Thursday, July 26, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၂။ (မျိုးမြင့်ချို)

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း-၁၂။ (မျိုးမြင့်ချို) ဇူလိုင် ၂၆ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေကထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား..ဗကပဘက်က အစိုးရရှင်းလင်းပေးရမယ့် အချက်တွေကိုတင်ပြရာမှာ..(လွတ်ငြိမ်းခွင့်နဲ့မလုံလောက်လို့အခြားအကြောင်းတွေရှိနေသေးရင်) ဆိုတဲ့သဘောဟာ လွတ်ငြိမ်းခွင့်ကိုမူအရလက်ခံပြီး မလုံလောက်သေးလို့ လာဆွေးနွေးရတယ်ဆိုတဲ့အဓိပ္ပါယ်ရောက်နေကြောင်း၊ လွတ်ငြိမ်းခွင့်ကို လက်ခံမှဆွေးနွေးမယ်ဆိုတဲ့ စည်းကမ်းကြိုတင်သတ်မှတ်ချက်ပါရှိနေတယ်လို့ ပြောလို့ရနိုင်တဲ့ကြောင်း၊ ဗကပအနေနဲ့က လွတ်ငြိမ်းခွင့်ကိုငြင်းပယ်ထားပြီးဖြစ်လို့ အခုလိုမျိုးကြိုတင်စည်းကမ်းသတ်မှတ်ထားတဲ့ ကမ်းလှမ်းချက်ဟာ တဘက်နဲ့တဘက်သံသယပွားစေနိုင်တဲ့အကြောင်း၊ ဒါ့ကြောင့် ဒီအချက်ဟာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မဟုတ်ကြောင်းရှင်းပေးပါလို့ ဆိုထားပါတယ်။

နောက်တခုက အခုလုပ်မယ့်ဆွေးနွေးပွဲတွေမှာ (လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တပြိုင်နက်တည်းတွေ့မှာလား တပါတီစီခွဲပြီးတွေ့မှာလား)ဆိုတာလည်း ရှင်းလင်းပေးစေလိုတဲ့အကြောင်း၊ ဗကပအနေနဲ့ကတော့ အားလုံးနဲ့တပြိုင်တည်းတွေ့သင့်တယ်လို့မြင်တဲ့အကြောင်း၊ အဲလိုတွေ့မှလည်း အလုံးစုံလွှမ်းခြုံနိုင်မယ့်သဘောတူညီချက်ကိုရပြီး၊ စစ်ရပ်စဲပြီးငြိမ်းချမ်းရေးတည်ဆောက်နိုင်မှာဖြစ်တဲ့ အကြောင်း၊ တဖွဲ့ဖွဲ့နဲ့သဘောတူညီချက်ရရုံနဲ့ ပြည်တွင်းစစ်ရပ်သွားမှာမဟုတ်တဲ့အပြင် အားလုံးကြားမှာ သံသယတွေပွားများလာမှာဖြစ်တဲ့အကြောင်း၊ အားလုံးနဲ့တပြိုင်တည်းတွေ့ဖို့လည်းတိုက်တွန်းတဲ့အကြောင်း၊ ဒါပေမဲ့ အဲသလိုတွေ့ဖို့လောလောဆယ်မှာ ခက်ခဲနေသေးတယ်ဆိုရင်တော့ ဗကပအနေနဲ့ အကြိုက်ဆုံးမဟုတ်သေးရင်တောင် အားလုံးနဲ့တပြိုင်တည်းတွေ့ရေးကိုအထောက်အကူဖြစ်အောင် အကျိုးဖြစ်ထွန်းအောင်တွေ့မယ်လို့ဖော်ပြထားပါတယ်။

