ရိုဟင်ဂျာပြသနာ၊ လူ့အခွင့်အရေးနှင့်အမျိုးသားဂုဏ်သိက္ခာ- အပိုင်း (၁) အောင်ထူး (ရှေ့နေ)
ရိုဟင်ဂျာပြသနာနှင့်ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနဲ့မထိုက်တန်ကြောင်း လူသိရှင်ကြားစွပ်စွဲချက် ပေါ်ထွက်လာခဲ့သည်။
မနေ့ကမှဖြစ်သော ဇူလိုင်လ ၂၃ ရက် နေ့တွင် အယ်လ်ဂျာဇီးရား နိုင်ငံတကာရုပ်သံလွှင့်ဌာနမှ ရိုဟင်ဂျာလူထုများ ဘ၀ပျက်နေကြသည့်ပုံများ၊ စခန်းအတွင်းနေထိုင်ရာတွင်လည်း အကူအညီများမရရှိ၍ စားရမဲ့သောက်ရမဲ့ ဖြစ်နေပုံများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လှေဖြင့်ကူးပြေးရန် ကြိုးစားသော်လည်း အဆိုပါနိုင်ငံရှိအာဏာပိုင်များကလက်မခံဘဲ ထမင်းထုပ်တယောက်တထုပ်ပေး၍ ရေထဲသို့ပြန်မောင်းထုတ်လိုက်သဖြင့် အော်ဟစ်ငိုကြွေးကာ လှေပေါ်ပြန်တက်သွားကြရသည့်ပုံများကို အချိန်အတော်ကြာထုတ်လွှင့်ပြသခဲ့သည်။
တဆက်တည်းတွင် အယ်လ်ဂျာဇီးရား နိုင်ငံတကာရုပ်သံလွှင့်ဌာနက ရိုဟင်ဂျာပြသနာကို လေ့လာလုပ်ဆောင်လျှက်ရှိသော ကုလသမဂ္ဂမှအပါအ၀င်ပုဂ္ဂိုလ်အချို့ကိုအင်တာဗျူးလုပ်ပြီး တင်ပြသွားခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) မှ Brad Addam က အစိုးရအာဏာပိုင်များသည် ဇွန်လ ၁၂ ရက်နေ့မှစပြီး ဘက်တဖက်မှရပ်တည်ကာ ရိုဟင်ဂျာများအပေါ် ရက်စက်မှုကျူးလွန်ခဲ့ကြောင်း တိတိကျကျပြောသွားခဲ့သည်။
လန်ဒန်မြို့၌အခြေစိုက်ပြီး ရိုဟင်ဂျာဆိုင်ရာနိုင်ငံရေးသုံးသပ်သူဟုအမည်ခံထားသူ မိုဟာမက် နူး (Mohamed Nour) ဆိုသူက နိုင်ငံကြီးများသည် ဤသို့သောကျူးလွန်မှုကြီးများကို နှုတ်ဆိတ်နေကြောင်း၊ မြန်မာနိုင်ငံအတွင်းဝင်၍ စီးပွားရေးနှင့်အခြားလုပ်ငန်းကိုင်ငန်းများ လုပ်ချင်သောကြောင့်ဖြစ်ကြောင်း၊ ရိုဟင်ဂျာများအပေါ်ကိုင်တွယ်မှုများနှင့်စပ်လျှဉ်း၍ အောင်ဆန်းစုကြည်သဘောတူညီပြီးဟူ၍ ဦးသိန်းစိန်က ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်း၊ ရိုဟင်ဂျာအရေးအပေါ် အောင်ဆန်းစုကြည်သည် မျက်စိမှိတ်ထားလျှက်ရှိကြောင်း၊ အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနှင့်မထိုက်တန်ကြောင်း နိုင်ငံတကာရှေ့တွင် ပေါ်ပေါ်ထင်ထင်စွပ်စွဲပြောဆိုသွားခဲ့သည်။
မြန်မာစကားပုံတခု ရှိပါသည်။ အပျက်အပျက်နှင့်နှာခေါင်းသွေးထွက်တော့မည်ဟူ၍ ဖြစ်သည်။ ရိုဟင်ဂျာအရေးနှင့်စပ်လျှဉ်း၍ မှန်မှန်ကန်ကန်ရပ်တည်ကိုင်တွယ်နိုင်ခြင်းမရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သာမက တိုင်းရင်းသားပေါင်းစုံ လူမျိုးစုများအားလုံးနှင့်တိုင်းပြည်ပါ ဂုဏ်သိက္ခာကျဆင်းပါတော့မည်။ ဒေါ်အောင်ဆန်းစုကြည်ကိုအကြောင်းပြု၍ မြန်မာနိုင်ငံကို ကမ္ဘာကပိုပြီးသိလာသည်ဟူ၍ ၀င့်ကြွားနေကြသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည်ပင် စတင် လက်ညှိုးထိုးခြင်းခံရကာ တမျိုးသားလုံးဂုဏ်သိက္ခာညှိုးခြုံးရမည့်အခြေအနေသို့ရောက်သွားမှာ စိုးရိမ်မိပါသည်။ ဤအချိန်တွင် ပြသနာ၏အခြေအမြစ်ကို ခေါင်းအေးအေးထား၍ စေ့စေ့စပ်စပ်လေ့လာရန် လိုအပ်လာပါသည်။ အနာသိလျှင် ဆေးရှိနိုင်ပါသည်။
