Thursday, July 12, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ- အပိုင်း ၁ဝ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ- အပိုင်း ၁ဝ (မျိုးမြင့်ချို) ဇူလိုင် ၁၂ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…အလံနီကွန်မြူနစ်ပါတီနဲ့ဆွေးနွေးပွဲပျက်သွားခဲ့ပေမဲ့ 
၃ ပါတီနဲ့တော်လှန်ရေးကောင်စီတို့ ဆက်ဆွေးနွေးကြဖို့သဘောထားရှိကြတဲ့ အတိုင်းပဲ ၁၉၆၃ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှာ (၃) ပါတီရဲ့ ဗဟိုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးမယ့် ကိုယ်စားလှယ်လွှဲစာကို အတွင်းရေးမှူးစကောလယ်တောအမည်နဲ့ ထုတ်ပြန်လိုက်ပါတယ်။
လာရောက်ဆွေးနွေးကြမယ့် ဗဟိုအဆင့်ကိုယ်စားလှယ်တွေကတော့
အဖွဲ့ခေါင်းဆောင်မန်းဘဇန် (ဥက္ကဋ္ဌ ကေအင်န်ယူပါတီ)၊ ဒုတိယခေါင်းဆောင်နိုင်ဘလွင် (ဥက္ကဋ္ဌ မွန်ပြည်သစ်ပါတီ) ဒုတိယခေါင်းဆောင် မော်ရာယ် (အတွင်းရေးမှူးချုပ် KNPP)၊ အဖွဲ့အတွင်းရေးမှူးစကောလယ်တော (အထွေထွေအတွင်းရေးမှူး ကေအင်န်ယူပါတီ)၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ကျင်ဖေ (ဗဟိုကော်မတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ ကေအင်န်ယူပါတီ)
----------ဗိုလ်သန်းအောင် (ဗဟိုကော်မတီ ကေအင်န်ယူပါတီ)
----------ဗိုလ်စံလင်း (ဗဟိုကော်မတီ KNPP) နဲ့ ရုံးအဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးတာမလာဘော၊ ဗိုလ်မှူးမြမောင်၊ ဦးသန်းအောင်နဲ့စောထွန်းကျင်တို့ ဖြစ်တယ်လို့ဖော်ပြပြီး မွန်ပြည်သစ်ပါတီအနေနဲ့ ဗဟိုအဆင့်ရှိသူအခြားနှစ်ဦးကို ထပ်မံပါဝင်ပါမည်လို့ ဆိုထားတာတွေ့ရပါတယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေဆွေးနွေးကြတဲ့အချိန်မှာ နိုင်တက်ထွန်းနဲ့နိုင်ထင်တို့ အမည်တွေကိုတွေ့ရတဲ့အတွက် သူတို့နှစ်ဦးဟာ  မွန်ပြည်သစ်ပါတီကထပ်ဖြည့်ပေးလိုက်တဲ့ ဗဟိုကိုယ်စားလှယ်တွေဖြစ်တယ်လို့ ယူဆရမှာဖြစ်ပါတယ်။

၆၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ အမှတ်(၁၄) အင်းယားလမ်းအစိုးရဧည့်ဂေဟာမှာ နှစ်ဘက်ကိုယ်စားလှယ်တွေတွေ့ပြီး ပဏာမဆွေးနွေးပွဲစတင်ခဲ့ကြပါတယ်။ တော်လှန်ရေးကောင်စီဘက်က တက်လာတဲ့ကိုယ်စားလှယ်အဖွဲ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း၊  ဗိုလ်မှူးကြီးလှဟန်၊ ဗိုလ်မှူးကြီးကျော်စိုး၊ ဒုဗိုလ်မှူးကြီးသောင်းဒန်နဲ့ ဒုဗိုလ်မှူးကြီးချစ်ခင်တို့ ပါဝင်ပါတယ်။ ထူးခြားချက်တခုကတော့ ဗဟိုအဆင့်ကိုယ်စားလှယ်တွေရဲ့ ပဏာမဆွေးနွေးပွဲမှတ်တမ်းကိုထုတ်ပြန်တော့ တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ခေါင်းဆောင်ဆိုတဲ့နေရာမှာ ဗိုလ်ချုပ်ကြီးနေဝင်းမဟုတ်ပဲ ဗိုလ်မှူးကြီးလှဟန်အမည်နဲ့ဖြစ်နေတာ တွေ့ရပါတယ်။ နှစ်ဘက်ဆွေးနွေးချိန်က စုစုပေါင်း ၄၅ မိနစ်ခန့်ရှိတယ်လို့ဆိုပါတယ်။