နောက်တချက်က (အတိတ်ကအကြောင်းအရာတွေနဲ့ပတ်သက်လို့ တဦးနဲ့တဦးအပြစ်ဖို့တာကိုရှောင်ကြဉ်ပြီး)လို့ဆိုတဲ့စကားရပ်ဟာ တိုင်းပြည်အတွက်ရှေ့လုပ်ငန်းစဉ်တွေချမှတ်ရာမှာ အမှားတွေကိုရှောင်ရှားနိုင်ဖို့အရေး အတိတ်ကသင်ခန်းစာအချို့ကို ဓမ္မဓိဋ္ဌာန်ကျကျ ရှာကြံခြင်းကိုရှောင်ကြဉ်ရမယ်လို့ ဆိုလိုရာရောက်/မရောက် သိလိုတဲ့အကြောင်း၊ ခုလိုမျိုး တိုင်းပြည်ရဲ့ကြမ္မာကိုဆွေးနွေး စဉ်းစားကြမယ့်အစည်းအဝေးမျိုးကြီးမှာ ဒီပြဿနာမျိုးတွေပေါ်လာတတ်ကြောင်းနဲ့ ဓမ္မဓိဋ္ဌာန်ကျကျသင်ခန်းစာရှာကြံခြင်းကို အစိုးရကမဆန့်ကျင်ဟုဆိုလိုပါက အစိုးရသဘောထားကို အတိအလင်းဖော်ထုတ်ရှင်းလင်းပေးပါလို့ ဆိုထားတာကိုတွေ့ရပါတယ်။

နောက်တချက်က(ကြိုတင်စည်းကမ်းသတ်မှတ်ချက်ထားတာဟာ ဆွေးနွေးမယ့်နယ်နမိတ်ဘောင်ကို ကျဉ်းမြောင်းစေတယ်)လို့ဆိုတာဟာ အစိုးရဘက်က ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားလိုတဲ့ဆန္ဒ ရှိတာလို့မြင်ပေမယ့် ဘယ်အချက်ပေါ်အခြေခံမယ်၊ ဘယ်အစီအစဉ်နဲ့ဆွေးနွေးမယ်ဆိုတာမရှိပဲနဲ့ အစည်းအဝေးတွေလုပ်လို့မရတဲ့အကြောင်း၊ အခြေခံရမယ့်အချက်နဲ့အစီအစဉ်တွေကို တက်ရောက်လာမယ့်သူတွေက ကြိုသိထား ကြိုစဉ်းစားထားဖို့လိုတဲ့အကြောင်း၊ မျက်နှာချင်းဆိုင်မိကြတော့မှပဲ အသီးသီးကကိုယ့်အခြေခံတွေကိုတင်ပြနေတာဆိုရင် အခြားသူအဖို့စဉ်းစားချိန်မပေးဘဲ အကြပ်ကိုင်ပြီးလက်ခံခိုင်းသလိုဖြစ်တတ်တဲ့အကြောင်း၊ ဒါ့ကြောင့်အစိုးရအနေနဲ့ ဘယ်အခြေခံအချက်တွေပေါ်မှာ ဘယ်လိုအစီအစဉ်နဲ့ဆွေးနွေးမလဲဆိုတာကို ရှင်းလင်းပေးစေလိုကြောင်း တင်ပြထားပါတယ်။

ဗကပအနေနဲ့ကတော့ သူ့အခြေခံတွေကို တိုင်းပြည်ကိုတင်ပြထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ဆွေးနွေးပွဲမတိုင်ခင် အခြေခံနဲ့အစီအစဉ်တွေသတ်မှတ်ဖို့ညှိနှိုင်းဖို့ ပဏာမပြင်ဆင်ရေးအစည်းအဝေး လုပ်သင့်တဲ့အကြောင်း၊ ဗကပကတင်ပြတဲ့အချက် (၄) ချက်သာမကပဲ အခြားဆွေးနွေးဘက်တွေက တင်ပြမယ့် အကျိုးရှိမယ့်အခြေခံတွေကိုပါ ထည့်စဉ်းစားဖို့လိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ အစိုးရထိုးစစ်တွေနဲ့ တပ်စွဲတာတွေကိုရပ်ပေးထားဖို့ဖြစ်ပြီး၊ ကမ်းလှမ်းချက်ကိုလက်ခံပြီးတွေ့မယ်ဆိုမှ အဲဒီအဖွဲ့အစည်းရှိတဲ့နေရာဒေသလောက်ကိုသာထိုးစစ်ရပ်ပြီး တပြည်လုံးထိုးစစ်လုပ်နေတာတွေကို သံသယရှိတဲ့အကြောင်း ဆက်ပြီးဖော်ပြထားပါတယ်။