ရိုဟင်ဂျာပြသနာအပေါ် လူ့အခွင့်အရေးရှုဒေါင့်မှနေ၍ နိုင်ငံတကာက စတင်ထောက်ပြဝေဘန်လာမှုများကို အဆိုးမြင်အနေဖြင့်မကြည့်သင့်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း ကြီး၊ ငယ်၊ လတ်များသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံအတွင်း၌ စစ်အစိုးရအဆက်ဆက်ကျူးလွန်ခဲ့သည့် ဆိုးဝါးပြင်းထန်သောပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍ ကျူးလွန်ခံခဲ့ရသောတိုင်းရင်းသားပေါင်းစုံလူထုကြီးဘက်မှရပ်တည်ကာ စစ်အစိုးရအား တောက်လျှောက်ပင် ဆန့်ကျင်ကန့်ကွက်ဝေဘန်ခဲ့ကြသည်ကို မမေ့သင့်ပါ။
နိုင်ငံ့လုံခြုံရေးလား၊ လူထုလုံခြုံရေးလား။
ဇူလိုင်လ ၂၀ ရက်နေ့ ဘီဘီစီ မြန်မာ့အရေးကမ္ဘာ့အရေးဆွေးနွေးခန်းတွင် ကျောက်ဖြူမှ ရှေ့နေကြီးတဦးလည်းဖြစ်၊ စစ်အစိုးရတည်ထောင်ထားသောလွှတ်တော်တွင် အမတ်တဦးလည်းဖြစ်သူ ဦးဘရှိန်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို မပြင်သင့်ကြောင်းကန့်ကွက်ဆွေးနွေးရာ၌ ဥပဒေသက်သက်နှင့်ပြောလို့မရကြောင်း၊ နိုင်ငံ၏ ပကတိအခြေအနေကိုကြည့်ရမည်ဖြစ်ကြောင်း၊ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေသန်း ၆၀ မှ သန်း ၁၆၀ အထိ ရှိနေပြီဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသတ်မှတ်ချက်ထဲမှာ အကြုံးမ၀င်သူများရှိလျှင် ထိုသူများမှာ မိမိတို့ဆီ ဘာကြောင့်ရောက်လာသလဲဟု မေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လုံခြုံရေးမှာအဓိကကျကြောင်း၊ အမေရိကန်ပြည်ထောင်စုကဲ့သို့သော ခေတ်မှီတိုးတက်သည့်နိုင်ငံကြီးမျိုးသည်ပင် လုံခြုံရေးကိုအဓိကထားရကြောင်းဖြင့် ဆွေးနွေးသွားခဲ့သည်။ ဤအင်တာနက် http://youtu.be/esS0jgYGaLk တွင် ပြန်လည်နားထောင်နိုင်ပါသည်။
စာရေးသူသည် ထိုဆွေးနွေးပွဲတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအပေါ် နိုင်ငံတကာဥပဒေနှင့် ပြည်တွင်းဥပဒေအခြေခံများအပေါ်မှသာ ဇောင်းပေးဆွေးနွေးခဲ့သဖြင့် ဦးဘရှိန်တင်ပြခဲ့သည့် နိုင်ငံ့လုံခြုံရေးရှုဒေါင့်မှဆွေးနွေးချက်ကိုတုန့်ပြန်ရန် အချိန်မရခဲ့ပါ။ တကမ္ဘာလုံးက စောင့်ဆိုင်းကြည့်ရှုလျှက်ရှိသော နိုင်ငံတကာသတင်းဌာနကြီးတခုက ယမန်နေ့က ရိုဟင်ဂျာပြသနာကို အတော်ပင်အချိန်ပေးကာ မီးမောင်းထိုးလာသည့်အချိန်၌ လူထုများအတွင်း မှန်ကန်သည့်အယူအဆများ ရှိလာနိုင်စေရေးအတွက် ဦးဘရှိန်၏နိုင်ငံ့လုံခြုံရေးအယူအဆကိုတုန့်ပြန်ဆွေးနွေးရန် လိုအပ်လာပါသည်။ အတွေးမှန်မှ အလုပ်မှန်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။
