အမဲသားပွဲတော် (ကြူးနစ်)
ယခုကာလတွင် မိသားစုဝင်လေးဦးပါရှိသော ကျွန်တော်တို့မိသားစုအတွက် ဈေးမှ အမဲသား အစိမ်းကိုဝယ်ယူ၍ ချက်ပြုတ်စားသောက်ခြင်းထက် ဆိုင်မှ ချက်ပြုတ်နူးနပ်ပြီးသား အမဲသားဟင်းကို ၀ယ်ယူစားသောက်ရခြင်းက စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း ကျွန်တော် တင်ပြဖွင့်ဟလို ပါသည်။ အမဲသားဟင်းလျာအစိမ်းကို ၀ယ်ယူ ချက်ပြုတ်လျှင် ချက်ပြီးသားဟင်းကိုဝယ်စားရခြင်း ထက် ပိုမိုဝလင်စွာဝါးမျိုနိုင်မည်ဟု ဆိုကြလိမ့်မည်။ ကျွန်တော် မငြင်းပါ။ သို့သော် အမဲသား ငါးကျပ်သားလောက်ပိုစားရခြင်းနှင့် ပြင်ဆင်ချက်လှီး ချက်ပြုတ်ရသောအချိန်၊ ကရိကထတို့ကို နှိုင်းယှဉ်ကြည့်ပါ။ အမဲသားဟင်းတစ်အိုးချက်ပြုတ်နေသောအချိန်နာရီကို အခြားတစ်နေရာတွင် ထိရောက်စွာအသုံးပြုနိုင်မည် မဟုတ်ပါလော။ ၀ယ်စားခြင်းဖြင့်ကုန်ကျမည့် ထင်း၊ မီးသွေး (့သို့မဟုတ်) လျှပ်စစ်ဓာတ်အားကို ချွေတာခြိုးခြံရာမကျပါသလော။
ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်က ပိုမို ကျန်းမာရေးနှင့်ညီညွတ်မည်ဟု စောဒကတက်လိုသူများလည်း ရှိလိမ့်မည်။ သန့်ရှင်းလတ်ဆတ်စွာချက်ပြုတ် ရောင်းချတတ်သောဆိုင်ကို ရွေးချယ်ဖို့တော့ လုံ့လ စိုက်ရပေလိမ့်မည်။ ကျွန်တော် အဓိကပြောချင်သည်မှာ ၀ယ်စားခြင်းဖြင့် အချိန်နာရီအမြတ်ရနိုင်သည့်ပြင် မိမိ၏ကိုယ်ကာယစွမ်းအင်ကို ချွေတာရာရောက်စေပြီး ငွေကြေးအကုန်အကျသက်သာစေသည်ဟူသော အချက်ဖြစ်သည်။ ရသတဏှာလွန်ကဲသူ၊ ဘုံးပေါလအောစားသောက်ဝါးမျိုတတ်သူများကို ကျွန်တော်တို့မိသားစု၏ အမဲသားစားသောက်ပုံစနစ်ကို ကျွန်တော်ရိုးသားစွာတင်ပြနေခြင်းသာ ဖြစ်ပါသည်။
ယခုဆိုလျှင် ကျွန်တော်တို့မိသားစု ညစာစားသောက်ဖို့ပြင်ဆင်နေပါပြီ။ ထမင်းနှင့်တွဲဖက်စားရန်၊ ကန်စွန်းရွက်ချဉ်ရည်ဟင်း၊ ငါးပိရည်အဖျော်၊ သခွားသီးတို့စရာတို့ရှိကြသည်။ မပြည့်စုံသေးပါ။ အာဟာရပိုမိုပြည့်ဝအောင် ကျွန်တော်တို့ အသားဟင်းတစ်မျိုးမျိုးတော့ လိုအပ်နေသေးသည်။ သားအကြီးကို ၀ယ်နေကျဆိုင်မှ အမဲသားဟင်း (၈၀၀) ကျပ်ဖိုး ၀ယ်ခိုင်းလိုက်သည်။ အမဲသားဟင်း (၈၀၀) ကျပ်ဖိုးဆိုလျှင် အမဲသားဟင်းတုံး (၈)တုံးကျ ၀ါးမျိုစားသောက်နိုင်မည်။ တယောက်လျှင် အမဲသား (၂)တုံးကျ ၀ါးမျိုစားသောက်မည်။ ထို အမဲသား (၂)တုံးမှ ခွန်အားဖြည့် 'ကလိုရီ’ ဓာတ်၊'ဗီတာမင်' သက်စောင့်ဓာတ်တို့ ရရှိနိုင်မည်။ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်ချက်ပြည့်ဝအောင် ရချင်မှတော့ရမည်။ သို့သော် လုံးဝ မရရှိခြင်းထက်တော့ သာပါသည်။ မိမိမှာ စွမ်းအင်တစ်ကျပ်ဖိုးရလာလျှင် မိမိက တစ်ကျပ်ဖိုးအလုပ်လုပ်လာနှိင်မည် မဟုတ်ပါလော။
