျိုးသားရေးနှင့်ဆက်စပ်၍လည်း တန်ဘိုးထားသင့်ပါသည်။ ယနေ့ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သော Globalization ခေတ်ကို ရောက်နေပါပြီ။ ဤသည်ကို မည်သူမျှ အငြင်းမပွားပါ။ စစ်အာဏာရှင်နေ၀င်းကြီးစိုးခဲ့သည့်အချိန်ကလို ကိုယ့်နိုင်ငံကို ကိုယ်တံခါးပိတ်ထားပြီး ၀ါးလုံးခေါင်းထဲမှာ လသာလို့ရသောခေတ် မဟုတ်တော့ပါ။ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သောခေတ်ကြီးတွင် အားကောင်းချက်များရှိသလို အားနည်းချက်များလည်း ရှိပါသည်။ လူ့အခွင့်အရေးအတွေးအခေါ်အယူအဆ ကမ္ဘာတ၀ှမ်းသို့အရှိန်အဟုန်နှင့်ပျံ့နှံ့သွားသည်ကိုမူ အားကောင်းချက်အဖြစ် တကမ္ဘာလုံးကအငြင်းမပွားဘဲ လက်ခံကြပါသည်။
လူ့အခွင့်အရေးကို လက်ခံကျင့်သုံးသောလူမျိုးသည် ကမ္ဘာတွင်ဂုဏ်တင့်ပါသည်။လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသော ရခိုင်လူမျိုးအဖြစ်ကမ္ဘာကအသိအမှတ်ပြုစေချင်ပါသည်။သမိုင်းတွင် ယဉ်ကျေးမှု အားကောင်းကောင်းကျင့်သုံးခဲ့သော ရခိုင်လူမျိုး”မေတ္တာတရားကြီးမားသော ဗုဒ္ဓဘာသာဝင်များဖြစ်သည့်ရခိုင်လူမျိုး”အဖြစ် ကမ္ဘာကရှုမြင်စေချင်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်းပြခြင်းသည် လူမျိုးတမျိုး၏ အမျိုးသားဂုဏ်သိက္ခာကိုပါ မြင့်တက်သွားစေသည်။ ဤသို့ဖြင့် ရခိုင်လူမျိုး၏ လူမျိုးဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏ အမျိုးသားဂုဏ်သိက္ခာကိုပါ မြှင့်တင်ဈေခင်သည်။ စာရေးသူက အမျိုးသားရေးကို ဤသို့ရှုမြင်ပါသည်။

ရခိုင်ပြည်နယ်၏လှပသော ရေမြေတောတောင်များ၊ မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေများ၊ သဘာဝကျွန်းငယ်ကျွန်းစုများအား လူသတ်ကွင်းများအဖြစ်ပြောင်းမသွားစေလိုပါ။ ငြိမ်းချမ်းသည့်ဒေသများ၊ လုံခြုံရေးအတွက် ပူပင်ရန်မလိုအပ်သောနေရာများ၊ ဥပဒေစိုးမိုးရေးရှိသည့်ဝန်းကျင်များအဖြစ် ကမ္ဘာက ရှုမြင်စေလိုသည်။ သို့မှသာ နိုင်ငံခြားခရီးသည်များ လာရောက်ကြပါမည်။ ရင်းနှီးမြှုပ်နှံလိုသူများ ၀င်လာကြပါမည်။ စက်ရုံအလုပ်ရုံများ အားကောင်းကောင်း ပေါ်လာပါမည်။ ကုန်ရောင်းကုန်ဝယ်များ ဖြစ်ထွန်းပါမည်။ စာရေးသူက ရခိုင်အမျိုးသားများ၏ အမျိုးသားအကျိုးစီးပွားကို ဤသို့ မြှော်မှန်းပါသည်။

(အပိုင်း ကို ဆက်လက် ဖတ်ရှုပါရန်)
အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၆) ရက် ၂၀၁၂ ခုနှစ်

0 comments:

Post a Comment