ဆွေးနွေးပွဲ စစခြင်းဗိုလ်ချုပ်နေဝင်းက ဒီနေ့ဆွေးနွေးပွဲမှာ သူတို့ဘက်ကကိုယ်စားလှယ်တွေ အစုံအလင်မတက်နိုင်ပေမယ့် (၃) ပါတီဘက်ကတောင်းဆိုချင်တာတွေရှိရင် တောင်းဆိုပါဆိုပြီး အဖွင့်နိဒါန်းစကားပြောခဲ့ပါတယ်။ အပြန်အလှန်ဆွေးနွေးပြောဆိုကြရာမှာ ပဏာမအဆင့်မှာတင် အခြေအတင် အခုအခံဖြစ်ရတာကတော့ အပစ်အခတ်ရပ်စဲထားရေးကိစ္စပါ။ (၃)ပါတီဘက်က ဒီကိစ္စကိုတင်ပြရာမှာ ဗိုလ်နေဝင်းက ဘယ်လိုမှမဖြစ်နိုင်တဲ့ကြောင်း၊  အခက်အခဲတွေရှိနိုင်ကြောင်းကိုသာ တွင်တွင်ပြောပြီး ဆက်ဆွေးနွေးလို့မဖြစ်အောင် ပိတ်ပိတ်ကာကာလုပ်တာတွေလည်း ရှိခဲ့ပါတယ်။

နောက်ထပ် အကျပ်ရိုက်စေခဲ့တဲ့အချက်တချက်ကတော့ အောင်မြင်သည်ဖြစ်စေ ပျက်သွားသည်ဖြစ်စေ ဆွေးနွေးပွဲပြီးရင် နှစ်ဘက်ဆွေးနွေးချက်တွေကို တိုင်းပြည်ကို ရေဒီယိုကနေထုတ်ပြန်အသံလွှင့်ဖို့ 
(၃)ပါတီဘက်က တင်ပြတောင်းဆိုတာကိုလည်း ဗိုလ်နေဝင်းတို့ဘက်က သောင်မတင်ရေမကျအဖြေနဲ့သာ တုန့်ပြန်ခဲ့တာကိုတွေ့ရပါတယ်။ ဆက်ပြီးတော့ မန်းဘဇန်တို့ဘက်ကနေ တောင်းဆိုတင်ပြချက်တွေ တင်လာတဲ့အခါမှာလည်း ဗိုလ်နေဝင်းက တင်ပြချက်တွေကများလွန်းလို့ အချိန်ယူပြီးမှဖြေရမှာဖြစ်တယ်လို့ ပြောခဲ့တာမျိုးလည်းရှိပါတယ်။ တဆက်တည်းမှာပဲ သူ ပြန်မဖြေခင်မှာ လာဆွေးနွေးကြတဲ့သူတွေဟာ ဈေးဆစ်တဲ့သဘောမျိုး၊ စေတနာမသန့်တဲ့သဘောမျိုး ပါနေမယ်ဆိုရင်ယုံကြည်ဖို့မလွယ်တဲ့ကြောင်းပြောပြီး သခင်စိုးကြီးကိုလည်း အကြံသမားဖြစ်တယ်လို့စွပ်စွဲကာ အဖွဲ့အစည်းတချို့အပေါ်မှာ သံသယရှိသင့်သလောက်ရှိတယ်ဆိုတဲ့အကြောင်း ပြောလာတာကိုတွေ့ရပါတယ်။ 