နိုင်ငံ့လုံခြုံရေးဟူသည်မှာ နိုင်ငံတခုကို အခြားနိုင်ငံတခုက သို့မဟုတ် အများက စစ်ပြုတိုက်ခိုက်ခြင်း၊ နိုင်ငံတခု၏အချုပ်အခြာအာဏာကို အခြားနိုင်ငံတခုက သို့မဟုတ် အများက ထိပါးစော်ကားခြင်းဟူ၍ ယေဘုယျအားဖြင့်နားလည်ပါသည်။ ယခုအချိန်အထိ ရိုဟင်ဂျာပြသနာသည် နိုင်ငံ့လုံခြုံရေးကိုထိခိုက်သည့်အဆင့် မရောက်သေးပါ။ နိုင်ငံ့လုံခြုံရေးကိုထိပါးမှာစိုးရိမ်၍ဟူသည်ကို အကြောင်းပြကာ ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ၊ ပြည်တွင်းဥပဒေများကိုချိုးဖေါက်ကျူးလွန်မှုမှန်သမျှကိုလည်း လက်မခံနိုင်ပါ။
အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာရေးရာများကို ဆက်ဆန်လုပ်ဆောင်ရာတွင် ပြသနာများစွာကြုံတွေ့ရပြီး ပြင်းထန်သောဝေဘန်ကန့်ကွက်မှုများ မကြာမကြာခံရသည်ကို တွေ့ရသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုသည် နိုင်ငံ့လုံခြုံရေးကိုအဓိကထားသည်မှန်သော်လည်း နိုင်ငံ့လုံခြုံရေးကိုအကြောင်းပြ၍ အစိုးရအနေဖြင့်မူဝါဒချမှတ်ပြီး ပြည်တွင်း၌ မိမိနိုင်ငံအတွင်းဝင်ရောက်လာသော လူမျိုးခြားကိုဖြစ်စေ၊ မွတ်ဆလင်နှင့်အခြားသာသာဝင်များကိုဖြစ်စေဆန့်ကျင်ကာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများနှင့် ပြည်တွင်းဥပဒေများကိုချိုးဖေါက်ကျူးလွန်သည်ဟူ၍ မကြားဘူးပါ။ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို ဖေါက်ခွဲပြီးအကြမ်းဘက်မှုကြီးကိုကျူးလွန်ခဲ့သော မွတ်စလင်အစွန်းရောက် အယ်လ်ကိုင်းဒါးနှင့် အိုစမာဘင်လေဒင်အား နိုင်ငံတကာထွက်၍ ပြင်းထန်စွာအရေးယူခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်တွင်း၌ဖြစ်စေ၊ နိုင်ငံတကာ၌ဖြစ်စေ၊ မွတ်ဆလင်ဘာသာဆန့်ကျင်ရေးလုပ်သည်ကို မတွေ့ရပါ။ ဦးဘရှိန်သည် နိုင်ငံ့လုံခြုံရေးအယူအဆကိုသက်သေထူနိုင်အောင် အမေရိကန်ပြည်ထောင်စုအားကိုးကားခြင်းမှာ အခြေအမြစ်မရှိပါ။
ရိုဟင်ဂျာလူထုများနှင့်ဆက်စပ်၍ ဖြစ်ပွားခဲ့သောပြသနာအပေါ် (State Security) နိုင်ငံ့လုံခြုံရေးအမြင်ကိုကိုင်ကာ အကြမ်းဖက်သည့်နည်းလမ်း မကျင့်သုံးသင့်ပါ။ (Human Security) လူထုလုံခြုံရေးအမြင်ဖြင့်သာ ဖြေရှင်းဘို့လိုပါမည်။ ယင်းအမြင်ဖြင့် ဥပဒေစိုးမိုးရေးကိုရှေ့ရှုပြီး ငြိမ်းချမ်းသည့်နည်းလမ်းကို အဓိကထားဆောင်ရွက်မှသာ အမှန်ဆုံးဖြစ်ပါမည်။ ယင်းသို့မဟုတ်ဘဲ နိုင်ငံ့လုံခြုံရေးအမြင်ကိုကိုင်စွဲကာ အကြမ်းဖက်သည့်နည်းလမ်းဖြင့်ဖြေရှင်းခဲ့သဖြင့် ယခုမူ ရခိုင်ပြည်နယ်အတွင်းရှိပြည်သူတရပ်လုံးတွင် လူထုလုံခြုံရေးဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ လူမျိုးရေးပဋိပက္ခအသွင်ဆောင်သွားပြီး တဘက်ကိုတဘက် မုန်းတည်းမှုများ၊ မယုံကြည်မှုများ၊ ထိတ်လန့်မှုများ ခံစားနေကြရပြီဖြစ်သည်။ ဖြေရှင်းနည်းမမှန်ခဲ့သဖြင့် မကောင်းသည့်အကျိုးဆက်များ ပေါ်ခဲ့ပြီဖြစ်သည်။ ဤနည်းကို ဆက်လက်ကျင့်သုံးလျှင် ဘာသာရေးပဋိပက္ခအဖြစ်သိ့ရောက်သွားနိုင်သည်။ ရိုဟင်ဂျာသည် လူမျိုးတမျိုးဖြစ်ပါလျှက် အသိအမှတ်မပြုဘဲထားသည်၊ အသိအမှတ်ပြုပေးရမည်ဟူ၍ ယခုအချိန်တွင် နိုင်ငံတကာကတောင်းဆိုနေခြင်း၊ ဖိအားပေးနေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများ လူ့အခွင့်အရေးချိုးဖေါက်ခံနေရသည်၊ အစိုးရကိုယ်တိုင်ပါဝင်ကျူးလွန်နေသည်ဟုသာ ထောက်ပြနေခြင်းဖြစ်သည်။