အမဲသားဟင်း သွားဝယ်သောသားကြီး ပြန်ရောက်လာပြီး ညစာထမင်းဝိုင်းပြင်နေစဉ် ကျွန်တော်တို့အိမ်ပေါ်သို့ ဧည့်သည်တစ်ဦးဆိုင်းမပါဗုံမဆင့် တက်လာခဲ့သည်။ နှစ်အတန်ကြာကွဲကွာနေသော၊ ကျွန်တော့်အမေဘက်မှ သွေသားတော်စပ်သည့် အမေ့မောင်တစ်ဝမ်းကွဲး "ဦးကြီး စံလှ" ဖြစ်သည်။ တောသားကြီး ဦးကြီးစံလှသည် အသက်(၇၀) ကျော်သည့်ုတိုင် သန်တုန်းမြန်တုန်း၊ ရိုးကြီးဂေါင်ဂင်နှင့် အရပ် (၆) ပေခန့်မြင့်သည်။ သူ့အသံကြီးမှာ နွားသိုးတစ်ကောင်ဒေါသတကြီးတွန်သံလို ဟိန်းနေသည်။
"နေကောင်းကြလားဟေ့"
ဦးကြီးစံလှသည် ကျွန်တော်တို့အိမ်မှာ ရက်ရှည်လများ တည်းခိုနေထိုင်ရန်ရောက်လာခြင်းတော့မဟုတ်။ ရန်ကုန်ရှိ ကျွန်တော်တို့အိမ်မှာ တစ်ညတာတည်ခိုပြီးနောက် မော်လမြိုင်မြို့ရှိ သူ၏သားသမီး မိသားစုထံ ခရီးဆက်မည်ဖြစ်သည်။ ရပ်ဝေးတေားကျေးလက်မှတက်လာသော မိကြီးဖကြီးစာရင်းဝင် လူကြီးသူမဧည့်သည်တော်ကို ကျွန်တော်တို့ကဦးစားပေးရပါလိမ့်မည်။ သူ့အား ထမင်းဝိုင်းသို့ပင့်ဆောင်ကာ နေရာယူစေသည်။ ထိုအချိန်တွင် ကျွန်တော့်ဇနီးက ထမင်းအိုးတစ်လုံးကို အပူတပြင်းထပ်မံ ချက်ပြုတ်စီမံပါသည်။
ခရီးလည်းပန်းလာ၊ ဆာလောင်မွတ်သိပ်ခြင်းလည်းကြီးစိုးလာခဲ့သောဦးကြီးစံလှသည် ထမင်းဝိုင်းတွင် အလောသုံးဆယ်ဝင်ထိုင်ပြီး ဟန်မဆောင်စတမ်း အငမ်းမရ၀ါးမျိုစားသောက်ပါတော့သည်။ သူ၏ ထမင်းဆုပ်ကြီးများမှာ တောင်ပူစာတစ်လုံးစာမျှ ကြီးမားလှသည်။ သခွားသီးကို သူက 'ဂျွမ်းဂျွမ်း' မြည်အောင် ကိုက်ဝါးပစ်လိုက်သည်။ ငါးပိရည်ကိုလည်း သူက ဖောဖောသီသီ စားသုံးသည်။ ဆိုင်မှဝယ်ယူလာသော အမဲသားဟင်း (၈)တုံး ကတော့ တစ်တုံးပြီးတစ်တုံး သူ၏အာခံတွင်းထဲတိုးဝင်ပျောက်ကွယ်သွားကြသည်။ ဦးကြီးစံလှထမင်းစားနေပုံကိုကြည့်ရုံနှင့် ခံတွင်းပျက်နေသော လူမမာတစ်ယောက် ချက်ချင်းနာလန်ထလာနိုင်မည်ဟု ကျွန်တော်ထင်သည်။
"မင်းတို့ချက်တဲ့အမဲသားဟင်းက အကောင်းသားပဲလကွ" ဟု သူကျီးကျူးခန်းဖွင့်သည်။
"အိမ်မှာချက်တာမဟုတ်ဘူး ဦးကြီး၊ ဆိုင်က၀ယ်တာ။ ချက်ချိန်မရတာနဲ့ ၀ယ်စားတာ" ဟု ကျွန်တော်က ရှင်းပြသည်။
"ဒါပေမဲ့ ဘယ်ဆိုင်က၊ ဘယ်အိမ်က အမဲသားဟင်း ဘယ်လောက်ကောင်းကောင်း။ ငါတို့စားခဲ့ရတဲ့အမဲသားကိုတော့ မမီပါဘူးကွာ "ဦးစံလှက သူဝသိအတိုင်း ပွင့်ပွင့်လင်းလင်း အော်ကြီးဟစ်ကျယ် ပြောလာပြန်ပါသည်။ ဘယ်လို အမဲသားမျိုးကို သူ ရည်ညွှန်းနေမှန်း ကျွန်တော် သိချင်စိတ်ပြင်းပြလာခဲ့၏။
"ဦးကြီးပြောတာနဲ့ ဦးကြီးစားခဲ့ဖူးတဲ့အမဲသားကို ကျွန်တော်တောင် စားကြည့်ချင်လာပြီခင်ဗျ"ဟု ကျွန်တော်က ရယ်သွမ်းသွေး၍ပြောလိုက်သောအခါ ဦကြီးက ကျွန်တော့်ကို မျက်မှောက်ကုတ်ကြည့်သည်။ သူ့အလေးအနက်ပြောသည်ကို ကျွန်တော်ကပြက်ရယ်ပြုသည်ဟုများ ဦးကြီးအထင်လွဲ၊ စိတ်ခုသွားလေပြီလား မသိ။
"စားကြည့်ချင်ရင် ငါနဲ့လိုက်ခဲ့ရမယ်"
"ဘယ်ကိုလိုက်ရမှာလဲဦးကြီး"