အဲသလို အခြေခံရှိတဲ့အစီအစဉ်ရှိတဲ့ဆွေးနွေးပွဲဖြစ်ဖို့ အစွမ်းကုန်ကြိုးစားမယ့်အကြောင်းနဲ့ ရှင်းစရာရှိတာတွေရှင်းလင်းပေး အခြေခံသတ်မှတ်ပြင်ဆင်မှုတွေ လုပ်ပေးပြီးတဲ့အခါကျရင် ဗကပအနေနဲ့ ဗဟိုကော်မတီကနေ ကိုယ်စားလှယ်တွေ စေလွှတ်ပေးမှာဖြစ်တဲ့အကြောင်း ဖော်ပြထားပြီးတဲ့နောက် ဆွေးနွေးပွဲကြီးဖြစ်မြောက်လာဖို့ လိုအပ်မယ့်အခြေခံအချက်တွေ သတ်မှတ်ပြင်ဆင်ရေးတွေအတွက် အစည်းအဝေးလုပ်မယ်ဆိုရင် အစည်းအဝေးတက်ဖို့ ပဏာမကိုယ်စားလှယ်တွေစေလွှတ်ဖို့ ရွးချယ်ထားပြီးဖြစ်တယ်လို့ နိဂုံးချုပ်မှာဖော်ပြထားပါတယ်။

စာကို သခင်သန်းထွန်း ဗကပ ဗဟိုကော်မတီအမည်နဲ့ ၆၃ ခု ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်တာဖြစ်ပါတယ်။

သောတရှင်များခင်ဗျား..ဗကပဘက်ကတောင်းဆိုတင်ပြချက်တွေမှာ အစိုးရဘက်ကသုံးစွဲထားတဲ့ စကားလုံးတွေရဲ့နောက်ကွယ်က အနက်အဓိပ္ဗါယ်တွေကို နိုင်ငံရေးအရတိတိကျကျရှင်းပေးဖို့ ဦးတည်တောင်းဆိုထားတာကို သတိပြုမိကြမှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတဲ့သဘောမှာက စကားလုံးတွေဟာ အလွန်အရေးကြီးပါတယ်။ နိုင်ငံရေးသမားဟာ သူတခုခုလုပ်တော့မယ်ဆိုရင် အရင်ဆုံးအာဘော်ဖန်တီးမှု လုပ်ရပါတယ်။ အဲဒီနေရာမှာ စကားလုံးတွေကိုသေသေချာချာစိစစ်ပြီးမှ ပြောကြရတာဖြစ်ပါတယ်။ လက်လွတ်စပယ်ပြောတာမျိုး၊ အရပ်ပြော ပြောသလိုမျိုးပြောလို့ မဖြစ်တာလည်းသေချာပါတယ်။ ဒါ့ကြောင့် သူသုံးစွဲလိုက်တဲ့စကားလုံးတိုင်းရဲ့နောက်ကွယ်မှာ သူကိုင်စွဲတဲ့တရားနဲ့ သူလုပ်မယ့်ကြံရွယ်ချက်ဟာ ကပ်လျက်သားပါနေတာကို တွေ့ရတာဖြစ်ပါတယ်။ တချို့ကတော့ ဒါဟာ ဘာမဟုတ်တဲ့စကားလုံးလေးတွေအပေါ် ခဲခဲကပ်ကပ်ပြောနေတာဘဲလို့လည်း မြင်တတ်ကြတာမျိုးရှိပါတယ်။ ကျနော်တို့တွေ့မြင်နေရတာတွေမှာ လူဟာအဘိဓမ္မာချို့တဲ့လာရင် စကားလုံးကပ်တတ်တယ်ဆိုတာမျိုး ရှိသလို စကားလုံးလေးတလုံးကြောင့်ဘဲ ပြဿနာတွေပြေလည်သွားရတာနဲ့ ပြဿနာတွေပိုကြီးထွား သွားတာမျိုးလည်း နိုင်ငံရေးနဲ့သံခင်းတမန်ခင်းကိစ္စမှာ ရှိနေတတ်တယ်ဆိုတာပါပဲ။
နောက်တပတ်မှာတော့ ဗကပရဲ့ ဒီတောင်းဆိုတင်ပြချက်တွေကို အစိုးရဘက်က ဘယ်လို တုန့်ပြန်ခဲ့သလဲဆိုတာကို ဆက်လက်တင်ပြပေးပါ့မယ်။ ခုချိန်ထိတော့ ဘက်အသီးသီးမှာ သံသယတွေကိုယ်စီ ရှိနေကြတာမှန်ပေမယ့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောကြဆိုကြမယ်ဆိုတာမှာတော့ တူညီနေတာကိုတွေ့နေရဆဲပဲဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။

0 comments:

Post a Comment