သို့ရာတွင် အကြမ်းဘက်သည့်နည်းလမ်းကို ဆက်လက်ကျင့်သုံးခြင်းကြောင့် တဘက်နှင့်တဘက် အပြန်အလှန်သတ်ဖြတ်မှုများဆက်လက်ဖြစ်ပွားပြီး အခြားတဘက်တွင် စစ်အစိုးရ၏ဖန်တည်းကျူးလွန်မှုများ ပိုမိုတိုးချဲ့လုပ်ဆောင်လာပါက အခြေအနေနှစ်မျိုးဖြစ်သွားနိုင်သည်။
တမျိုးမှာ ငါတို့မွတ်ဆလင်တွေ ဖိနှိပ်သတ်ဖြတ်ခံနေရသည်ဟုလှုံ့ဆော်မှုများပေါ်လာပြီး တကမ္ဘာလုံးရှိမွတ်ဆလင်များက ရိုဟင်ဂျာနောက်တွင်ရပ်တည်သွားနိုင်သည်။ ရိုဟင်ဂျာအရေးမှ မွတ်ဆလင်အရေးသို့ ကူးပြောင်းသွားနိုင်သည်။ မွတ်ဆလင်နိုင်ငံများက ရိုဟင်ဂျာများဘက်မှ ရပ်တည်အားပေးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာနိုင်သည်။ ဤအခြေအနေသိ့ရောက်သည့်အခါတွင်မှ တကယ်တန်း နိုင်ငံ့လုံခြုံရေးထိခိုက်လာမည်။ လူထုလုံခြုံရေးမှာမူ တွေးရဲစရာပင်မရှိတော့။
အခြေအနေနောက်တမျိုးမှာ ရိုဟင်ဂျာများသည် လူမျိုးအဆင့်အတန်းမရထိုက်ပါဘဲလျှက် လူမျိုးအဖြစ် တင်းတွန်းတင်သဖြင့် အစိုးရကိုယ်တိုင်ကပါဝင်ကျူးလွန်ခြင်းကြောင့် ဤသို့သောသတ်ပွဲကြီးများဖြစ်ပွားရသည်ဟုဆိုလျှင် နိုင်ငံတကာဥပဒေအရ Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ရာရောက်သည်။ နိုင်ငံတကာ့အလယ်တွင် ဤသို့စွပ်စွဲခံလိုက်ရလျှင်ပင် အမျိုးသားဂုဏ်သိက္ခာကျဆင်းလှပါသည်။ တကယ်ဆက်ကျူးလွန်လျှင်လည်း နိုင်ငံတကာက တကယ်တန်းအရေးယူမှာသေချာသည်။ လူမျိုးတုံးသတ်ဖြတ်မှုကိုကျူးလွန်သည့်အဆင့်အထိ ရက်စက်ကြမ်းကြုတ်သောလူမျိုးများရှိသည့်နိုင်ငံဟုသဘောထားကာ နိုင်ငံခြားခရီသည်များကအစ ရှောင်သွားနိုင်သည်။ လူထုစီးပွားရေးဘ၀တိုးတက်ရန် မမြှော်မှန်းနိုင်တော့။ ဤသည်မှာ အမျိုးသားအကျိုးစီးပွားအခြေခံမှတင်ပြခြင်းလည်း ဖြစ်သည်။ အမျိုးသားရေးဟူသည်ကို ဤသို့စဉ်းစားသင့်ပါသည်။
ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအပေါ် ဘယ်လို ချည်းကပ်အဖြေရှာမလဲ။
စာရေးသူသည် ယခုဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအပေါ်သုံးသပ်ရာတွင် သမိုင်းကြောင်းအရ ရိုဟင်ဂျာသည် လူမျိုးတမျိုး ဟုတ်/မဟုတ်အခြေခံမှ မချည်းကပ်ပါ။ မြန်မာနိုင်ငံ တနိုင်ငံလုံး၌ စစ်အာဏာရှင်စနစ်ကျဆုံးကာ ဒီမိုကရေစီစစ်မှန်စွာရရှိပြီး ရခိုင်ပြည်နယ်အတွင်း၌ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့်များရမှသာ ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်း ဖေါ်ထုတ်လေ့လာ အမြင်ခြင်းဖလှယ်ဆွေးနွေးနိုင်ကြပြီး လူမျိုးတမျိုးဆိုသည်ကို မည်သို့သာအခြေခံများဖြင့် သတ်မှတ်သင့်သည်ဟူသောအဓိပ္ပါယ်ကိုပါ လူထုအခြေခံဖြင့် ဖွင့်ဆိုနိုင်ကြပါမည်။ ထို့နောက်တွင် တိုင်းပြည်၏အရေးကြီးလှသောကိစ္စရပ်များ၌ ပြည်လုံးကျွတ်ဆန္ဒခံယူ၍ဆုံးဖြတ်ကြရမြဲဖြစ်သလို ရိုဟင်ဂျာအား လူမျိုးတမျိုးအဖြစ် သတ်မှတ်သင့်/မသင့်ဟူသည်ကို ဆန္ဒခံယူပွဲဖြင့်ဆုံးဖြတ်ရန် လိုကောင်းလိုပါမည်။ မျက်မှောက်အချိန်တွင်မူ အတည်ပြုရန်အခက်အခဲရှိသောသမိုင်းအချက်အလက်ဆိုသည်များကိုတင်ပြလာလျှင် ပုဂံရာဇ၀င်ကို တုတ်ထမ်း၍ငြင်းရသည်ဆိုသကဲ့သို့ သူမှန်သည် ကိုယ်မှန်သည် အငြင်းပွားမှုများဖြင့်သာ အဆုံးသတ် သွားနိုင်မည်ဖြစ်သဖြင့် အကျိုးမရှိနိုင်ပါ။
သို့ဖြစ်၍ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံရေး (တနည်းအားဖြင့် စစ်အာဏာရှင်စနစ်က ကျင့်သုံးလေ့ရှိသည့် နိုင်ငံရေးလုပ်ဟန်) အခြေခံမှ ချည်းကပ်ပါမည်။ လူမျိုး (Ethnic Nationality) နှင့် နိုင်ငံသား (Citizen) တို့၏ ဆက်စပ်မှုနှင့်ကွာခြားမှုအား လွတ်လပ်ရေးရပြီးစ သမိုင်းကြောင်းနောက်ခံမှ စတင် တင်ပြပါမည်။
လွတ်လပ်ရေးရပြီးစအချိန်တွင်စတင်ကျင့်သုံးသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁) ၌ သဘာဝအလျှောက်နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားပြုခံရ၍နိုင်ငံသားဖြစ်ခြင်း နှစ်ရပ်လုံးကို ပြဌာန်းထားသည်။
သဘာဝအလျှောက်နိုင်ငံသားဖြစ်ခြင်း
ပုဒ်မ (၁၁) (က) မြန်မာနိုင်ငံတိုင်းရင်းသားတမျိုးမျိုး၏မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်းကောင်း၊
နိုင်ငံသားပြုခံရ၍နိုင်ငံသားဖြစ်ခြင်း
ပုဒ်မ (၁၁) (ဃ) ------ ၁၉၄၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှအထက် အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက်မယုတ်သောကာလအဖို့ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သောအာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဖူးပြီးဖြစ်လျှင် ပြည်ထောင်စုနိုင်ငံအတွင်းတွင် ထာဝစဉ်နေထိုင်ရန်ကြံရွယ်ခဲ့သည်ဖြစ်၍၊ ထို့အပြင် တရားဥပဒေဖြင့်သတ်မှတ်သောအချိန်အတွင်းတွင် ထိုသို့သတ်မှတ်သောနည်းလမ်းနှင့်အညီ ပြည်ထောင်စုနိုင်ငံသားအဖြစ်ရွေးချယ်ခြင်းကို ထုတ်ဖေါ်သူတိုင်းသည်လည်းကောင်း၊
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်ပါပြဌာန်းချက်ကိုအခြေခံကာ သဘာဝအလျှောက်နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျှဉ်း၍ ၁၉၄၈ ခုနှစ် ပြည်ထောင်စုနိုင်ငံသားဖြစ်မှု အက်ဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားသည်။
ပုဒ်မ (၃)။ ။(၁) အခြေခံဥပဒေပုဒ်မ ၁၁ အလို့ငှာ "မြန်မာနိုင်ငံတိုင်းရင်းသားတမျိုးမျိုး” ဆိုသည်မှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီကာလမှစ၍ ပြည်ထောင်စုတွင်ပါဝင်သောနယ်မြေတခုခု၌ မိမိတို့၏ပင်ရင်းတိုင်းပြည်အဖြစ်ဖြင့် အခြေစိုက်နေထိုင်ခဲ့သောမျိုးနွယ်စုများကိုလည်းကောင်း ဆိုလိုသည်။
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်ပါပြဌာန်းချက်ကိုအခြေခံကာ နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျှဉ်း၍ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေးအက်ဥပဒေတွင်အောက်ပါအတိုင်း ပြဌာန်းထားသည်။
ပုဒ်မ (၃)(ခ)။ ။ ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှအထက် အခြားမဲ့သောကာလအတွင်း ဆယ်နှစ်အတွင်း ရှစ်နှစ်အောက်မယုတ်သောကာလအဖို့ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အာဏာပိုင်နက်အတွင်း၌နေထိုင်ခဲ့ဖူးသူဖြစ်ခြင်း။
ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သည့် စစ်အာဏာသိမ်းပြီးနောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၁၄၆ အရ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျှဉ်း၍ ဥပဒေအတိုင်းဖြစ်စေရမည်ဟု ပြဌာန်းခဲ့သည်။ နိုင်ငံသားဖြစ်ခွင့်ကို ဖွဲ့စည်းပုံတွင် ပြဌာန်းကာကွယ်စောင့်ရှောက်သည့်အဆင့်မှလျှောကျသွားပြီး အာဏာပိုင်တို့အလိုကျ ဥပဒေပြဌာန်းကျင့်သုံးသည့်အဆင့်သိ့ရောက်သွားခဲ့သည်။ ထိ့နောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ထုတ်ပြန်ကာ လွတ်လပ်ရေးရပြီးခေတ်မှစ၍ တောက်လျှောက်ကျင့်သုံးလာခဲ့သော ၁၉၄၈ ခုနှစ် ပြည်ထောင်စုနိုင်ငံသားဖြစ်မှုအက်ဥပဒေကိုလည်းကောင်း၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ်ရွေးချယ်ရေးအက်ဥပဒေကိုလည်းကောင်း ရုပ်သိမ်းလိုက်သည်။
ဥပဒေ နှစ်ခုကိုဖျက်ပြီး တခုတည်းပေါင်းလိုက်ခြင်းအားဖြင့် အကျိုးဆက်အဖြစ်တွေ့ရသည်မှာ သဘာဝအလျှောက်နိုင်ငံသားဖြစ်ခြင်းနှင့်စပ်လျှဉ်း၍ အနှစ်သာရအရ ပြောင်းလဲမသွားသော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် အောက်ပါ အားနည်းချက်ကြီးများကိုတွေ့ရသည်။
(၁) မူလ ဥပဒေဟောင်းနှစ်ခုတွင်ပြဌာန်းထားသော တရားစီရင်ရေး၏ အရေးပါသောအခန်းကဏ္ဍကိုဖြုတ်လိုက်ပြီး နိုင်ငံသားကိစ္စများနှင့်စပ်လျှဉ်း၍ အစိုးရ၀န်ကြီးများဖြင့်ဖွဲ့စည်းထားသည့်ဗဟိုအဖွဲ့တွင်သာ အဆုံးသတ်စေသည်။
(၂) မူလ ဥပဒေဟောင်းတွင် နိုင်ငံခြားသားတဦးဦးအား နိုင်ငံသားပြုမှုလက်မှတ်ကိုလျှောက်ခွင့်ပေးထားပြီး သတ်မှတ်ချက်တရပ်အနေဖြင့် တိုင်းရင်းသားဘာသာစကားတမျိုးမျိုးကို ပြောဆိုတတ်ရမည်ဟု ပါရှိခဲ့သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင်မူ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မတိုင်မီ နိုင်ငံအတွင်းရောက်ရှိနေထိုင်သူနှင့် ၄င်းတို့မှမွေးဖွားသည့်သားသမီးများကိုသာ လျှောက်ခွင့်ပေးသည်။
(၃) ဥပဒေသဘောအရ ရှုပ်ထွေးခြင်း၊ မပြည့်စုံခြင်း။
ဖျက်သိမ်းခဲ့သည့်ဥပဒေဟောင်းနှစ်ခုမှာကဲ့သို့မဟုတ်တော့ဘဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည် ရှုပ်ထွေးပြီး သာမန်လူထုများ မျက်စိလည်အောင်ပြဌာန်းထားသည်။ ဤအချက်မှာ ဥပဒေကို လက်တေ့ဖေါ်ဆောင်သောအခါ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့်အုပ်ချုပ်ရေးအာဏာပိုင်များ၏ လက်တွင်းသို့ကျရောက်သွားစေသည်။ ၄င်းတို့နှင့်အလွမ်းသင့်လျှင် နိုင်ငံသားလက်မှတ်ကို အလွယ်တကူထုတ်ပေးလိုက်သည်။ အလွမ်းမသင့်လျှင် ဟိုစာရွက်တောင်း၊ သည်ထောက်ခံစာထပ်တောင်းနှင့် နှစ်ပေါင်းကြာအောင် အချိန်ဆွဲထားလိုက်သည်။ ဤဖြစ်စဉ်အတွင်း လာဘ်ပေးလာဘ်ယူသည် ကြီးကြီးမားမားတည်ရှိလာပြီး နိုင်ငံအတွင်း တရားဝင် မရောက်ရှိသင့်သူပေါင်းမြောက်များစွာသည် လာဘ်ငွေများအပေါ်တံတားခင်းကာ ရောက်ရှိလာခဲ့သည်။ လာဘ်ပေးလာဘ်ယူနှင့်စပ်လျှဉ်း၍ လွတ်လပ်သောအာရှအသံတွင်ဆွေးနွေးထားသည့်အစီအစဉ်ကို ဤ အင်တာနက် http://youtu.be/fhgWJPFfc70 တွင် ပြန်လည်နားဆင် နိုင်ပါသည်။
လွတ်လပ်ရေးရစကရှိထားပြီးဖြစ်သော ရှင်းလင်းသည့်ဥပဒေနှစ်ခုကိုဖျက်သိမ်းကာ ရှုပ်ထွေးပြီး မပြည့်စုံသောဥပဒေကိုပြဌာန်းခဲ့ခြင်း၊ ယင်းနှင့်ဆက်စပ်ကာ လူဝင်မှုကြီးကြပ်ရေးနယ်ပယ်တွင် တဖြည်းဖြည်းနှင့် လာဘ်ပေးလာဘ်ယူမှု ကြောက်ခမန်းလိလိကြီးထွားလာခြင်း၊ တတိုင်းပြည်လုံး၌ လာဘ်ငွေများအပေါ်တံတားခင်းကာ တရားဝင် မရောက်ရှိသင့်သူပေါင်းမြောက်များစွာ ရောက်လာခြင်း စသည်တိ့နှင့်စပ်လျှဉ်း၍ စစ်အာဏာရှင်စနစ်နှင့် အာဏာရယူအုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များတွင်တာဝန်ရှိပါသည်။ လာဘ်ပေးလာဘ်ယူပြသနာသည် န၀တ၊နအဖ ခေတ်တွင်ထိပ်ဆုံးသို့ရောက်ခဲ့ရာ ယခုလက်ရှိအာဏာရယူထားသူ စစ်ခေါင်းဆောင်ဟောင်းများအနက် တာဝန်ရှိမှုအရပြောလျှင် န၀တ အတွင်း ရေးမှုး (၂) အဖြစ်လည်းကောင်း၊ ၀န်ကြီးချုပ်အဖြစ်လည်းကောင်း နှစ်ပေါင်းများစွာတာဝန်ယူခဲ့သည့် လက်ရှိသမတ ဦးသိန်းစိန်တွင် တာဝန်ရှိပါသည်။
ရိုဟင်ဂျာပြသနာသည်လည်းကောင်း၊ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်းသို့ သန်းတချို့ချီပြီးရောက်ရှိနေကြသည့် ပြသနာသည်လည်းကောင်း၊ ဤ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ တရားစီရင်ရေး၏ကြပ်မတ်မှုမရှိတော့ဘဲ အုပ်ချုပ်ရေးအာဏာပိုင်များက ထင်သလိုချယ်လှယ်လုပ်ကိုင်နေမှု၊ လာဘ်ပေးလာဘ်ယူစနစ်၊ စစ်အာဏာပိုင်များ၏ နိုင်ငံရေးအရအသုံးချကစားခံရမှု စသဖြင့် အကြောင်းပေါင်းများစွာ ပေါင်းဆုံကာတည်ရှိလာခဲ့သောပြသနာဖြစ်သည်။ အရင်းခံမှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကိုကျင့်သုံးသည့်အခြေခံတွင် အာဏာကိုအုပ်ချုပ်ရေးကိုင်တွယ်သူ စစ် အာဏာပိုင်များကသာရလိုခြင်း၊ ရှင်းလင်းသော လည်ပတ်မှုဖြစ်စဉ်မရှိခြင်း၊ တာဝန်ခံမှုမရှိခြင်း၊ ကြီးကြပ်မှုမရှိခြင်း၊ ပြည်သူလူထုတွင် မေးမြန်းပိုင်ခွင့်နှင့် သတင်းအချက်ရယူပိုင်ခွင့်ကို ဥပဒေနှင့်အညီကျင့်သုံးခွင့်မရခြင်း၊ ဥပဒေပြသနာသာမက ဥပဒေစိုးမိုးရေးပြသနာပါတည်ရှိခြင်း အစရှိသည်တို့ကြောင့်ဖြစ်သည်။