ဦးကြီးစံလှ၏မျက်နှာထားသည် တည်ကြည်လေးနက်ရာမှ ရီဝေမှိုင်းပျသွားကာ ကျွန်တော့်ကိုကြည့်မနေတော့ဘဲ အဝေးဆီသို့ အေးစက်စက်ကြောင်တောင်တောင် ငေးနေလေသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) လောက်က ငါတို့ရွာဆီကို မင်းလိုက်ခဲ့ပေတော့ကွာ"ဟု သူက တိုးတိုးဖွဖွ ရေရွတ်သည်။
ကျွန်တော်လည်း သူ့လိုပင် သူ့မျက်နှာမူဘက်သို့ ဖြည်းလေးစွာလှည့်စောင်း၍ ငေးနေလိုက်ပါသည်။
"လာကွာ၊ အမဲသား ၀၀ သွားစားကြရအောင်"ဟု ဆိုကာ သူက ကျွန်တော့်လက်တစ်ဖက်ကိုဆွဲကိုင်လိုက်၏။ ကျွန်တော်သည် ကမ္ဘာ့မြေဆွဲအားမှ တစ်မုဟုတ်ချင်းလွတ်မြောက်ကာ အာကာသထဲသို့ ထိုးတက်သွားပါ၏။
ကျွန်တော်ကိုယ်ကျွန်တော် သတိကပ်ခံစားမိချိန်တွင် ကျွန်တော်သည် ဓနိမိုး၊ ထရံကာ၊ ကျွန်သားတိုင်လုံးကြီးများ၊ ကျွန်သားပျဉ်ပြားကြီးများဖြင့် မသပ်မရပ် ခပ်ကြမ်းကြမ်းတည်ဆောက်ထားသည့် အိမ်တစ်ဆောင်၏၀ရန်တာ၊ အကာအဆီးမရှိသော အိမ်ရှေ့ဆောင်ကြမ်းပြင်ပေါ်မှာ ထိုင်လျက်ရှိနေကြောင်း တွေ့ရသည်။ ကျွန်တော် ဆာလောင်မွတ်သိပ်နေပါသည်။ အိမ်နောက်ဖေးဘက်မှ ဟင်းနံ့စူးစူး လွင့်မျောလာသည်။ နှာခေါင်းယဉ်နေသော အနံ့ဖြစ်သည်။
"မင်း... ဆာနေပြီလားကွ"
ဦးကြီးစံလှက ကျွန်တော်နောက်ကျောဘက်မှ ပန်းတက်လာပြီး ကျွန်တော်ရှေ့မှာရပ်၍ မေးသည်။
"မဆာပါဘူး" ဟု ကျွန်တော်လိမ်ပြောလိုက်၏။ အိမ်ရှေ့ ပေ (၅၀) ခန့်အကွာတွင် တောင်မြောက်တန်းနေသော ကုန်းမြင့်ကလေးရှိသည်။ ယင်းသည် ရန်ကုန်ပြည်လမ်းမကြီး ဖြစ်သည်။ လမ်းပေါ်တွင် ယာဉ်အသွားအလာလည်းမရှိ။ လူအသွားအလာလည်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေခြင်းမျိုး ဖြစ်၏။ ထို တိတ်ဆိတ်မှုက တာမရှည်ပါ။ မကြာမီ ကောင်းကင်ယံမှာ ဗုံးကြဲလေယာဉ်ပျံတစ်အုပ်လို ဆူညံစွာပျံသန်းပြေးလွှားလာကြမည့် ရာပေါင်းများစွာသော ကျီးကန်းအုပ်ကြီးကိုတွေ့ရတော့မှာ သေချာသည်။ ယခုရက်ပိုင်းတွင် ကြောက်မက်ဖွယ်ကျီးကန်းများစွာသော ကျီးကန်းအုပ်ကြီးသည် အရှေ့ဘက်ပဲခူးရိုးမဆီမှ အနောက်ဘက်လှိုင်မြစ်ကမ်းခြေအထိကျယ်ပြန့်သော မိုင်များစွာကျယ်ပြောသည့် လယ်မြေကုန်းပြင်ကျယ်ကြီးအထက်တွင် နေ့စဉ်နေ့တိုင်း ကူးချည်သန်းချည်လှုပ်ရှားနေကြပါသည်။
လွန်ခဲ့သောနှစ်ကတော့ ကျွန်တော်တို့၏ဦးခေါင်းများအထက်က လေယာဉ်ပျံများဆူညံတုန်ဟီးစွာ ဖြတ်ပြေးသွားခဲ့ကြဖူးသည်။
''အဲဒါ ဂျပန်လေယာဉ်ပျံတွေဟ'' ဟု ဦးကြီးစံလှက လေယာဉ်ပျံတွေကို ကြောက်လန့်တကြားမော့ကြည့်ရင်း အော်သည်။
''ဂျပန်တွေက ထွက်ပြေးတဲ့မျက်နှာဖြူတွေနောက်ကိုလိုက်ပြီး ဗုံးကြဲတာ'' ဟု သူက ဆက်ပြောသည်။