ဆွေးနွေးစဉ်ကာလတွေမှာ လူထုလွတ်လပ်ခွင့်နဲ့စည်းရုံးခွင့်တွေကိုတော့ မပေးနိုင်တဲ့ကြောင်း၊ လူထုကို နေရာတကာမှာချပြနေရမယ့်အတွက် အချိန်ကုန်တာသာ အဖတ်တင်မယ့်အကြောင်း၊ ဆွေးနွေးပွဲရပ်စဲချိန်ကျတော့မှသာ တိုင်းပြည်ကိုတင်ပြမယ်ဆိုပြီး အပြီးသတ်ပယ်ချလိုက်ပါတယ်။

ဒီလိုနဲ့ဆွေးနွေးပွဲဟာ အပစ်အခတ်ရပ်စဲထားရေးကိစ္စဖြစ်တဲ့ အစနေရာကိုပဲတပတ်ပြန်လည်လာပြန်ပါတယ်။ ဒီတင် (၃) ပါတီဘက်က  အပစ်အခတ်ရပ်စဲရေးကို တော်လှန်ရေးကောင်စီဘက်က မူအားဖြင့်လက်ခံနိုင်မခံနိုင်ဆိုတာကို ပြန်ကြားပေးပါ၊ အခုအချိန်မှာ ဆွေးနွေးဘက်တွေအချင်းချင်း အဆင်ပြေမှုရသွားရင် အခြားအဖွဲ့အစည်းတွေအတွက်လည်းဆွေးနွေးရေးမှာ အထောက်အကူဖြစ်နိုင်ပါတယ်ဆိုပြီးတင်ပြလိုက်တော့မှပဲ ဗိုလ်နေဝင်းက အပစ်အခတ်ရပ်စဲထားရေးကို မူအားဖြင့်တော့လက်ခံပါတယ်လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ လက်တွေ့လုပ်ပေးဖို့ကိစ္စကို မန်းဘဇန်တို့ဘက်ကတင်ပြပါဆိုတော့(၃)ပါတီဘက်က ဒီကိစ္စကို(အမျိုးသားဒီမိုကရေညီညွတ်ရေးတပ်ပေါင်းစု) မဒညတအနေနဲ့ ဆောင်ရွက်လိုပါတယ်လို့တင်ပြပါတယ်။

ဒီတော့ ဗိုလ်မှူးကြီးလှဟန်က ဒီကိစ္စကို တစ်ဖွဲ့တစ်စည်းနဲ့မဟုတ်ပဲ မဒညတအနေနဲ့ ဆက်လက်ပြောဆိုသွားမယ်ဖြစ်ကြောင်းပြောပါတယ်။ (၃)ပါတီဘက်ကလည်း ဒါဆို ဒီကိစ္စကို မဒညတအနေနဲ့အရင်ဆွေးနွေးမယ်၊ ကျန်တာတွေကိုတော့ ခုကိစ္စပြီးမှဆက်ဆွေးနွေးကြဖို့ 
တင်ပြခဲ့တာတွေ့ရပါတယ်။ ဒီ့နောက်တော့ ဗိုလ်မှူးကြီးလှဟန်ရဲ့ အပစ်အခတ်ရပ်စဲရေးကို မဒညတအနေနဲ့ဆွေးနွေးရန်သဘောတူပါတယ်ဆိုတဲ့အချက်ကို ဗမာပြည်ကွန်မြူနစ်ပါတီအားအကြောင်းကြားရန်ဆိုတာကိုလည်း နှစ်ဘက်ကိုယ်စားလှယ်တွေ သဘောတူခဲ့ကြတာတွေ့ရပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment