Monday, July 9, 2012

အမေရိကန်တွေလာနေပြီ၊ အရှေ့တောင်အာရှနိုင်ငံတွေဘာလုပ်ကြမလဲ (ကိုဝတုတ်)

0 comments
အမေရိကန်တွေလာနေပြီ၊ အရှေ့တောင်အာရှနိုင်ငံတွေ ဘာလုပ်ကြမလဲ 
ကိုဝတုတ် ခေတ်မောင်းအတွဲ-
အမေရိကန်တွေလာနေပြီ၊ အရှေ့တောင်အာရှနိုင်ငံတွေ ဘာလုပ်ကြမလဲ
(ကိုဝတုတ်)ခေတ်မောင်းအတွဲ-
နှစ်ဆယ်ရာစုရဲ့ နောက်ဆုံးဆယ်စုနှစ်ကစပြီး ကမ္ဘာတဝှမ်းမှာ တရုတ်တွေရဲ့စီးပွားရေး တဖြည်းဖြည်းဖြန့်ကျက်လာနေတဲ့အခြင်း အရာကိုရည်ညွှန်းတဲ့တရုတ်တွေလာနေပြီ’ Chinese are coming ဆိုတဲ့ စကားစုတခုကို နှစ်ဆယ့်တရာစုရဲ့ ပထမဆယ်စုနှစ်ကုန်ခါနီးလောက်ကစပြီး ကမ္ဘာတလွှားရုပ်သံအစီအစဉ်တွေမှာ မကြာခဏကြားလာရတယ်။ တကယ်လည်း အရှေ့တောင်အာရှနဲ့ သြစတြေးလျ၊ အာဖရိက၊ တောင်အမေရိကနဲ့ နောက်ဆုံး ဥရောပနဲ့အမေရိကန်ပါ စီးပွားရေးပိုင်းမှာ တရုတ်နဲ့ကင်းဖို့မဖြစ်နိုင်တဲ့ အနေအထားကိုပိုပိုတွေ့လာရတာ အမှန်ပဲ။ ဒါပေမယ့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှကနိုင်ငံတွေမှာ ခု ဒုတိယဆယ်စုနှစ်အတွင်း ကြားလာရဖွယ်ရှိတဲ့စကားစုတခုကတော့အမေရိကန်တွေလာနေပြီဆိုတဲ့ စကားပဲ။

ခုနှစ်ဇန်နဝါရီလဆန်းမှာ အမေရိကန်သမ္မတအိုဘားမားက အမေရိကန်ရဲ့ comprehensive defense review ကိုထုတ်ပြန်ရာမှာ critical region အတိမ်းအစောင်းမခံတဲ့ဒေသလို့ခေါ်ဝေါ် သုံးနှုန်းသွားတဲ့ အာရှပစိဖိတ်ဒေသမှာ အမေရိကန်တပ်တွေကို တိုးချဲ့ချသွားမယ်လို့ကြေညာသွားတယ်။
() နောက်ကြေညာချက်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်က အမေရိကန်စစ်ဘက် အသုံးစရိတ်ရဲ့နှစ်စဉ်ဖွံ့ဖြိုးမှုနှုန်းဟာ ကုန်လွန်ခဲ့တဲ့ဆယ်နှစ်လောက်ထိ များမှာမဟုတ်ပေမယ့် နှစ်စဉ်မှန်မှန်တိုးနေအုံးမှာဖြစ်ပြီး အမေရိကန်စစ်ဘက်အသုံးစရိတ်ဟာ သူ့နောက်က နိုင်ငံဆယ်ခုပေါင်း အသုံးစရိတ်အထက်မှာ ဆက်ရှိနေစေရမယ်လို့ပြောသွားတယ်။ အိုဘားမားကြေညာချက်ထွက်လာပြီး ခြောက်လအကြာ ခုဇွန်လဆန်းမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပင်နက်တာက အရှေ့တောင်အာရှနဲ့အာရှနိုင်ငံတွေကိုလာပြီး အမေရိကန်ရဲ့အာရှပစိဖိတ်စစ်ဗျူဟာသစ်ကို အသေးစိတ် ထပ်ပြီးထုတ်ပြန်သွားတယ်။ သူ့မိန့်ခွန်းမှာ အမေရိကန်ဟာ pacific power ပစိဖိတ်ဒေသက အင်အားကြီးနိုင်ငံဆိုတဲ့အချက်ကို ဇောင်းပေးပြောသွားပြီး  Rebalancing လို့သုံးသွားတဲ့အစီအစဉ်အရ အမေရိကန်ရေတပ်ချထားမှုအနေအထားကို အရင်က အတ္တလန္တိတ် ငါးဆယ်၊ ပစိဖိတ် ငါးဆယ် အနေအထားကနေ ခုဆယ်စုနှစ်အကုန်မှာ အတ္တလန္တိတ် လေးဆယ်၊ ပစိဖိတ် ခြောက်ဆယ် အနေအထားထိ တဖြည်းဖြည်းပြောင်းလဲချသွားမယ်လို့ ပြောတယ်။

ဒီတော့ အမေရိကန်ရဲ့ အာရှပစိဖိတ်ဗျူဟာသစ်ရဲ့ရည်ရွယ်ချက်က ဘာလဲ။ ဒီစစ်ဗျူဟာသစ်က မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေပေါ် ဘယ်လိုရိုက်ခတ်မှုမျိုးတွေ ဖြစ်လာမလဲ။
တကယ်တော့ အမေရိကန်ဟာ ၁၉၈၉ ဘာလင်တံတိုင်းပြိုပြီးသိပ်မကြာခင်မှာဘဲ သူ့ စစ်ရေးအာရုံစိုက်မှုကို အရှေ့ဥရောပကနေ အရှေ့အလယ်ပိုင်းနဲ့အာရှပစိဖိတ်ဘက်ကို တဖြည်းဖြည်းချင်းပြောင်းရွှေ့ဖို့ဖြစ်ပေမယ့် စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှုနဲ့ နောက်ဆက်တွဲစစ်ရေးကိစ္စတွေကြောင့် အာရှပစိဖိတ်ဘက်ကို ခုကျမှ ပြောင်းဖြစ်တယ်လို့ဆိုတယ်။ ခုစစ်ဗျူဟာသစ်ဟာ တရုတ်ကိုရည်ရွယ်ပြီးချမှတ်တာမဟုတ်ဘူးလို့ ပင်နက်တာမိန့်ခွန်းမှာ အတိအလင်းပြောသွားပေမယ့် တရုတ်ဘက်ကကြည့်မယ်ဆိုရင် ဒါကို ယုံကြည်ဖို့ခက်တယ်။ တရုတ်အစိုးရအာဘော်ကိုဖော်ပြနေတဲ့ အစိုးရမီဒီယာတွေမှာ ဒီစစ်ဗျူဟာသစ်ဟာ အရှေ့အာရှမှာ တနေ့တခြားကြီးထွားလာနေတဲ့တရုတ်အင်အားကိုထိန်းဖို့ လုပ်တဲ့ လုပ်ရပ်ဆိုပြီး ရေးသားဖော်ပြကြတယ်။ တရုတ်ဘက်က စိုးရိမ်မယ်ဆို စိုးရိမ်စရာတခုက အမေရိကန်က ဒီဒေသကနိုင်ငံတွေမှာ rotational deployment  စစ်အင်အားအလှည့်ကျချထားမှုတွေ လုပ်လာတာဖြစ်တယ်။ သြစတြေးလျမှာလုပ်ပြီးသလို ဖိလစ်ပိုင်နဲ့လည်းလုပ်ဖို့စဉ်းစားနေပြီး စင်ကာပူနဲ့လည်းလုပ်ဖို့ရှိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာသွားတယ်။ စစ်အင်အားအလှည့်ကျချထားမှုဆိုတာ တောင်ကိုရီးယားနဲ့ဂျပန်မှာလို အမြဲတန်းစစ်စခန်းတွေ ထားရှိတာမဟုတ်ဘဲ အမေရိကန်စစ်မှုထမ်းတွေကို သက်ဆိုင်ရာနိုင်ငံတွေကစစ်မှုထမ်းတွေနဲ့ ကာလအပိုင်းအခြားတခုသတ်မှတ်ပြီး ပူးတွဲတာဝန်ထမ်းဆောင်စေတာ ဖြစ်တယ်။ ပုံမှန်အားဖြင့် ယာယီလာချမယ့် အမေရိကန်စစ်မှုထမ်းအရေအတွက်က ရာဂဏန်းသာရှိပေမယ့် စစ်ဘက်ဆက်ဆံမှု ပိုနက်ရှိုင်းလာမယ့်အရေးကို တရုတ်ဘက်က စိတ်ပူပုံရတယ်။

နောက်တခါ လီယွန်ပင်နက်တာမိန့်ခွန်းမှာ အမေရိကန်အနေနဲ့ အရှေ့တောင်အရှကနိုင်ငံတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုပြီးနက်ရှိုင်းအောင်၊ အားကောင်းအောင် တိုးမြှင့်လုပ်ဆောင်ရာမှာ အမေရိကန်စစ်တပ်က နောက်ကနေကျားကန်ပေးနိုင်ဖို့ အာရှပစိဖိတ်စစ်ဗျူဟာသစ်ကိုချမှတ်တာ ဖြစ်တယ်လို့ ပြောသွားတယ်။
(၂) အမေရိကန်ကြည်းတပ်နဲ့ ကမ်းတက်တပ်ဖွဲ့တွေတိုးချဲ့ချထားဖို့ကိစ္စကို သူ့မိန့်ခွန်းထဲ ပြောမသွားပေမယ့် အာဖဂန်နစ္စတန်နဲ့အီရတ်ကတပ်အများအပြားကိုပြန်ရုပ်နေတာမို့ အမေရိကန်အနေနဲ့ လိုအပ်မယ်ဆိုရင် သူ့စစ်အင်အားကို အာရှပစိဖိတ်ကို ပို့ဖို့ဖြစ်နိုင်မှာပဲ။ ဒီအချက်က တရုတ်အတွက် ပို စိတ်ပူစရာကောင်းနိုင်တယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်ပြင်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှ ဒေသတွင်းကနိုင်ငံတွေနဲ့အငြင်းအခုံဖြစ်နေတာဖြစ်ပြီး အမေရိကန်ရဲ့ပါဝင်ပတ်သက်လာနိုင်ခြေကို တရုတ်နဲ့တရားပြိုင်ဖြစ်နေတဲ့နိုင်ငံတွေက ကြိုဆိုမှာဖြစ်တယ်။ တောင်တရုတ်ပင်လယ်ထဲကကျွန်းစုတွေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေမှာ တရုတ်နဲ့တရားပြိုင်ဖြစ်နေတဲ့နိုင်ငံတွေရဲ့ ဈေးဆစ်နိုင်စွမ်းအားကောင်းအောင် လူလုံးထွက်ပြရုံသက်သက်ပဲလား၊ ဒိထက် ဘယ်လောက်ပိုသလဲဆိုတာခုချိန်မှာတော့ သေချာပြောနိုင်အုံးမှာ မဟုတ်ဘူး။ ဘာပဲပြောပြော ဒီအချက်ဟာ တရုတ်အတွက် အဓိကခေါင်းခဲစရာ အချက်တချက်ဖြစ်တယ်။
လွန်ခဲ့တဲ့ ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ကစပြီး တရုတ်ဟာ အရှေ့အာရှဒေသမှာ သိုသိုသိသိပ်နဲ့ စီးပွားရေးသြဇာထူထောင်နေရာမှာ သြစတြေးလျလိုနိုင်ငံတွေရဲ့စီးပွားရေးကတောင် တရုတ်နဲ့ယှက်နွယ်မှု ပိုပြီးကြီးမားလာခဲ့တယ်။ အာရှပစိဖိတ်ဒေသကနိုင်ငံတွေနဲ့ တရုတ်ဆက်ဆံရေး တစတစ နက်ရှိုင်းလာနေတာဟာ အမေရိကန်အတွက်လည်း စိုးရိမ်စရာဖြစ်တယ်။ အမေရိကန်ဟာ အာရှပစိဖိတ်ဒေသကနိုင်ငံ ငါးနိုင်ငံနဲ့ (ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်)  treaty allies မဟာမိတ်စာချုပ် ချုပ်ထားတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ထိုင်းနဲ့အမေရိကန်ဆက်ဆံရေး ပျော့လာသလို (ဥပမာ တလောက အီရန်စစ်ဘက်အရာရှိတယောက် ထိုင်းလာတော့ အမေရိကန်က သူ့(အဲဒီလူကို)ကို သူတို့ဆီလွှဲပေးဖို့ပြောပေမယ့် ထိုင်းက ဒီအရာရှိဟာ လက်ရှိစစ်မှုထမ်းမို့ လွှဲပြောင်းရေးစာချုပ်နဲ့ အကြုံးမဝင်ဘူး၊ နောက်ပြီး အမေရိကန်နဲ့ထိုင်း စာချုပ် ချုပ်ထားသလို ထိုင်းဟာ ရုသျှနဲ့သဘောတူထားတာတွေကိုလည်း လေးစားလိုက်နာရမယ်လို့ အကြောင်းပြပြီး လွှဲမပေးခဲ့ဘူး) တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေးပြန်ဆောက်ဖို့လိုပြီလို့ ယူဆစရာအကြောင်းတွေရှိလာခဲ့တယ်။ ဒီနောက်ခံတွေနောက်မှာ ခု အာရှပစိဖိတ်စစ်ဗျူဟာသစ်ပေါ်ထွက်လာတာလို့ ခေတ်မောင်းက ယူဆတယ်။
အပေါ်ယံကြည့်မယ်ဆိုရင်တော့ တရုတ်စီးပွားရေးသြဇာတနေ့တခြားကြီးလာတာကို လန့်တဲ့နိုင်ငံတွေအတွက်တော့ အမေရိကန်လာမှာကို ကြိုဆိုချင်စရာလို့ထင်ရပေမယ့် တကယ်တမ်းမှာ ဒီနိုင်ငံတွေရဲနိုင်ငံခြားရေးပေါ်လစီတွေ တကယ့်အကျပ်အတည်းဆိုက်နိုင်တဲ့ ဖြစ်နိုင်ချေတွေအများကြီးရှိနေတယ်။ ပထမတချက်အနေနဲ့ ကနေ့ခေတ် နိုင်ငံတကာဆက်ဆံရေးဟာ စစ်အေးခေတ်ကလို တဘက်ဘက်မှာ ပြတ်ပြတ်သားသားရပ်လို့ရတဲ့အနေအထားမျိုးမှာ မရှိဘူး။ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ တရုတ်ကိုမကြိုက်ပေမယ့် တရုတ်နဲ့ဆက်ဆံရေးကို အထူး ဂရုစိုက်နေရတုန်းပဲ။ နောက်တခါ တရုတ်အမေရိကန်ဆက်ဆံရေးကို တကမ္ဘာလုံးအတိုင်းအတာနဲ့ယှဉ်ကြည့်မယ်ဆိုရင်လည်း တရုတ်နဲ့အဆက်ဖြတ်ပြီး အမေရိကန်နဲ့  တန်းနှစ်ပါးသွားဖို့ဆုံးဖြတ်တာမျိုးဟာ အမြော်အမြင်ရှိတဲ့ဆုံးဖြတ်ချက်မျိုးလားဆိုတာ သက်ဆိုင်ရာနိုင်ငံတွေအတွက် လေးလေးနက်နက်မေးခွန်းထုတ်ရမယ့် မေးခွန်းဖြစ်တယ်။

အမေရိကန်က အာရှပစိဖိတ်ဒေသမှာ ရေတပ်အင်အားတိုးချဲ့ချထားတာကို တရုတ်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး။ သူ့ရေတပ်အင်အားကို ပိုတောင်မှ တိုးချဲ့အုံးမှာပဲ။ အကျိုးဆက်အနေနဲ့ ဒေသတွင်းနိုင်ငံတွေပေါ်မှာ တရုတ်ကတောင်းဆိုမှုတွေလုပ်လာရင် ဒီတောင်းဆိုမှုတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ အထူးသဖြင့် အခု အမေရိကန်စစ်ဗျူဟာသစ်ကို တရုတ်က သူ့ကို လာဝိုင်းတာ လို့ မြင်တဲ့အခါ တနေ့တခြား ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိလာသလို ကုန်ကြမ်းနဲ့စွမ်းအင်အတွက် ပြည်ပကို ပိုပို အားထားလာရတဲ့တရုတ်က သူ့အမြင်မှာ အဝိုင်းခံရမှုကနေ ရုန်းထွက်ဖို့ကြိုးစားမှာပဲ။ ဒီကြိုးစားမှုရဲ့သက်ရောက်မှုတွေကို သူ့အိမ်နီးချင်းအပါအဝင် ဒေသတွင်းနိုင်ငံတွေက ဘယ်လိုရှင်းမလဲ။ နောက်တခါ တရုတ်ဟာ ကမ္ဘာတဝှမ်းမှာ အမေရိကန်ကိုစိန်ခေါ်နိုင်စွမ်း အတိုင်းအတာတခုထိ ရှိတယ်။ တိုက်ရိုက်မရင်ဆိုင်နိုင်ရင် အီရန်တို့၊ ပါကစ္စတန်တို့လိုနိုင်ငံတွေကို နောက်ကွယ်ကထောက်ပံ့ပြီး အရှေ့အလယ်ပိုင်းမတည်ငြိမ်မှုကို သူ့အတွက်အကျိုးရှိအောင်လုပ်နိုင်တယ်။ တခါ အရေးကြီးတဲ့နောက်အချက်တချက်က အမေရိကန်ဟာ သူလိုအပ်တဲ့အချိန်မှာ တည့်နေပေမယ့် မလိုတဲ့အချိန်မှာ ရက်ရက်စက်စက်ပြုမူတတ်တာတွေက အရှေ့တောင်အာရှနိုင်ငံတွေအတွက် အမေရိကန်ရင်ခွင်ထဲပြေးဝင်ဖို့ ခက်စေမယ်။ ဆက်ဒမ်ဟူစိန်၊ မူဘာရက်၊ ကဒါဖီ စတဲ့အာဏာရှင်တွေရဲ့ သာဓကတွေက လောလောလတ်လတ် ရှိသေးတယ်။ နောက်တခါ တရုတ်စီးပွားရေးက အတက်ဘက်မှာရှိနေတာမို့ အမေရိကန်ရဲ့မဟာမိတ်တွေကို တရုတ်က ငွေအင်အားသုံးပြီးဆွယ်ဖို့ ဖြစ်နိုင်တယ်။ ဆော်ဒီအာရေဗျနဲ့တရုတ်ဆက်ဆံရေးဟာ ခုဆိုမှန်မှန်တိုးတက်လာနေတာက ထင်ရှားတဲ့ သာဓကဖြစ်တယ်။

ဒီအချက်တွေကိုနောက်ခံထားကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှက နိုင်ငံတွေရဲ့အနေအထားဟာ အင်မတန်မှသတိရှိရမယ့်အနေအထားဖြစ်တယ်။ ဒီအချက်တွေကိုမကြည့်ပဲ အမေရိကန်မျက်စပစ်ပြတာကို အဓိပ္ပါယ်ကောက်လွဲမယ်ဆိုရင် ရေရှည်မှာ ကြီးကြီးမားမား ပြန်ပေးဆပ်ရဖွယ်ရှိတယ်။ နောက်တခါ အမေရိကန်-မြန်မာဆက်ဆံရေးညီမျှခြင်းမှာ အပိုပါနေတဲ့ကိန်းတလုံးက အတိုက်အခံတွေပဲ။ မြန်မာနိုင်ငံကအတိုက်အခံတွေလို အမေရိကန် အားပေးထောက်ခံမှုကိုမှီပြီး အစိုးရအတိုက်အခံလုပ်ရတဲ့နိုင်ငံရေးအင်အားစုတွေအတွက်တော့ ခုဗျူဟာသစ်မှာကြားညပ်ပြီး တဖြည်းဖြည်း လုံးပါးပါးမယ့်ပုံရှိတယ်။ ဥပမာ မြန်မာနိုင်ငံက လက်ရှိ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းမှာ အရင်ကဆိုအလွယ်တကူထုတ်ပြောတတ်တဲ့ အမေရိကန်လို နိုင်ငံ တနိုင်ငံက လူ့အခွင့်အရေးကိစ္စတွေမှာ ရေငုံနေမယ်ဆိုရင် အမေရိကန်ထောက်ခံမှုနဲ့ အတိုက်အခံလုပ်နေရတဲ့နိုင်ငံရေးအဖွဲ့တွေအနေနဲ့ ကိုယ့်ပြည်တွင်းကအဖြစ်အပျက်တွေကို ကိုယ်နဲ့မဆိုင်သလိုသဘောထားပြီး ကိုယ့်နိုင်ငံရေးကိုယ့်ဟာကိုယ်ညှဉ်းသတ်တဲ့အဖြစ် ဆိုက်မယ်။ ဒါဟာ ကိုယ့်ပြည်သူလူထုကိုအားမကိုးတဲ့နိုင်ငံရေးအဖွဲ့အစည်းတိုင်း မလွဲမသွေကြုံတွေ့ရမယ့် အဖြစ်အပျက်ပဲ။


ကိုးကားစာရင်း

() အိမ်ဖြူတော် ကြေညာချက်ကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။ http://www.whitehouse.gov/the-press-office/2012/01/05/remarks-president-defense-strategic-review

() လီယွန်ပင်နက်တာ မိန့်ခွန်းကို ဒီမှာ http://www.youtube.com/watch?v=o318z54rHTU နားထောင်နိုင်ပြီး မိန့်ခွန်း ကောက်နှုတ်ချက်ကို ဒီမှာ http://www.defense.gov/news/newsarticle.aspx?id=116591 ဖတ်ရှုနိုင်ပါတယ်။

0 comments:

Post a Comment