အင်္ဂလိပ်တို့ မြန်မာပြည်ထဲမှထွက်ပြေးကြသောအခါ သူတို့ကခေါ်၍ မြန်မာပြည်ထဲသို့ ငွေထုပ်များပိုက်ကာ ၀င်လာခဲ့ကြသော အင်ဒီးယန်းလူမည်းသူဌေးများလည်း အင်္ဂလိပ်တို့နှင့်အတူ မြန်မာပြည်မှ ဒရောသောပါး ထွက်ပြေးကြပြန်သည်။ အင်ဒီးယန်းလူမည်းသူဌေးများသည် ရွှေငွေများမှတစ်ပါး သူတို့ပိုင်ဆိုင်ကြသည့် အခြားပစ္စည်းဥစ္စာများကို ဂရုမစိုက်အားကြတော့ဘဲ ဥပေက္ခာဖြင့်စွန့်ထားရစ်ခဲ့ကြသည်။ ကျွန်တော်တို့ ကျေးရွာတစ်ဝိုက်တွင် သူတို့ပိုင်ဆိုင်ခဲ့သော ကျွဲ၊ နွား ကောင်ရေများစွာမှာ အုပ်ထိန်းသူမဲ့လေလွင့်ကလေးငယ်များလို စားကျက်မြက်တောများ၊ ရိုးပြတ်လယ်ကွင်းများဆီမှာ လှည့်လည်သွားလာနေကြသည်။ နွားများက ကျွန်တော်တို့ရွာ၏ အရှေ့ဘက်ကွင်းများဆီမှာ အုပ်စုဖွဲ့၍လှည့်လည် ကျက်စားနေကြသည်။ ကျွဲများကတော့ ချောင်းမြောင်းအင်းအိုင်ပေါများသော ရွာအနောက်ဘက်ကွင်းပြင်ကြီးထဲမှာ စုဝေးနေကြသည်။ နွားကောင်ရေ (၁၀၀၀)ခန့်ရှိပြီး ကျွဲကောင်ရေက နွားကောင်ရေထက် နှစ်ဆခန့်ပိုလိမ့်မည်။ ယခုအခါ ထို ကျွဲ၊ နွားအားလုံးသည် 'ဘုံပိုင်တိရစ္ဆာန်' များဖြစ်သွားကြလေပြီ။
ယခင်ကဆိုလျှင် ကျွန်တော်တို့သည် နွားတစ်ကောင် (သို့မဟုတ်) ကျွဲတစ်ကောင် နေထိုင်မကောင်း၍ဖြစ်စေ၊ သက်ရွယ်ကြီးရင့်မစွမ်းမသန် အလုပ်မလုပ်နိုင်တော့မှဖြစ်စေ 'ပေါ်' ၍အမဲသား စားခွင့်ရခဲ့ကြ၏။ နွားအိုနွားနာ၊ ကျွဲအို ကျွဲနာများ၏ အသားသည်စား၍ ခံတွင်းမြိန်စရာမကောင်းလှပါ။ အမဲသားဆိုသည်မှာ ကျန်းမာဝဖြိုးသော ကျွဲ၊ နွားတစ်ကောင်ကို လည်လှီးသတ်ဖြတ်၊ ချက်ပြုတ်စားသောက်မှသာ အရသာလည်းပေါ်လွင်၍ အားအင်ပြည့်ဖြိုး၊ အာဟာရတိုးပွားသည်ဟု ကျွန်တော်တို့ရွာမှ လူကြီးသူမများပြောလေ့ရှိကြသည်။
ယခုတော့ ကျွန်တော်တို့တစ်ရွာလုံးသာမက အနီးဝန်းကျင်ကျေးရွာများမှ မြန်မာကျေးတောသား လူဆင်းရဲအုပ်စုကြီးသည် အမဲသားကို မုန်းလောက်အောင်စားနေကြရပေပြီ။ နွားအိုနွားပိန်၊ ကျွဲအိုကျွဲပိန်တွေကို 'ပေါ်' ၍ မစားကြ။ ပိန်ကျုံ့ချည့်နဲ့သော ကျွဲ၊ နွားဟူ၍လည်း အလွန်ရှားသည်။ အကြောင်းသော်ကား အလုပ်မလုပ်ကြရဘဲ စားလိုက်အိပ်လိုက်နှင့် တစ်နှစ်ခန့်အနားယူခွင့်ရထားကြသော ကျွဲ၊ နွားများမှာ လူချမ်းသာကြေးရတတ်များနည်းတူ အဆီရစ်၍ ၀ဖိုင့်စိုပြည်နေကြပါသည်။ သူတို့သည် စပါးမစိုက်တော့သည့်လယ်မြေများမှာ ပေါက်လာကြသည့် စပါးပင်ပေါက်များ၊ ရိတ်ဖြတ်သူမဲ့မြက်ခင်းများမှ စိမ်းလန်းသန်စွမ်းသော မြက်နုများသာမက ရေတိမ်အိုင်များအတွင်း စိုပြည်စိမ်းလန်းနေကြသည့်ကန်စွန်းနွယ်များကို အားပါးတရစားသောက်ဝါးမျိုခွင့်ရနေကြသည်။ စိတ်တိုင်းကျ စားသုံးပြီးကြလျှင် စိတ်အေးလက်အေးအနားယူရင်း စားမြုံပြန်နေကြမည်ဖြစ်သည်။ သူတို့ဘ၀၏ အချမ်းသာဆုံး ရွှေရောင်ကာလကြီးပေတည်း။
သို့သော် သူတို့အုပ်စုကြီးထဲမှ ကံဆိုးသောသတ္တ၀ါများကတော့ အဆိုးရွားဆုံးကြမ္မာငင်ကြရပါသည်။ ကျွန်တော်တို့သည် အ၀ဖြိုးဆုံး၊ အကျန်းမာဆုံး၊ အရွယ်အကောင်းဆုံး နွား (သို့မဟုတ်) ကျွဲကို ရွေးချယ် ဖမ်းယူကြပါသည်။ ပေါ်ပုံပေါ်နည်းကတော့ သမိုင်းဦးကာလကအတိုင်းပင် ဖြစ်သည်။ အမဲတစ်ကောင်ကို ချောင်းခြောက်ကလေးတစ်ခုထဲမှာ ဖြစ်စေ၊ ခင်တန်းကလေးတစ်ခုနောက်မှာဖြစ်စေ ပေါ်သောအခါ ကျွန်တော်တို့သည် လက်နှစ်ဖက်နှင့်ခြေနှစ်ဖက်ကို ဖြတ်ယူကြသည်။ ကျန်သော အင်္ဂါအစိတ်အပိုင်းများကိုတော့ ကျီးကန်းများနှင့်လင်းတများအတွက် ရက်ရောစွာစွန့်ပစ်ထားရစ်ခဲ့ကြသည်။ ညအခါလေသင့်လျှင် အပုပ်နံ့ပျပျက လယ်ကွင်းကိုဖြတ်ကာ ရွာထဲသို့တိုးဝှေ့တွားသွား ၀င်ရောက်လာလေ့ရှိသည်။ ဘယ်သူမျှ အနံ့ဆိုးကိုဂရုမစိုက်ပါ။ ရွာသားအားလုံးလိုလို၏ ခန္ဓာများ၊ အာခံတွင်းများဆီမှ အမဲညှီနံ့များသင်းပျံ့နေရာ ယင်ကောင်များကလည်း တရုန်းရုန်း ၀ဲပျံကခုန်နေကြတော့သည်။ ရွာမှာ ခွေးများကလည်း လယ်ပြင်သို့ထွက်ကြကာ အသေကောင်များအနီးတွင် ကျီးကန်းများ၊ လင်းတများနှင့် တိုက်ပွဲဆင်နေကြသည်။
ထမင်းအတွက်လည်း ဘာပူစရာလိုပါနည်း။ မဒရာစီကုလားသူဌေးအများစုပိုင် ဆန်ကြိတ်စက်ကြီးများအနီးမှာ 'စပါးတောင်လိုပုံ' နေသည်။ လိုသလောက်သွားသယ်ပြီး ရွာထဲမှာ မောင်းဖြင့် ထောင်း၊ ဆန်ကောဖြင့်ပြာပြီး 'မောင်းထောင်းဆန်လုံးညို' ကို ချက်စားကြရုံပင်။ ကျွန်တော်တို့သည် လတ်ဆတ်သောအမဲသားနှင့် ဆန်လုံးညိုများ နေ့စဉ်စားကာ ၀ဖြိုးတုတ်ခိုင်လာခဲ့ကြပါသည်။
ကျွန်တော်တို့ရွာရှိ အိမ်တိုင်း၊ အိမ်တိုင်းမှ စပါးပုတ်တောင်းကြီးများ၊ စပါးကျီခေါ် ဂိုဒေါင်အသေးစားကလေးများတွင် စပါးများပြည့်လျှံနေသလို မဒရာစီအရင်းရှင်ကြီးများချန်ရစ်ခဲ့ကြသောစပါးပုံကြိီးများကလည်း လျော့သည်ဆိုရုံမျှ လျော့နေပါသည်။ ကျွန်တော်တို့ရွာရှိ အိမ်တိုင်း၊ အိမ်တိုင်းမှ အိုးအင်ခွက်ယောက်များထဲတွင် အမဲကျပ်တိုက်တွေ၊ အမဲသားဆားနယ်တွေ ပြည့်သိပ်နေကြသည်။ အမဲညှီနံ့က တစ်ရွာလုံးသို့ ပျံ့နှံ့လွှမ်းမိုးနေရာ ခွေးများမှာ ၀၀လင်လင် အလျှံပယ်စားကြ၊ သောက်ကြရပါလျက် က္ကနြေ္ဒမရလှုပ်လှုပ်ရွရွနှင့်ပြေးလွှားနေကြသည်။ ရံဖန်ရံခါ ခွေးတစ်ကောင်ချင်းဖြစ်စေ၊ ခွေးအုပ်စုလိုက်ဖြစ်စေ ဆူဆူညံညံ မာန်ဖီကိုက်ခဲနေကြသည်။
အချို့ခွေးများကတော့ အမဲဆီရစ်ကာ ချောင်ကောင်းကောင်းမှာ ခေါလျောင်းမှေးစက်နေတတ်ကြသည်။ ကျွန်တော်တို့အိမ်နောက်ဘက်ရှိမြေစိုက်တဲကြီးထဲမှ မီးဖိုပေါ်တွင် လေးထောင့်သံပုံးကြီးဖြင့် အမဲသားများပြုတ်ထားရာ (၂၄)နာရီပတ်လုံး အမဲပြုတ်နံ့တထောင်းထောင်းထွက်နေသည်။ မီးဖိုရှိရာတဲကြီးတစ်ဝိုက်မှာ ကျွန်တော်တို့၏ ခွေးထီးကြီးနှစ်ကောင်က အမြဲလိုလို ကင်းလှည့်စောင့်ကြပ်နေကြသည့်သဖွယ်ပင်ဖြစ်သည်။ သူတို့နှစ်ကောင်မှာ မူလက အစာရေစာမ၀လင်သောကြောင့် နံရိုးပြိုင်းပြိုင်းနှင့်ခွေးပိန်များသာဖြစ်ခဲ့ကြသော်လည်း ယခုအခါ အမဲသားတန်ခိုးဖြင့် ခြင်္သေ့ပေါက်နှစ်ကောင်အလား ၀ဖြီးတောင့်တင်းလျက်ရှိကြသည်။ အမှန်ပြောရလျှင် တစ်ရွာလုံးရှိ လူများရော၊ ခွေးများပါ အမဲသားတွေအလျှံပယ်စားမျိုနေကြရသဖြင့် ကျန်းမာကြံ့ခိုင်နေကြပါသည်။