သို့ဖြစ်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအောက်တွင် နိုင်ငံသားလက်မှတ်ရယူခြင်းမှာ စစ်ခေါင်းဆောင်များ၊ အုပ်ချုပ်ရေးအာဏာပိုင်များနှင့်နီးစပ်သူများ၊ ငွေကြေးတတ်နိုင်သူများ၊ စီးပွားရေးသမားများအတွက် လွန်စွာလွယ်ကူလှသော်လည်း သဘာဝအလျှောက်နိုင်ငံသား မဟုတ်သူသာမန်လူထုများ၊ ငွေကြေးချို့တဲ့သူများအတွက်အတော်ပင် အခက်အခဲကြီးမားခဲ့သည်။ ယင်းနှင့်ဆက်စပ်ကာ သဘာဝအလျှောက်နိုင်ငံသားစာရင်းဝင်သွားနိုင်သည့်လူမျိုး ဖြစ်တည်မှုလှုပ်ရှားမှုမှာ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ တဖြည်းဖြည်းနှင့်အရှိန်ယူလာခဲ့ကြောင်းတွေ့ရသည်။ တချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကလည်း လူမျိုးဖြစ်မှသာ နိုင်ငံသားဖြစ်ရမည့်ဥပဒေကို ပြဌာန်းလာသည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၅ ကို ကြည့်ပါ။
ပုဒ်မ ၃၄၅။ ။ အောက်ဖေါ်ပြပါ အရည်အချင်းတရပ်ရပ်နှင့် ပြည့်စုံသူများသည် နိုင်ငံသားများဖြစ်ကြသည်။
(က) မြန်မာနိုင်ငံ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူ။
၂၀၀၈ ဖွဲ့စည်းပုံပါ အထက်ပါပြဌာန်းချက်အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံသားပြုခံရ၍နိုင်ငံသားဖြစ်ခြင်း ဟူသည့်အနှစ်သာရသည် ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံကိုပါ တကယ်တန်း အတည်ပြုကျင့်သုံးသွားမည်ဆိုလျှင် တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ မဟုတ်သူများသည် မည်သည့်အခါတွင်မျှ နိုင်ငံသားမဖြစ်နိုင်တော့။ နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်းအခြေခံသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကချမှတ်ခဲ့ပြီး ကောင်းမွန်သောမူဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးသောဒီမိုကရေစီနိုင်ငံကြီးများတွင်လည်း ဤ မူကို လက်ခံကျင့်သုံးလျှက်ရှိကြသည်။ ယခု ဤမူကို ဖျက်လိုက်ပြီ။ သို့ဖြစ်၍ နိုင်ငံသားဖြစ်နိုင်ရန်လမ်းကြောင်း တကြောင်းသာ ရှိတော့သည်။ မိမိတို့သည် တိုင်းရင်းသားလူမျိုးဖြစ်ပါသည်ဟူသည်ကို လိုအပ်သည်ထက်ပိုမို၍တင်သွင်းသော လှုပ်ရှားမှုများပေါ်လာမည်။ ထိုသူတို့အား မူလကပင် အကြောင်းအမျိုးမျိုးဖြင့် အာဃာတရှိထားသောလူမျိုးကလည်း တန်ပြန်ဆန့်ကျင်သောလှုပ်ရှားမှုများ ပေါ်လာမည်။ သို့ဖြစ်၍လူမျိုးရေးပဋိပက္ခများတောက်လျှောက် ဆက်ရှိနေမည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လူမျိုးရေးပဋိပက္ခများ ပိုမိုကြီးထွားလာရန်သာ ရှိသည်။
အပိုင်း ၂ ကို ဆက်ဖတ်ပါ...
(ယူတာက) http://www.facebook.com/notes/aung-htoo/ရိုဟင်ဂျာပြသနာ-လူ-့အခွင့်အရေးနှင့်-အမျိုးသား-ဂုဏ်သိက္ခာ-အပိုင်း-၁-အောင်ထူး-ရှေ့နေ/489177774445613
0 comments:
Post a Comment