ကျွန်တော်တို့မိသားစုသည် အမဲသားကို နည်းလမ်းအမျိုးမျိုးဖြင့် ကျေနပ်အောင်ပြုပြင်၍ စားသုံးကြသည်။ ပြုတ်၍ စားသည်။ မီးကင်၍ စားသည်။ ကြော်၍ စားသည်။ ဟင်းခပ်အမွှေးအကြိုင်အစုံအလင်ဖြင့် ဆီပြန်ချက်၍ စားသည်။ အများအားဖြင့် ကရိကထမများလှဘဲ အမြန်စားနိုင်သောနည်းဖြစ်သည့် ရေနည်းနည်းထည့်၊ မီးပြင်းပြင်းထိုးသော အမဲသားပြုတ်ကို စားကြသည်။ အမဲသားပြုတ်တစ်တုံး၏ အရွယ်အစား မှာ (၃)လက်မပတ်လည် ကုဗပုံဖြစ်သည်။ သရေစာရှားပါးသောကာလဖြစ်၍ အမဲသားပြုတ်မှာ ကျွန်တော်တို့၏ သရေစာတစ်မျိုး ဖြစ်လာသည်။ ကလေးများသည် အမဲခြောက်မီးဖုတ်များကိုကိုင်၍ ကိုက်ဝါးရင်း ဆော့ကစားကြသည်။ အချို့ကလေးများက အမဲသားကြော်များကိုဖက်နှင့်ထုပ်ကာ လွယ်အိတ်ကလေးများထဲမှာသယ်ဆောင်၍ ရွာထဲတွင်လမ်းသလားနေတတ်ကြသည်။ သူတို့သွားရာနောက်မှာ ဝမ်းဗိုက်ကြီးတွေတကားကားနှင့် ခွေးတစ်အုပ်က အမဲနံ့ကိုရှူရင်း လိုက်ပါနေကြသည်။
ထိုနေ့ရက်များတုန်းက ထူးဆန်းသောဖြစ်ရပ်တစ်ခု ကျွန်တော်တို့ရွာမှာ ဖြစ်ပွားခဲ့သည်။ အမဲသားကို ရာသက်ပန်ဘုရားရှင်ထံလှူ၍ အမဲသားရှောင်ကြဉ်ထားကြသောလင်မယားစုံတွဲတစ်တွဲသည် ရွာမှ ထွက်ပြေးသွားခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ဘယ်ကိုပြေးကြမှတ်းလည်း မသိ၊ ဘယ်တော့မှလည်း သူတို့ကို မတွေ့ကြရတော့ပါ။
ဤနေရာတွင် စီးပွားရေးအမြင်သန်သူများက "ဒီလောက်အမဲသားတွေ ပေါနေတာပဲ၊ မြို့ကြီးပြကြီးတွေကို တက်ရောင်းကြပါတော့လား" ဟု အကြံပြုတိုက်တွန်းလိုကောင်း တိုက်တွန်းကြပေလိမ့်မည်။
ထို ဝိသမလောဘသမားများ သိစေချင်ပါသည်။ ကမ္ဘာစစ်မီးကြီး တောက်လောင်နေပါသည်။ ခရီးလမ်းပန်း အဆက်အသွယ်များ ပိတ်ဆို့နေပါသည်။ ပိုက်ဆံအသပြာက စိန်ကဲ့သို့ရှားပါးနေပါသည်။ လယ်သမားများ၏ လယ်ယာထွက်ကုန်ဆန်စပါးကို ဝယ်ယူမည့်သူ မရှိပါ။ မရှိသည့်အပြင် အရင်းရှင်ကြီးများသည် သူတို့ဝယ်ယူပြီးသား ဆန်စပါးများကိုသာမက မြန်မာပြည်ရှိ သူတို့၏စည်းစိမ်ဥစ္စာ လယ်ယာကျွဲနွားများကိုစွန့်ပစ်ကာ သေမင်းနှင့်ဝေးမည်ဟုထင်သော အိန္ဒိယနိုင်ငံသို့ ဒရာသောပါးထွက်ပြေးသွားခဲ့ကြပြီ ဖြစ်ပါသည်။
"ဂျပန်တွေ လာကြတော့မယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာတပ်တွေလည်း လာနေကြပြီ။ ဗမာပြည်ကြီး လွတ်လပ်တော့မယ်"ဟု ရန်ကုန်မြို့ဘက်မှ ပြန်လည်ရောက်ရှိလာသော ကျွန်တော်တို့၏ ရွာသားကြီးတစ်ယောက်က အမဲသားနံ့တထောင်းထောင်းထွက်နေသည့်ပါးစပ်ကြီးကိုဖြဲဟကာ ရွာထဲမှာ လျှောက်အော်နေသည်။
မှန်ပါသည်။ ပြည်လမ်းကြီးပေါ်တွင် မြင်းချေး (ကြေး)ရောင် လော်လီကားကြီးများ၊ တောင်အရပ်မှ မြောက်အရပ်ဆီသို့ တဝေါဝေါမောင်းနှင်သွားနေကြပါသည်။ ကားတန်းကြီးက ရေတွက်၍အဆုံးမသတ်နိုင်အောင် ရှည်လျားနေပါသည်။ ကားများပေါ်တွင် အရုပ်ကလေးများနှင့်တူသော လက်နက်ကိုင် နေမျိုးနွယ်စစ်သည်တော်ထောင်ပေါင်းများစွာ လိုက်ပါသွားကြသည်။ ကျွန်တော်တို့သည် အမဲသားခြောက်မီးဖုတ်များကို ဝါးမြုံ့ရင်း၊ ချုံပုတ်တွေကြားကနေ စစ်ယာဉ်တန်းကြီးကို ချောင်းကြည့်နေခဲ့ကြပါသည်။ လေယာဉ်ပျံတစ်အုပ်ကလည်း ငှက်ရိုင်းတွေလို မြောက်အရပ်ဘက်သို့ အော်မြည်ပျံသန်းသွားကြသည်။
ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်အချို့လည်း ကျွန်တော်တို့ရွာမှာ ပေါ်ပေါက်လာခဲ့ပါသည်။ အမဲသားများမှ အမဲဆီစားသုံးမှုလွန်ကဲသူများ ဝမ်းပျက်ဝမ်းလျှောဝေဒနာဆိုးဖြင့် ယင်ကောင်တွေလို တဖြုတ်ဖြုတ်သေဆုံးကုန်ကြခြင်း ဖြစ်ပါသည်။
"သေမှာပေါ့ အရင်တုန်းကငတ်ခဲ့တာကို အတိုးချပြီး မဆင်မခြင် ပါးဖြဲနားဖြဲစားကြတာကိုး"ဟု ရွာသူကြီးဟောင်းဦးခြိမ့်က ရေရွတ်မြည်တမ်းပါသည်။ သူလည်း မကြာမီ သူ၏ ဝမ်းဗိုက်ထဲတွင် အမဲဆီများခဲကာ ဆီးချုပ်ဝမ်းချုပ်ရောဂါဖြင့် ကွယ်လွန်သွားပြန်ပါသည်။
ရွာထဲတွင် လူကြီးများက အမဲခြောက်မီးဖုတ်ဆီဆမ်းကို ရေနွေးကြမ်းဖြင့်မြည်းရင်း စစ်သတင်းကို ထင်ရာမြင်ရာဝေဖန်ပြောဆိုနေကြစဉ် ကျွန်တော်တို့က ရွာလယ်လမ်းမပေါ်မှာ ပြေးလွှားဆော့ကစားရင်းမှ အမဲခြောက်များဝါးလျက် "ဆန်တစ်ပြည်သုံးပဲ၊ ဇံမဏီဗုံးကြဲ" သီချင်းကို အော်ဟစ်သီဆိုနေကြသည်။ ညအခါတွင် လူကြီးအချို့က အသံကျယ်လောင်စွာဘုရားရှိခိုးကြသလို ကျွန်တော်တို့ကတော့ မိမိတို့ဝမ်းဗိုက်များထဲရှိ အမဲသားများ အလျင်အမြန်ကျေညက်စေရန် ရင်ဘတ်များမှသည် ဆီးစပ်များထိတိုင် ရေနံဆီထူထူသုတ်လူးကြသည်။
အားကောင်းမောင်းသန် လူလတ်ပိုင်အချို့နှင့် ကာလသားများကတော့ နောက်တစ်နေ့တွင် နွားတစ်ကောင် (သို့မဟုတ်) ကျွဲတစ်ကောင်ကို တိုက်ခိုက်သတ်ဖြတ်ရန် အစီအစဉ်ရေးဆွဲနေကြသည်။ "အနောက်ကွင်းထဲက ကန်ဇွန်းရွက်စားပြီး ဝနေလိုက်ကြတာ၊ ဆင်ပေါက်ကြီးတွေလား အောက်မေ့ရသဗျာ"ဟု အမဲလိုက်သမား ရွာသားတစ်ဦးက တက်ကြွထက်သန်စွာပြောနေသည်။
ထိုနှစ်ဦး မိုးဦးကျချိန်တွင် မျှော်လင့်မထားခဲ့ကြသော အနိဋ္ဌာရုံအခြေအနေဆိုးများကို ကျွန်တော်တို့ ရင်ဆိုင်လာခဲ့ကြရပါသည်။ အနောက်ဘက်မြစ်ကမ်းတစ်လျှောက်ရှိ မိုးရေစိုစွတ်ကာစ စပါးပုံကြီးဆီမှ အဖြူရောင်အခိုးအငွေ့တွေ တချောင်းချောင်းလူးလွန့် ပေါ်ထွက်လာကြသည်။
အခိုးအငွေ့များနှင့်အတူ စပါးပုပ်နံ့လှိုင်းကြီးက လေထုထဲမှာ ဝရုန်းသုန်းကားရောယှက်ကာ ကျွန်တော်တို့ရွာထဲသို့ မုန်တိုင်းကြီးပမာ တိုးဝှေ့ရောက်လာပါသည်။ ကျွန်တော်တို့အားလုံး အသက်ဝဝ မရှူရဲတော့ပါ။ မိုးရွာလျှင် ထိုအနံ့ဆိုးကြီး ငုပ်လျှိုးပျေက်ကွယ်သွားကာ မိုးစဲ၍နေသာသည့်တစ်ပြိုင်နက် အခိုးဖြူဖြူများနှင့်အတူ အနံ့ဆိုးကြီးက ပြေးလွှားရောက်ရှိလာပြန်သည်။ တချို့က အနံ့ဆိုးကာကွယ်ရန် နှာခေါင်းနှင့်ပါးစပ်ရှေ့မှာ အဝတ်စုတ်စတွေကို စည်းနှောင်လိုက်ကြသည်။
စပါးပုပ်နံ့များကို ကူညီအားဖြည့်ပေးလိုက်သော အခြားအနံ့ဆိုးကတော့ ကွင်းပြင်တစ်လွှားတွင် ပြန့်ကြဲနေကြသော ကျွဲ၊နွားတို့၏အရိုးပြိုင်းပြိုင်းရုပ်ကြွင်းများဆီမှ ညှီမွှန်လှသောအပုပ်နံ့ကြီးပင်ဖြစ်သည်။ အမဲပုတ်နံ့မှာ ရုပ်ကြွင်းအများဆုံးရှိကြရာအရှေ့ဘက်တောင်ခြေကွင်းပြင်ဆီမှ မျောလွင့်လာသည်။ အနောက်ဘက်ဆီကတော့ စပါးပုပ်နံ့လှိုင်းလုံးကြီးများ တလိပ်လိပ်ပြေးလွှားလာကြသည်။ ထိုအနံ့နှစ်မျိုးပူးပေါင်းချိန်တွင် ကျွန်တော်တို့ ဆောက်တည်ရာမရ ခံစားကြရသည်။
"စပါးပုံတွေကို မီးတိုက်ပစ်ကြမဟေ့" ဟု တစ်ဦးက နှိုးဆော်ဟစ်ကြွေးသည်။
"စပါးတွေ ရေစိုကုန်လို့အညောက်တွေတောင် ထွက်ကုန်ပြီ၊ မီးရှို့ဖို့ မကြိုးစားပါနဲ့တော့ကွာ" ဟု ကျန်တစ်ဦးက ညည်းညူမြည်တမ်းပါသည်။
ကျွန်တော်တို့ရွာ၏အနောက်ဘက် လှိုင်မြစ်ကမ်းပါးတစ်လျှောက်တွင် တန်ချိန်ပေါင်းများစွာရှိမည့် စပါးတောင်ပူစာကလေးများစွာဆီမှ သိပ်သည်းမွှန်ရှသော အဖြူရောင်မီးခိုးတန်းများ အစဉ်မပြတ်အူထွက်နေကြပြီး ထို မီးခိုးများက မဖော်ပြနိုင်အောင်ပင်ဆိုးရွားလွန်းသောအပုပ်နံ့တွေ လွှတ်ထုတ်လျှက်ရှိကြသည်။ ရွာကို အရှေ့အရပ်နဲ့အနောက်အရပ်တို့မှဝန်းရံနေသော စိုက်ပျိုးစောင့်ရှောက်သူကင်းမဲ့နေသည့်ကွင်းပြင်ကြီးများထဲမှ ကျွဲနွားရုပ်ကြွင်းနှင့် အင်္ဂါအပိုင်းအစများကမူ မွန်းကျပ်စရာပုပ်ညှီနံဟောင်သောအငွေ့အသက်တွေကို တရစပ်ပန်းထုတ်နေကြသည်။ ညစ်ညမ်းသောလေထုသည် ဖြည်းဖြည်းချင်းသိပ်သည်းလာကာ မှောက်ခြည်သန်းယှက်လာ၏။ အမှောင်ထုသည်လည်း အေးအေးစက်စက် လေးလံလာ၏။ တစ်ရွာလုံးကို အမှောင်ဝတ်ရုံကြီးက ခြုံလွှမ်းထားရာက ရုတ်ခြည်လှစ်ဟလိုက်စဉ် အလင်းရောင်သည် ပြိုးပြက်ဝင်းပလာသည်။
"ငါတို့အားလုံး တစ်ယောက်မကျန် ရွာကို စွန့်ပစ်ခဲကြတာပေါ့။ အမဲသားအခြောက်တွေ၊ ကျပ်တင်ခြောက်တွေကိုတော့ နိုင်သလောက်သယ်လာခဲ့ကြတာပဲ၊ စစ်ကြီးပြီးလို့ တစ်နှစ်လောက်ကြမှ ငါတို့ ရွာဘက်ကိုသွားကြည့်ကြတယ်။ ရွာပျောက်သွားပြီး ကိုင်းပင်တွေ၊ ဆူးခြုံပင်တွေဖုံးနေတဲ့ တောကြီးထလို့၊ လယ်မြေတွေကလည်း မြေရိုင်းကွင်းကြီး ဖြစ်နေပြီ"
ဦးကြီးစံလှက ဟင်းပန်းကန်ထဲမှ ကျန်နေသေးသော အမဲသားဟင်းအမျှင်ကလေးတစ်မျှင်ကို လက်ဖြင့်နှိုက်ယူ၍ သူ၏ ပါးစပ်ထဲသို့ အငမ်းမရထည့်သွင်းလိုက်ပါသည်။
ကြူးနစ်
ရုပ်ရှင်တေးကဗျာ ဂျူလိုင် ၂ဝ၁၂
(ယူတာကဒီနေရာကပါ) http://www.shwezinu.com/2012/07/blog-post_7864.html
0 comments:
Post a Comment